“အိပ်မက်အမှတ် ၂၃၄/၁၄”
တာပလု
အိပ်မက်တွေသာ အပြင်မှာ တကယ်ဖြစ်လာရင် ဘဝရဲ့အစိတ်အပိုင်း တော်တော်များများ အဆင်ပြေသွားစေနိုင်မှာဖြစ်သလို ဒုက္ခတွေ့ရမယ့် အကြိမ်ပေါင်းလည်း နည်းမှာမဟုတ်ပါဘူး။
ဘဝတလျှောက်လုံး မက်ဖူးတဲ့အိပ်မက်တွေထဲမှာ တချို့အိပ်မက်တွေက စိတ်ချမ်းမြေ့စရာ အဖြစ်အပျက်တွေပါ။တချို့အိပ်မက်တွေကတော့ ဒုက္ခတောထဲ ပတ်ပြေးနေရတာမျိုး။
အဆင်ပြေပါတယ်ဆိုတဲ့ အိပ်မက်မျိုးနဲ့ အဆင်မပြေဘူးဆိုတဲ့ အိပ်မက်မျိုး အချိုးချကြည့်ရင် အဆင်မပြေတဲ့ အိပ်မက်မျိုးကိုသာ ပိုပြီး မြင်မက်တတ်လေ့ ရှိသူပါလို့ပဲ ဆိုရမှာပါ။
အိပ်မက်ထဲ မြင်မက်ဖူးတဲ့ အရာတွေထဲမှာ မြစ်တစင်းကို လှေနဲ့ကူးနေတာ၊ ချောင်းရိုးတခုရဲ့ ဝါးတံတားတခုပေါ်မှာ ဖြတ်ကူးနေတာ၊ ဒီရေလှိုင်းလုံးကြီးတခုကို အလွတ်ပြေးပြီး တဘက်ကမ်းကို ဖြတ်ကူးရတယ်ဆိုတဲ့ အိပ်မက်မျိုးတွေကို မကြာခဏ မြင်မက်တတ်ပါတယ်။
တခါတလေ တောင်ကုန်းတခုကို ခြေလျင်လျှောက်ပြီး မောကြီးပန်းကြီး ဖြတ်ကျော်နေတာမျိုး၊ တခါတလေမှာတော့ ဆယ်တန်းစာမေးပွဲ ပြန်ဖြေနေတဲ့ အိပ်မက်မျိုးတွေ မက်ပါတယ်။
လူတော်တော်များများက အိပ်မက်အကြောင်း စကားစပ်မိလို့ ပြောကြတဲ့အခါ ဆယ်တန်းစာမေးပွဲ ဖြေရတဲ့အကြောင်းကို အိပ်မက်မက်တာမျိုး ကြုံရတဲ့အကြောင်း ပြောဖြစ်ကြတယ်။ စာမေးပွဲဖြေရတဲ့ အိပ်မက်မျိုးက ကျနော်တို့ ရှောင်လွဲလို့မရတဲ့ အိပ်မက်မျိုးလားလို့ တွေးစရာဖြစ်လာတယ်။
စာမေးပွဲက ဘဝရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတခုလို့ တချိန်တုန်းက အရွယ်နဲ့မလိုက်အောင် ဦးနှောက်ထဲ ရိုက်ထည့်ခံခဲ့ရတဲ့အရာ ဖြစ်မှာပါ။ တကယ်တော့ စာမေးပွဲဟာ ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခု မဟုတ်တဲ့အကြောင်း သိလာရတဲ့အချိန်မှာ စာမေးပွဲဖြေနေရတဲ့ အိပ်မက်မျိုးက ဘာကြောင့်များ မကြာခဏ မြင်မက်ရတာလဲဆိုတာတော့ မဝေခွဲတတ်ပါဘူး။
တချိန်တုန်းကတော့ ဆယ်တန်းစာမေးပွဲသာ အောင်ရင် အလုပ်လုပ်စရာမလိုဘဲ ထမင်းထိုင်စားရတော့မယ့် အခြေအနေမျိုး ဆရာ ဆရာမတွေနဲ့ မိဘတွေက ခေါင်းထဲကို မကြာခဏ ရိုက်ထည့်တတ်ကြတယ်။
