နေသစ်တည်ဇ
ဒီရက်ထဲမှာ မြန်မာပြည်က ရော့ခ်ကာတဦးဖြစ်တဲ့ ဇော်ဝင်းထွဋ် သီချင်းအသစ်တပုဒ် ထွက်လာပါတယ်။ မထွက်ခင် တရက်ကတည်းက Teaser လေးတင်ပြီး လူစုထားတာ တွေ့လိုက်တယ်။ အဲဒီ့အချိန်မှာကတည်းက ပရိသတ်တွေက တင်ကြိုခန့်မှန်းချက်တွေနဲ့ အားပေးဖို့ တာဆူနေကြပြီးသားပါ။ တချို့လည်း သီချင်းတပုဒ်လုံး နားမထောင်ရသေးခင်ကတည်းက အမှတ်တွေရော၊ ဂုဏ်ထူးတွေပါ သာသာထိုးထိုး သိဒ္ဓိတင်ပေးနေကြတာ တွေ့ရပါတယ်။ ပထမအကြောင်းတချက်ကတော့ သီချင်းမထွက်တာကြာနေတဲ့ ရော့ခ်ဘိုးအေကြီးမလို့ နဂိုချစ်ခင်စိတ်နဲ့ ဝိုင်းအားပေးကြတာပါ။ ဒုတိယ အကြောင်းတချက်ကတော့ သီချင်းရဲ့စာသားနဲ့ ခေါင်းစဥ်ကြောင့်ပါ။
ပထမ အကြောင်းတချက်ကြောင့် အားပေးသူတွေကိုတော့ ထူးပြီးပြောစရာမရှိပါဘူး။ ဇော်ဝင်းထွဋ်ဆိုတာ ၁၉၈၀ ကာလတွေထဲက လူငယ်လူရွယ်တွေ (အခုလူကြီးတွေ) အားလုံးရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အဆိုတော်တယောက်ပါ။ ဂီတအနုပညာအရ အောင်မြင်မှုတွေကို အင်ပါယာတီးဝိုင်းကြီးနဲ့ တွဲဖက်လို့ ဆယ်စုနှစ်များစွာ သိမ်းပိုက်ထားနိုင်ခဲ့ပြီး တခြားသော ဖက်ရှင်ရေစီးကြောင်း၊ လူမှုဘဝ စတဲ့ အခန်းကဏ္ဍတွေမှာပါ ကာလရှည်ကြာ ထိပ်ဆုံးကနေ ဦးဆောင်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အောင်မြင်တဲ့ သီချင်းပေါင်းများစွာ၊ တေးအယ်လ်ဘမ် ပေါင်းများစွာနဲ့ ကျားမ၊ အသက်အရွယ် အပိုင်းအခြား အတော်များများရဲ့ ရင်ထဲအသည်းထဲကို စွဲညှို့နိုင်ခဲ့တဲ့ ရှားရှားပါးပါး အနုပညာရှင်တယောက်လည်း ဖြစ်ခဲ့ပါတယ်။
ဒုတိယတချက်နဲ့ ပတ်သက်လို့ကတော့ နည်းနည်းပြောစရာရှိပါတယ်။ ဂီတဝေဖန်ရေးဆောင်းပါး မဟုတ်တဲ့အတွက် သီချင်းရဲ့သံစဥ်တွေ၊ ဖွဲ့စည်းပုံတွေ ဘာညာ ပြောစရာမရှိပါဘူး။ ဒါပေမယ့် စာသားတွေနဲ့ ပတ်သက်တာကို နည်းနည်းသတိထားမိတဲ့အတိုင်း ပြောစရာရှိပါတယ်။ လုံးကောက်မဟုတ်ပေမယ့် စာသားပါအကြောင်းအရာရဲ့ ခြုံငုံအဓိပ္ပါယ်ဟာ အခြေအနေတခုအပေါ်မှာ မချင့်မရဲ လူးလွန့်ငြီးတွားနေတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်စေပါတယ်။ “မောပန်း” “နာကျင်ပွန်းပဲ့” “ရှည်ကြာရက်စက်” “ထွက်ပေါက်” “အားကိုး” “အဖြေမရမေးခွန်း” စသဖြင့် ငြီးတွားသံတွေကို ကြားနိုင်ပါတယ်။ အဲဒီ့နောက် “တောင့်ခံကြ” “အံကိုကြိတ်ခရီးဆက်” စသဖြင့် လူမမာအားပေးအသံ ယဲ့ယဲ့လေးကို ထပ်ကြားရပါမယ်။
ဒီစာသားတွေအပေါ်မှာ တချို့သောပြည်သူတွေနဲ့ တော်လှန်ရေးဘက်တော်သား ရင့်မကြီးတွေက ဖီးလ်တက်ပြီး လက်ခုပ်လက်ဝါးတီး အားပေးကုန်ကြတာပါ။ ဘာကြောင့်လဲဆိုရင် ဒီစာသားတွေဟာ အပေါ်ယံအားဖြင့် စွယ်စုံဒုက္ခခံ ပြည်သူလူထုတွေကို ကိုယ်စားပြုပြီး သီဆိုကျူးရင့်ပေးနေတယ်လို့ ယုံကြည်နေကြစေလို့ပါ။ ဒါတောင်မှ မခံမရပ်နိုင်တဲ့၊ နာကျည်းရွံမုန်းတဲ့ စာသားအဓိပ္ပါယ်မျိုး လုံးဝမဟုတ်ပါဘူး။ လောကသဘာဝရဲ့ ဖိစီးနှိပ်စက်မှုတွေလိုလို၊ ကပ်ရောဂါဘေးတွေရဲ့ ဒဏ်ချက်တွေလိုလို၊ တရားဓမ္မသံဝေဂတွေလိုလိုနဲ့ မချင့်မရဲလေး (စကားလုံးပျော့ပျော့လေးနဲ့) ငြီးတွားရှာတာပါ။ ဒါကိုသိသာထင်ရှားစေတာက “တောင့်ခံကြ” “အံကြိတ်ခရီးဆက်” ဆိုတဲ့စာသားတွေပါ။
အံ့သြစရာပါပဲ။ ဒီစာသားတွေဟာ ဘယ်နေရာမှာများ လူထုကိုကိုယ်စားပြုနေတာများ ဖြစ်နေရတာလဲ။ ကျနော်တို့ကိုယ်တိုင်ကပဲ ဂီတတေးစာသားတွေကပေးတဲ့ ရသအနုပညာတွေကို မခံစားတတ်တဲ့ လူ့အန္ဓတွေများ ဖြစ်နေလို့များလားတော့ မသိနိုင်ပါဘူး။ ဒီစကားလုံးစာသားတွေဟာ ငါတို့ကို ကိုယ်စားပြုနေတယ်လို့ ဘယ်လိုမှကို မခံစားရစေတာပါ။ ကြံဖန်ပြီး ခံစားရှာဖွေကြည့်ရင်တော့ မတရား ဖမ်းဆီး နှိပ်စက်ခံနေရသူတွေကို စုတ်တသပ်သပ်နဲ့ “ကျွတ်ကျွတ်” “အေးအေး” “အိုအို” လုပ်ပြီး မဟာကရုဏာတော်ကြီးတွေ ပြသနေတယ်လို့ပဲ ခံစားရပါတယ်။ ဒါတောင်မှ နောက်ကစာသားတွေက ‘မင်းတို့ကိုက မိုက်တာကို’၊ ‘နံရံကိုခေါင်းနဲ့တိုက်တာကို’ ‘အေးအေး တောင့်ထား၊ အံကြိတ်ထား’ စသဖြင့် ကရုဏာဒေါသောလေးနဲ့ ခပ်ဖွဖွလေး ဆူနေတယ်လို့တောင် ခံစားရစေတာပါ။
