
”ကမ္ဘာ့တောင်ဘက်ခြမ်းနဲ့ အာဏာရှင်တော်လှန်ရေး”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ပြီးခဲ့တဲ့အပတ်က ရုရှားမှာပြုလုပ်တဲ့ ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၈၀ မြောက် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်ကို တရုတ်သမ္မတ ရှီကျင်းပင်က မေလ ၉ ရက်နေ့မှာ လက်ခံတွေ့ဆုံခဲ့တယ်။
‘ဘန်ဒေါင်းစိတ်ဓာတ်’
ဒီပွဲမှာ ရှီကျင်းပင်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေရေး မူငါးချက်နဲ့ ဘန်ဒေါင်းစိတ်ဓာတ်ဆိုတာကို တခုတ်တရ ထည့်သွင်း ပြောကြားလာခဲ့တယ်။ သူပြန်ဆွဲထုတ်လာတဲ့ ဒီမူငါးချက်ဟာ ချူအင်လိုင်း၊ နေရူးနဲ့ ဦးနုတို့က ဘန်ဒေါင်းမှာ အစပြုခဲ့ကြတာဖြစ်တယ်။
၁၉၅၅ ဧပြီ ၁၈-၂၂ ရက်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဘန်ဒေါင်းညီလာခံဟာ ဒီနှစ်မှာ နှစ် ၇၀ ပြည့်တယ်။ ဘန်ဒေါင်းဟာ ကိုလိုနီလက်အောက်က လွတ်မြောက်ကာစ အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေ စုစုပေါင်း ၂၉ နိုင်ငံ တက်ရောက်ခဲ့ကြတာဖြစ်တယ်။ အဓိကရည်ရွယ်ချက်က နယ်ချဲ့ဝါဒနဲ့ ကိုလိုနီဝါဒကို ဆန့်ကျင်တဲ့ပွဲဖြစ်တယ်။ ကမ္ဘာ့အင်အားကြီး စူပါပါဝါ ၂ ခု (အမေရိကန်နဲ့ ဆိုဗီယက်အုပ်စု) ကြားမှာ ဘယ်ဘက်မှမလိုက်ဘဲ တတိယနိုင်ငံတွေ စုစည်းတဲ့ ညီလာခံတခုအဖြစ် အင်ဒိုနီးရှား၊ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ တို့ စည်းရုံး ပုံဖော်ခဲ့ကြတာလည်းဖြစ်တယ်။
နှစ် ၅၀ ပြည့် ဒီပွဲကို ၂၀၀၅ ခုနှစ်က ဘန်ဒေါင်းမှာ ပြန်ကျင်းပခဲ့ပြီး အာရှ-အာဖရိက ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအသစ် ဆိုတဲ့သဘောကို ရည်ရွယ်ချက် ထားရှိခဲ့တာတွေ့ရတယ်။ တရုတ်ဟာ ဒီပွဲကို အမြဲလို ဂရုစိုက် ကျင်းပလာခဲ့တယ်။ ဒီနှစ် ဘေဂျင်းမှာ လုပ်တဲ့ပွဲမှာ အမေရိကန်ကစတဲ့ ကုန်သွယ်စစ်ကိုရည်ညွှန်းပြီး ကမ္ဘာမှာ အင်အားကြီးနိုင်ငံတွေရဲ့ ကိုယ်ကျိုးစီးပွါးအတွက် ထင်ရာစိုင်းမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုကို လျစ်လျူရှုတာတွေ ဝေဖန်ထောက်ပြတယ်။ ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေ (Global South ကို ဆိုလိုတယ်၊ အရင်က တတိယကမ္ဘာ Third Workd ဆိုတဲ့အသုံးကို ခု ပြောင်းလဲသုံးစွဲတာဖြစ်) ပိုပြီးစုစည်းကြဖို့ လိုတယ်လို့ စည်းရုံးလှုံ့ဆော်ခဲ့တာ တွေ့ရတယ်။
