2
“ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြဒိုင်ယာရီ (၁၃)”
■ ညီမင်းဆက်
ခေတ်ကြီးဟာ ရှည်လျားသလားလို့ တွေးမိတော့ ကိုပေါက်စီစိတ်ထဲ ရွာတော့မယ့်မိုးလို ညိုမှိုင်း အုံ့ဆိုင်းသွားတယ်။ ရွေ့လာခဲ့ရတဲ့ အရွေ့တွေနဲ့ ရွှေ့လာခဲ့ရတဲ့ အပြောင်းအလဲတွေဟာ ခေတ်ကြီးထဲ အလျားလိုက်ကြီး ကန့်လန့်ညပ်ရင်း တုံ့တုံ့ဆိုင်းဆိုင်း အုံ့အုံ့မှိုင်းမှိုင်းကြီးကို ဖြစ်နေခဲ့တယ်။
အသက်ရှင်နေရခြင်းရဲ့ အဓိပ္ပါယ်အတွက် လူဟာ ရုန်းကန် လှုပ်ရှားနေရတာလားလို့ ဆိုပြန်တော့လည်း အဲဒီလို မဟုတ်ဘူးလို့ ကိုပေါက်စီ ခါးခါးသီးသီး ငြင်းဆိုမိတယ်။ လက်တွေ့မှာတော့ ဈေးတွန်းလှည်းကို တွန်းရင်း၊ စည်ပင်နဲ့ ရဲတွေလာရင် လွတ်ရာ ပြေးရှောင်ပုန်းရင်း၊ တခြားသောအရာတွေထက် စားရေး၊ နေရေးကို ပိုပြီး ဦးစားပေးရင်း ကိုပေါက်စီ ဖြတ်သန်းနေရတာပဲဖြစ်တယ်။
ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလကြီးထဲ ဆုံးရှာတဲ့ အကိုဝမ်းကွဲနာရေး လပြည့်နေ့ကြီး မြေချတော့လည်း ကိုပေါက်စီ မသွားနိုင်ဘူး။ လပြည့်နေ့ဆိုတာက ပုံမှန်ရက်တွေထက် အရောင်းအဝယ်ကောင်းလေ့ရှိတော့ အဲဒီတနေ့တာဟာ ဆိုင်တွန်းလှည်းကို တွန်းပြီး ဈေးထွက်ဖို့ကလွဲရင် သာရေး နာရေးအတွက် အချိန်စာရင်းက နေရာလွတ် ဖြစ်မနေခဲ့ဘူး။ အဲဒီရက်တွေထဲ ကိုပေါက်စီ စက်ဘီးကိုလည်း တွင်တွင်မနင်းနိုင်ဘူး။
ဒါကကို နိစ္စဓူဝ ပရိယေသနဘဝ ဖြစ်နေတော့တာလားလို့ဆိုရင် ခေတ်ကြီးထဲ လူဟာ အကျပ်ကြီးထဲ ထိုးထည့်ခံရ သလို မရုန်းနိုင် မထွက်နိုင်တဲ့ အကြောင်းတရားတွေက ပင့်ကူအိမ်လိုပဲဖြစ်တယ်။ ငွေကြေးဟာ ရှာဖွေရခက်ခဲလာပြီး တန်ဖိုးကျ အသုံးမခံတော့ဘူး။ လက်ဘက်ရည်ဆိုင်ထိုင်ရင်း မနက်ခင်း အဆာပြေစာအတွက် ပျော်ပျော်ကြီး ပေါကြွယ်ဝခဲ့ဖူးတဲ့ နေ့ရက်တွေဟာ တကယ့်ကို ပြန်လည်မရနိုင်တော့တဲ့ အဖြစ်အပျက်တွေပါပဲ။
