
“ကဘော်ချိုင့်ဝှမ်းက သတင်းစကား”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
၂၀၂၅ မှာ အိန္ဒိယဂျီဒီပီက အရင် ဆယ်စုနှစ်တွေကထက် နှစ်ဆတက်လာတယ်။ ဒေါ်လာ ၄.၃ ထရီလီယံ ရှိလာတယ်။ လက်ရှိ ကမ္ဘာ့ နံပါတ်ငါး စီးပွားအင်အားကြီးနိုင်ငံဟာ ဒီနှုန်းအတိုင်း တနှစ်ကို ၇% လောက် ဆက်တက်လာရင် မကြာခင်မှာ နံပတ်လေး ဂျပန် (၄.၄ ထရီလီယံ) နဲ့ နံပါတ်သုံး ဂျာမဏီ (၄.၉ ထရီလီယံ) တို့ကို ကျော်တက်သွားဖို့ရှိနေတယ်။ ဂျာမဏီနဲ့ဂျပန်ရဲ့ နှစ်စဥ် ဂျီဒီပီတိုးနှုန်းက မရှိသလောက် (တန့်နေလို့) ဖြစ်တယ်။
ပြီးရင် အိန္ဒိယဟာ တရုတ် (၁၉.၅ ထရီလီယံ) နဲ့ အမေရိကန် (၃၀ ထရီလီယံ – နောက်ဆုံးခန့်မှန်းချက်) နောက်မှာ ကမ္ဘာ့ တတိယအကြီးဆုံး စီးပွားရေးပါဝါအဖြစ် တန်းစီပါလိမ့်မယ်။ ဒီလို စီးပွားတက်နေတဲ့ကာလမှာ တရုတ်က သူ့နယ်စပ်မှာ ခြေရှုပ် ဖိအားပေးနေသလို အိန္ဒိယကလည်း အသံထွက်လာတယ်။ ကဘော်ချိုင့်ဝှမ်းဟာ မဏိပူရပြည်နယ်အပိုင် ဖြစ်လို့မို့ မြန်မာပြည်ကနေ ပြန်တောင်းဖို့ဆိုတာပါ။
‘ကဘော်ချိုမ့်ဝှမ်း’
၁၈၂၄ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဟာ ၁၈၂၆ မှာ ရန္တပိုစာချုပ်နဲ့ စစ်ပြေငြိမ်းတယ်။ စစ်ရှုံးတော့ အာသံ၊ မဏိပူရ၊ ရခိုင်နဲ့ တနင်္သာရီကို အင်္ဂလိပ်ကို ပေးလိုက်ရတယ်။ ဒါပေမယ့် မဏိပူရထဲမှာလို့ သတ်မှတ်ခံထားရတဲ့ ကဘော်ချိုင့်ဝှမ်းဟာ မြန်မာတွေ အစဥ်အဆက် ပိုင်ခဲ့တဲ့ဒေသ ဖြစ်တယ်ဆိုပြီး အင်္ဂလိပ်ဆီက ပြန်တောင်းတယ်။ အိန္ဒိယဘက် မပေးလိုဘူး။ ဒါပေမယ့် အင်္ဂလိပ်က စုံစမ်းပြီး ၁၈၃၆ မှာ ကဘော်ချိုင့်ဝှမ်းကို မြန်မာအပိုင်ဖြစ်တယ်လို့ လက်ခံပြီး မြန်မာဘက်ကို ပြန်ပေးတယ်။
ကဘော်ချိုင့်ဝှမ်းဆိုတာ အိန္ဒိယ-မြန်မာနယ်စပ်ကနေ ချင်းတွင်းမြစ်အကြားဖြစ်ပြီး အထက်မှာ ဟုမ္မလင်းနဲ့ အောက်မှာ ကလေး (နဲ့မင်းကင်း) အထိရှိပြီး ကလေးကနေ ချင်းပြည်နယ် တီးတိန်အထိ (မြန်မာဂဏန်း ၂ ပုံသဏ္ဌာန်ရှိတဲ့) နယ်မြေပိုင်းခြား သတ်မှတ်မှုကို ဆိုလိုတယ်။ ဒီတော့ စစ်ကိုင်းတိုင်းဘက်ကအများစုနဲ့ ချင်းဘက်အခြမ်း အနည်းငယ်ပါဝင်တဲ့ဒေသလို့ ပြောရမှာဖြစ်တယ်။ တမူးဟာ ကဘော်ချိုင့်ဝှမ်းထဲက အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်တယ်။ ဒီဒေသတွင်းက ခမ်းပတ်နဲ့ မြို့သစ်မြို့တွေဟာ တော်လှန်ရေးဘက် အစောပိုင်းကာလတွေကတည်းက စကစဘက်က လက်လွှတ်လိုက်ရတဲ့ မြို့တွေလည်းဖြစ်တယ်။
ကဘော်ညီနောင်ကမ်ပိန်းကို မတ်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တာ အတော်များများ သတိပြုမိကြမယ် ထင်တယ်။ ကမ်ပိန်းရည်ရွယ်ချက်က ကဘော်ဒေသလွတ်မြောက်ရေးဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ တမူးမြို့သိမ်းတိုက်ပွဲအတွက် အဓိက ရည်ရွယ်တာဖြစ်တယ်။ တမူးနဲ့ ကလေးကို ဗဟိုထားပြီး ကဘော်ညီနောင် ဆိုတဲ့အမည်ကို မှည့်ခေါ်ထားတဲ့သဘောဖြစ်တယ်။ ၂၀၂၁ ကနေ ခုအချိန်ထိ လေးနှစ်ကျော် တော်လှန်ရေးကာလအတွင်းမှာ မူဆယ်၊ မြဝတီ စတဲ့ တရုတ်နဲ့ ထိုင်း နယ်စပ်ကုန်သွယ်ရေးမြို့တွေမှာ တိုက်ပွဲတွေ ခပ်ကြမ်းကြမ်း ဆိုင်ထားခဲ့ကြပြီး နှစ်ဘက် သောင်မတင်ရေမကျ ပုံစံမျိုး ကြုံခဲ့ကြရတယ်။
နယ်စပ်ကုန်သွယ်မြို့တွေကို သိမ်းပိုက် ထိန်းချုပ်နိုင်တာဟာ တော်လှန်ရေးအတွက် ရန်ပုံငွေပိုင်းမှာ တဘက်တလမ်းက ကောင်းစွာ အထောက်အပံ့ရတာဖြစ်သလို တမူးမြို့သိမ်းတိုက်ပွဲမှာတော့ ဘဏ္ဍာရေးအပြင်၊ နယ်မြေပိုင်ဆိုင်ရေးကပါ အစိတ်အပိုင်းတခုအဖြစ် ပါဝင်လာတဲ့သဘောဖြစ်တာ တွေ့ရတယ်။ တဖက်မှာ တနိုင်ငံလုံးဖြစ်နေတဲ့ စစ်ပွဲဗဟိုချက်တွေနဲ့ ချိန်ဆကြည့်ရင် တော်လှန်ရေးရဲ့အနေအထားကို ပုံစံတမျိုးနဲ့ သုံးသပ်ကြည့်လို့ ရနိုင်မယ်။
‘ချင်းတွင်းမှ မြေနုလွင်ပြင်သို့’
၂၀၂၅ ခုနှစ်အတွင်း ဝင်ရောက်လာတဲ့အခါ တော်လှန်ရေးဟာ အနောက်ဘက်စစ်မျက်နှာက အေအေရဲ့ ရခိုင်ပြည်တွင်း အောင်မြင်မှုတွေကို အရင်းခံပြီး မင်းဘူး၊ မကွေး၊ ပြည်နဲ့ ဧရာဝတီတိုင်းမြို့တွေကို ဝင်ရောက်လာနိုင်ခဲ့တာ တွေ့ရတယ်။ ဒီအကူးအပြောင်းကြောင့် တော်လှန်ရေးဟာ အနောက်မြောက်ဒေသ (ချင်းတွင်း) ကနေ ကုန်းတွင်းဗဟို (ဧရာဝတီမြစ်) ကို ရောက်ရှိလာတယ်လို့ ပြောရမှာဖြစ်တယ်။ ပဲခူးတိုင်းအနေနဲ့ဆိုရင် ပြည်ကနေ စစ်တောင်းမြစ်ဝှမ်းရဲ့ ကေအင်ယူ စစ်ဒေသတွေဖြစ်တဲ့ တောင်ငူ၊ ညောင်လေးပင်တို့ကို ချိတ်ဆက်နိုင်တဲ့အခါ တောင်ပိုင်းစစ်ဒေသဟာ ခိုင်မာအားကောင်းလာမယ် ယူဆရတယ်။
ဒါပေမယ့် ရှေ့မှာ တော်လှန်စစ်ဟာ မဟာဗျူဟာနယ်မြေတွေကို အဓိကထား တိုက်ပွဲဝင်နေရတဲ့သဘော ဆိုတာထက် ရှိပြီးသား ဖြန့်ကျက်ထားတဲ့အင်အားကို အခြေခံတဲ့ နယ်မြေတွေကို အားပြု စီးနင်းတိုက်ခိုက်ဖို့က ပိုဖြစ်နိုင်ခြေရှိတဲ့သဘောကို တွေ့ရတယ်။ ဆိုလိုတာက စစ်ဟာ သမားရိုးကျ ရွေ့လျားစစ်ကို ကူးပြောင်းဖို့ဆိုတာထက် နယ်မြေခံတွေနဲ့ အင်အားကြီး အီးအေအိုတွေ၊ ပီဒီအက်ဖ်တွေနဲ့ စုစည်းမိသလို ပုံဖော်သွားကြရတဲ့သဘော ဖြစ်နေတာပါပဲ။
‘၂၀၂၅ အပြောင်းအလဲ’
ကဘော်ညီနောင်ကမ်ပိန်းဟာ တော်လှန်ရေးရဲ့ ထိန်းချုပ်နိုင်စွမ်းရှိပြီးသား စစ်တိုင်းနဲ့ စစ်ဒေသတွေ အခြေခိုင်လာဖို့ လိုအပ်နေသေးတယ်ဆိုတာ ဖော်ပြနေတယ်။ တပြိုင်နက်တည်းမှာ ကုန်းတွင်းပိုင်း စစ်တိုင်းတွေအတွင်း ထိုးဖောက် ဝင်ရောက်နိုင်စွမ်းအားကိုလည်း တောင်းဆိုနေတာ တွေ့ရတယ်။ ၂၀၂၅ မှာ ဒီ အပြိုင်စစ်ရေးအရွေ့ရဲ့ လားရာဟာ တရုတ်စွက်ဖက်နေတဲ့ အရှေ့မြောက်နယ်မြေ အပေးအယူနဲ့ တည်ငြိမ်မှုတွေထက် ပိုအားကောင်းလာဖို့ လိုအပ်နေတဲ့သဘောဖြစ်တယ်။
၁၀၂၇ လှိုင်းနဲ့ ဂယက်တွေ ငြိမ်သက်သွားတဲ့အခါ တော်လှန်ရေးဟာ ဆန့်ကျင်ဘက် လမ်းကြောင်းတခုကို ကူးပြောင်းလာတယ်။ နေပြည်တော်ဟာ အရှေ့မြောက်၊ မြောက်နဲ့ အရှေ့ဘက်က အင်အားတွေထက် ၂၀၂၅ ထဲမှာ အနောက်မြောက်၊ အနောက်နဲ့ တောင်ဘက်စစ်မျက်နှာတွေကို အဓိကထား ခုခံကာကွယ်သွားရဖို့ ဖြစ်လာလိမ့်မယ်လို့ ချိန်ဆကြည့်မိတယ်။
Be the first to comment