2
ညီမင်းဆက်
‘ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၁၁)’

ကိုပေါက်စီ ခင်ဗျား ဒီတခါ လာဖြစ်ရင် ရပ်ကွက်ထောက်ခံစာ ယူလာမှဖြစ်မယ်ဗျ လို့ မိတ်ဆွေက ဖုန်းဆက် အသိ ပေးလာတော့ ကိုပေါက်စီစိတ်ထဲ ထူးထူးဆန်းဆန်း ဖြစ်သွားတယ်။
မြို့ကြီးပြကြီးမှာ နေရ၊ မြင်ရ၊ ကြားရတာတွေအနက် တခါတလေ စိတ်ပင်ပန်းသလို ရှိတဲ့အခါ မြို့ကြီးကနေ အနည်းငယ်လှမ်းတဲ့ မိတ်ဆွေနေထိုင်ရာ မြို့ကလေးဆီကို ကိုပေါက်စီ ရောက်သွားလေ့ရှိတတ်တယ်။
မြို့ကြီးကနေ မိတ်ဆွေတည်ရှိရာ မြို့ကလေးကို သာမန် စုပေါင်းတက္ကစီနဲ့ သွားမယ်ဆိုရင် နာရီဝက်ခန့်သာ သွားရပြီး ကိုပေါက်စီ စက်ဘီးနင်းသွားမယ်ဆိုရင်တော့ ၂ နာရီပျော့ပျော့ နင်းသွားရလေ့ရှိတာဖြစ်တယ်။
စစ်အာဏာမသိမ်းခင် ကာလတွေတုန်းကတော့ မြို့ကြီးကနေ အဲဒီမြို့ကလေးဆီကို နေ့နေ့ညည ကြိုက်တဲ့အချိန် ကြိုက်သလို ကိုပေါက်စီ သွားဖြစ်ခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းတော့ မြို့ကြီးကနေ မြို့ကလေးဆီကို စိတ် ထင်တိုင်း ထသွားလို့ မရတော့ဘဲရှိတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က မြို့ကလေးဆီသွားတဲ့ လမ်းတလျှောက်မှာ စစ်ဆေးရေးဂိတ်တွေချပြီး စစ် ဆေးတင်းကျပ်တာတွေ ဆိုးဆိုးရွားရွားရှိလာသလို မထင်ရင်မထင်သလို ဖမ်းဆီးနှိပ်စက်တာတွေလည်း ရှိလာတာမို့ မြို့ကလေးဆီကို ကိုပေါက်စီ မရောက်ဖြစ်ဘဲ ရှိခဲ့တာဖြစ်တယ်။
စစ်တပ်ဂိတ်က စစ်တာဆေးတာကို မခံနိုင်တဲ့ လျှို့လျှို့ဝှက်ဝှက် တခြားသော အကြောင်းချင်းရာ ကြီးကြီးမားမား ရှိလို့တော့ မဟုတ်ပါဘူး။ အဲဒီလူတွေနဲ့ ပတ်သက်ဆက်စပ်ပြီး ပြောဆိုလုပ်ကိုင်ရတာကို မလုပ်ချင်တာမို့ မိတ်ဆွေရှိရာ မြို့ကလေးဆီကို ကိုပေါက်စီ မသွားဘဲ နေခဲ့တာဖြစ်တယ်။
ပြီးခဲ့တဲ့နှစ် အစပိုင်းမှာတော့ မှတ်ပုံတင်ရှိရင် အဆင်ပြေပါတယ် လာခဲ့စမ်းပါဗျာ၊ စစ်ဆေးရေးဂိတ်တွေကလည်း အ ခုနောက်ပိုင်း မှတ်ပုံတင်လောက် စစ်တာပါလို့ မိတ်ဆွေက ဖုန်းဆက် အသိပေး လှမ်းခေါ်တာရယ်၊ ကိုယ်တိုင်လည်း မရောက်ဖြစ်တာကြာတဲ့ မြိုကလေးကို လွမ်းမိတာရယ်နဲ့မှာ မိတ်ဆွေရဲ့ မြို့ကလေးဆီကို ကိုပေါက်စီ တခေါက် ပြန်ပြီး ရောက်ဖြစ်ခဲ့တယ်။