ဆိုတော့ ရှီကျင်းပင်ပြောတဲ့ ဘန်ဒေါင်းစိတ်ဓာတ်ဆိုတာ အမေရိကန် ဗိုလ်ကျစိုးမိုးရေး၊ ဥရောပ ကိုလိုနီနယ်ချဲ့စနစ်နဲ့ ဝါဒကို အာရှ၊ အာဖရိကနဲ့ လက်တင် အမေရိက (၁၉၅၉ ကျူးဘားတော်လှန်ရေးအပြီး ပူးပေါင်းပါဝင်လာ) တို့ စုစည်း ကာကွယ် တန်ပြန်ဖို့ဆိုတဲ့ တင်စား လှုံ့ဆော် ကြော်ညာမှုတခုဖြစ်တာ တွေ့ရတယ်။
‘သမိုင်းအမြင်နဲ့ တော်လှန်ရေး’
တကယ်တော့ သမိုင်းအချက်အလက်တွေနဲ့ အဖြစ်အပျက်တွေဟာ သမိုင်းနောက်ခံတွေပေါ် မူတည်ပြီး အဓိပ္ပါယ်တွေ၊ သဘောတရားတွေနဲ့ သက်ရောက်မှုတွေ ပြောင်းလဲနေတာဖြစ်တယ်။ ယူကရိန်းကျူးကျော်မှုဟာ ရုရှားရဲ့ ပြိုကွဲသွားတဲ့ ပြည်ထောင်စုနဲ့ ကမ္ဘာ့ စူပါ ပါဝါဘဝကို ပြန်လည်ရယူလိုမှုရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ တရုတ်လည်း ထို့အတူ၊ အလယ်ဘုရင့်နိုင်ငံ (Middle Kingdom) ဆိုတဲ့ အင်ပါယာကို ပြန်သွားလိုတဲ့သဘောဖြစ်တယ်။ တရုတ်ဟာ သူ့နေရာမှန် သူပြန်သွားဖို့ ကြိုးစားနေတာကို အများကြီး မဝေဖန်လိုပေမယ့် တရုတ်သုံးစွဲနေတဲ့ နည်းလမ်းတွေနဲ့ သဘောထားတွေက သူ့ကို ဆန့်ကျင်ဘက် အနေအထားဆီ ပြန်ပြီး တွန်းပို့နေတာဖြစ်တယ်။
လက်ရှိတော်လှန်စစ်မှာ ရှမ်းမြောက်မှာ အသံတိတ်သွားပေမယ့် စကစဟာ ကချင်မှာ ဗန်းမော်မကျအောင် အလွန်အမင်း အားထည့် ရုန်းကန်နေရသလို ကရင်မှာ ၂၀၂၄ ကတည်းက မအောင်မြင်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းဟာ နောက်ချန် အထိုင်စခန်းကို ဝင်သိမ်းခံလိုက်ရပြီဖြစ်တယ်။ အေအေဟာ ကျောက်ဖြူကို တတိတိတိုက်ရင်း အချိန်တခုကိုစောင့်ပြီး အရှိန်တခုကို တည်ဆောက်နေတဲ့သဘော တွေ့ရတယ်။
တရုတ်ဟာ သူ့အင်အားကို နောက်ကနေပံ့ပိုးပြီး စကစကို ထောက်ပံ့မယ်ဆိုရင် အချိန်တခုကို ထိန်းထားနိုင်မှာဖြစ်ပေမယ့် တချိန်မှာ ပြိုလဲသွားမယ့် စကစ ကို လုံးလုံးလျားလျား ပြန်လည် တည့်မတ်ပေးဖို့ ဆိုတာကတော့ ဖြစ်နိုင်ခြေမရှိတာ တွေ့ရတယ်။
