2
ညီမင်းဆက်
‘ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၁၀)’

ကိုမင်းနိုင်ရဲ့ ရုပ်အလောင်းကိုကြည့်ရင်း ကိုပေါက်စီစိတ်ထဲ အတော့်ကို ဝမ်းနည်းဆို့နင့်ဖြစ်ရသလို ရင်ထဲမှာလည်း တကယ့်ကို နာကျင်ရမိတယ်။ အဲဒီနေ့က ကိုပေါက်စီ ဆိုင်ခင်းဖို့ ပြင်ဆင်နေတုန်း နေ့လယ်ခင်းကြီး ကိုမင်းနိုင်ရဲ့ အ မျိုးသမီး ငိုသံကြီးနဲ့ ဖုန်းဆက် အသိပေးလာတာမှာ ကိုပေါက်စီလည်း အကူကောင်လေးကို ဆိုင်ခဏကြည့်ခိုင်းထားပြီး အပြေးရောက်သွားခဲ့တာဖြစ်တယ်။
အမျိုးမျိုးသော ဖြစ်စဉ်တွေနဲ့ လူတွေသေဆုံးတာ၊ ဖြစ်ပျက် ဖိတ်စင်ကြတာတွေကို ဖြတ်သန်းလာခဲ့ရတဲ့ အသက်အ ရွယ်နဲ့ အတွေ့အကြုံမှာ အဖုံဖုံ ကြုံတွေ့ခဲ့ရဖူးပေမဲ့ ကိုမင်းနိုင်ရဲ့ ရုပ်အလောင်းကို တွေ့ရချိန်မှာတော့ ဘယ်လိုမှ ဖော်မပြတတ်အောင် ကိုပေါက်စီ ဝမ်းနည်းစိတ်ဖြစ်ရင်း မျက်ရည်ကျမိတဲ့အထိပါပဲ။ ဖြစ်မှဖြစ်ရတယ် ကိုမင်းနိုင်ရယ်လို့ စိတ်ထဲရေရွတ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိတဲ့အထိပါပဲ။
ကိုပေါက်စီကိုတွေ့တော့ ကိုမင်းနိုင်အမျိုးသမီးက ကိုမင်းနိုင် မရှိတော့ဘူး ကိုပေါက်စီ၊ ကိုမင်းနိုင် မရှိတော့ဘူးလို့ တတွတ်တွတ်ပြောရင်း ငိုရှာတယ်။ ကိုမင်းနိုင်အမျိုးသမီးကို ဘယ်လို နှစ်သိမ့်စကားဆိုရမှန်း ကိုပေါက်စီ စဉ်းစားမရဘူး။ ကိုပေါက်စီကိုယ်တိုင် အံကိုတင်းတင်းကြိတ်ရင်း မျက်ရည်ကျနေခဲ့မိတယ်။
ကိုမင်းနိုင်ရဲ့ ရုပ်အလောင်းဘေးတဝိုက်မှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတချို့က လိုအပ်တာတွေ လုပ်ဆောင် နေကြတယ်။ ဘယ်လိုဖြစ်တာလဲ သိလားလို့ ကိုမင်းနိုင်အမျိုးသမီးကို မေးကြည့်မိတော့ သူလည်း သေချာမသိဘူးလို့ ဆိုတယ်။ အကျိုးအကြောင်းဖြစ်စဉ်အရတော့ ကိုမင်းနိုင်က သူ့ကိုယ်သူ ဆူဆိုက် (Suicide) လုပ်ခဲ့တာလို့ဆိုတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကိုမင်းနိုင်ရုပ်အလောင်းကို လိုအပ်တဲ့စစ်ဆေးမှု ပြုလုပ်ပြီး ရင်ခွဲရုံပို့ဖို့ စီစဉ်ကြတယ်။ ကိုမင်းနိုင်အမျိုးသမီးကိုလည်း သိလိုတာတွေ မေးမြန်းဖို့ သူတို့နဲ့ ခဏနေခဲ့ပေးဖို့ ဆိုတယ်။ လုပ်ဆောင်စရာ ကိစ္စတွေပြီးလို့ ကိုမင်းနိုင်ရုပ်အလောင်းကို ရင်ခွဲရုံဆီ သယ်သွားပြီးနောက် ကိုပေါက်စီလည်း ဆိုင်ကိုပြန်လာခဲ့တယ်။ ဆိုင်ကိုပြန်ရောက်ပြီး လုပ်စရာရှိတာတွေ လုပ်နေပေမဲ့ ကိုပေါက်စီစိတ်ထဲ ကိုမင်းနိုင်ရဲ့ပုံရိပ်က ထင်ဟပ် ကြီးစိုးနေခဲ့တယ်။