“ဆယ်တန်းစာမေးပွဲအောင်ရင် ထမင်းစားလက်မှတ်ရပြီ” ဆိုတာမျိုးကို ပြောကြတာ။ ဆယ်တန်းစာမေးပွဲ အောင် တော့လည်း ထမင်းတလုပ်စားရဖို့အရေး လွယ်မှမလွယ်တာကို မသိခဲ့ရှာပါဘူး။ အဲဒီသတင်းစကား အမှားတွေအောက်မှာ ကြီးပြင်းလာခဲ့ရလို့များ စာမေးပွဲဖြေရတဲ့ အိပ်မက်မျိုးကို မကြာခဏ ပြန်မက်နေတာများလားလို့ တွေးမိတယ်။
အိပ်မက်တွေဆိုတာ ရာသီအလိုက် အမျိုးအစား ပြောင်းလဲ မြင်မက်တတ်တာမျိုးလား။ နွေရာသီမှာမက်တဲ့ အိပ်မက် အမျိုးအစား၊ ဆောင်းရာသီမှာမက်တဲ့ အိပ်မက်အမျိုးအစား၊ မိုးရာသီမှာမက်တဲ့ အိပ်မက်အမျိုးအစားဆိုပြီး ကွဲပြားတတ်သေးသလား မပြောတတ်ပါ။
ကြားဖူးတဲ့ စကားတခွန်းက “ဆောင်းတွင်းအိပ်မက် ကတောက်ကတက်” တဲ့။ ဆောင်းရာသီမှာမက်တဲ့ အိပ်မက်မျိုးက အခြေအမြစ်မရှိတာကိုပဲ မြင်မက်တတ်တယ်လို့များ သတ်မှတ်ကြသလားတော့ မပြောတတ်ပါ။
သေချာတာကတော့ ဆောင်းရာသီမှာမက်တဲ့ အိပ်မက်မျိုးက အိပ်မက်ရှည်အမျိုးအစားလို့ ပြောလို့ရမှာပါ။ အိပ်မက်ထဲမှာလည်း ရွာစဉ်လှည့် အခန်းဆက် မြင်မက်နေတာမျိုးပါ။ ကိုယ်ကိုယ်တိုင် အိပ်မက်ထဲမှာ အကြာကြီး ရှိနေတတ်တာမျိုးပါ။ ကြောက်စရာကောင်းတဲ့အရာ၊ ပြေးရလွှားရတဲ့ အိပ်မက်မျိုး မြင်မက်ရင်တော့ မောဟိုက်ပင်ပန်းစွာနဲ့ လန့်နိုးလာမှာတော့ သေချာပါတယ်။
ဆောင်းတွင်းအိပ်မက် ကတောက်ကတက်ဆိုတာကို ပုံသဏ္ဌာန်တမျိုးနဲ့ ချဉ်းကပ်ကြည့်လို့လည်း ရနိုင်မှာပါ။ ဆောင်းတွင်းမက်တဲ့ အိပ်မက်တွေဟာ အပြင်မှာ တကယ်ဖြစ်လာတတ်လို့ ဒီအချိန်ဒီအခါ မက်တဲ့အိပ်မက်မျိုးကို အတွေးထဲ အချိန်အကြာကြီး ရှိမနေစေဖို့ ပေါ့ပေါ့ပျက်ပျက်သဘောမျိုး ထားလိုက်ဖို့အတွက် ပြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အဖိုး သေသွားတယ်လို့ မြင်မက်တာ၊ အဖွား သေသွားတယ်လို့ မြင်မက်တာ ဆောင်းရာသီအချိန် ဖြစ်နေရင် လူကြီးတွေက ဆောင်းတွင်းအိပ်မက်ကြီးပါ မသေချာပါဘူး ဆိုတဲ့သဘောမျိုး ကလေးတွေကို ပေါ့ပျက်ပျက်ပြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
