
‘ကိုဂျင်မီ၏ နိုင်ငံရေးဖြတ်သန်းမှုအပေါ် ကျွန်ုပ်၏ သဘောထား’

နိုင်ငံရေး၊ စစ်ရေး တင်းမာနေချိန် နိုင်ငံရေး၊ တော်လှန်ရေးနှင့် ပတ်သက်သော စာပေအချို့ ရေးနေသူတယောက်အဖို့ နိုင်ငံရေး၊ တော်လှန်ရေးနှင့် ပတ်သက်သော စာပေများကို ဖတ်ရှုလေ့လာသင့်သည်ဟု ကျွန်ုပ် ယူဆပြီး စာအုပ်စင်မှ စာအုပ်များကို မွှေလိုက်ပါသည်။ ”နိုင်ငံရေးဆိုတာ” ဆိုသည့် ခေါင်းစဥ်နှင့် 2018 JULY ထုတ် Eternal Light Magazine ကို တွေ့လိုက်ရသည်။ မျက်နှာဖုံးမှာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပန်းချီကားကြီးနှင့်အတူ ကိုဂျင်မီ၏ ခန့်ထည်သော ဓာတ်ပုံကြီးဖြစ်သည်။
ထိုမဂ္ဂဇင်းထဲတွင် ကလောင်ခွဲနှင့် ရေးထားသော ကျွန်ုပ်၏ ဝတ္ထုတိုလေးလည်း ပါရာ မဂ္ဂဇင်းတိုက်က လက်ဆောင်ပို့ပေးလိုက်သဖြင့် သိမ်းဆည်းထားမိခြင်းဖြစ်သည်။
မဂ္ဂဇင်း ထွက်စက ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအစိုးရ အုပ်ချုပ်နေချိန်၊ နိုင်ငံရေး ငြိမ်သက်နေချိန်မို့ နိုင်ငံရေးနှင့်ဆိုင်သော မဂ္ဂဇင်းကို အထူးတလည် မဖတ်မိပါ။ ကိုဂျင်မီတို့ လေးဦး သေမိန့်ကျခံရသည့်သတင်း ၂၀၂၁၊ ဇူလိုင်တွင် ဖတ်လိုက်ရတော့လည်း မဂ္ဂဇင်းကို ပြေးရှာပြီး အိမ်သူအိမ်သားတွေနှင့် အိမ်နီးချင်းတွေကို ပြမိသည်။ မင်းအောင်လှိုင်က သေဒဏ်ပေးလိုက်တဲ့ ကိုဂျင်မီဆိုတာ ဒီလူကြီးပေါ့ ဟု။ စာအုပ်ကိုတော့လည်း မဖတ်မိသေးပြန်။ သူများတွေ အသက်ပေးနေချိန် ကျွန်ုပ်သည် စာရေးစာဖတ်ဖို့ အချိန်မပေးချင်ဘူးဟု ဆုံးဖြတ်ထားသောကြောင့်ပင်။ ယခုတော့ တော်လှန်ရေးတွင် စာပေနှင့် တော်လှန်ခြင်းသည်လည်း တခန်း တကဏ္ဍ အရေးပါသည်ဟု ယူဆပြီး ကုန်ကြမ်း ရလိုရငြား စာအုပ်တွေ ရှာဖတ်မှ သည်မဂ္ဂဇင်းကို ဖတ်မိတော့သည်။ ”နိုင်ငံရေးဆိုတာ” ခေါင်းစဥ်နှင့် ကိုဂျင်မီအား အင်တာဗျူးထားသည်ကို ဖတ်မှတ်ခဲ့ရသည်။ သည်တော့မှ ကိုဂျင်မီ၏ နိုင်ငံရေး ဖြတ်သန်းမှုအကြောင်း ပြည့်ပြည့်စုံစုံ သိခဲ့ရပြီး သည်စာမူကို ရေးမိသည်။
အင်တာဗျူးကို ဖတ်လိုက်ရပြီးနောက် ကိုဂျင်မီ၏ နိုင်ငံရေး ဖြတ်သန်းမှု အတွေ့အကြုံများမှာ လေးစား၊ အတုယူ အားကျဖို့ ကောင်းပြီး ကိုဂျင်မီပြောသော စကားလုံးများကလည်း မှတ်သားဖွယ် ကောင်းလှသည်။