အခုဆို မနက်ခင်းဟာ တညလုံး အိပ်မက်ဆိုးတွေမက်ပြီး ထိတ်လန့်တကြား နိုးထလာရသူလို ဒီတနေ့တာ စားဝတ် နေရေးအတွက် တနေကုန် ချောက်ချောက်ချားချားကြီး ကိုပေါက်စီ ဖြတ်သန်းရတယ်။ မနက်ဆို အရင်လို ကိုပေါက်စီ လက်ဘက်ရည်ကို ဇိမ်ခံသောက်ဖို့ နေနေသာသာ ဝယ်သောက်ဖို့အတွက်ပါ စဉ်းစားလာရတယ်။
ခေတ်ဟာ အရာအားလုံးကို လေးငါးဆယ်ဆမက ဆွဲမြှင့်တင်ထားခဲ့တယ်။ နေ့စဉ်လည်း ထပ်ထပ်ပြီး မြှင့်တင်နေခဲ့တယ်။ အဲဒီအမြင့်ဆီ ကိုပေါက်စီရဲ့ ဝင်ငွေနိမ့်နိမ့်က လှမ်းမမီချင်တော့တဲ့အခါ အတိတ်ဟာ ပြန်တွေးပြီး လွမ်းနေရမှာမျိုးလား၊ ပစ္စုပ္ပန်ကို ဆိုးရွားစေသူတွေကို ကျိန်ဆဲနေရမှာမျိုးလား၊ အရာရာကို တည့်တည့်ရှု ရင်ဆိုင်ရမှာမျိုးလား ကိုပေါက်စီ ရှုပ်ထွေးနေမိပြန်တယ်။
တခါတလေ ဒါက ပြည်သူလို့ ရိုးရိုးသားသား အမည်နာမရှိသူတွေရဲ့ ခေတ်ကြီးထဲက အကြောင်းတွေပေါ့လို့ ကိုပေါက်စီ တွေးမိတယ်။ အဲဒီပြည်သူတွေအတွက် အုပ်ချုပ်သူတွေပြောခဲ့ဖူးတဲ့ ဆီကို ရေချိုး ဆေးရိုး မီးလှုံဆိုတာ ခေတ်ထဲ စာသားအဖြစ်ပဲ ကျန်နေရစ်ခဲ့တာ နှစ်ပေါင်း ဘယ်လောက် ကြာမြင့်ခဲ့ပြီလဲလို့လည်း တွေးမိတယ်။ အာဏာရှင် အဆက်ဆက်မှာ ပြည်သူတွေအတွက်ဆိုတဲ့ စကားလုံးဟာ ဘယ်အဘိဓာန်ထဲ၊ သတ်ပုံကျမ်းထဲ၊ ကိုးကားစာအုပ်တွေထဲမှာမှ ရှိမနေခဲ့တာ နှစ်ပရိစ္ဆေဒပါပဲ။
အခု ဆီကို ရေ (ငွေ) ထိုးပြီး ကိုပေါက်စီတို့ တန်းစီထုတ်နေခဲ့ရတယ်။ ခေတ်ကြီးထဲ မဲညစ်ညစ် ဝါကျင့်ကျင့် စားအုန်းဆီတွေဟာ ကိုပေါက်စီတို့ အသက်ဇီဝိန်ကို နုတ်ယူဖို့ မိစ္ဆာကောင်ရဲ့ လက်သည်းတွေလို အသင့်အမြဲရှိနေခဲ့တယ်။ စ ပါးတွေလည်း မြို့ကြီးမှာ တောင်တွေမရှိတော့သလို တောင်လို မပုံနိုင်တော့ဘူး။ ဆန်ကြမ်းထမင်းတောင် မစားနိုင်တော့လို့ ဆန်ကွဲကြိုသောက်နေရတဲ့ လူတန်းစားဟာ ခေတ်ကြီးထဲ အပုံကြီး အလှေကြီး ရှိလာနေခဲ့ပြီဖြစ်တယ်။ ငတ်လို့သေတဲ့မသာ မရှိဘူးလို့ ခေတ်ကြီးဟာ ယတိပြတ် ပြောမရတော့ဘူး။