တချို့သော နိုင်ငံတွေမှာတော့ ဆောင်းတွင်းအိပ်မက်ကို မြင်မက်လိုကြတဲ့သဘော ရှိပါတယ်။ အဖိုးလက်ထက်က မအောင်မြင်ခဲ့တဲ့အရာတွေကို မြေးလက်ထက်မှာ အောင်မြင်အောင် လက်ဆင့်ကမ်း အကောင်အထည်ဖော်တာကို ဆောင်းတွင်းအိပ်မက်လို့ တင်စားခေါ်ဝေါ်ကြတယ်။ မျိုးဆက်တဆက်မှာ မအောင်မြင်ခဲ့တဲ့အရာကို နောက်မျိုးဆက် တွေမှာ လက်ဆင့်ကမ်း အကောင်အထည်ဖော်တာကို ဆောင်းတွင်းအိပ်မက်လို့ ခေါင်းစဉ်တပ်ပြီး ဂုဏ်ယူတတ်ကြတယ်။
တချို့ကလည်း ဒါကို လက်မခံပါဘူး။ “ခင်ဗျားဟာကြီးက ဆောင်းအိပ်မက်ကြီးပါဗျာ၊ ဘာမှဖြစ်လာမှာ မဟုတ်ဘူး” ဆိုပြီး အမြင်မတူတဲ့ ရှုထောင့်ကနေ ပြောဆိုကြတာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆောင်းအိပ်မက်တွေဟာ တကယ်ဖြစ်လာတာတွေရှိသလို တကယ်ဖြစ်မလာတာတွေလည်း ရှိမှာပါ။
ဒီအခန်းကို ကျနော်ရောက်လာတာ မိုးအကုန်ဆောင်းအကူး စပ်ကူးမတ်ကူးကာလပါ။ မုန်တိုင်းတွေ တလုံးပြီးတလုံး လာတဲ့အတွက် မိုးတွေ အဆက်မပြတ်ရွာတာနဲ့ ကြုံရတယ်။ ဒီမိုးရာသီဟာ ကုန်နိုင်ပါဦးမလား ဆိုပြီးတော့တောင် အငေါ်တူးလိုက်ပါသေးတယ်။ မုန်တိုင်းတွေ မရှိတော့တဲ့နောက်ပိုင်း ဆောင်းအရသာကို နည်းနည်း ခံစားမိလာတယ်။ မြောက်ပြန်လေကလေးကလည်း လွန့်လူးတိုက်ခတ်လာတယ်။ ဒါဟာ ဆောင်းရာသီဆိုတာကို သက်သေပြလာတာပဲ ဖြစ်ပါတယ်။
ဒီအခန်းကိုရောက်လာတာ ရက်ပေါင်း ၉၀ မပြည့်ခင်မှာဘဲ ဆောင်းရာသီနဲ့ တည့်တည့်တိုးပါတယ်။ ဆောင်းရာသီဟာ အလွမ်းရာသီလို့ ပြောလို့ရမှာပါ။ ရေခြားမြေခြားအရပ်ကနေ ရွာကိုလွမ်းတာ၊ ရွာက ခရစ္စမတ်ပွဲတော်ကိုလွမ်းတာ၊သက်ရှိထင်ရှား မရှိကြတော့တဲ့ အဖိုးအဖွားတွေကို လွမ်းတာ၊ ကာလတခုအထိ နေလာခဲ့တဲ့ မြို့ပြကြီးကို လွမ်းတာတွေက စတင်လာပါတယ်။
ညဘက်တွေမှာ အိပ်ချိန်လွန်တဲ့အတွေးတွေ ခေါင်းထဲရောက်လာပါတယ်။ ဒီလို အိပ်ချိန်လွန်သွားတဲ့အခါ မနက်မိုးလင်းလို့ ပုံမှန်အချိန်မှာ မနိုးတော့တာတွေနဲ့ ကြုံလာရတယ်။ မနက်လင်းလို့ အိပ်ယာက မနိုးထနိုင်တဲ့အခါ အိပ်မက်တွေတခုမဟုတ်တခု မြင်မက်လာတတ်ပါတယ်။ မိုးလင်းတော့မှ မက်တဲ့အိပ်မက်ဆိုတာ ကြာရှည်တတ်တယ်လို့ ပြောဖူးကြတယ်။ တကယ်လည်း မိုးလင်းတော့မှ မက်တဲ့အိပ်မက်တွေဟာ အချိန်အကြာကြီး မြင်မက်တတ်တာမျိုးပါ။