ထားပါတော့၊ ကျနော်တို့က အဆိုးမြင်ဝါဒီတွေဖြစ်နေလို့ ဒီစာသားတွေအပေါ်မှာ မုဒိတာမပွားနိုင်ဘဲ အဘိဇ္ဈာပွားနေကြတယ်လို့ ဆိုကြပါဦး။ နောက်ထပ် သံပြိုင်ပိုဒ်မှာ ဆိုထားတဲ့ စာသားလေးတွေကို နားထောင်ကြည့်ပါဦး။ “ဟိုးမှာ ဟိုးက အနာဂတ်များလင်းနေရာ” တဲ့။ “အဖေအမေနဲ့အဖိုးအဖွား မျှော်လင့်ခြင်းများ ဆုံရာ” တဲ့။ ဘုရား ဘုရား တေးရေးတဲ့ မင်းချစ်သူပဲ ဘန်ကောက် ခေါက်ဆန်လမ်းက ညလုံးပေါက်ကလပ်တွေမှာ မီးရောင်ထိန်ထိန်လင်းနေတာတွေကို မျက်စိများမှားလေသလား။၊ တေးဆိုတဲ့ ဇော်ဝင်းထွဋ်ပဲ မီးမလာတာကြာလို့ တရေးနိုးကြီး မီးကလေးတပွင့်လောက် ဖြတ်ခနဲလင်းလာတာကို အနာဂတ်တွေလင်းလာပြီလို့ ထင်နေတာများလား။
အဆိုးဆုံးက ‘အဖေအမေတွေ မိသားစုတွေ၊ မျှော်လင့်ခြင်းတွေ ဆုံရာ’ တဲ့။ ဒီစာသားတွေကြားတော့ စိတ်ထဲ ယားကျိကျိကြီးကို ဖြစ်လာတာပါပဲ။ သိပ်ပြီး အဓိပ္ပါယ်တွေဖွင့် ဋီကာချဲ့မနေချင်တော့ပါဘူး။ မြင်သာတဲ့ဥပမာတခုပဲ ပေးပါရစေ။ ကျနော်တို့ မြန်မာပြည်မှာ သီတင်းကျွတ် တန်ဆောင်တိုင်များ နီးလာပြီဟေ့ဆိုရင် မိဝေးဖဝေး မဝရေစာစားပြီး နှစ်ပဲတပြားလစာလေးကို တနှစ်စာလုံး ကုတ်ကပ်စုဆောင်းထားကြရတဲ့ စက်ရုံအလုပ်သမလေးတွေရဲ့ ချွေးခံအိတ်ကပ်ထဲက ချွေးနှဲစာလေးကို နှစ်စဥ်နှစ်တိုင်း မျက်စောင်းထိုးနေကျ ဘာအားဆေးတို့၊ ဘာခွန်အားဖြည့် အချိုရည်တို့လိုမျိုး မိသားစုကို ဟိုဟာနဲ့ ကန်တော့လိုက်ပါတို့၊ မိသားစု ပြန်ဆုံချိန်မှာ အကောင်းဆုံးဟာ ဟောဒါပါတို့ဆိုတဲ့ အောက်တန်းစား ကြော်ငြာတွေလိုပဲ ခံစားရစေတာပါ။