ကိုဂျင်မီသည် သမာသမတ်ရှိပြီး လူကြီးလူကောင်းပီသသည်။ ကိုယ်ကျိုးကို စွန့်ပြီး အများအကျိုးကို ထမ်းရွက်ခဲ့သူ။ ရပ်တည်ချက် မှန်ခဲ့သည်။ ရပ်တည်ချက် ပြတ်သားသည်။ လူမှန်း သိတတ်သည့် အရွယ်ကစပြီး နိုင်ငံရေး လုပ်ခဲ့သည်။ ဒီမိုကရေစီအတွက်၊ တိုင်းပြည်ကောင်းကျိုးအတွက် ဘဝတလျှောက်လုံး လုပ်ဆောင်ခဲ့သည်။ နိုင်ငံ့အပေါ်၊ ဒီမိုကရေစီရေးအပေါ် လုံးဝ သစ္စာမဖောက်ခဲ့။ နောက်ဆုံး ဒီမိုကရေစီအတွက် အသက်ကိုပင် ပေးဆပ်ခဲ့ပြီဖြစ်သည်။
ကိုဂျင်မီ၏ အင်တာဗျူးကို ဖတ်အပြီး တောင်ကိုးရီးယားနိုင်ငံသား ကင်ဂွန်းထယ်ဆုရှင် ကင်ဂွန်းထယ်ကို ပြေးသတိရလိုက်မိသည်။ ကင်ဂွန်းထယ်သည် တောင်ကိုးရီးယားနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဘဝတသက်တာလုံး လုပ်ဆောင်ခဲ့သည်တဲ့။ အဲ့အတွက် အကြိမ်ကြိမ် ဖမ်းဆီးခံရ၊ ရိုက်နှက်နှိပ်စက် ခံခဲ့ရသည်။ ထောင်က လွတ်လာတိုင်း ဒီမိုကရေစီ ရရှိရေးအလုပ်ကို ရပ်တန့်မသွားခဲ့။ အဲ့အတွက် ကင်ဂွန်းထယ်ဆုကို ရရှိခဲ့ပါသတဲ့။
ကိုဂျင်မီ၏ လုပ်ရပ်များကလည်း ကင်ဂွန်းထယ်၏ လုပ်ရပ်များနှင့် ဘာမျှ မခြားနားပါ။ အင်တာဗျူးထဲမှ ကိုဂျင်မီ၏ ဖြေကြားချက်များအရ သိရသည်မှာ ကိုဂျင်မီဟာ ငယ်စဥ်က ဒီမိုကရေစီအကြောင်း သေသေချာချာတော့ နားမလည်ခဲ့ဘူးတဲ့။ ဒါပေမယ့် သူ့ရဲ့ စိတ်ထဲမှာတော့ တပါတီအာဏာရှင်စနစ်ကို အလိုလို မကြိုက်တတ်ခဲ့ဘူးတဲ့။ တပါတီအာဏာရှင်စနစ်က တိုင်းပြည်ကို အတော်ဒုက္ခပေးတဲ့ စနစ်မှန်း သိသတဲ့။ ဒါ့ကြောင့် ပြည်သူက ရွေးချယ်ပြီး တင်မြှောက်ထားတဲ့ အစိုးရကသာ တိုင်းပြည်ကို ချုပ်အုပ်သင့်တယ်လို့ ယူဆပြီး ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်အောင် တိုက်ပွဲဝင်ခဲ့သတဲ့။
ကိုဂျင်မီဟာ ၁၉၈၈ ခုနှစ် မတ်လမှာ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့တဲ့ RIT ကျောင်းသားတွေ ပူးပေါင်းပြီး ဆန္ဒပြကြတဲ့ တံတားနီကျောင်းသားလှုပ်ရှားမှုကစပြီး နိုင်ငံရေးလောကထဲ စတင်ဝင်ရောက်ခဲ့သတဲ့။ အဲ့ဒီတော့ ကိုဂျင်မီရဲ့ အဖေက ကိုဂျင်မီ့ကို ပြောသတဲ့။ သား မင်း နိုင်ငံရေးလုပ်မယ်ဆိုရင် သေသေချာချာ စဥ်းစားနော်၊ နိုင်ငံရေးက အလျော်အစားကြီးတယ်။ အထူးသဖြင့် ဟောသည်တိုင်းပြည်မှာ ပိုပြီးတော့ အလျော်အစားကြီးတယ်။ အဲ့ဒီတော့ မင်း နှစ်ခု စဥ်းစားရမယ်။ နံပါတ် (၁) မင်းဘဝ ပျက်သွားမယ်။ နံပါတ် (၂) မင်း သေသွားလိမ့်မယ်။ အဲ့ဒီနှစ်ခုကို စဥ်းစားပြီးတော့မှ မင်း လုပ်နိုင်မယ်ဆိုရင် လုပ်။ အခုချက်ချင်း ငါ့ကို အဖြေမပေးနဲ့ဦး တဲ့။ အဲ့ဒီတော့ နောင်နေ့မှာ လုပ်နိုင်တယ်လို့ ကိုဂျင်မီက သူ့အဖေကို အဖြေပေးခဲ့သတဲ့။
ကိုဂျင်မီရဲ့အဖေ ပြောတဲ့ နိုင်ငံရေးလုပ်သူတွေ ကြုံရမယ့်အရာတွေက တကယ်မှန်ကန်ခဲ့သလို ကိုဂျင်မီရဲ့အဖြေကလည်း အပြောနဲ့ လက်တွေ့ ကိုက်ညီခဲ့ပါတယ်။
ကိုဂျင်မီဟာ နိုင်ငံရေးလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ ၁၉၈၉ ခုနှစ်ထဲမှာပဲ စတင်ထိန်းသိမ်းခံခဲ့ရတယ်။ သြဂုတ်လ ၁၅ ရက်မှာပေါ့။ ၂၀၀၅ ဇူလိုင် ၆ ရက်မှာ ပြန်လွတ်လာခဲ့တယ်။ အဲ့ဒီတော့ လူငယ်လေးတယောက်အနေနဲ့ နိုင်ငံရေးစတင်လုပ်ဆောင်ခဲ့မှုအတွက် ပေးဆပ်ခဲ့ရတာက ထောင်ထဲမှာ ၁၇ နှစ် ကြာမြင့်ခဲ့တာပါပဲ။ ၁၇ နှစ်ဆိုတာ လူငယ်တယောက်အတွက် အလွန်ကြီးမားတဲ့ ပေးဆပ်မှုပါ။ အဲ့ဒီလို နှစ်များစွာ ပေးဆပ်ခဲ့ရမှုအတွက် ကိုဂျင်မီဟာ နောင်တ မရခဲ့ပါဘူး။ နဂိုက ဖခင်ကို အဖြေပေးခဲ့တဲ့အတိုင်း နိုင်ငံရေး၊ ဒီမိုကရေစီရေးကို ဆက်လုပ်ခဲ့တယ်။ ရွှေဝါရောင် တော်လှန်ရေးမှာ ပြန်လည်ပါဝင်လာခဲ့ပြီး ၂၀၀၇ ခုနှစ် သြဂုတ် ၂၁ မှာ ဒုတိယအကြိမ် ပြန်လည် ထိန်းသိမ်းခံခဲ့ရပါတယ်။ ၂၀၁၂ ဇန်နဝါရီ ၁၃ မှာ ပြန်လွတ်ခဲ့ပြီး ထောင်ထဲမှာ ၆ နှစ် ကြာခဲ့ပြန်ပါတယ်။ ဒါဖြင့်ရင် ကိုဂျင်မီလို နိုင်ငံရေးလှုပ်ရှားသူတယောက်အနေနဲ့ ထောင်ထဲမှာ ၂၁ နှစ်လောက် ပေးဆပ်ခဲ့ရပါတယ်။ အလွန်ကြီးမားတဲ့ အံ့မခမ်း ပေးဆပ်မှုပါ။
ကိုဂျင်မီပြောပြတဲ့ ထောင်ထဲမှာ ၂၁ နှစ်ကြာ ဖြတ်သန်းခဲ့ရတဲ့အချိန်အတွင်း နိုင်ကျဥ်းများစွာနဲ့ ဆုံတွေ့ခဲ့ရတယ်။ ဘဘဦးထွန်းတင်၊ ဘဘဦးဝင်းတင်၊ အန်ကယ်ဦးအုန်းကြိုင်၊ မင်းကိုနိုင်၊ ဦးနေဝင်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုနဲ့ အဖမ်းခံရတဲ့ ဖထီးမန်းဒါဝိတ်၊ မန်းငွေအောင်၊ သီပေါမင်းရဲ့ မြေးတော်တပါးဖြစ်တဲ့ တော်ဘုရားလေးနဲ့ရော။
အတွေ့အကြုံ၊ အဖြစ်အပျက်ဆိုးများစွာကိုတော့ မပြောပြတော့ပါ။ ထောင်ထဲမှာ ၂၁ နှစ် ကြာခဲ့တယ်ဆိုမှတော့ ဘယ်လောက် ကြမ်းတမ်းခက်ခဲမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။ ကိုဂျင်မီမှမဟုတ် ကိုဂျင်မီရဲ့ မိသားစုဝင်တွေကိုလည်း ဘယ်အိမ်နီးချင်းကမှ လာမပတ်သက်ရဲအောင် စစ်အာဏာရှင်က ဖန်တီးခဲ့ကြပါသေးသတဲ့။
ကိုဂျင်မီဟာ ထောင်ထဲမှာလည်း အချိန်တွေကို အကျိုးရှိအောင် အသုံးချခဲ့သလို စိတ်ဖိစီးမှုတွေ လျော့ကျအောင် တရားထိုင်တယ်၊ စာဖတ်တယ်။ အင်္ဂလိပ်စာကိုလည်း ကျွမ်းကျင်သွားအောင် လေ့လာနိုင်ခဲ့တယ်။ Dictionary တအုပ်လုံးကို အလွတ်ရအောင် ကျက်နိုင်ခဲ့သတဲ့။ အဲ့ဒါကြောင့် ထောင်က လွတ်လာတဲ့အခါ ဘုန်းသုခ ဆိုတဲ့ ကလောင်နဲ့ ဘာသာပြန်စာအုပ် ထုတ်နိုင်ခဲ့သတဲ့။ ဘုန်းသုခ ကလောင်ဟာ ကိုဂျင်မီမှန်း သိသွားတဲ့အခါ စစ်တပ်က ပိတ်ပင်ပစ်လိုက်သတဲ့။
