15
ညီမင်းဆက်
“ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြဒိုင်ယာရီ (၁၄)”
ဧည့်စာရင်းလာစစ်တဲ့အဖွဲ့တွေ ပြန်သွားလို့ ခဏအကြာပဲရှိသေး ကိုပေါက်စီအိမ်ဘက် မညို ပြာရိပြာယာနဲ့ ရောက်လာတယ်။ ပြီးတော့ ကျုပ်သားကိစ္စ ရပ်ကွက်ရုံးကို လာခဲ့ဖို့ ပြောသွားတယ်၊ အဲဒါ ဘယ်လိုလုပ်ရမလဲ ကိုပေါက်စီ ဆိုပြီး ပြောလာရဲ့။
အရင်လည်း ရပ်ကွက်ထဲ စစ်တပ်၊ ရဲ၊ ထွေအုပ်နဲ့ လဝကအဖွဲ့တွေပါတဲ့ ဧည့်စာရင်းစစ်အဖွဲ့တွေ ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ ရှိတတ်ပေမဲ့ မညိုသားနဲ့ပတ်သက်လို့ အခုလို မှာသွားတာမျိုး မရှိတာမို့ ကိုပေါက်စီလည်း မညိုစကားကြားပြီး ထူးဆန်းနေမိတယ်။
ဧည့်စာရင်းစစ်တဲ့အဖွဲ့က သူ့အိမ်ကို ဧည့်စာရင်းစစ်ပြီးလို့ ပြန်ထွက်သွားရာကနေ ၁၀ မိနစ်လောက်အကြာရှိပြီးမှ နောက်တခေါက်ပြန်လာပြီး အခုလို ပြောသွားတာလို့ မညိုကဆိုတယ်။ ထွေအုပ်က မှာသွားတာလို့ ပြောတယ်။ တယောက်ယောက်များ ချွန်လိုက်တာလား မသိပါဘူး ကိုပေါက်စီရယ်လို့ မညိုက မချင့်ယိုးစွတ်ဆိုရဲ့။ မညိုတို့ အိမ်နှစ်အိမ်ကျော်လောက်မှာက ရပ်ကွက် ဆယ်အိမ်မှူးအိမ်ရှိတာမို့ သူ့သားကိစ္စ ဆယ်အိမ်မှူးက လက်ထောက်ချလိုက်တယ်လို့ မညိုက ထင်နေပုံရတယ်။
မညိုသားက အရင်က မြို့နယ်ထွေအုပ်ရုံးက စာရေးဝန်ထမ်း။ ထွေအုပ်ရုံးက လစ်လပ်ရာထူးနေရာခေါ်တော့ ကိုပေါက်စီတို့ရပ်ကွက်ထဲက အတော်များများ လျှောက်ကြတဲ့အနက် မညိုသားက ဘွဲ့ရဆိုတဲ့ အားသာချက်ကလေးနဲ့ အလုပ်ရတယ်။ ရပ်ကွက်ထဲ ထွေအုပ်ရုံးစာရေးနေရာ ငမ်းတက်ကြသူတချို့ကတော့ အဲဒီအပေါ် သိပ်ပြီး အစာမကြေကြဘူးဘဲ ဆိုပါတော့။ အဲဒီအထဲ အခု ဆယ်အိမ်မှူးဖြစ်နေတဲ့သူလည်း ပါတယ်ဆိုပါတော့။
စစ်အာဏာသိမ်းတော့ စီဒီအမ်လုပ်ကြသူတွေထဲ မညိုသားလည်း ပါတယ်။ အာဏာသိမ်းကာလ အစောပိုင်းတော့ ဘယ်သူမဆို ရပ်ကွက်ထဲ ပုံမှန် နေထိုင်သွားလာ ရှိနေကြတော့ မညိုသားလည်း အားလုံးနည်းတူ ရှိနေခဲ့တယ်။ ဒါပေမယ့် ကာလကြာလာတော့ အဲဒီအကြောင်းက အဆင်မပြေတော့ဘူး။ စစ်တပ်က စီဒီအမ်သမားတွေကို ဦးတည်ပြီး ဖမ်းဆီးမှုတွေ များပြားလာတာရော၊ ရပ်ကွက်ထဲ အစာမကြေ အခံရှိသူတွေရဲ့ စနက်မှာရော မညိုသားလည်း ရပ်ကွက်ထဲ အရင်လို မနေရဲရှာတော့ဘူး။ ထွေအုပ်ရုံးဝန်ထမ်း စီဒီအမ်ဆိုတော့ ပိုဆိုးတာပေါ့။ အခြား စီဒီအမ်တွေထက် သူ့ နာမည်စာရင်းက ပိုပြီး ထင်ရှားသလို ဖြစ်နေတော့တာပေါ့။