ဒီလောက် ဒုက္ခတွေနဲ့ ပြာပုံတိုးနေတဲ့ဘဝတွေကို အားပေးတာ သီချင်းစာသားတွေက အနာဂတ်တွေ လင်းနေတာတဲ့လား။ ဘယ်ဟာကိုကြည့်ပြီး အနာဂတ် လင်းနေပြီလို့ ပြောရတာလဲ။ အညာမှာရှိနေတဲ့ မီးလောင်ပြင်တွေကို လက်ညှိုးထိုးပြီး ဟာသလုပ်နေတာလား။ ဘယ်လိုမိသားစုတွေ ဆုံတွေ့နိုင်မှာလဲ။ ဘာကြောင့် အဲဒီလိုပြောနိုင်ရတာလဲ။ တော်လှန်ရေးဘက်တော်သားတွေရဲ့ နိုင်ပွဲတွေကို ကြံဖန်ပြီး အမွှန်းတင် ပြောနေတယ်လို့ ဖာဖာထေးထေး ပြောချင်လည်း ပြောကြပါဦး။ ဒါဆိုလည်း အရင့်အရင် တော်လှန်ရေးအစကတည်းက အောင်ပွဲတွေ အလီလီ တရိပ်ရိပ် တက်နေခဲ့တုန်းက ဘာကြောင့်များ နှုတ်ဆိတ်နေခဲ့ရတာလဲ။ ဂစ်တာများ ကြိုးညှိနေခဲ့လို့များလား။ ဒါမှမဟုတ် အဲဒီအချိန်တုန်းက အနာဂတ်တွေလင်းမယ်၊ မိသားစုတွေ ဆုံမယ်လို့ သိပ်မယုံသေးလို့များလား။ ဒါဆို အခုမှ လင်းမယ်ထင်လို့ အမြန် ရေး ဆို တီးလိုက်ရတာများလား။
ကျနော်တို့ သိပ်အဆိုးမြင်နေတယ်လို့ ယူဆရင်တော့ တခြားတဘက်ကနေ ထပ်ပြီး သုံးသပ်ကြည့်ကြရအောင်ပါ။ တကယ်ပဲ တေးရေး မင်းချစ်သူနဲ့ တေးဆို ဇော်ဝင်းထွဋ်တို့ဟာ လူထုဘက်ကနေ ပါဝင်အားဖြည့်တယ်လို့ ဆိုကြပါစို့။ သူတို့အတွက် ဒီတေးသီချင်းတပုဒ်ဟာ စကစရဲ့အန္တရာယ်ကို ဖိတ်ခေါ်ရာ မရောက်ပေဘူးလား။ ဒါကို သိသိရက်နဲ့ သတ္တိရှိရှိ လုပ်တယ်ဆိုရင်တော့ ဂုဏ်ယူစရာပါ။ ဒါတောင် အပျော့ဆွဲညည်းသံလေးနဲ့ လူမမာသတင်းမေး စာသားလေးတွေအပေါ်မှာ တသက်လုံးအားပေးလာတဲ့ ပရိသတ်တွေက တင်းတိမ်နိုင်လိမ့်မယ် မထင်ပါဘူး။ ဒါတွေလည်း ထားပါဦး။ လင်းနေတဲ့ အနာဂတ်တွေနဲ့ မိသားစုတွေ ဆုံရာဆိုတာက ဘာကို ညှပ်ကြောင်းပေးချင် တာလဲ။ ဘာအာမခံချက်တွေရှိလို့ မကြာခင်မှာ ပြန်ဆုံမယ်၊ အနာဂတ်တွေ လင်းလက်တော့မယ် လုပ်နေရတာလဲ။
ဒီလောက် ညှပ်ကြောင်းပေးနေပြီဆိုရင် ရှေးရှေးကာလ စည်းလုံးခြင်းရဲ့ သီချင်းတပုဒ်တို့၊ မဟာတို့နဲ့ ကြီးပြင်းခဲ့တဲ့ ကျနော်တို့ မျိုးဆက်ဟောင်းကြီးတွေ သဘောပေါက်ကြပါတော့။ ပါပီမတို့၊ အဖေနဲ့သားများတို့၊ အိပ်ရာကနိုးကြပါတော့တို့။ ဒါကိုတောင်မှ မင်းတို့က အလွန်အကျွံ ဝေဖန်ကြတာပဲလို့ အပြစ်တင်မယ်ဆိုရင်တော့ ထပ်ပြီး သက်သေပြပါရစေဦး။ သီချင်းနာမည်က “ဆုံရာ” တဲ့။ နောက်ဆုံးပိုဒ် သံပြိုင်ပိုဒ်မှာ အဖေအမေနဲ့ ဖိုးဖွား သွေးချင်းတို့ဆုံရာ ဆိုပြီး တိတိလင်းလင်းကို ထည့်ဆိုထားတာပါ။ သွေးချင်းဆိုတဲ့စကားဟာ ဘာကို ကိုယ်စားပြုပါသလဲ၊ ဘယ်သူတွေကို ဦးတည်ထားပါသလဲ၊ ဘယ်ဖဲကိုချိုးဖို့ ဘယ်လို ညှပ်ကြောင်းပေးနေတာပါလဲ။
