အလွမ်း၏ ဧရိယာ

ရန်ရန်

by The Call
‘အလွမ်း၏ ဧရိယာ’
◼️ ရန်ရန်
(၁)
ညသည် ငြိမ့်ညောင်းလှသော လေပြေနုနုတို့ဖြင့်
ညမွှေးပန်းဟုတင်စားအပ်သော ကတက်ပန်းရနံ့တို့အား ယူဆောင်လာလေသည်။ ဝင်သက်ထွက်သက်တို့သည်လည်း ကတက်ပန်းရနံ့၏ ခေါ်ဆောင်ရာလှိုင်းတို့တွင် မျောပါသယောင်ရှိနေပေသည်။ ကြယ်တာရာကင်းစင်နေသော ကောင်းကင်နယ်ပယ်အောက်၌
စတီရီယိုခေတ်ဟောင်း ရေဒီယိုသီချင်းတပုဒ်သည် နားထဲသို့ ကြားတချက် မကြားတချက် တိုးဝင်နေလျှက်ရှိနေသည်။ တကယ်တော့ ထိုအရာအားလုံးတို့သည် ကျွန်ုပ်နှင့်လုံးဝမဆိုင်သလို ခြားနားနေသည်။ စိတ်၏ခံစားမှုဧရိယာတွင် အနားသပ်မရှိ တွေဝေခြင်းတို့အား အစာသွပ်ထားသလို သတိရခြင်းစာမျက်နှာများ ကြီးစိုးပြည့်သိပ်နေလေသည်။ ည၏ပတ်ဝန်းကျင်တခုလုံးသည် ကျွန်ုပ်နှင့်ခြားနားနေသော ဂြိုလ်ကမ္ဘာကြီးတခုအဖြစ် ရှိနေလေတော့သည်။
(၂)
နွေဖြစ်သည်ဟု သိရသော နေရောင်ခြည်ပြဌာန်းချက်တို့သည် အရာအားလုံးကို ခြောက်လွယ်သွေ့လွယ် လျှင်မြန်လွန်းလှသည်ဟု ထင်ရပါသည်။
ထိုပြဌာန်းချက်၌မှာပင်လျှင် နာရီပန်းလေးတို့သည်
သူတို့ရာဇဝင်အတိုင်း ယိမ်းနွဲ့ကာ နောက်ပြောင် ကြည်စယ်‌လျှက်ရှိသည်။ စောင့်မျှော်နေကြ ကျောင်းရှေ့ဗန်ဒါရွက်ကလေးတို့သည်လည်း နှစ်စဉ်နှစ်တိုင်း စောင့်မျှော်နေသည့် ပကတိအတိုင်းသားပင် ရှိနေပေလိမ့်မည်။ နွေဖြစ်သည်ဟု သိရသည်။ ထိုမျှသာ သိသည်။
(၃ )
သွားနေကြ လာနေကြ လမ်းများသည်
တာဝန်တရပ်၏ သစ်လွင်လာခြင်းဖြစ်သော်လည်း လမ်းဟောင်းပင်ဖြစ်သည်။ ပကတိအတိုင်းသားရှိနေသည့် တည်နေရာများသာလျှင် ခပ်ထေ့ထေ့ရယ်သွမ်းနေကြသည့် ကိုယ်ရောင်ကိုယ်ဝါများ
တောက်ပမြဲ တောက်ပနေလျှက်ရှိသည်။
တိမ်သားများသည် ပီ‌ကေပြာလေးရဲ့ ရနံ့ဖြစ်သည်။
(၄)
နွေဟူသော နွေဖြစ်ပါသည်။
တော်လှန်ဖူးသော နွေဖြစ်ဖူးသည်။
လေတံခွန်လို ရွက်လွှင့်ဖူးသော နွေဖြစ်ဖူးသည်။
ပျားရည်မြစ်ကဲ့သို့ မခမ်းခြောက်နိုင်သော နွေဖြစ်ဖူးသည်။
ကမ္ဘာကုန်ကျယ်သ၍ ရှိနေမည်ဖြစ်သော
ထိုနွေများထဲကပင် နွေဟူသော နွေဖြစ်ခဲ့ပါသည်။
ဂျင်းဂျာကင်လေး၏ အရိပ်သည် အေးမြစေခဲ့သည်။
(၅)
မှုတ်ထုတ်လိုက်သော စီးကရက်ငွေ့များ၌
အတူတကွရွတ်ဆိုခဲ့သော ကဗျာများရှိသည်။
လွမ်းလွန်းလှသည့် အခန်းကျဉ်းလေးပဲ ဖြစ်ခဲ့မယ်ထင်သည်။ ပါးပြင်ပေါ်၌ ပေါ့ပေါ့ပါးပါးလှိမ့်ဆင်းကျလာသည့် မျက်ရည်စက်များသည်လည်း လေးလံလွန်းလှသည့် အစိုင်အခဲတခု ဖြစ်ခဲ့မယ်ထင်သည်။
ကြီးကျယ်ခမ်းနားဖူးသော မျက်ရည်စက်များ၏
အနမ်းဟူ၍သာ ကိုယ့်ကိုယ်ကို ထင်မှတ်စေချင်ခဲ့ပါသည်။
(၆)
နွေ၍ဟူသော နွေဖြစ်ပါသည်။
မောက်မာနေတတ်သည့် အထီးကျန်ဆန်မှုများရှိသည်။ နှစ်တွေ ဘယ်၍ဘယ်မျှခြားသွားသည်ဖြစ်လည်း ရေတံခွန်လို သက်ရောက်စီးဆင်းမှုများရှိသည်။
ခန်းခြောက်ပိုင်းခြားထားသော နယ်နိမိတ်စည်းမျည်းများရှိသည်။ လေးလံလွန်းသည့် တွားသွားသတ္တဝါလေးလည်း ဖြစ်ကောင်းဖြစ်မည်။
အဆုံးသတ်မထားသည့် ကော်ဖီကဗျာများသည်လည်း အလွမ်း၏ ဧရိယာထဲပင် ဖြစ်သည်။
နွေထဲ၌ ပျော်ရွှင်ဖွယ်ရာများသည်လည်း
အလွန်သေးငယ်လှသည့် အက်တမ်တမှုန်မျှသာရှိပြီး
နာရီပန်းလေး၏ နားထင်၌ သေရာပါအမှတ်အသား တခု ရှိနေပေလိမ့်မည်။
April.23.2021

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment