“ကမ္ဘာမကြေဘူး”
■ စကောလယ်တော
‘ဟောဒီက မြေအိုးတွေတော်ရေ … မြေအိုးတွေ’ အသံကြားလိုက်တာနဲ့၊ ဘုရားရှိခိုးနေတဲ့ အမေနဲ့ ပုတီးစိပ်ရင် လမ်လျှောက်နေတဲ့ အဖေ့ကို ချက်ခြင်း သတိရလိုက်တယ်။ မြေအိုးလည်ရောင်းကြတဲ့ မြေးအဘွားထင်ပါရဲ့။ အိုးတောင်းကိုယ်စီရွက်လို့ လာနေကြတယ်။
‘ဟောဒီကမြေအိုးတွေရှင့် … မြေအိုး …’
မြေးမအသံက ပိုစူးသလိုပဲ။
‘မြေအိုးသည် လာပါဦး’ လို့ ခေါ်သံကြားတော့ အိုးသည်မြေးအဘွား ပြိုင်တူလှည့်ကြကြတယ်။ အနားရောက်တော့ သူတို့မြေအိုးတွေကူချရင်း ခြင်းထဲကအိုးတွေကိုကြည့်တော့ လက်ရာမြောက်တဲ့ ဟင်းအိုးလေးတွေပါလား။ အဖေတို့ အမေတို့က ကျမချက်တဲ့ဟင်း စားလို့မကောင်းရင် ‘သမီးရယ် ဒီလိုဟင်းက မြေအိုးနဲ့ချက်မှ ပိုအရသာရှိတာကွဲ့’ လို့ပြောတတ်တဲ့ အဖေနဲ့အမေအတွက် ထမင်းမြိန်အောင် အိုးတွေမြင်ကတည်းက ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။ သူတို့ခမျာ ဒီအိုးတောင်းတွေရွက်လို့ ဘယ်လောက်ဝေးဝေးက လျှောက်လာကြရတယ်မသိ။ ဘွားအေဖြစ်သူက ခေါင်းခုစုတ်နဲ့ ပါးက ချွေးစသိမ်းနေသလို မြေးမက အင်္ကျီပုခုံးစွန်းနဲ့ မေးစေ့က ချွေးစကို ပွတ်နေရှာတယ်။
အိုးတအိုးစီ စိတ်ကြိုက်ရွေးရင်း ‘ဘယ်ကလာရောင်းတာလဲ အမေကြီး ဘယ်ကထွက်တဲ့အိုးတွေလဲ’ မေးတော့ အသက်ကို ဖြည်းဖြည်းချင်းမျှင်းမျှင်းရှူ အမောဖြေနေရတဲ့ အမေကြီးက မဖြေနိုင်သေးဘဲ မြေးဖြစ်သူက ‘မြင်းဒေါင်းက လာရောင်းတာရှင့် ရွာထွက်အိုးတွေပါ’ တဲ့။ ရွာနာမည် ‘မြင်းဒေါင်း’ လို့ ကြားလိုက်ကတည်းက ကျောထဲက စိမ့်ခနဲ ဖြစ်သွားမိတယ်။ ‘မြင်းဒေါင်း’ ‘မန်ကျည်းအုပ်’ ‘အင်းရွာ’ ဆိုတာ စစ်တပ်ကစစ်ကြောင်းတွေ စိစိညက်ညက်ကြေအောင်ထိုးတဲ့ ရွာတွေဟုတ်လား။ ဝေဇယန္တာ ဆရာတော်ကြီးကျောင်း ဆွမ်းသွားကပ်တော့ ဆရာတော့်ကျောင်းကို ပြေးလာကြတဲ့ အဲဒီဘက်က စစ်ဘေးရှောင်တွေ ဆရာတော့်ကို လျှောက်နေကြတာ၊ ဆရာတော်က မေးနေတာတွေ သူကြားခဲ့တယ်ဟုတ်လား။
ဆရာတော့်ကျောင်းကကြားခဲ့တာ ဟုတ်မှဟုတ်ရဲ့လား သေချာအောင်၊ မဟုတ်ရင် ဆရာတော်ကို ပြန်လျှောက်ရအောင် ‘သမီးတို့ရွာတွေဘက် အခြေအနေဘယ်လိုလဲ ဒီနှစ် ပဲလေး၊ နှမ်းလေး’ စကားတောင်မဆုံးသေးဘူး အမောနည်းနည်းပဲပြေသေးတဲ့ အမေကြီးက ‘အံမယ်လေး သီးနှံဝေးလို့ ရွာကိုလူမရှိတော့ဘူး၊ ကျုပ်အရင်က ဟောဒီ ရွှေဘို ပို့ထားနှင့်မိလို့ အခု ကျန်ကောင်းကျန်ရာ အိုးလေး တွေ လည်ရောင်းနေကြရတာ’ မြေးမလေးက ကျမကိုကြည့်နေတာ အံ့သြပြီးကြည့်တဲ့အကြည့်။
