
‘ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၁)’

အဲဒီနေ့ရက်တွေထဲ မြို့မှာ ကိုပေါက်စီ စက်ဘီးကို တွင်တွင်နင်းပြီး လျှောက်သွားနေဖြစ်ခဲ့တယ်။ အဲဒီနေ့ရက်တွေ ဆိုတာ စစ်အာဏာသိမ်းမှုအလွန် မြို့ကြီးထဲက ကပေါက်တိကပေါက်ချာ နေ့ရက်တွေပေါ့။ မြို့ဟာ မြို့လို မဟုတ်တော့ဘူး။ မြို့ဟာ အဲဒီနေ့ရက်တွေထဲ မြစ်လိုပဲ။ အကွေ့အကောက်တွေများလွန်းတယ်။ မြို့သားတွေ ကိုယ်တိုင်လည်း မြို့ဟာ မြို့လား ၊ မြို့ဟာ မြစ်လား သေချာဂဏ မကွဲပြားကြဘူး။ ပြီးတော့ မြို့သားတွေ ကိုယ်တိုင်လည်း မြို့ မှာ မြစ်လို ဟန်ဆောင်ထားကြတာ ပိုပိုများလာကြတယ်။
မြို့ထဲ ကိုပေါက်စီ စက်ဘီးစီးနင်းသွားရာ လမ်းတလျှောက် အရာရာဟာ မှောင်မိုက်လှတယ်။ မြစ်ထဲ ငါးဖမ်းစက် လှေတွေ ငါးသားအုပ်မရှိရာဆီ တဒုတ်ဒုတ် ခုတ်မောင်းဦးတည်နေသလို မြို့ထဲ တနိုင်တပိုင်အလင်းအတွက် နေရာတိုင်း မီးစက်ခုတ်မောင်းသံတွေဟာ ဆူလို့ညံလို့ရှိနေခဲ့တယ်။
မြို့ရဲ့ အဲဒီလိုမြစ်ကြီးနဲ့ အကွေ့အကောက်တွေထဲ စက်ဘီးကိုဒေါင်လိုက် ကိုပေါက်စီ နင်းနေခဲ့မိတယ်။ မြစ်ထဲငါး အုပ်တွေကျက်စားရာဆီ စက်လှေတွေခုတ်မောင်းသလို မြို့ထဲလူစည်ကားရာ နေရာတွေဆီလည်း ကိုပေါက်စီ စက်ဘီးကို ဖြတ်နင်းခဲ့မိတယ်။
တချို့တွေလည်း ဆီမီးခွက် မှိန်ပြပြကလေးနဲ့၊ ပေါင်းလှေလေးနဲ့ မြစ်ထဲရှင်သန်မှုလို မြို့ရဲ့လမ်းတွေထဲ မျှော်လင့် ချက်နဲ့ရှင်သန်နေမှု အရောင်ဖျဖျတွေလည်း ကိုပေါက်စီ ဖြတ်နင်းမိခဲ့တယ်။ မြစ်ဟာ သူစီးရာလမ်းကြောင်းထဲ တခါတလေ ဝဲလည်ရင်း ပေါင်းမိုးလှေကလေးတွေကို စုပ်ယူထားသလို မြို့ဟာလည်း အဲဒီနေ့ရက်တွေထဲ မှိန်ဖျဖျ မျှော်လင့်ချက်တွေကို စုပ်ယူထားတာကို ကြည့်ရင်း ကိုပေါက်စီ စက်ဘီးကို ဖြတ်နင်းခဲ့မိတယ်။
မြို့ရဲ့လည်ပတ်မှုမှာ မြို့သူမြို့သားတွေဟာ ဆည်းဆာနေဝင်ချိန်ရဲ့ အလှတရားကို မခံစားနိုင်ကြတော့တာကို မြို့ထဲ စက်ဘီးကို ဖြတ်နင်းရင်း ကိုပေါက်စီ သတိထားမိခဲ့တယ်။