နောက်ထပ်တခုက ကာဗာအတ်ပါ။ တောင်စွယ်တောင်တန်းတွေနောက်ကနေ နေဝန်းနီကြီး ပေါ်ထွက်လာတဲ့ပုံပါ။ အဲဒီရှေ့မှာ ချိုးဖြူငှက်ကိုးကောင် ပျံသန်းနေတဲ့ပုံတောင် ပါပါသေးတယ်။ ကာဗာအတ်အနေနဲ့ ကြည့်ရင်တောင် အင်မတန် သိမ်ဖျင်းလွန်းတဲ့ပုံပါ။ ကာဗာအတ်လို့တောင် မခေါ်ထိုက်ပါဘူး။ ခေတ်အဆက်ဆက် ဇော်ဝင်းထွဋ်ရဲ့ ကာဗာအတ်တွေရဲ့သမိုင်းကို လေ့လာကြည့်ကြပါဦး။ အဲဒါက ဘာအဓိပ္ပါယ်လဲ။ တောင်တန်းတွေမှာ အလင်းရောင် ထွက်ပေါ်တော့မယ် ဆိုချင်တာလား။ ချိုးဖြူ ကိုးကောင်ကရော ဘာလဲ။ ယတြာချေတာလား။ ရော့ခ်တစ္ဆေကြီးနဲ့ ဝါရင့် တေးရေးဆရာကြီးက တဆိတ် ဖွင့်ဆို ရှင်းပြပေးစေချင်ပါတယ်။ ဒါလည်း မင်းတို့က အစွဲအလန်းကြီးတယ် ဆိုပြီး ဆူချင်ကြသေးလား။ “မပြီးသေးတဲ့သမိုင်းဆက်ရေး” “တို့၊ “နာမည်တွေမကျန်ရင်နေ” တဲ့။ အဲဒီ့စာသားတွေက စစ်တပ်နဲ့ပေါင်းစားတဲ့ ငြိမ်းချမ်းရေးပွဲစားတွေ ရေလဲသုံးခဲ့တဲ့ ဖွတ်ဖွတ်ညက်ညက်ကျေနေတဲ့ စကားလုံးတွေပါ။
ဒီသီချင်း၊ ဒီစာသားတွေ ဘယ်တာက ထွက်လာတာလဲ။ ဘယ်ပလိုင်းပေါက်က ကျလာတဲ့ဖားတွေလဲ။ ဒီလိုအချိန် ဒီလိုကာလကြီးမှာ ယုံထင်ကြောင်ထင် စေတနာကြီးတခွဲသားနဲ့ အပေါ်စီးကနေ အကြွေလေး ပေါက်ပေါက်ဆုပ် လေးကြဲပြီး ပြည်သူ့မေတ္တာခံယူနေတာ ဘာသဘောလဲ။ အဖြေက ရှင်းရှင်းလေးပါပဲ။ စစ်တပ်က ညှပ်ကြောင်းပေးနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့၊ ငြိမ်းချမ်းရေးတို့၊ ရွေးကောက်ပွဲတို့၊ စားပွဲဝိုင်းတို့ဆီသွားဖို့ ညှပ်ကြောင်းပေးနေတာပါ။ ဘယ်ပြည်သူတွေဘက်ကနေမှ မခံမရပ်နိုင်လွန်းလို့ ပေါက်ကွဲနေတာမဟုတ်ပါဘူး။ (ဒီဘဲတွေ ဒီလောက် ဇ မရှိပါဘူး။ အခုမှမရှိတာ မဟုတ်ဘူး၊ ခေတ်အဆက်ဆက် မရှိခဲ့တာပါ။ ) ဘယ်သူတွေဘက်ကနေမှ မေတ္တာစေတနာကြီးနေတာ မဟုတ်ပါဘူး။ အရင်ဆုံး သီချင်းထုတ်ပေးတဲ့ Flow ဆိုတာ ဘယ်သူတွေရဲ့ စီးပွားရေးလည်းဆိုတာလောက်ပဲ အရင်ဆုံး စုံစမ်းကြည့်ကြပါဦး။
မယုံလို့ ဆက်စောင့်ကြည့်ရင် မကြာခင် ဝါးညှပ်အကလေးတခုန်ခုန်နဲ့ ငြိမ်းချမ်းရေးပန်းခင်းထဲမှာ ဆုံကြမယ်တို့၊ တောကြီးမျက်မည်းထဲမှာ လျှပ်စီးတွေတလက်လက်နဲ့ တပင်ကိုတပင်ယှက် နွယ်တက်သည့်ပမာတို့၊ ဘယ်သူကမတရားလုပ်လို့ ဘယ်ဘက်ကခံရမှန်းမသိတဲ့ တွေ့ကရာစစ်ပွဲတွေက အနိဋ္ဌာရုံတွေပြပြီး အဖိုးအဖွားနဲ့ သားသေမိခင် ရတက်မအေးရပေတို့ကို အပ်ဂရိတ်လုပ်ထားတဲ့ ဗားရှင်းတွေကို တသက်လုံး သောက်ရှက်မရှိ လုပ်စားလာတဲ့ ပြည်သူ့မေတ္တာရှင် အဖြူရောင် အနုပညာသမားလေးတွေက ဆိုကြ တီးကြ ကကြတော့မှာပါ။ ဒါကိုမှ အဟုတ်မှတ် ပြီး လက်ခုပ်ဝိုင်းတီးပေးနေကြရင် အထွန့်တက်လာပြီး “မင်း ၁၈ နှစ်ပြည့်ပြီလား” ဆိုပြီး ရွေးကောက်ပွဲ မဲပေးဖို့ ဘောမတအုပ် ဆွေ့ဆွေ့ခုန်တာ မျက်မြင်ဒိဋ္ဌ တွေ့ကြရပါလိမ့်မယ်။
ဒေါသသင့်စေသော အရေးအသားများကြောင့် စိတ်အနှောက်အယှက် ဖြစ်ကြရတယ်ဆိုရင်လည်း တောင်းပန်ရင်းနဲ့ပဲ စာကိုအဆုံးသတ်ပါရစေ။ အခုအချိန်ကာလဟာ မြန်မာနိုင်ငံတဝန်းလုံးနဲ့ နိုင်ငံသူနိုင်ငံသား အားလုံးအပေါ်မှာ အာဏာရူးတစုက မတရားအာဏာလုယူပြီး နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်နေတဲ့ အ ကာလ အချိန်အခါဖြစ်ပါတယ်။ ဖက်စစ်မိစ္ဆာတို့ရဲ့စနက်ကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရပြီးသားဖြစ်ပါတယ်။ သွေးစွန်းခဲ့ရတဲ့လမ်းမတွေ ခုထိ မခြောက်သေးပါဘူး။ မီးလောင်ပြင်ဖြစ်ခဲ့ရတဲ့မြေတွေ အကောင်းအတိုင်း ပြန်မရနိုင် တော့ပါဘူး။ ပေးလိုက်ရတဲ့ အသက်တွေ၊ ဘဝတွေ၊ အနာဂတ်တွေ၊ အိပ်မက်တွေ ဘယ်အရာမှ ပြန်ပြီး အစားထိုးမရနိုင်တော့ပါဘူး။ မတရားမှုဆိုတဲ့ အဓမ္မကို တရားမှုဆိုတဲ့ ဓမ္မနဲ့ အပြီးတိုင် အမြစ်ဖြတ် တိုက်ထုတ်ပစ်ရမှာပါ။ အခုလည်း တိုက်ထုတ်နေလို့ ပြည်သူ့ဘက်တော်သားတွေ အောင်ပွဲအလီလီ နွှဲနေရပါပြီ။
အခုအချိန်ကျမှ ဘာတွေ ကယောင်ကတမ်းနဲ့ သွေးချင်းတို့ဆုံရာ လာလုပ်နေရတာလဲ။ လူတွေမသေခင်တုန်းက အခြေအနေတွေ ဒီလောက်မဆိုးခင်တုန်းက ဘာကြောင့် အနာဂတ်များလင်းဖို့ မကြိုးစားခဲ့ကြတာလဲ။ ဘယ် ဘနဖူးသိုက်တူးမယ့် ပဲ့ကိုင်ရှင်ကြီးတွေက မီးစိမ်းပြလို့ “အဖြေကို အချိန်ကထုတ်လုပ်တယ်” တွေ လာ ကြွယ်ပြနေရတာလဲ။ ကျနော်တို့ လူထုတော်လှန်ရေးမှာ ဆီတန်းစီသလိုမျိုး ခါးလည်ကနေ ရောယောင်ပြီး ဝင်တန်းစီမယ့်သူတွေ လက်မခံနိုင်ပါဘူး။ ဂုရုကြီးတွေစတိုင်နဲ့ ကျောသပ်ရင်သပ်လုပ်မယ့် ငြိမ်းချမ်းရေးသူတော်စင်တွေ မလိုအပ်ပါဘူး။ အာဏာရူးတွေမရှိတော့ရင် တိုင်းပြည်က အလိုလို ငြိမ်းချမ်းပြီးသားပါ။ ဒီထက်ပိုပြောရရင် အာဏာရှင်နားကပ်ပြီး လူပါးဝနေတဲ့ ခရိုနီလိုလို၊ ဘောမလိုလို အကျိုးမျှော် ကရုဏာရှင်တွေ မရှိရင် တိုင်းပြည်က ပိုပြီးငြိမ်းချမ်းပါလိမ့်မယ်။
ဒါကြောင့်မို့ ဘာ ရောင်နီအသစ်မှ မလိုပါဘူး။ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပဲ ရေးကြရမှာပါ။ မင်းတို့ပင်ပန်းနေတာ မကြည့်ရက်လို့ ငါတို့က ဝင်ညှိပေးတာပါဆိုတဲ့ ငြိမ်းချမ်းရေးပွဲစားတွေလည်း မလိုအပ်ပါဘူး။ ငါတို့အသက် တွေ၊ ဘဝတွေရင်းပြီး ငါတို့သွေး၊ ငါတို့သတ္တိ၊ ငါတို့နည်း၊ ငါတို့ဟန်နဲ့ ဖက်စစ်အာဏာရူးကို ပြုတ်ကျအောင် တိုက် ထုတ်မှာပါ။ တကိုယ်စာ အကျိုးစီးပွားကြည့်သူတွေ၊ တောကြောင်တွေ မလိုအပ်ပါဘူး။ တသံတည်းညီ၊ တချီတည်းရုန်းနေကြတဲ့သူတွေကို ကြားဝင် သပ်လျှိုမယ့်သူတွေ မလိုအပ်ပါဘူး။ ခေတ်အဆက်ဆက် ဝါရင့်သမ္ဘာရင့် နိုင်ငံရေးသမား တစ္ဆေရင့်မကြီးတွေကိုလည်း တပွဲစားဆရာတွေက ဆေးမြီးတိုလေးပြပြပြီး ပျားရည်နဲ့ ဝမ်းလာလာချနေတာကို မသာယာမိကြပါစေနဲ့လို့ တောင်းပန်ရင်း သတိပေးလိုက်ပါရစေ။
Be the first to comment