မြင်းဒေါင်းကို စစ်ကြောင်းထိုးတော့ သူတို့ထွက်ပြေးရပုံတွေ၊ မီးရှို့ခံရလို့ အိမ်တိုင်ထင်းစိုက်စရာ မကျန် တော့ပုံတွေ၊ မီးမလောင်တဲ့အိမ်တွေက အဖိုးတန်ပစ္စည်းတွေ ယူသွားကြပုံ၊ မယူနိုင်တာတွေ ထုခွဲဖျက်ဆီးသွားကြပုံတွေပြောရင်း မပြေးနိုင်မလွှားနိုင်တဲ့ သက်ကြီးရွယ်အိုတွေသတ်ပုံတွေ ပြောရင်း မျက်ရည်တွေယိုစီးလာတယ်။ အမေကြီး စိတ်ကိုထိန်းရင်း သက်ပြင်းတချက် မှုတ်ထုတ်ပြီး လေယာဉ်တွေနဲ့ လာပစ်ကြောင်းပြောရင်း ဝမ်းနည်းစိတ်ထဲ နာကျည်းမှုနဲ့ ခံပြင်းမှု ကြေကွဲမှုတွေ ပေါင်းမိကြပြီး ဒေါသအဖြစ် ပြောင်းသွားတယ်ထင်ပါရဲ့။ အသံက အရွယ်နဲ့မလိုက်အောင် မာလာပြီး ဒေါသမထိန်းနိုင်ဘဲ ရင့်ရင့်သည်းသည်း အဆဲအဆိုတွေ ပါလာတယ်။
အပျိုပေါက်မြေးမလေးကတော့ သူ့ဘွားအေအကြောင်း သိနေတယ်ထင်ပါရဲ့။ စိတ်ထဲ ဘာခံစားချက်မှ မရှိသလိုဘဲ။ အမေကြီးက စိတ်ထဲမှာ သူ့ကိုယ်သူ ယောကျ်ားသားတယောက်လို သန်မာလာ၊ သတ္တိရှိလာ၊ ခံပြင်းပြီး ဒေါသဖြစ်လာတယ်ထင်ပါရဲ့။ ယောကျ်ားသားတယောက် ဆဲဟန်ထက် မလျော့ဘူး။ ဥဒါန်း ဘယ်တော့မှ ကြေမယ်မဟုတ်ဘူးလို့ မပြောရုံတမည်ပဲ။
နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားရေပန်းစားလာတဲ့ ကြာသပတေးနံအက္ခရာနဲ့စပြီး ဗုဒ္ဓဟူးနံအက္ခရာနဲ့ဆုံးတဲ့ အဆဲကလည်း တွင်တွင်ပါတယ်။
‘အမေကြီးရယ် သိပ်လည်း ဝမ်းနည်းဒေါသဖြစ်မနေပါနဲ့ စိတ်ထိန်းပါနော်၊ ဒီလိုဒုက္ခတွေ အဖြစ်ဆိုးတွေ ရွှေဘိုနယ်တနယ်တည်း ခံနေကြရတာမဟုတ်ဘူး အမေကြီး၊ တတိုင်းပြည်လုံး နေရာအနှံ့ပဲ၊ ကိုယ့်ထက်ဆိုးဝါးတာတွေ အများကြီးပဲနော် အမေကြီး’ လို့ဖြေသိမ့်ပြီး ရွေးထားတဲ့ အိုးလေးနှစ်အိုးကို နေရောင်ထောင်ကြည့်တော့ မြေးမလေးက ‘အဒေါ် ရေနဲ့ကျင်းကြည့်ရင်ကြည့်လေ’ တဲ့။
အိုးဖိုး သူမဆစ်ရက်ဘူး။
အမေကြီးရဲ့ ချီနေတဲ့လက်အုပ်ကို ကမန်းကတန်းဆွဲဖြေရင်း ‘အမေကြီး နောက်ဆိုရင် ဒီလမ်းထဲ လာမရောင်းနဲ့နော် သမီးလေးလည်း မှတ်ထား၊ ဟော … ဟိုမှာ သဲအိတ်တွေကာထားတာတွေ့လား၊ အဲဒါ ရဲစခန်း၊ ရဲတွေရော စစ်သားတွေရောရှိတယ်’
မြေးအဘွားနှစ်ယောက် သူညွှန်တဲ့ဆီ လှမ်းကြည့်ကြတယ်။
‘သူတို့ကိုကြောက်လို့ လာနေကျဈေးသည် တွေ ဒီဘက်လာမရောင်းရဲကြတော့ဘူး၊ သူတို့ကျော်ပြီး ဟိုးထနောင်းပင်ကြီးရောက်ရင် ဘယ်ဘက် ကွေ့လိုက်၊ အဲဒီဘက်က အရောင်းအဝယ်သမားတွေ ကုန်သည်ပွဲစားတွေများတယ် အမေကြီး’ လို့ နတ်လမ်းညွှန်လိုက်ရသေးတယ်။
အိုးတောင်းတွေကို ကူပြီးပင့်တော့ အမေကြီးအရင် မြေးမလေးက ‘ကျေးဇူးတင်ပါတယ်ရှင်’ တဲ့။ အမေကြီးရဲ့ ‘ကျေးဇူးတင်ပါတယ်တော်’ က နောက်ကကပ်လျက်။
အိုးတောင်းကိုယ်စီ ရွက်သွားကြရာက မြေးမလေးရဲ့အသံစူးစူးလေး အရင်ကြားလိုက်ရတယ်။ ‘မြေအိုးတွေရှင့် … မြေအိုး ဝယ်ကြဦးမလား’ မြေးမလေးအသံနဲ့ မရှေးမနှောင်းဘဲ အဘွားရဲ့အသံကြားတော့ သူ အိုးနှစ်လုံးမြဲမြဲကိုင်ပြီး ခြံဝင်းထဲ ခပ်သုတ်သုတ်ဝင်ပြေးခဲ့တယ်။
ရဲစခန်းနားနီးမှ စခန်းထဲကလူတွေ တွေ့လိုက်တယ်ထင်ပါရဲ့။
‘ဟောဒီက မအေ-ိုးတွေတော်ရေ မအေ-ိုးတွေ’ တဲ့။
‘အရေးတော်ပုံ အောင်ကိုအောင်ရမယ်’
Be the first to comment