မြို့ကြီးကနေ မိတ်ဆွေရှိရာ မြို့ကလေးဆီ သွားရတဲ့ ခရီးအကွာအဝေး ၁၃ မိုင်ခန့်မှာ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ် နှစ် ခုရှိတယ်။ ဂိတ်တိုင်းကို ဖြတ်တဲ့အခါ လမ်းလျှောက်ပြီး ဖြတ်ကြရတယ်။ ဂိတ်ကို ဖြတ်တဲ့လူတိုင်းက စစ်တပ်ဂိတ်မှာ မှတ်ပုံတင် ပြကြရတယ်။ ခရီးသွားကားပေါ်ပါ ခရီးသည်တွေဆိုလည်း အကုန် လမ်းဆင်းလျှောက်ရပြီး မှတ်ပုံတင် ပြကြရတယ်။
အသက်ပြည့် မလဲရသေးတဲ့ မှတ်ပုံတင်တွေ၊ အနည်းငယ် ဟောင်းနွမ်းနေတဲ့ မှတ်ပုံတင်မျိုးတွေနဲ့ သူတို့ မသင်္ကာတဲ့ မှတ်ပုံတင်မျိုး ကိုင်ဆောင်ထားသူတွေဆိုရင် ဂိတ်တာဝန်ကျ စစ်သားတွေက သီးသန့်ခေါ်ယူပြီး စစ်ဆေးမေးမြန်း တာကို ခံကြရတယ်။
အဲဒီလို စစ်ဆေးတာ ခံရပြီဆို ငွေကြေးတစုံတရာပေးမှ အဆင်ပြေပြေ ဆက်သွားခွင့်ရတယ်။ မဟုတ်ရင်တော့ ပြ ဿနာ မပြေလည်သရွေ့ ခရီးဆက်သွားခွင့်မရဘဲ ရှိတယ်။
စုပေါင်းတက္ကစီလို ကားမျိုး၊ ဒါမှမဟုတ် ပုံမှန် ပြေးဆွဲနေကျ လိုင်းကားမျိုးနဲ့ မြို့ကလေးဆီ သွားတဲ့အခါ အခုလို ပြဿ နာမျိုး ခရီးသည်တယောက် ကြုံရပြီဆို တကားလုံးပါ ခရီးသည်အကုန် အကြောင်းကိစ္စ ပြေလည်ချိန်ထိ စောင့် ပေရောပဲ။ ဘယ်သူမှ ဆက်သွားလို့မရဘူး။ အရေးတကြီးကိစ္စ ရှိလို့ဆိုပြီး တခြားကားလည်း ပြောင်းစီးခွင့်မပေးဘူး။ပြေလည်အောင်သာ စောင့်ပေရောပဲ။ ဒီနေရာမှာ ပြေလည်အောင်ဆိုတာက တခြားဘာညာ မဟုတ်ဘူး။ စစ်တပ် ဂိတ်က စစ်သားတွေတောင်းတဲ့ငွေကို ပေးနိုင်ဖို့တခုပဲ။
တခါသား မြို့ကလေးဆီအသွား အဲဒီလိုဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း ကိုပေါက်စီ မြို့ကလေးဆီသွားရင် စက်ဘီးနင်းပြီးပဲ သွားဖြစ်ခဲ့တယ်။ နဂိုကတည်းကမှ သူတို့နဲ့ ပတ်သက်ဆက်စပ်တာမျိုး မလုပ်ချင်သလို မဖြစ်မနေ ထိတွေ့ဆက်ဆံရတဲ့အခါမှာလည်း လိုအပ်သလောက်ပဲ ပြောဆိုဆက်ဆံချင်မိတာဖြစ်တယ်။ ဖြစ်နိုင်ရင် အဆက်အ ဆံကို မလုပ်ချင်တာမို့ စောနကလို ဖြစ်ရပ်မျိုးက ကိုပေါက်စီအတွက် ဘယ်လိုမှ စိတ်ထဲ အဆင်ပြေပြေ ရှိမနေခဲ့ဘူး ဖြစ်တယ်။
