အိပ်မက်ဆိုးရဲ့ နှိုးစက်

လူကာ

by The Call
2 views
‘အိပ်မက်ဆိုးရဲ့ နှိုးစက်’
◼️လူကာ
အိပ်မက်ထဲကို ကျနော်ရောက်နေပြန်ပြီ။ ဘယ်လိုရောက်လာမှန်းတော့ ကျနော်မသိဘူးပေါ့။ ကျနော်ရောက်တော့ ရှေ့တန်းနေရာတခုမှာ ဖြစ်နေပြီ။ ကျနော့်လက်ဖျံမှာ ရှရာတွေတွေ့တယ်၊ သွေးတွေရော သဲတွေရောနဲ့ဖြစ်နေတာ။ နာလိုက်တာလို့ တွေးနေတုန်း အသံအကျယ်ကြီးတခုကြားရတယ်။ “ဝပ်နေ… ဝပ်နေ” ဆိုတဲ့ ဆက်တိုက်အော်သံတွေပါ အသံအကျယ်ကြီးနောက်မှာ ကပ်ပါလာတယ်။ နောက်တော့ ပေါက်ကွဲသံအကျယ်ကြီးကိုပါ မရှေးမနှောင်းမှာ ကြားလိုက်ရတယ်။
ကျနော့်ရှေ့မှာ ပြေးနေတာလူတွေ။ အန်တီကြီးတွေ၊ ကလေးပိုက်ထားတဲ့ အမေတွေ၊ ဦးလေးကြီးတွေ၊ လူငယ်လေးတွေ၊ အဖိုးကြီး အဖွားကြီး လူမမယ်ကလေး အကုန်အစုံပါပဲ။ အားလုံးက အူယားဖားယားပဲ။ ကျနော်လည်း ကိုယ့်ကိုယ်ကို သေချာပြန်ငုံ့ကြည့်လိုက်တယ်။ ကျနော်က တီရှပ်အင်္ကျီရယ် ဂျင်းဘောင်းဘီရယ် ဝတ်ထားတယ်။ ကျနော်သာ စစ်ယူနီဖောင်းတခုခုနဲ့ဆို ပိုကောင်းမယ်လို့တွေးမိလိုက်သေးတယ်၊ တိုက်ပွဲထဲမှာ ဂန်းရှိနေတာက ကိုယ့်အတွက် ပိုလုံခြုံစိတ်ချရတယ်မလား။ ထားပါတော့ ကျနော့်အဝတ်အစားတွေက ဒီနေရာနဲ့သိပ်မကိုက်ဘူးလို့တော့ ထင်တယ်။ ဒါပေမယ့် သိပ်တော့လည်းမထူးပါဘူး။ အင်္ကျီက ဖုန်တွေ သဲတွေ အလိမ်းလိမ်းနဲ့ ဖြစ်နေပြီ၊ ‌ဘောင်းဘီဆိုလည်း ဂျင်းအရောင်တောင် မပေါ်တော့ဘူး။
ပေါက်ကွဲသံကြီးနည်းနည်းစဲသွားတော့ ကျနော်ရောက်နေတဲ့ ဝပ်ကျင်းသေးသေးလေးထဲကနေ အပြင်ကို ထွက်ကြည့်လိုက်တယ်၊ ကျင်းအနားကတော့ မခွာရဲသေးဘူး။ လူတွေကတော့ ဆက်ပြေးနေတုန်းပဲ။ ရုတ်တရက်ကြီး ကျနော် ဆေးလိပ်သောက်ချင်လာတယ်။ ဘောင်းဘီအိတ်တွေထဲ စမ်းကြည့်တော့ ဆေးပေါ့လိပ်အကျိုး ၂ ချောင်း တွေ့တယ်၊ ဆေးသားကျန်တဲ့အပိုင်း နည်းနည်းတော့ရှိသေးတယ်။ အဲ့တာနဲ့ ၂ လိပ်လုံးကို ကျိုးနေတဲ့နေရာကနေ ဖဲ့ပြီး မီးညှိဖို့လုပ်လိုက်တယ်။ မီးခြစ်ကတော့ ကျနော့်လည်ပင်းမှာ ဆွဲထားလျက်သားပဲ၊ စခန်းမှာနေရင် ပျောက်နေကျမို့လို့လေ။
ဆေးလိပ်သောက်လိုက်တာ နည်းနည်းတော့ နေသာထိုင်သာရှိသွားတယ်။ နောက်တော့ လေယာဉ် dive တဲ့အသံ ထပ်ပေါ်လာတယ်။ ကျနော်လည်း အော်တိုပဲ ကျင်းထဲပြန်ဆင်းလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် စဉ်းစားမိပြီး တချက်တောင် သဘောကျမိသွားသေးတယ်။ တယ်လည်း လေ့ကျင့်သားပြည့်ဝနေတဲ့ ငါပါလားပေါ့လေ။ လေယာဉ်သံက ပိုနီးလာတယ်။ ကျနော့်မျက်လုံးတွေကို တင်းတင်းမှိတ်ထားတယ်။ နားနှစ်ဖက်ကိုလည်း လက်တွေနဲ့အုပ်ထားလိုက်တယ်၊ အုပ်ထားလည်း အသံကပိုကျယ်လာတယ်။ ကျနော် လက်တွေကို နားနဲ့ ထပ်ကပ်လိုက်မိတယ် (ထင်တယ်)။ ရင်လည်းပိုခုန်လာတယ်၊ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်လွှတ်ချလိုက်မိသလိုပဲ။ ရင်ထဲမှာ ဘာမှမရှိတော့သလိုပေါ့။
နောက်တော့ တလောကလုံး အမှောင်အတိကျသွားတယ်။ ကျနော် ဖြည်းဖြည်းချင်း မျက်လုံးကိုဖွင့်ကြည့်မိတယ်။ ကျနော် ခုနကနေရာမှာမဟုတ်တော့ဘူး၊ ဘားတိုက်ထဲမှာ။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေတယ်၊ အလင်းရောင်ကတော့ မှောင်တဝက် လင်းတဝက်။ ခေါင်းရင်းက သေနတ်ကို စမ်းကြည့်တယ်၊ အားလုံးအေးဆေးပဲ။ ဘေးဘီကို ကြည့်လိုက်တော့ ကျနော့်ကောင်တွေက အိပ်ပျော်နေတုန်းပဲ။ ဘာတွေမက်ပြန်ပြီလဲ မသိဘူးလို့ ကျနော့်စိတ်ထဲကနေ ရေရွတ်မိလိုက်တယ်။ ဖုန်းကိုဖွင့်ကြည့်တော့ မနက် ၃ နာရီခွဲ။ ဖုန်းစခရင်(screen) ပေါ်က နာရီဂဏန်းတွေရဲ့ အောက်မှာ ကျနော့်မိသားစုဓာတ်ပုံ။ အမေရယ် ကျနော်ရယ်၊ ကျနော့်ညီမလေးရယ် စေတီတဆူရှေ့မှာ ရိုက်ထားတာ။ ကျနော်သက်ပြင်းချမိလိုက်တယ်။ lock screen ကိုနှိပ်ပြီးဝင်လိုက်တော့ မနေ့ညက ကျနော့်ကောင်မလေးနဲ့ ပို့လက်စ conversation။ “မောင်… ဂရုစိုက်၊ မ အိပ်တော့မယ်နော်” တဲ့။ ကျနော် ဖုန်းကိုပြန်ပိတ်ပြီး မျက်လုံးတွေ ပြန်မှိတ်ထားလိုက်ရတယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment