
“ကလေးများ အကောင်းဆုံးဖြစ်ပါစေ”အော်စွန်းမိုင်
နှစ်အတော်ကြာကြာတုန်းက “နာဇီလေယာဉ်ပျံတွေ ပျံသန်းသွားပြီးတဲ့နောက်” ဆိုတဲ့ ပန်းချီကားကို ကြည့်ခဲ့ရဖူးတယ်။ ပုံနှိပ်ထားတဲ့စာအုပ်ထဲမှာ မူရင်းပန်းချီကားရဲ့ အရွယ်အစားကိုလည်း ဖော်ပြထားတယ်။ ဒုတိယကမ္ဘာစစ်ကာလအတောအတွင်း ရုရှားမှာ ဂျာမန်လေယာဉ်ပျံတွေက ဗုံးကြဲပြီး ပြန်သွားတဲ့ ရှုခင်းမြင်ကွင်းကို ရေးဆွဲထားတာ။ ပန်းချီကား လက်ဝဲဘက်ရှေ့ပိုင်းမှာ သွေးအလိမ်းလိမ်းလူးပေရင်း သေဆုံးနေတဲ့ အိမ်မွေးခွေးလေး အမွေးစုတ်ဖွားနဲ့ လဲကျနေတယ်။ သစ်ပင်တောအုပ်တွေက နောက်ခံကားချပ်။ ပန်းချီကား လက်ယာထောင့်အထက်မှာ လေယာဉ်ပျံကလေးက သေးသေးလေးမြင်နေရတယ်။ ဗုံးကြဲပြီး ပြန်သွားတာပေါ့။ ဆိုဗီယက်ခေတ် ပန်းချီဆရာက စစ်ရဲ့အနိဋ္ဌာရုံကို အဲဒီလို သရုပ်ဖော် ချယ်မှုန်းထားတယ်။ အဲဒီပန်းချီကားကို မကြာခဏ ကြည့်ဖြစ်နေခဲ့တယ်။ တခါတခါလည်း အတွေးမှာ ပေါ်လာတတ်တယ်။ နှစ်ပေါင်းများစွာ ကြာပြီပေါ့။
မြန်မာပြည်တွင်း နိုင်ငံအနှံ့လည်း စစ်လေယာဉ်တွေက ဗုံးကြဲချခဲ့တယ်။ ကြဲချနေဆဲပဲ။ ဗုံးဒဏ်ကြောင့် ကလေးတွေ၊ မိခင်တွေ၊ မိန်းမသားတွေ၊ အရပ်သားပြည်သူတွေ သေကြေရတယ်။ ဒဏ်ရာအနာတရ ဖြစ်ကြရတယ်။
“သားတို့ရုပ်ရည်၊ သီတာမည်သား၊ ရေကြည်ချမ်းမြ၊ တပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်း” လို့ ဒီနိုင်ငံမှာ စာဆိုရှိခဲ့တယ်။ မိဘက သားသမီးတွေအပေါ်မှာ ဘယ်ရွေ့ဘယ်မျှ ချစ်ခင်ကြင်နာမှုရှိတာကို ဖော်ပြတာပါပဲ။
ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်၊ ဘယ်နိုင်ငံကမဆို မိဘတိုင်းက သားသမီးတွေကို ချစ်ခင်မြတ်နိုးကြတာချည်းပါပဲ။ ဒါ့အပြင် မိမိတို့ရဲ့ရင်သွေးအပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားတတ်ကြတယ်။ ယနေ့ လူကြီးများဆောင်ရွက်နေကြတဲ့ လုပ်ငန်းများကို ကလေးများက ဆက်လက် လုပ်ဆောင်ကြမှာဖြစ်တယ်။
လူကြီးတွေ မစွမ်းဆောင်နိုင်ကြတာကိုလည်း စွမ်းဆောင်နိုင်ကြပေလိမ့်မယ်။ ယနေ့ လူ့ဘောင်လောကမှာ ဖယ်ရှားမပစ်နိုင်ကြသေးတဲ့ ချို့ယွင်းချက်၊ အားနည်းချက်၊ အခက်အခဲတွေကိုလည်း ဖယ်ရှားပစ်ကြမှာမလွဲပဲ။
ကမ္ဘာပေါ်မှာ ကလေးပေါင်း သန်းပေါင်း ၁,၀၀၀ ကျော်ရှိနေတာ ကြာလှပြီ။ အဲဒီကလေးငယ်တွေကို နိုင်ငံတကာက မိဘတွေက မိမိတို့ရဲ့ နားမျက်စိများသဖွယ် ချစ်ခင်ကြတယ်။ ယုယ ပိုက်ထွေးကြတယ်။ ဆီဦးထောပတ်ကိုသာ ကျွေးမွေးလိုကြတယ်။ အကောင်းဆုံးမှန်သမျှ ကလေးများအတွက် ဟူ၍ပင် ကြွေးကြော်ချက်နဲ့ ဦးစားပေး အလေးထားကြတယ်။