ဒါကြောင့်ပဲ တကိုယ်ရေတကာယ ထူးထွေပြီး စကားလည်းမပြောရတဲ့ စက်ဘီးခရီးနဲ့ပဲ မြို့ကလေးဆီ ကိုပေါက်စီ နင်းရင်း သွားခဲ့တာဖြစ်တယ်။ မြို့ကြီးပြကြီးမှာရှိစဉ် ကြုံတွေနေရတဲ့ နာကျင် ကိုက်ခဲ ခံစားရမှုတွေကို ချွေးသီးချွေးပေါက်တွေလို စွန့်ထုတ်ပစ်ရင်း မြို့ကလေးဆီ စက်ဘီးနင်းရင်း ကိုပေါက်စီ သွားဖြစ်ခဲ့တယ်။
မြို့ကလေးက မိတ်ဆွေဆီ ရောက်ရင်တော့ အေးမြတဲ့ သဘာဝလေကို ရှူရင်း၊ မိတ်ဆွေစီစဉ်ပေးတဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ အသားငါးတွေ စားသောက်ရင်းနဲ့ ဘဝအမောကို ခဏပြေအောင် ကိုပေါက်စီ နှစ်ရက်သုံးရက် နေမြဲ ရှိခဲ့တယ်။
စစ်အာဏာမသိမ်းခင် အချိန်တုန်းကတော့ မိတ်ဆွေရှိရာ မြို့ကလေးဆီ သွားဖြစ်တဲ့အချိန်တွေဟာ အချိုပေါ် သ ကာဆင့် ဆိုသလို ခရီးတွေပါပဲ။ မြို့ကလေးမှာ စိတ်ရှိသလိုနေထိုင်၊ ညအိပ်ချင်အိပ်၊ မအိပ်လည်း ထပြန်ချင်တဲ့အချိန် ထပြန်နဲ့ လွတ်လပ် ပေါ့ပါးခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြို့ကလေးဆီ ကိုပေါက်စီ ရောက်ဖြစ်ခဲ့တဲ့ကာလတွေမှာတော့ ညအိပ်မယ်ဆိုရင် မြို့ကလေးရဲ့ အုပ်ချုပ်ရေးမှူးဆီကို မှတ်ပုံတင်မိတ္တူပေးပြီး မပျက်မကွက် ဧည့်စာရင်းတိုင်ရတာပဲဖြစ်တယ်။
စစ်တပ် စစ်ဆေးရေးဂိတ်တွေက မြို့ကလေးကနေ မြို့ကြီးဆီကို သွားတာဖြစ်ဖြစ်၊ ဒါမှမဟုတ် မြို့ကြီးကနေ မြို့က လေးဆီကို လာတာဖြစ်ဖြစ် စတဲ့ အရာအားလုံးရဲ့ ဖြတ်သန်းသွားလာခွင့်ကို ညနေ ၇ နာရီလောက်ဆိုရင် ပိတ်ပင် တားမြစ်လိုက်တာမို့ မိတ်ဆွေရှိရာ မြို့ကလေးဆီ ကိုပေါက်စီ သွားဖြစ်ပြီဆိုရင် မအိပ်ချင်လည်း မဖြစ်မနေ ညအိပ်ရ တာပဲဖြစ်တယ်။