၂၀၁၂ ထောင်က လွတ်လာပြီး နောက်ပိုင်းမှာတော့ ကိုဂျင်မီဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ လွတ်မြောက်ခဲ့ပြီးလို့ထင်ပါရဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ ဒီမိုကရေစီအရေးကို ဆက်လုပ်တယ်။ ဆိုတော့ဖြင့် အင်တာဗျူး ဖြေအပြီး နောက်ပိုင်းမှာလည်း ထောင်က လွတ်လာခဲ့ပြီဖြစ်လို့ ဒီမိုကရေစီအရေးကို ဆက်လုပ်ခဲ့တာ။ ဖခင်ကို ဖြေခဲ့တဲ့အတိုင်း တသွေမတိမ်း လိုက်လုပ်နေခဲ့တာပါပဲ။ စခဲ့တဲ့ လမ်းကြောင်းအပေါ် လုံးဝ သွေဖယ်မသွားခဲ့။
ဒီ့နောက်ပိုင်းမှာတော့ ကိုဂျင်မီတို့ရဲ့ ဒီမိုကရေစီအရေးဟာ အတော်လေးကို ခရီးပေါက်ခဲ့တယ်လို့ ပြောရမယ်။ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီပါတီ အနိုင်ရကာ ငါးနှစ် အုပ်ချုပ်ခွင့် ရခဲ့လို့ပါ။ အဲ့လို အုပ်ချုပ်ခွင့် ရခဲ့တဲ့အထဲ ကိုဂျင်မီရဲ့ စွန့်လွှတ်အနစ်နာခံပေးဆပ်မှုတွေလည်း ပါခဲ့ပါတယ်။
ဒါပေမယ့်လည်း စစ်တပ်ဟာ အလုံးစုံ အာဏာလွှဲအပ်မပေးသေးတော့ ကိုဂျင်မီတို့ရဲ့ ဒီမိုကရေစီခရီးလမ်းဟာ ပန်းတိုင်အစစ်အမှန်ဆီတော့ မရောက်ခဲ့သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ငါးနှစ်အုပ်ချုပ်ခွင့်သက်တမ်း ပြည့်မြောက်ပြီးလို့ နောက်တကြိမ် ပါတီစုံ ဆန္ဒမဲပေးပွဲ ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီပဲ မဲ အပြတ်အသတ် အနိုင်ရခဲ့ပြန်ပါတယ်။ ဒါဟာ ကိုဂျင်မီရဲ့ ကြိုးစားချက်ကြောင့်လည်း ပါဝင်ပါတယ်။
ဒီတခါတော့ ကိုဂျင်မီအပါအဝင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကြိုးစားချက်အားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရတယ်။ သမ္မတသစ် ရွေးချယ်မယ့် (1.2.2021) နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းလိုက်လို့ပါပဲ။ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံ ခေါင်းဆောင်များအားလုံးကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုဂျင်မီလည်း ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။
အာဏာသိမ်းသက် လေးနှစ်ပြည့်ပြီးတဲ့အထိ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဘယ်နေရာမှာ ဖမ်းဆီးထားမှန်း မင်းအောင်လှိုင်ကလွဲလို့ ဘယ်သူမှ မသိကြပါ။ ကိုဂျင်မီကတော့ ကံဆိုးစွာပဲ ၂၀၂၁ ဇူလိုင် ၂၄ ရက်နေ့မှာ စစ်အာဏာရှင် မင်းအောင်လှိုင်က သေဒဏ်စီရင်လိုက်ပါတယ်။ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့နဲ့ အတူတူပါ။
ဒီတော့ ကိုဂျင်မီ နိုင်ငံရေးစလုပ်တုန်းက ကိုဂျင်မီ့အဖေ ပြောခဲ့တဲ့စကားဟာ မှန်ကန်ခဲ့တယ်။ မင်း သေသွားနိုင်တယ် တဲ့။ ကိုဂျင်မီကတော့ သေသွားနိုင်မှန်း သိသိကြီးနဲ့ကို ဒီမိုကရေစီအရေးကို ဆက်လုပ်ခဲ့တယ်။ အခုတော့ ဒီမိုကရေစီအရေးအတွက် အသက်ကို ပေးခဲ့ပြီဖြစ်တယ်။ ကိုဂျင်မီဟာ ဒီမိုကရေစီ သူရဲကောင်းဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးကို လုပ်လို့ ကင်ဂွန်းထယ်ဆု ပေးရမယ်ဆို ကိုဂျင်မီဟာ ကင်ဂွန်းထယ်ဆုနဲ့ ထိုက်တန်ပါတယ်။
ကိုဂျင်မီ ဒီလို ဒီမိုကရေစီအတွက် အသက်ပေးသွားတဲ့အခါ ကျနော်ဟာ ဖြိုးမင်းသိန်းကို သတိရမိသွားခဲ့တယ်။ ဖြိုးမင်းသိန်းလည်း မင်းအောင်လှိုင်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မင်းအောင်လှိုင်က မဲခိုးမှုနဲ့ ရုံးတင်တဲ့အခါ ဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမှုကြီးအောင် ဖြောင့်ချက်ပေးခဲ့သတဲ့။ အဲ့ဒီတုန်းက သူ့ကိုယ်သူ နိုင်ငံရေးသမားပါလို့ ပြောခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြုံးခဲ့မိပါသတဲ့။ တကယ်တော့ နိုင်ငံရေးသမားစစ်စစ်ဆိုတာ ကိုဂျင်မီလို လူမျိုးပါ။ ကိုဂျင်မီ့ကိုလည်း မင်းအောင်လှိုင်က စစ်မေးခဲ့လိမ့်မယ်။ ကိုဂျင်မီဟာ ဖြိုးမင်းသိန်းလို လိမ်ညာပြီး မထွက်ဆိုခဲ့တဲ့အတွက် အသက်ကို ပေးဆပ်ခဲ့ရတယ်။ အမှန်တရားအတွက် အသက် စွန့်ခြင်းပါပဲ။ ဖြိုးမင်းသိန်းကတော့ အသက်မစွန့်နိုင်လို့ လိမ်ညာထွက်ဆိုခဲ့ပြီး အသက်ရှင်ခဲ့ပေမယ့် အခုတော့ လူမသေခင် နာမည်သေနေပါပြီ။ သစ္စာဖောက်ဆိုပြီး နာမည်ဆိုး တွင်နေပါပြီ။
အာဏာရှင်စနစ်တုန်းက နောင်တချိန်မှာ ဒီမိုကရေစီစနစ် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါသလား အကိုလို့ ကိုဂျင်မီ့ကို အင်တာဗျူးထဲမှာ မေးတော့ လုံးဝယုံကြည်ခဲ့တယ်လို့ ဖြေခဲ့တယ်။ ကိုဂျင်မီ ယုံကြည်သလို ကျနော်တို့လည်း ယုံကြည်ပါတယ်။ ယုံလည်း ယုံကြည်ရမှာပါပဲ။ ကိုဂျင်မီလို ဒီမိုကရေစီစနစ် လိုလားသူတိုင်း မပြီးဆုံးသေးတဲ့ ခရီးလမ်းကို လျှောက်လှမ်းရင်း လမ်းတလျှောက်မှာ ဖြိုးမင်းသိန်းလို သွေဖယ်မသွားဘဲ ကိုဂျင်မီလို လမ်းမှန်မှန်နဲ့ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
(17.5.2025)
Be the first to comment