နိစ္စဓူဝတွေထဲ မြို့သူမြို့သားတွေဟာ စက်တခုရဲ့ ပင်နယံနဲ့ စက်သွားလို၊ စက်ရုပ်တရုပ်လို၊ မွေးဂဏန်းနောက် လိုက်နေတဲ့ လောင်းကစားသမားလို၊ အညှီနံ့ကိုရှာနေတဲ့ ယင်ကောင်တွေကြားမှာ ဘယ်ကွေ့ပဲဖြစ်ဖြစ် ဒီတက်တခုနဲ့သာလှော်ခတ်ရင်း အိမ်အပြန်လမ်းမှာ ကားပေါ်ဆွဲတင် ခေါ်သွားခံရပြီး ရှေ့တန်းစစ်မျက်နှာပြင်ဆီပို့ခံရတဲ့ အကြောင်းမဖြစ်ဖို့၊ အသက်ကိုနှုတ်ယူသွားတဲ့ လုယက်မှု မဖြစ်ဖို့၊ အချုပ်ခန်းထဲ ဆွဲထည့်ပြီး မိသားစုဆီ သိန်းဂဏန်း ငွေကြေးနဲ့ ပြန်လာရွေးခိုင်းတဲ့ စေခိုင်းခံမှုမဖြစ်ဖို့ သားရဲတွင်းဖြတ်သလို အိမ်အပြန်ခရီးထဲ ဆည်းဆာအလှဟာ မြို့သားတွေ မေ့နေခဲ့ရတဲ့ အကြောင်း ဖြစ်ခဲ့တာပါပဲ။
စက်ဘီးကို တွင်တွင်နင်းရင်း ကိုပေါက်စီတွေးတယ်။ နင်းတယ်။ တွေးတယ်။ တခါတလေ စက်ဘီးကို Fixed လုပ် စီးနေမိပြန်ရင်း နင်းတယ်၊ တွေးတယ်။ တခါတလေ မြို့ထဲ ပျော်နေပုံရတဲ့ မြို့သူ မြို့သားတွေ တွေ့တော့ ငါလည်း ပျော်ကြည့်ဦးမယ်လို့ ကိုပေါက်စီ မခံချင်စိတ်ဖြစ်မိတယ်။ ဒါပေမဲ့ ခက်တာ အပြုံးနဲ့ ပျော်ရွှင်မှုဆိုတာ အဲဒီနေ့ရက် တွေ အလွန်ကစပြီး ကိုပေါက်စီဆီ ရှိမနေတဲ့ ပျောက်ဆုံးမှု ဖြစ်နေခဲ့တာပဲ။
အဲဒီအခါ ကိုပေါက်စီ စဉ်းစားမိတာ စက်ဘီးကို ဒေါင်လိုက်ဖြတ်နင်းနေခဲ့မိလို့များ အဲဒီအရာ ပျောက်ဆုံးနေခဲ့သလားပေါ့။ ရံဖန်ရံခါ ကိုပေါက်စီ ကိုယ်တိုင်လည်း စက်ဘီးကို အလျားလိုက် ဖြတ်နင်းကြည့်ဖို့ တွေးမိခဲ့ဖူးတယ်။ မြို့ကြီးထဲ အလိုတော်အတိုင်း ဆာလောင်နေခွင့်မရှိဘဲ ပရိယေသနအတွက် မုဆိုးလို ဆာလောင်နေရတဲ့ နေ့ရက်တွေ ဆိုတဲ့ အမှန်တရားမှာ ကိုပေါက်စီ စက်ဘီးကို ဒေါင်လိုက်ပဲ နင်းရင်း ဆက်ရှိနေမိတယ်။
မြို့ထဲ၊ မြစ်လို အကွေ့အကောက်တွေထဲ စက်ဘီးကို နင်းရင်း တနေရာအရောက် နာရေး အိမ်တခုကို တွေ့တော့ တခါတလေ မြို့ဟာလည်း နာရေး အိမ်တခုမှာ ပါဝင်ပတ်သက်နေမှုပါပဲလို့ ကိုပေါက်စီတွေးမိတယ်။ သေဆုံးမှု အစမှာတော့ ဆိုးဆိုးရွားရွာပူပန်ခံစားကြပေါ့။ ကြာတော့လည်း အိမ်ဟာ နာရေးဖြစ်ခဲ့တာ၊ အိမ်ရဲ့မိသားစုဝင်တဦး တယောက် လျော့သွားခဲ့တာ ဟုတ်သလို မဟုတ်သလိုရှိကြရင်း မြို့ဟာမြို့ထဲမြစ်လိုဆက်ပြီး ကွေ့ကောက် စီးနေရင်း ဆိုတာမျိုးပေါ့။ ကိုပေါက်စီကတော့ အရာအားလုံးကို ဒေါင်လိုက်ဖြတ် စီးနင်းရင်း မြစ်လိုမြို့ဟာ စီးနေတာမှာ ငါက ငါ့ဘာသာ မြို့လား မြစ်လားမသိ အရောရောအထွေးထွေး နင်းနေခဲ့မိတာလားလို့ နင်းရင်း၊ တွေးရင်း စက်ဘီးကိုသာ တွင်တွင်ဆက်နင်းနေမိတော့တယ်။
Be the first to comment