ရပ်ကွက်ထဲနေဖို့ အဆင်မပြေတော့ မညိုက သူ့သားကို နယ်ဘက်က အမျိုးတွေဆီ လွှတ်တယ်။ အဲဒီလိုမလွှတ်ခင်တုန်းကလည်း ဘယ်လိုလုပ်ရမလဲလို့ ကိုပေါက်စီကို မေးလာလို့ ကိုပေါက်စီပဲ နယ်ဘက်လွှတ်ဖို့ အကြံပေးခဲ့တာ ဖြစ်တယ်။ နယ်ဘက်မှာ နေလည်းနေ အလုပ်လည်းလုပ် ဆိုတာမျိုးပေါ့။ မညိုသားက အရိပ်သုံးပါးသိ လူရည်လည်း လည်တော့ နယ်ဘက်က အမျိုးတွေဆီက အချိတ်အဆက်နဲ့ အလုပ်အကိုင်ကောင်းရပြီး မညိုဆီတောင် လစဉ် ငွေတွေဘာတွေ လွှဲနေခဲ့တာဖြစ်တယ်။
ဒါပေမဲ့ အဲဒါက သိပ်မကြာဘူး။ နယ်တွေဘက် တိုက်ပွဲတွေဖြစ်တော့ အလုပ်အကိုင်တွေပျက်ပြီး မညိုသားလည်း ရပ်ကွက်ထဲ ပြန်ရောက်လာတယ်။ ရပ်ကွက်ထဲလည်း အဲဒီအချိန် စီဒီအမ်ကိစ္စက ငြိမ်နေတော့ မညိုသားလည်း ရပ်ကွက်ထဲနေရင်း ကုမ္ပဏီတခုမှာ အလုပ်ဝင်လုပ်ပုံရတယ်။ မနက်ခင်းဆို ဝန်ထမ်းဝတ်စုံလေးနဲ့ ကိုပေါက်စီအိမ်ရှေ့ ဖြတ်ဖြတ်သွားတာ တွေ့ရတယ်။
ဘယ်လိုဖြစ်ဖြစ် ရပ်ကွက်ထဲနေရင်း ပြဿနာမရှိ၊ မိမကွဲ၊ အိမ်ယာမကွဲ နေထိုင်လုပ်ကိုင်နေလို့ ရတယ်ဆိုတော့ မညိုလည်း တပြုံးပြုံးပေါ့။ သူ့သား အလုပ်ရှိတာ မရှိတာ၊ ဝင်ငွေရှိတာ မရှိတာထက် သူ့အနားရှိနေရင်ကို မညိုက ပျော်ရွှင် ကျေနပ်နေတာမျိုးပါပဲ။ မညိုသားကလည်း လိမ္မာရှာတယ်။ သူ့အမေမျက်နှာ တချက်အညှိုးမခံဘူး။ ရတဲ့အလုပ် ရသလိုလုပ်ရင်း သူ့အမေ့ကို ထောက်ရှာတယ်။
မညိုနဲ့ သူ့သားတို့ရဲ့ အပြုံးကိုယ်စီ အခင်းအကျင်းက လေးငါးလတောင် မခံဘူးပြောရမယ်။ စီဒီအမ်ကိစ္စအပြင် စစ်မှုထမ်းကိစ္စကြီးက မညိုတို့သားအမိဆီ မုန်တိုင်းတခုလို ဝင်ဆောင့်လာခဲ့တယ်။ စီဒီအမ်ကိစ္စမှာ ရပ်ကွက်ထဲ နေသာသလို သင့်တင့်အောင် နေထိုင်နေလို့ရပေမဲ့ စစ်မှုထမ်းကိစ္စမှာကြ နေသာသလို ဖြစ်မနေတော့ဘူး။ ရပ်ကွက်ထဲ မလိုမုန်းထား စနက်တွေကလည်း ရှိပြန်တော့ စစ်မှုထမ်းခေါ်သူစာရင်းထဲ မညိုသားနာမည်က ထိပ်ဆုံးက ပါလာခဲ့တယ်။