ကိုပေါက်စီသိရသလောက် ကိုမင်းနိုင်က သူ့သားနှစ်ယောက် စစ်မှုထမ်းပါသွားပြီး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို သိရချိန် နောက်ပိုင်းကစလို့ အရင်လို တက်တက်ကြွကြွ မရှိတော့ဘဲ စိတ် လုံးလုံးကျသွားခဲ့တာဖြစ်တယ်။ သူ့သားတွေ သူ့ ကြောင့် အခုလို ဖြစ်ရတယ်ဆိုတဲ့ အတွေးနဲ့ ယူကြုံးမရဖြစ်ရင်း တမှိုင်မှိုင်တတွေတွေ ရှိနေခဲ့တာဖြစ်တယ်။
စစ်တပ်က စစ်မှုထမ်းစာရင်းပါတဲ့ ကိုမင်းနိုင်သားနှစ်ယောက် နေအိမ်မှာ ရှိမနေလို့ဆိုပြီး ကိုမင်းနိုင်ကို ဓားစာခံသ ဘော ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ သူတို့ကြောင့် ဖအေဖြစ်သူ ဖမ်းဆီး နှိပ်စက်ခံနေရတယ်လို့ သိသွားတဲ့ ကိုမင်းနိုင် သားနှစ်ယောက်က အိမ်ပြန်လာပြီး အဖေလွတ်မြောက်အောင် စစ်မှုထမ်းလိုက်သွားရာကနေ သေဆုံးခဲ့တာပဲဖြစ် တယ်။ အဲဒီအကြောင်း ကိုပေါက်စီကိုယ်တိုင် အမှောင်ခေတ် မြို့ပြဒိုင်ယာရီအဖြစ် ရေးဖြစ်ခဲ့သေးတယ်။
သေဆုံးသွားတဲ့ သူ့သားတွေနဲ့ပတ်သက်လို့ ဘယ်တုန်းက ဘယ်မှာ သေသွားတယ်ဆိုတာကို စစ်တပ်က ကိုမင်းနိုင် တို့ကို အသိပေးပြောဆိုတာ မရှိသလို သားတွေရဲ့ ကျန်ရစ်ပစ္စည်းတွေလည်း ပြန်မပေးခဲ့ဘူး။ အဆိုးရွားဆုံးကတော့ နာရေးမလုပ်ရဘူးလို့ အမိန့်ပေး တားမြစ်ခဲ့တဲ့ကိစ္စပါပဲ။
သားတွေ သေဆုံးတာနဲ့ပတ်သက်လို့ တိုးတိုးတိတ်တိတ် ဘုန်းကြီးတပါးပင့်ပြီး ဆွမ်းကပ် အမျှဝေတာကလွဲလို့ ကို မင်းနိုင်တို့တတွေ တခြား ဘာမှမလုပ်နိုင်ဘူး။ စစ်တပ်က စိတ်မထင်လို့ ကိုမင်းနိုင်ကို ထပ်လာပြီး ဖမ်းသွားတာမျိုး ကြုံရမှာလည်း အားလုံးက စိုးရိမ်ကြတယ်။ အထူးသဖြင့် ကိုမင်းနိုင်အမျိုးသမီးက ပိုပြီးစိုးရိမ်ရှာတယ်။
ပထမတခေါက် ကိုမင်းနိုင်ကို စစ်တပ်က ဖမ်းခေါ်သွားပြီး ပြန်လွှတ်ပေးခဲ့ချိန်မှာတောင် ကိုမင်းနိုင်ခမျာ အတော် နှိပ်စက်ခံခဲ့ရပြီး ဒဏ်ရာဒဏ်ချက်တွေပျောက်အောင် မနည်း ပြန်ကုထားရတာ။ ဒီတခါ ထပ်အဖမ်းခံရရင် ပိုဆိုးနိုင် တာမို့ သားတွေအတွက် ရက်လည်ဆွမ်းသွပ်လေး လုပ်ချင်တာတောင် လင်မယားနှစ်ယောက်လုံး ဆန္ဒကို ထိန်းချုပ်ပြီး ဖြေသိမ့်ရှာရတာဖြစ်တယ်။
