59
ညီမင်းဆက်
‘ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၁၂)’
ကိုပေါက်စီ ရောက်သွားတော့ ဆိုင်အပျက်အစီးပုံရှေ့ မျက်ရည်စက်လက်နဲ့ အသိမဲ့သူလို ငူငူကြီးထိုင်ရင်း ရှိနေတဲ့ မမိချိုကို တွေ့ရတယ်။ မမိချိုတို့ ဈေးတန်းရှိရာ လမ်းတလျှောက်လုံးက ဆိုင်ခန်းတွေလည်း အကုန်ဖျက်ဆီးခံထားရပြီး အပျက်အစီးပုံဖြစ်နေတာ မြင်ရတယ်။
အဲဒီအပျက်အစီးပုံတွေကြားထဲ မမိချိုလို ငူငူကြီး ရှိနေကြသူတွေ၊ တစုံတရာ ပစ္စည်းပစ္စယ အကောင်းအမြင်းများ ကျန်နေဦးမလားလို့ ရှာကြံကြည့်နေကြသူတွေ၊ ဘယ်ကစပြီး ဘာလုပ်ကိုင်ရမှန်းမသိ ကယောက်ကယက် ရှိနေကြသူ တွေလည်း ကိုပေါက်စီ တွေ့ရမိတယ်။
အခုရက်ပိုင်းတွေမှာ အိမ်နဲ့ တွဲစပ်ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ခန်းတွေအပါအဝင် လမ်းမကြီးဘေး တဘက်တချက်မှာရှိတဲ့ ဈေးဆိုင်ခန်းတွေ၊ ပျံကျစျေးတွေ၊ ယာယီစျေးတွေကို စစ်တပ်နဲ့ စည်ပင်က အလုံးအရင်းနဲ့ ဖျက်သိမ်းနေတာမှာ မမိချိုတို့ဈေးတန်းက ဆိုင်ခန်းတွေလည်း ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်။
တကယ်တော့ မမိချိုဆိုတာက ကိုပေါက်စီရဲ့ အမဝမ်းကွဲ၊ ကိုပေါက်စီအဖေရဲ့အမ ကိုပေါက်စီအဒေါ်က မွေးတဲ့ မွေးချင်း။ တခြား မိသားစု အမျိုးအဆွေတွေထဲ မမိချိုက ကိုပေါက်စီနဲ့ အစေးကပ်ပြီး ရင်းနှီးခင်မင်ပေါင်းသင်းလို့ရ၊ ညာတကာနဥ္ဇ ဖြစ်သူလို့ ဆိုရမှာမျိုး။ ကိုပေါက်စီထက် အသက်ကြီးပေမဲ့ ကိုပေါက်စီကို အကိုတယောက်လို ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှိတတ်သူမျိုး ဖြစ်တယ်။
အခုလည်း ငိုသံကြီးနဲ့ ပေါက်စီရယ် လာပါဦးဟယ် ဆိုတာနဲ့ ကိုပေါက်စီလည်း ရောက်လာဖြစ်ရတာပါပဲ။ အမြဲလို တက်တက်ကြွကြွနဲ့ ဘယ်အချိန်ကြည့်ကြည့် ပြုံးရယ်နေလေ့ရှိတဲ့ မမိချိုကို အခုလို မျက်ရည်လည်ရွဲမြင်ရတော့ ကို ပေါက်စီ အတော် စိတ်မကောင်းဖြစ်ရတယ်။
မမိချိုက ကိုပေါက်စီကိုမြင်တော့ ငါတို့တော့ ဘဝပျက်ပါပြီဟယ်လို့ စကားဆိုရင်း မျက်ရည်ကျရှာပြန်တယ်။ ကိုပေါက်စီလည်း မမိချိုကို ဘာပြောရမှန်းမသိ အာစေးမိသူလို ဖြစ်နေခဲ့တယ်။