အဲဒီတုန်း ကိုပေါက်စီဆီ မညိုလာပြီး သူ့သားကိစ္စ ဘာလုပ်ရမလဲ အကြံတောင်းတော့ ဒီမှာဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး၊ ငွေရှာပြီး အပြင်ထွက်ဖို့သာလုပ်လို့ ပြောဖြစ်လိုက်သေးတယ်။ နောက်ပိုင်း ဘယ်လိုဆက်ဖြစ်တယ် မသိရပေမဲ့ ကိုပေါက်စီသိရချိန် မညိုသားက ထိုင်းဘက်ရောက်ပြီး အလုပ်အဆင်ပြေလို့ မညိုဆီ ငွေပြန်လွှဲပို့နေချိန်တောင် ဖြစ်နေပြီ။ တရက် မညိုနဲ့ဆုံလို့ နင့်က ငါ့တောင် ဘာမှမပြောဘူးနော်လို့ စကားနာထိုးတော့ အဲလိုမဟုတ်ပါဘူး ကိုပေါက်စီရယ်ဆိုပြီး မညိုက သူ့သားကိစ္စ ဇာတ်စုံခင်းပြသေးတယ်။
သူ့သား စစ်မှုထမ်းစာရင်း ပါပြီးနောက်ပိုင်း ဟိုကဒီက ငွေချေးပြီး ကိုပေါက်စီပြောသလို အပြင်ပို့နိုင်အောင် မညို စီမံခဲ့တယ်။ ရပ်ကွက်ထဲက ထိုင်းနိုင်ငံဘက်ရောက်နေတဲ့ လူတွေဆီကို ဆက်သွယ်ပြီး ပွဲစားနဲ့ ရအောင် ချိတ်ဆက်တယ်။ အားလုံး ချိတ်ဆက်ပြီးတော့ မညို သူ့သားကို ထိုင်းဘက် ပို့လိုက်တော့တာပဲ။ အကြွေးက ပြန်ရှာဆပ်လို့ရတယ်၊ စစ်တပ်ထဲပါသွားရင် အသက်က ပြန်ရချင်မှရတော့မှာ ကိုပေါက်စီရဲ့လို့ သူ့သားကိစ္စ အကျိုးအကြောင်းပြောရင်း မညိုက ဆိုသေးတယ်။
ထိုင်းဘက်ရောက်သွားတဲ့ သူ့သားလည်း အစောပိုင်း အခက်အခဲကြုံရပေမဲ့ လူကလည်ဝယ်တော့ အထောက်အထားမရှိပေမဲ့ နေရာကောင်း အလုပ်ကောင်းလေး ရတယ်ပြောတယ်။ လူငယ်လည်းဖြစ်၊ တက်တက်ကြွကြွလည်း ရှိတော့ မညိုသားက အဲဒီအခြေအနေမှာတင် ရပ်မနေဘဲ အပြင်ထပ်ထွက်ဖို့ လုပ်တယ်ပြောတယ်။
အပြင်ထပ်ထွက်ဖို့ လုပ်တယ်ဆိုတာက အထောက်အထားရှိအောင်လုပ်ပြီး ထိုင်းမဟုတ်တဲ့ တခြားနိုင်ငံဆီ ထပ်ဆင့်ကူးပြီး အလုပ်သွားလုပ်မှာမျိုးကို ဆိုလိုတာဖြစ်တယ်။ မညိုပြောပြသလိုဆို မညိုသားက ထိုင်းမှာ တရားဝင်အလုပ် လုပ်ကိုင်ခွင့် ပန်းရောင်ကတ် ရထားပြီမို့ အဲဒီကနေ စီအိုင်နဲ့ ပတ်စပို့ထပ်လျှောက်ပြီး လိုအပ်တဲ့ အထောက်အထားတွေရရင် ဒူဘိုင်းဘက် ဆက်သွားဖို့ ချိတ်ဆက် လုပ်ကိုင်နေတာလို့ ဆိုတယ်။