အဲဒီကိစ္စတွေ ဖြစ်ပျက်ပြီးနောက်ပိုင်း ကိုမင်းနိုင်တယောက် အရင်ကလို မဟုတ်တော့ဘူး။ အလုပ်လည်း ကောင်း ကောင်းမလုပ်တော့ဘူး။ တက်တက်ကြွကြွလည်း မရှိတော့ဘူး။ လမ်းဘေးပလက်ဖောင်းနဲ့ သူ့အိမ်ရှေ့ကြား မြေ ကွက်လပ်သေးသေးလေးမှာ ပလတ်စတစ်ခုံလေးချပြီး တချိန်လုံးနီးပါး ငူငူငိုင်ငိုင်ကြီး ထိုင်နေတော့တာပဲ။
ကိုမင်းနိုင် အဲဒီလိုဖြစ်နေပေမဲ့ မနေတဲ့ကိစ္စက စားဝတ်နေရေးပါပဲ။ ကိုမင်းနိုင် တက်တက်ကြွကြွမရှိ၊ အလုပ်လုပ်ဖို့လည်း စိတ်အားနည်းနေတော့ အဲဒီဝန်တွေအကုန် သူ့မိန်းမက တယောက်တည်း ထမ်းရရှာတယ်။ နဂိုကတည်းက ချစ်လို့ ယူထားကြတာလည်းဖြစ်၊ ကိုမင်းနိုင်ရဲ့ယုံကြည်ချက်၊ ခံယူချက်အပေါ် ပံ့ပိုး နေထိုင်နေခဲ့သူလည်း ဖြစ်တာ မို့ စစ်အာဏာရှင်ကြောင့် ဖြစ်လာရတဲ့ ဒုက္ခတွေအပေါ် ကိုမင်းနိုင်အမျိုးသမီးလည်း မငြီးမငြူ ထမ်းရှာတယ်။
ဒါပေမဲ့ လှုပ်လေမြုပ်လေ၊ ရုန်းလေနစ်လေ၊ လိုက်လေဝေးလေဆိုသလို အစစအရာရာ ပိုပိုတိုးပြီး ကြီးမြင့်လာတဲ့ စားရိတ်စကတွေ၊ ကုန်ဈေးနှုန်းတွေကြားမှာ ကိုမင်းနိုင်အမျိုးသမီးလည်း သူ့တယောက်တည်း ဝန်နဲ့အားနဲ့မမျှ ထမ်းပိုး ဖြတ်သန်းနေခဲ့ရတယ်။ ကြာလာတော့လည်း လောကဓံဖိအားမှာ အရင်ကမရှိခဲ့ဖူးတဲ့ ကတောက်ကဆလေးတွေ ကိုမင်းနိုင်တို့ လင်မယားကြား တစတစရှိလာခဲ့တယ်။
တခါတလေ ကိုပေါက်စီလည်း ကိုမင်းနိုင်တို့အတွက် အလုပ်အကိုင်ကအစ လိုအပ်တဲ့ အကူအညီလေးတွေ ရှာဖွေ ပေး၊ အချိန်အားတဲ့အခါ ကိုမင်းနိုင်ဆီသွားပြီး စကားစမြည်လေး ဘာလေး ပြောဖြစ်တယ်။ တခြားသူတွေနဲ့ သေချာ စကားမပြောပေမဲ့ ကိုမင်းနိုင်က ကိုပေါက်စီကိုတော့ သူ့စိတ်ထဲ ခံစားနေရတာတွေ တခါတရံ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလေ့ရှိတတ်တယ်။
သားတွေအတွက် ယူကျုံးမရ ခံစားရစိတ်နဲ့အတူ အရင်က မရှိခဲ့ဖူးတဲ့ လင်မယားကြား ကတောက်ကဆတွေ ၊ စုပြုံ လာတဲ့ အခက်အခဲ အကျပ်အတည်းတွေက ကိုမင်းနိုင်အတွက် သူသာ စီဒီအမ်မလုပ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့အတူ အ ပြစ်ရှိသူတယောက်လို စိတ်ဖိအား ဖြစ်နေခဲ့ပုံရတယ်။
ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေ အကျိုးအကြောင်းတွေကလည်း အဲဒီစိတ်ဖိအားကို ပိုပြီး တွင်းဆုံးကျအောင် ဖန်တီးပေးသလိုရှိနေတော့ ကိုမင်းနိုင်လည်း သူ့ကိုယ်သူ ဘယ်လိုမှ ပြန်မတည်နိုင်ဘူး ဖြစ်နေခဲ့တယ်။
အဲဒီလိုအတွေး အဲဒီလိုခံစားချက်မျိုး ကိုမင်းနိုင် စကားစလာပြီဆို ကိုပေါက်စီကတော့ ဒါဟာ စစ်အာဏာရှင်ကြောင့် ဖြစ်လာရတဲ့ အကျိုးဆက်ဆိုတာကို အချိန်ယူ ရှင်းပြရတယ်။ အခုလို ဒုက္ခတရားတွေဟာ စစ်အာဏာရှင်ကြောင့် ဖြစ်ပျက် ခံစားနေရတာဖြစ်ပြီး ကိုမင်းနိုင်ရဲ့အပြစ် မဟုတ်ဘူးဆိုတာကို အသေအချာကို ရှင်းပြရတယ်။
အဲဒီလိုရှင်းပြချိန်မှာတော့ ကိုမင်းနိုင်တယောက် လက်ခံနားလည်တယ်။ တချို့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကိုပေါက်စီအသိ စိတ်ပညာ ကုသအကြံပေး ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးကြည့်မလားလို့ ကိုမင်းနိုင်ကို ပြောကြည့် တော့ သူ့အနေနဲ့ အဲဒီလောက်ထိ မလိုပါဘူးလို့ ဆိုတယ်။ သူ့ဘာသာလည်း ဒါကိုသိတယ်ဆိုတာ ပြောလေ့ရှိတယ်။ အဲဒီအစား သူ အလုပ်ပြန်လုပ်ဖို့အတွက် အလုပ်ရှာပေးဖို့ ကိုပေါက်စီကို အကူအညီတောင်းတတ်တယ်။
အဲဒီလို အကူအညီတောင်းလို့ပဲ လုံခြုံရေးကုမ္ပဏီတခုမှာ အလုပ်တနေရာ ကိုပေါက်စီ ရှာထားပေးလို့ ဝင်လုပ်နေခဲ့တာ ၁၄-၅ ရက် ရှိနေမှ ခုလိုကိစ္စကြီး ကြုံလာခဲ့ရတာပါပဲ။ ရပ်ကွက်ထဲ ဟိုပြောဒီပြော ကြားရမိသလောက် အဲဒီနေ့ မနက်ခင်း ကိုမင်းနိုင် အလုပ်မသွားခင် လင်မယားနှစ်ယောက် ကတောက်ကဆ ဖြစ်ကြတယ်လို့ဆိုတယ်။ ဘာအ ကြောင်းဖြစ်ကြလဲတော့ ဘယ်သူမှ အတိအကျမသိကြဘူး။
ကိုပေါက်စီကတော့ တွေးမိတယ်။ အာဏာတခုတည်းကိုသာ တပ်မက်တဲ့ စစ်တပ်ဟာ ပြည်သူကို မျိုးစုံဒုက္ခပေး လာခဲ့တာ အခုမှမဟုတ်ပေမဲ့ အခုကာလကတော့ အဆိုးရွားဆုံး ဆိုတာပဲ၊ အရက်စက်ဆုံး ဆိုတာပဲ။ ပြီးတော့ စိတ်ဆိုတဲ့သဘောကလည်း သိတာတပိုင်း ခံစားရတာတပိုင်း ရှိနေခဲ့တယ် ဆိုတာပါပဲ။ ပြီးတော့ စစ်အာဏာရှင်ကို အပြီးသတ် အမြစ်မဖြတ်နိုင်သေးသရွေ့တော့ အခုလို နာကျင်ကြေကွဲစရာတွေဟာ လေဒဏ်၊ မိုးဒဏ်၊ နေရောင် ဒဏ်လို ကြုံတွေ့နေရဦးမှာပါလားလို့ ခံစားနေရမိတယ်။