နွေဦးတော်လှန်ရေးကို သေချာကြည့်ရင် အနောက်ဘက်မှာ ပြန်လည်ပေါင်းစည်းဖို့ အားယူနေတဲ့ ချင်းနှစ်ဖွဲ့နဲ့ တပြည်နယ်လုံးသိမ်းဖို့ သေချာသလောက်ဖြစ်နေတဲ့ ရခိုင်၊ မြောက်မှာ အစဥ်အလာအရ စစ်တပ်ကို အမြဲ ဆန့်ကျင်တိုက်ခိုက်နေတဲ့ ကချင်၊ တရုတ် အရစ်ရပ်လိုက်တာနဲ့ ပြန်လည်ထွက်လာမယ့် ရှမ်းမြောက်၊ တိုက်ရည်ခိုက်ရည်ကောင်းတဲ့ ကရင်နီအပြင် ကရင်၊ မွန်၊ တနင်္သာရီနဲ့ ပီဒီအက်ဖ်တွေ တအိအိ စိမ့်ဝင်တိုက်နေတဲ့ ဗမာစစ်တိုင်းတွေအားလုံးကို တရုတ်က နောက်ခံပေးထားမယ်ဆိုရင်လည်း စကစ ပြန်ထိန်းဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ အနေအထားဖြစ်တယ်။
တရုတ်ဟာ ပြည်တွင်းလွတ်လပ်ခွင့်ကို စိစစ်ပြီး ပြန်ဖွင့်ပေး၊ မြန်မာမှာ လူထုတော်လှန်ရေးကို ထောက်ခံ၊ ၂၀၁၁ အာရပ်နွေဦးလို မြန်မာ့နွေဦးရဲ့ ရိုက်ခတ်မှုနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ တော်လှန်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ပျံ့နှံ့စေပြီး အာဖရိကမှာ စီးမိနေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ်ကျင့်နဲ့မျှတမှုကို ပြန်လည်ထည့်သွင်းဖို့ဖြစ်တယ်။ ဒါဆိုရင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေ အားလုံးကို စုစည်းနိုင်မှာဖြစ်ပြီး သေချာတဲ့ ကမ္ဘာ့ခေါင်းဆောင်မှုနေရာကို မှန်ကန်စွာ ရယူနိုင်မှာဖြစ်တယ်။
‘နွေဦးမှာ သင်ယူ’
တရုတ်ရဲ့ လက်ရှိအပေါ်မှာ တင်းကျပ်စွာကိုင်တွယ်ထားတဲ့ နိုင်ငံရေးနဲ့ စျေးကွက်ထဲ လွတ်လပ်စွာ ဖြန့်ကျက်သွားလိုတဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုတာဟာ မတူညီတဲ့ အားနှစ်ခုနဲ့ သဘောတရားနှစ်ခုကို အတင်း တွဲယူ စုစည်းထားမှုသာဖြစ်တယ်။ တရုတ်ခေါင်းဆောင်မှုအပေါ်မှာ ဒီစုစည်းမှုကြောင့်ဖြစ်တဲ့ တင်းမာမှုနဲ့ ဝန်ထုပ်ဝန်ပိုးဟာ သိသာစွာ ပေါ်လွင်နေတာကို တွေ့ရမှာဖြစ်တယ်။
တရုတ်ဟာ ဘန်ဒေါင်းစိတ်ဓတ်ကို ပြောင်းလဲလာတဲ့ ကမ္ဘာ့သမိုင်းနောက်ခံမှာ ပြန်လည် သုံးသပ်ကြည့်ဖို့ဖြစ်တယ်။ အင်ပါယာတခုမပြောနဲ့ ပြည်ထောင်စုတခုသည်ပင်လျှင် အပေါ်က ထိန်းချုပ်ထားတဲ့ နိုင်ငံရေး၊ အမိန့်တင်းကျပ်မှု သက်သက်သာရှိတဲ့ စစ်တပ်နဲ့ ရေရှည်တည်ဆောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို မြန်မာ့နွေဦးဆီက သင်ယူလာနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။
Be the first to comment