မဟုတ်ရင်တော့ မြို့ကြီးဆီကနေ မနက်အစောကြီးထွက်၊ ညနေကို စစ်တပ်ဂိတ်ရဲ့ ဖြတ်သန်းခွင့်မပိတ်ခင်အမီ စက် ဘီးကို ပြန်နင်းရတာမို့ သွားဖြစ်တဲ့ခရီးက စိတ်ရောလူပါ အပန်းမပြေတဲ့အပြင် ပိုပင်ပန်းရတာဖြစ်တယ်။
မှတ်ပုံတင်ပါရင် ရပါတယ်၊ လာစမ်းပါဗျာလို့ မိတ်ဆွေ လှမ်းခေါ်ပြီးနောက်ပိုင်း မြို့ကလေးဆီ ရောက်ဖြစ်ခဲ့ချိန်တ လျှောက်လုံး မှတ်ပုံတင်မိတ္တူပေးပြီး ကိုပေါက်စီ ဧည့်စာရင်းကို မပျက်မကွက် တိုင်ကြားခဲ့ရတယ်။ အခုလည်း ဧည့် စာရင်းတိုင်ရုံ မရတော့ဘဲ ရပ်ကွက်ထောက်ခံစာယူလာမှ ရမယ်လို့ မိတ်ဆွေဆိုလာတော့ ကိုပေါက်စီ အတော်လေး ကို အံ့အားသင့် ထူးဆန်းသွားမိတယ်။
ဘယ်လိုမျိုးထောက်ခံစာလဲ ပြောပါဦးလို့ မိတ်ဆွေကို ပြန်မေးမိတော့ ရပ်ကွက်မှာ အမှန်တကယ်နေထိုင်တာ ဖြစ် ကြောင်းနဲ့ မြို့ကလေးဆီကို ဘယ်လိုအကြောင်းနဲ့ လာရောက်တာဖြစ်ပြီး ညအိပ်မှာဖြစ်ကြောင်းကို ထောက်ခံပေးတဲ့ စာလို့ မိတ်ဆွေက ဆိုတယ်။
မိတ်ဆွေရဲ့ပြောစကား ကြားရတော့ လူတဦးတယောက်ရဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်နဲ့ ပတ်သက်ပြီး ကိုပေါက်စီ တွေးမိသွားတယ်။
ကိုလိုနီခေတ်ကစလို့ စစ်အာဏာရှင်အဆက်ဆက် ချိုးဖောက်ခံခဲ့ရတဲ့ အဲဒီအခွင့်အရေးအကြောင်းနဲ့ အရပ်သားအစိုးရလက်ထက် ၂၀၁၆ မှာ ပယ်ဖျက်ခဲ့တဲ့ ဧည့်စာရင်းဥပဒေတွေကို အာဏာသိမ်းပြီးနောက် နှစ်ပတ်ကျော်အကြာမှာပဲ ပြည်သူကို အမျိုးမျိုး ဒုက္ခပေး အရေးယူနိုင်ဖို့ အာဏာသိမ်းစစ်တပ်က ချက်ချင်း ပြန်လည် အသက်သွင်းခဲ့တာကို ပြန်သတိရမိသွားတယ်။
အဲဒီ ဧည့်စာရင်းဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြည်သူ့အိမ်ယာထဲထိ အခွင့်မတောင်း၊ လေးစားသမှုမဲ့ ဝင်ရောက် ကျူးကျော်ပြီး အဓမ္မအမှုတွေကို ကျူးလွန်ခဲ့တာ အာဏာရှင်အဆက်ဆက်ဖြစ်ခဲ့ပြီး အခု စစ်အာဏာရှင်ကတော့ ထပ်တိုးထောက်ခံစာပါ ကျူးလွန်နေပါလားလို့ တွေးရင်း စစ်အာဏာရှင်လက်အောက် ဆုံးရှုံးနေခဲ့ရတဲ့ လူသားတ ယောက်ရဲ့ မွေးရာပါအခွင့်အရေး အပါအဝင် မျိုးစုံသော လွတ်လပ်ခွင့်တွေအကြောင်း ကိုပေါက်စီ အတွေးနယ်ချဲ့နေ မိတော့တယ်။