မညိုကတော့ သူ့သားဘာလုပ်လုပ် အားလုံးကောင်းပါသည်ပဲမို့ လိုအပ်သမျှ နောက်ကနေ ချေးငှားပံ့ပိုးနေတာပဲလို့ ဆိုတယ်။ သူ့သားလျှောက်ထားတဲ့ စီအိုင်လည်း ရခါနီးပြီလို့ ဆိုတယ်။ ဒူဘိုင်းဘက် အလုပ်ကလည်း သွားလို့ရောက် တာနဲ့ တန်းဝင်ရုံပဲလို့ဆိုတယ်။ အဲဒီတုန်း သူ့သားရဲ့ အလုပ်အကိုင် အစီအစဉ်အကြောင်း မညိုပြောပြတာ သိရတော့ ကိုပေါက်စီတောင် ကြားထဲကနေ ဝမ်းသာမုဒိတာ ဖြစ်ရသေးတယ်။
အခု ထွေအုပ်က မညိုသားကိစ္စ ဘာကြောင့် ရပ်ကွက်ရုံးကိုခေါ်လဲ ကိုပေါက်စီလည်း စဉ်းစားမရဘူး။ သေချာတာကတော့ ထွေအုပ်ရုံးကို သွားပြီး သူတို့ဘာပြောမလဲ နားထောင်ကြည့်မှပဲ သိရမှာမို့ ဘာပဲဖြစ်ဖြစ် ထွေအုပ်ရုံးကို သွားကြည့်ဖို့ မညိုကို ကိုပေါက်စီ ပြောရတယ်။ အဲဒီက အခြေအနေသိရမှပဲ ထပ်စဉ်းစားကြတာပေါ့လို့ ဆိုရတယ်။ ကိုပေါက်စီပြောတာကို သိပ် လက်မခံချင်ပေမဲ့ အဲဒီနည်းကလွဲလို့ တခြားမရှိတာမို့ မညိုလည်း မကျေမလည်နဲ့ ပြန်သွားရှာတယ်။
နောက်ရက် ကိုပေါက်စီလည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာမို့ မညိုနဲ့ သူ့သားကိစ္စ မေ့နေမိတယ်။ သတိရတော့ အတော်တောင် ကြာသွားပြီ။ ဒါနဲ့ တရက် မညို အိမ်ရှေ့ဖြတ်သွားတာ မြင်တုန်း လှမ်းခေါ်ပြီး မေးကြည့်တော့ ရပ်ကွက်ရုံးဆီခေါ်ပြီး သူ့သားဓာတ်ပုံ၊ မှတ်ပုံတင်နံပါတ်၊ အခု ဘယ်မှာရောက်နေတယ် ဆိုတာနဲ့ မိသားစု သန်းခေါင်စာရင်း မိတ္တူတောင်းတာလို့ မညိုက ပြောပြတယ်။
အဲဒါပဲလားဆိုတော့ အဲဒါပဲတဲ့။ ဒါဆိုလည်း ဘာမှ မဟုတ်လောက်ပါဘူးလို့ တွေးရင်း အဲဒီကိစ္စ ကိုပေါက်စီ မေ့မေ့ ပျောက်ပျောက် ဖြစ်သွားတယ်။ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာမှ အတော့်ကို ကြာတယ်လို့တောင် ပြောရမယ်။ ပြောရမယ်ဆို မညို မျက်ရည်စမ်းစမ်းနဲ့ ကိုပေါက်စီအိမ်ဆီ ရောက်မလာခင်ထိပဲ ဆိုပါတော့။
မညိုသားကိစ္စ ထွေအုပ်ရုံးခေါ်လို့သွားပြီး တလလောက်ကြာတော့ ကိုပေါက်စီအိမ်ဘက် နေ့လယ်ခင်းကြီး မညို ရောက်လာခဲ့တယ်။ အတော့်ကို ငိုထားပုံလည်းရတယ်။ မျက်လုံးတွေက မို့အစ်နီရဲလို့။ ဘာဖြစ်လာတာလဲ မညို ဆိုတော့ အဲဒီမသာကောင်တွေပေါ့လို့ ဆိုင်းဘုံမဆင့်ဆိုရဲ့။ ဘယ်မသာကောင်တွေလဲဆိုတော့ အဲဒီကောင်တွေလေ တဲ့။ သေချာပြောစမ်းပါ မညိုရယ်လို့ဆိုတော့မှ ရှိုက်သံတဝက်နဲ့ ပြောပြရှာတယ်။