ဆောင်းမနက်ခင်းတခုကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ နိုးထလာပါတယ်။ အိပ်မက်ထဲမှာတော့ အစစ်အဆေး အမေးအမြန်းတွေကြားကနေ ထွက်လာရတယ်လို့ ပြောရမှာပါ။ ရဲကားတစီး အိမ်ထဲဝင်လာတယ်။ ကားခေါင်မိုးပေါ်က ဆိုင်းတန်းမီးကိုလည်း ဖွင့်ထားတယ်။ အပြင်မှာ ထိုင်းရဲကားတွေကို တွေ့ဖူးပါတယ်။ ဆိုင်ကယ်စီးရင်းနဲ့ ဆိုင်ကယ်ဘေးက ဖြတ်မောင်းသွားတာ၊ ကားစီးနေရင်း ကားဘေးက ဖြတ်မောင်းသွားတာကို ကြုံရပါတယ်။ ဒီလိုအချိန်မျိုးမှာ ကားခေါင်မိုးပေါ်ကနေ ဆိုင်းတန်းမီးကို မီးဖွင့်မောင်းတာမျိုး မဟုတ်ပါဘူး။ အခုမက်တဲ့ အိပ်မက်ထဲမှာတော့ ထိုင်းရဲကားတစီးက အိမ်ထဲဝင်လာပြီး ဆိုင်းတန်းမီးကိုလည်း ဖွင့်ထားတယ်။ ကျနော်နေတဲ့အခန်းက ခြံစည်းရိုးနဲ့ အနီးဆုံးနေရာပါ။ရဲတွေဝင်လာတဲ့ ခြံအဝင်အဝတံခါးနဲ့ အခန်းနဲ့က အနီးဆုံးနေရာမှာ ရှိပါတယ်။ ခြံဝက ဝင်ဝင်ခြင်း ပထမဆုံး စတွေ့ရမှာက ကျနော်တို့ နေတဲ့အခန်းပါ။
ထိုင်းရဲတယောက်က ဒီအိမ်ရဲ့ အဓိက စကားပြောရမယ့်သူကို လှမ်းခေါ်ပါတယ်။မိတ်ဆွေတယောက်က ထိုင်းရဲအနားကို သွားလိုက်တယ်။ သူက ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးလို့ ပြောလို့ရတယ်။ ကျနော်တို့ကို သူငှားထားတဲ့ အိမ်က လွတ်နေတဲ့အခန်းတခုမှာ နေရာပေးထားတာပါ။ ဒီအိမ်ယာဝင်းထဲမှာနေရင် အထောက်အထား မရှိတဲ့သူတွေအတွက် လုံခြုံနိုင်ခြေရှိတဲ့အတွက်ကြောင့်ပါ။
မိတ်ဆွေက ရဲတယောက်ရဲ့အနားကိုသွားတာ တွေ့လိုက်တယ်။ ပြီးတော့ သူ့ဘေးက ကောင်လေးတယောက်ကို မြန်မာလို အသံကျယ်ကျယ်နဲ့ လှမ်းပြောတယ်။ သူပြောတာက “သူတို့ အိပ်ရင်အိပ်ပါစေ သွားမနှိုးနဲ့ နိုးလာရင် အစစ်ခံနေရဦးမယ်” ဆိုပြီး ပြောလိုက်တယ်။ သူပြောတဲ့ သူတို့ဆိုတာ ကျနော်တို့ကိုပြောတာပါ။ အိပ်နေကြတဲ့သူတွေ မသိမသာဆက်အိပ်နေရင် ထိုင်းရဲရဲ့စစ်ဆေးတာနဲ့ လွတ်နိုင်တယ်ဆိုတာ တွေးမိပုံရတယ်။
သူ အဲဒီလိုပြောပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလို ထိုင်းရဲက သူ့ကို တခုပြောလိုက်တယ်။ “အိမ်ရှိလူကုန်ပေါ့၊ မကြောက်ပါနဲ့၊ အရမ်းကြီးစစ်ဆေးတာတွေ မလုပ်ပါဘူး” လို့ ပြောလိုက်တယ်။ ဒီနေရာမှာ ထိုင်းရဲတွေက မြန်မာစကားပြောတတ်လားလို့ တွေးမိတယ်။ မဲဆောက်လိုနေရာမှာ ထိုင်းရဲတွေ မြန်မာလိုပြောတတ်တယ်လို့ ပြောကြပေမယ့် မဲဆောက်မဟုတ်တဲ့ တခြားနေရာတွေမှာလည်း ထိုင်းရဲတွေဟာ မြန်မာစကား ပြောတတ်တာပဲလားဆိုတာ အိပ်မက်ထဲမှာပဲ စဉ်းစားဖြစ်လိုက်တယ်။
ထိုင်းရဲတွေ အိမ်ထဲကို ဝင်လာပါတယ်။ အိမ်ရှိလူကုန် ဆိုတဲ့စကားကို ကြားလိုက်ရတဲ့ ကျနော်လည်း အခန်းထဲကနေ အပြင်ကို ထွက်လာလိုက်တယ်။ အပြင်ကိုရောက်ရောက်ချင်း ကျနော့်မိတ်ဆွေကို တွေ့ရတယ်။ ဒူးအုပ်ဘောင်းဘီအတိုနဲ့ တီရှပ်အင်္ကျီကို ဝတ်ထားတယ်။ သူက ကျနော့်ကို မျက်နှာရိပ်မျက်နှာကဲနဲ့ လှမ်းပြောတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလို ကြည့်ပြောလိုက်ဆိုတဲ့ အထာမျိုးပါ။ ကျနော်လည်း သဘောပေါက်တယ်ဆိုတဲ့ အမူအရာမျိုး သူ့ကိုတုန့်ပြန်လိုက်တယ်။
ထိုင်းရဲက ကျနော့်ကို စပြီးမေးတယ်။ ကျနော့်မိတ်ဆွေဘက်ကို လက်ညှိုးညွှန်ပြီး သူနဲ့ ဘာတော်သလဲဆိုတာ မေးတယ်။ သူနဲ့က ညီအကိုတွေပါ။ ဒီအိမ်မှာက မိသားစုဝင်တွေ စုနေကြတာပါ။ ကျနော်ဖြေလိုက်တဲ့အဖြေက လုံလောက် သွားပုံရတယ်။ ကျနော့်ကို ဘာမှထပ်မမေးတော့ဘူး။
ကျနော့်မိတ်ဆွေဘက်ကိုလှည့်ပြီး အခြေအနေကောင်းတဲ့အကြောင်း အမူအရာနဲ့ သတင်းလှမ်းပို့လိုက်တယ်။ကျနော့် မျက်နှာက ကြီးမားတဲ့ အောင်ပွဲတခုခု ရထားတဲ့ ပုံစံမျိုးနဲ့ပါ။ စိတ်ထဲမှာတော့ တည်ငြိမ်အောင် ကြိုးစားထားရတယ်။ဒါဟာ မကြုံဘူးတဲ့အရာလည်းဖြစ်တယ်။ မကြာခင်မှာ ထိုင်းရဲတွေ ပြန်သွားကြတယ်။
ရဲတွေပြန်ထွက်သွားတော့ အိပ်မက်ထဲကနေ အပြင်ကို ပြန်ရောက်လာတယ်။ ရင်ဘတ်ကို လက်နဲ့ဖိထားကြည့်တယ်။တစက္ကန့်ကို ရင်ခုန်တဲ့အကြိမ်ရေ ဘယ်လောက်အထိ တိုးသွားလဲဆိုတာတောင် မရေတွက်နိုင်တော့ဘူး။ စိတ်ထဲမှာတော့ ရေရွတ်လိုက်တယ်။
“ဒါဟာဆောင်းတွင်းအိပ်မက် … အပြင်မှာ တကယ်မဟုတ်ပါဘူး”
Be the first to comment