ဒါပေမဲ့ အရာခပ်သိမ်းတို့ ယိုယွင်းပျက်စီးလာတဲ့အခါ၊ အခြေအနေဆိုးများ ကျရောက်လာတဲ့အခါ၊ စစ်မက်ဖြစ်ပွားတဲ့အခါ၊ အစာငတ်မွတ်ခြင်း ဘေးဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ရာသီဥတုဖောက်ပြန်ပြီး သဘာဝဘေးအန္တရယ်များ ရင်ဆိုင်ရတဲ့အခါ ကလေးငယ်တွေရဲ့ဘဝ ဆောက်တည်ရာမရ ဖြစ်ကြရတယ်။ အားကိုးရာမဲ့ တွယ်တာခိုကိုးရာမဲ့ ဖြစ်ကြရတယ်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက စစ်သုံ့ပန်းစခန်းတွေမှာ လူတွေနဲ့မသင့်တော်တဲ့ အခြေအနေတွေမှာ ကလေးငယ်ထောင်ပေါင်းများစွာ ထားရှိခဲ့ရတယ်။ စစ်ကြောင့် ကလေးငယ်မြောက်များစွာ သေကြေပျက်စီးခဲ့ရတယ်။
စစ်ဘေးကာလဆိုးမျိုး မဆိုထားနဲ့ ငြိမ်းချမ်းနေတဲ့ကာလမှာပဲ ကလေးတွေ အဟာရချို့တဲ့မှု၊ ရောဂါဘယရဲ့ ဖိစီးနှိပ်စက်မှုဒဏ်တွေကို ခံစားနေကြရတယ်။ ကြောက်စရာကောင်းလှတဲ့ စာရင်းဇယားတွေမှာ ကလေးငယ် သန်းပေါင်းများစွာ ရောဂါဘယဖိစီးမှုနဲ့ အစာရေစာပြဿနာကို ရင်ဆိုင်နေကြရတာတွေကို ဖော်ပြနေတယ်။
တကယ်တော့ ကလေးသူငယ်တွေဟာ အသားအရောင်၊ မျက်စိပုံသဏ္ဌာန်၊ ပြောဆိုကြတဲ့ဘာသာစကား ကွဲပြားခြားနားနေကြပေမဲ့ ရိုးသားဖြူစင်ကြတယ်။ ချစ်ခင်ကြင်နာမှုကို ခံယူလိုကြတယ်။ တဦးနဲ့တဦးလည်း ချစ်ခင်ကြင်နာကြတယ်။ အနိုင်ယူလိုစိတ်၊ သတ်ဖြတ်ချေမှုန်းလိုစိတ်၊ မုန်းတီးရန်လိုတဲ့စိတ်များလည်း ကင်းရှင်းကြတယ်။
အဲဒီလို ကောင်းမွန်တဲ့စိတ်ထားများကို ကြီးပြင်းလာကြတဲ့အခါ ဆက်လက်ထားရှိနိုင်ဖို့ အရေးကြီးတယ်။ မလိုလားအပ်တဲ့ စစ်ရေးအခြေအနေ၊ အကြမ်းဖက် မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကလေးငယ်တွေအတွက် ကြောက်မက်ဖွယ် ဘေးအန္တရာယ်တွေကို ကာကွယ်ပေးသင့်ကြတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကလေးများဆိုင်ရာ ကြေညာချက်မှာ “ကလေးများကို ပုံမှန် ကျန်းမာဖွံ့ဖြိုးစေရမည်။ ပညာသင်ကြားခွင့် ရှိစေရမည်။ မေတ္တာတရားနှင့် အပြန်အလှန်နားလည်မှု အာဝါသအောက်တွင် ကြီးထွားစေရမည်။ ကလေးများအား နှိပ်စက်ညှဥ်းပမ်းမှုကို အကာအကွယ်ပေးရမည်။ လူလူချင်း ညှာတာထောက်ထားသော အသိစိတ်ဓာတ်ဖြင့် ပြုစုမွေးမြူရမည်” လို့ ဖော်ပြထားတယ်။
နိုင်ငံတိုင်းက၊ မိဘတိုင်းက လိုက်နာကျင့်သုံး လုပ်ဆောင်ရမှာဖြစ်တယ်။
(မြန်မာနှင့် ဂါဇာဒေသအပါအဝင် ကမ္ဘာတဝန်းမှ ဘေးဒဏ်သင့် ကလေးများသို့)
Be the first to comment