ရပ်ကွက်ရုံးကိုခေါ်ပြီး သူ့သားနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ တောင်းပြီးနောက်ပိုင်း ထွေအုပ်ရုံးက ခိုင်းလို့ဆိုပြီး ဆယ်အိမ်ခေါင်းက မညိုဆီ လစဉ်ကြေးပေးရမယ်လို့ ပြောလာတယ်တဲ့။ စစ်မှုထမ်းစာရင်းပါနေပေမဲ့ မညိုသားက ပြည်တွင်းမှာ ရှိမနေတဲ့အတွက် စစ်မှုထမ်းထည့်ဝင်ဖို့ လစဉ်ကြေးလို့ ဆိုတယ်တဲ့။ တလကို တသိန်း တောင်းတယ်တဲ့၊ မညိုသားကလည်း ဟိုဘက်မှာ အလုပ်အဆင်ပြေနေတော့ ပေးလိုက်ပါအမေ ဆိုတာနဲ့ မညိုလည်း ပေးမယ်လို့ ပြောလိုက်တယ်တဲ့။
မညိုသားလည်း စီအိုင်အထောက်အထားရပြီး ဒူဘိုင်းကိုဆက်ကူးဖို့ ပတ်စ်ပို့ ထပ်ပြောင်းလျှောက်တယ်လို့ ဆိုတယ်။ ပြဿနာက ပတ်စပို့ထွက်လာတော့မှ မညိုသားက ဘယ်နိုင်ငံဆက်သွားခွင့် မရှိဘူးဆိုပြီး သတ်မှတ်ခံရတယ်လို့ ဆို တယ်။ ပတ်စ်ပို့ကိုလည်း ‘ထိုင်းနိုင်ငံအတွင်းသာ အသုံးပြုနိုင်သည်’ လို့ တံဆိပ်တုံး ထုပေးလိုက်တယ်တဲ့။
ဘာဖြစ်လို့လဲဆိုတော့ ထွေအုပ်ရုံး လာပါဦးဆိုပြီး တောင်းတဲ့အချက်အလက်တွေကနေ စီဒီအမ်လည်းဖြစ်၊ စစ်မှုထမ်းစာရင်းလည်း ပါနေတာမို့ အမည်ပျက်စာရင်း ထည့်လိုက်တာကြောင့်လို့ ဆိုတယ်။ အဲဒီတော့ ဟိုဘက်မှာလည်း ဘာမှ ဆက်လုပ်မရ၊ ဒီဘက်မှာလည်း လစဉ်ကြေးပေးရ အဲလိုမျိုးသဘောလားလို့ မညိုကိုမေးတော့ ဟုတ်တယ် ကို ပေါက်စီရယ်လို့ ဆိုရှာတယ်။
မညိုအဖြေကိုကြားတော့ သားကလည်း သူ့မျှော်လင့်ချက်အတွက် အကုန်စီစဉ်ပြီးခါမှ ပျက်သုဉ်းရ၊ အမေကလည်း သားသာ ဟိုမရောက် ဒီမရောက်ဆိုရင် ဒီကချေးယူထားတဲ့ ငွေတွေရဲ့ အတိုးမှာနစ်ပြီး ရုန်းကန်ပင်ပန်းရဦးမယ့် ဘဝကို မြင်ယောင်ရင်း ကိုပေါက်စီ စိတ်မောသွားရတယ်။ အဆင်ပြေနေတဲ့ ဘဝတွေဟာ ငါတကောကောသူတွေရဲ့ အကြောင်းမှာ ဘယ်လောက်ဆိုးရွားတဲ့ အကျိုးတွေကို ရင်ဆိုင်ကြရဦးမှာလဲလို့ တွေးရင်း ကိုပေါက်စီ သက်ပြင်းမောသာ ချနေမိတော့တယ်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