ငွေဟာ ပထမဘုရားသခင် တဖြည်းဖြည်းဖြစ်လာတဲ့အခါ အဲဒီငွေကြေးအတွက် ခေတ်ကြီးထဲကလူတွေဟာ အဲဒီနောက်ကိုပဲ တကောက်ကောက် ဖြစ်ကြရပြန်တယ်။ ဘာကိုမှ မတွေးတော မဆင်ခြင်နိုင်တော့ဘူး၊ ဘာကိုမှ မစဉ်းစား မဆုံးဖြတ်ကြတော့ဘူး။ တလုံး၊ နှစ်လုံး၊ သုံးလုံးဟာ ကျားဖြန့်တွေလို ခေတ်ကြီးထဲ ဘဝတွေကို ထိုးသုတ်ယူငင်ဖို့ အတောင်ပံတဖြန့်ဖြန့် ရှိနေခဲ့တယ်။ ဆယ်တိုး၊ မတ်တိုး၊ နေ့ပြန်တိုးဆိုတာ ကိုရီးယားဇာတ်လမ်းတွဲလို မပြီးနိုင်၊ မစီးနိုင်တဲ့ခေတ်ကြီးရဲ့ ဇာတ်လမ်းတွေပါပဲ။ ကိုပေါက်စီကိုယ်တိုင်လည်း အဲဒီဝဲဩဃထဲက ရုန်းမထွက်နိုင်တဲ့ သတ္တဝါတကောင်ပဲပေါ့။
ဘဝမှာ လိုအပ်နေတာတွေများပြီး ဖြည့်စွမ်းနိုင်မှုနည်းတဲ့အခါ လူဟာ လူ့အဖြစ်ကနေ တဖြည်းဖြည်း ယုတ်လျော့သွားသလားလို့ ကိုပေါက်စီ စဉ်းစားမိတယ်။ ရရစားစား လူတန်းစားအတွက် ခေတ်ကြီးဟာ နေချင်စရာထက် သေချင်စရာပိုများလာနေခဲ့ပြီး ဘာကိုမှ ရင်မဆိုင်တော့ဘဲ သေဆုံးလွတ်မြောက်ဖို့ ဆူဆိုက်ကြသူတွေက ရောဂါပိုးမွှားတခုလို တဖြည်းဖြည်း ပျံ့နှံ့လာနေခဲ့တယ်။ အမှားတရားတွေ တောထရှည်လျားလာနေတဲ့ ခေတ်ကြီးထဲ ဒီရွေးချယ်မှုဟာ အမှန်တရားမဟုတ်ဘူးလို့ မချင့်ချိန်နိုင်ကြလောက်အောင် မှောင်မိုက်နေခဲ့ပြီဖြစ်တယ်။
ဒါဟာ ကိုပေါက်စီတို့လို ဘဝများစွာတွေရဲ့ ခေတ်ကြီးရဲ့တဘက် အရာရာ ပိန်းပိတ်နေခဲ့တဲ့ အဖြစ်သနစ်တွေပါပဲ။ ပြီးတော့ လူဟာ လူလို နေထိုင်ရှင်သန်ခွင့် မဲ့လာတဲ့ မြို့ပြနေ့ရက်တွေပါပဲ။
အဲဒီနေ့ရက်တွေထဲ အလင်းထက် အမှောင်ကို ပိုကြိုက်နှစ်သက်ကြတဲ့ လူတန်းစားရဲ့ ပင်လယ်ပြင် မုန်တိုင်းထန်သလို ကြောက်မက်ဖွယ် အုန်းအုန်းထ လှိုင်းထန်နေတဲ့ မူးယစ်ရီဝေမှု ဒုစရိုက်တွေအကြောင်းလည်း ပြောဖြစ်အောင် ပြောဦးမယ်လို့ ပြက္ခဒိန်ရဲ့ ရက်အကွက်မှာ အနီမှတ် တေးထားသလို ကိုပေါက်စီ တေးမှတ်ထားခဲ့တယ်။ ဒါက ကိုပေါက်စီအတွက် မဖြစ်မနေ လုပ်ရမယ့်အလုပ်လည်း ဖြစ်တယ်။ စက်ဘီးကို တွင်တွင်ပြန်နင်းနိုင်ဖို့ ကိုပေါက်စီ ကြိုးစားရဦးတော့မယ်။