မမိချိုတို့က သူ့အမေ ကိုပေါက်စီအဒေါ်လက်ထက်ကတည်းက အဲဒီနေရာလေးမှာ ကုန်စုံဆိုင်လေးဖွင့်ပြီး ရောင်းချ နေထိုင်ခဲ့တာဖြစ်တယ်။ ကားလမ်းမကြီးဘေး ပလက်ဖောင်းနဲ့ ရပ်ကွက်အပြင် ပတ်လမ်းကြားမှာ ဆိုင်ကို အသေအ ချာလေး ဆောက်လုပ်ပြီး ဖွင့်လှစ်ထားတာဖြစ်တယ်။ ဟိုးအရင်ကတော့ အိမ်ရှေ့မှာပဲ အဖီလေး ထုတ်ရောင်းနေရာက ရပ်ကွက်လမ်းတိုးချဲ့ပြီး ရေမြောင်းတွေဖော်တဲ့အခါ မလွတ်တဲ့အတွက် ဖျက်ပေးခဲ့ရပြီးနောက်ပိုင်း အခုနေရာလေးမှာ ဆိုင်ကို ပြောင်းရွှေ့ ရောင်းချနေခဲ့တာဖြစ်တယ်။
ပထမဆိုင်နေရာကနေ အခု ဆိုင်နေရာလေးကို မမိချို့တို့ ပြောင်းရွှေ့ဖွင့်လှစ်ရောင်းချခဲ့တာပဲ ဆယ်စုနှစ်တခုမက ရှိနေခဲ့ပြီဖြစ်တယ်။ မမိချိုတို့ တမိသားစုလုံး အပါအဝင် ကလေးတွေရဲ့ ကျောင်းစရိတ်ကအစ ဒီဈေးဆိုင်က ရောင်းရငွေနဲ့ လည်ပတ် စီးဆင်းနေခဲ့တာဖြစ်တယ်။
ဈေးဆိုင်ခန်းတွေနဲ့ ပတ်သက်လို့ အရင်တုန်းကလည်း ဖျက်မယ် ပြုမယ် သတင်းတွေ ထွက်တတ်ပေမဲ့ ဖျက်ဟယ်ပြု ဟယ်အဆင့်ထိ ကြုံလာ၊ ဖြစ်လာတာမျိုး မရှိခဲ့ဘဲ ဒီလိုပဲ လည်ပတ် ရောင်းချနေခဲ့ကြတာဖြစ်တယ်။ အဲဒီလို ရောင်း ချနိုင်ဖို့အတွက်တော့ စည်ပင်အပါအဝင် သက်ဆိုင်ရာဆိုတဲ့ ခေါင်းစဉ်အောက်က လူပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံကို ပေးကမ်း ထည့်ဝင်ကြရတာဖြစ်တယ်။
တခါတလေ အဲဒီလို ဖျက်မယ် ပြုမယ်လို့ အသံထွက်လာပြန်ပြီဆိုရင် စည်ပင်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက လူတွေ ရန်ပုံငွေရှာပြန်ပြီလို့ ပြောစမှတ်ဖြစ်လောက်အောင် ရှိခဲ့တာမျိုးပါပဲ။ အခုလည်း အဲဒီလို ထည့်ဝင် ပေးကမ်း နေတဲ့ကြားမှာပဲ ဖျက် ဆိုတဲ့ သတင်းထွက်လာပြီး တရက်ပဲရှိသေးတယ်၊ စစ်တပ်နဲ့ စည်ပင်တွေရောက်လာပြီး ဆိုင် တွေအကုန်လုံးကို အတင်း ဝင်ဖျက်သိမ်းတော့တာပဲဖြစ်တယ်။
လူမှုကွန်ယက်စာမျက်နှာပေါ် တက်လာတဲ့ သတင်းတွေအရတော့ အခုလို ဈေးဆိုင်ခန်းတွေ၊ ပျံကျဈေးတွေနဲ့ စည်း ကမ်းမဲ့ဆိုင်တွေကို မမြင်ချင်ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ပေးလို့ စစ်တပ်နဲ့ စည် ပင်က အဓမ္မ လိုက်ပြီး ဖျက်သိမ်းနေတာလို့ ဆိုရဲ့။ တမြို့လုံးကို စီမံချက်နဲ့ ဖျက်သိမ်းနေတာဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ စျေးရောင်းရင် ထောင်ဒဏ်ချမှတ်တဲ့အထိ အရေးယူသွားမယ်လို့ ဆိုရဲ့။
တချို့သော လူမှုကွန်ယက်ပေါ်က မှတ်ချက် သဘောထားတွေမှာတော့ စည်းမရှိကမ်းမရှိ ရောင်းနေတဲ့ဆိုင်တွေ အ ခုလိုဖျက်ပစ်တာ ကောင်းတယ်တို့၊ ဘယ်နေရာက ဘယ်ဆိုင်တွေလည်း ဖျက်ပေးပါဦးတို့၊ ဆိုင်တွေက လမ်းပေါ်ရောက်ပြီး ကားတောင် သွားမရတော့ဘူးတို့နဲ့ အမနာပ ပြောဆိုကြတာတွေလည်းရှိသလို ဆိုင်တွေ ဖျက်သိမ်းခံရလို့ ဘဝပျက်၊ အခြေပျက်ကြရသူတွေအတွက် ကရုဏာသက်ကြသူတွေကလည်း သက်ကြပေါ့။
ကိုပေါက်စီကတော့ မမိချိုအပါအဝင် ဖျက်သိမ်းခံရတဲ့ ဈေးတန်းက ဆိုင်ခန်းပိုင်ရှင်တွေရဲ့ ပူဆွေးသောကကို ကြည့် ရင်း အာဏာနဲ့ အကျိုးစီးပွားကိုသာ ကြည့်တတ်ပြီး ပြည်သူတွေရဲ့ဘဝကို စာနာ နားလည်ပေးတတ်မှုမရှိတဲ့ တဘို့ တည်းသမားတွေအကြောင်း တွေးနေမိတယ်။ ပြည်သူတွေရဲ့ ပါးပြင်ပေါ်က ကျနေရတဲ့ မျက်ရည်တွေထဲမှာ ဘဝ တွေ ဘယ်လောက်များများ နစ်မျော ပါဝင်နေကြသလဲလို့ တွေးနေမိတယ်။
တကယ့် တကယ်တမ်းဆို ဘယ်လိုပုံစံပဲဖြစ်ဖြစ် အခုလို ဈေးဆိုင်တခု အခြေတည် ဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့အ ရာမျိုး မဟုတ်သလို အချိန်တွေ၊ ဖြတ်သန်းမှုတွေ အများကြီးကို ရင်းနှီး တည်ဆောက်ထားခဲ့ရတာဖြစ်တယ်။ ပျက်စီးသွားတဲ့ အရာအားလုံးအတွက် အစကနေ ပြန်လည်တည်ဆောက်ဖို့ဆိုတာ အခုလို ခေတ်ဆိုးကြီးထဲ ပိုလို့တောင်မှ မလွယ်ကူဘူးဖြစ်တယ်။
ဒါပေမဲ့ ဒါတွေက အခုမှ ရုတ်တရက်ကြီး ထပြီး ဖြစ်ပျက်လာတာတော့ မဟုတ်ပါဘူး။ သေနတ်ပြောင်းဝမှာ အမိန့် အာဏာကို တည်ထားပြီး စည်းစနစ်နဲ့ စီမံခန့်ခွဲမှုကို ပျက်သုဉ်းစေခဲ့တဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ လက်ထက်မှာ ပြည်သူပိုင် သိမ်းဆည်းတာကအစ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တဲ့အထိ လုပ်ဆောင်ချက်တွေက ဒုနဲ့ဒေး ရှိနေခဲ့တာပါပဲ။
ဒီအခြေအနေတွေ အဆုံးသတ် အပြီးပြတ်ဖို့ ဆိုတာကလည်း ဒီအာဏာရှင်စနစ်ကြီးနဲ့ အာဏာရှင်တွေကို အမြစ် ဖြတ်နိုင်မှပဲ ဖြစ်မှာလို့ တွေးရင်း မမိချိုဆီ အကြည့်ရောက်ဖြစ်တော့ အပျက်အစီးပုံကြားထဲ တပိုင်းတစ ထိုးထွက် နေတဲ့ သူ့ဆိုင် ဆိုင်းဘုတ်ကလေးကို ဆွဲထုတ်ပြီး ကျစ်ကျစ်ပါအောင် ဖက်နေတာကို ကိုပေါက်စီ တွေ့လိုက်ရတယ်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
