
‘ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၂)’

အဲဒီတခေါက်ဆုံဖြစ်ကြတော့ ကိုပေါက်စီတို့တတွေ အရင်လို ပေါ့ပေါ့ပါးပါး ရယ်စရာတွေပြောတာ နည်းသွားကြတယ်။ အဲဒီအစား အဆင်မပြေမှုတွေ များလာတဲ့အကြောင်း ပိုပြောဖြစ်ကြတယ်။
ကိုပေါက်စီတို့တတွေ ဆိုတာက ကိုပေါက်စီရယ်၊ စာရေးဆရာရယ်၊ ဘာသာပြန်ဆရာရယ်၊ အယ်ဒီတာ(ဟောင်း)ရယ် တို့ပါပဲ။ တကယ်တမ်းတော့ ကိုပေါက်စီတို့တတွေဟာ စာရေးဆရာ၊ ဘာသာပြန်ဆရာ၊ သတင်းသမား၊ အယ်ဒီတာ စတဲ့ ပရော်ဖက်ရှင်နယ်ဘဝကို တလျှောက်လုံး စွဲကိုင်ရပ်တည်လာခဲ့ကြသူတွေပါပဲ။
တခြားအလုပ်အကိုင်လည်း မယ်မယ်ရရမရှိ၊ ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တဲ့ အလုပ်ကလည်း အမှောင်ခေတ်ကြီးထဲ သစ်ခြောက်ပင်ဖြစ်ရင်း အသက်မဲ့လာတဲ့အခါ ခဏတာ တွေ့ကြဆုံကြချိန်မှာတောင် အရင်လို အချင်းချင်း ရယ်စရာအကြောင်းတွေ ပြောဖို့တောင် အားနည်းလာကြရတာမျိုးပါပဲ။
စာရေးတဲ့အလုပ်ကလွဲပြီး တခြားပရော်ဖက်ရှင်နယ် အလုပ်အကိုင်မရှိတဲ့ စာရေးဆရာက တက္ကစီမောင်းစားရင် ကောင်းမလားလို့ တွေးနေတဲ့အကြောင်း ဆိုတယ်။ စာရေးတာအပြင် သူလုပ်တတ်တဲ့အလုပ်ကလည်း ကားမောင်း တာပဲရှိတာမို့ အများကြီးလည်း သူ့မှာ အတွေးမပွားနိုင်ဘူးလို့ဆိုတယ်။ မောင်းဖြစ်ရင်တောင် စပေါ်တင်ဖို့အတွက် ဘယ်လိုကြံဖန်ရမလဲ တွေးနေရသေးတယ်လို့ဆိုရဲ့။
ခေတ်ကာလကြီးထဲ စာအုပ်တအုပ် ထုတ်ဝေနိုင်ဖို့ဆိုတာ မျိုးစုံတဲ့ ဝေနေယျ အခက်အခဲ၊ အကျပ်အတည်းတွေနဲ့မို့ ကိုယ်ပိုင်မထုတ်နိုင်ဘဲ ထုတ်ဝေသူကို မှီခိုနေရတဲ့ စာရေးဆရာအတွက် စာအုပ်ထွက်မှ ရာခိုင်နှုန်းလေးရပြီး အူစိုရ တဲ့ အခင်းအကျင်းက လေအတိုက်လွင့်သွားတဲ့ မှို့ပွင့်ပမာ ရှိနေခဲ့တာ ဖြစ်တယ်။
ထုတ်ဝေသူတွေကလည်း ဒီအချိန်ဒီကာလ စာအုပ်တအုပ်ထုတ်ဖို့ဆိုတာ အများကြီးစဉ်းစားရတာအမှန်ပါပဲ။ အ ခြေအနေမကောင်းရင်တော့ တက္ကစီမောင်းတာပေါ့ဗျာ လို့ ရေနွေးကြမ်းခွက်ထဲ အဖန်ရည်ကို ငှဲ့မော့သောက်ရင်း စာရေးဆရာက ဆိုရှာတယ်။ အကြမ်းအိုးထဲက အဖန်ရည် အေးစက်စက်က စာရေးဆရာရင်ထဲက အပူမီးကို ခဏတာ အေးငြိမ်း သွားစေပါ့မလားလို့ ကိုပေါက်စီ တွေးမိသွားတယ်။
ခေတ်ကောင်းစဉ်ကာလ စုစုဆောင်းဆောင်းပြုထားတာရယ်၊ နဂိုရှိရင်းစွဲ ပိုင်ဆိုင်မှုတချို့ကို ရောင်းချပြီး ငွေပိုငွေလျှံပြုထားတာရယ်မှာ အခုခေတ်ကာလ တကိုယ်ရေတကာယ လောက်လောက်ငငဖြစ်ပေမဲ့ ထင်မှတ်မထားဘဲ ဝင်ရောက်လာတဲ့ ကျန်းမာရေးပြဿနာက စာရေးဆရာအတွက် မူလအခြေအနေတွေအားလုံးကို ကမောက်ကမ ဖြစ်သွားစေခဲ့တယ်။
ကျနော်ကတော့ အခု ဒီကိုထွက်လာခါနီးတင်ပဲ မိန်းမကို နင်ဘာမှစိတ်မပူနဲ့ အနည်းဆုံးတော့ ငါဈေးရောင်းကျွေးမယ်လို့ ပြောထားခဲ့တယ်လို့ အယ်ဒီတာဟောင်းက ဆိုရှာတယ်။ အရင်က မီးပူကော့အောင်ထိုးထားတဲ့ စတစ်ကော် လံအဖြူနဲ့ ရခိုင်လုံချည်နဲ့ ကျော့ကျော့မော့မော့ မြင်ရတတ်တဲ့ အယ်ဒီတာက အခုတော့ အရောင်မှိန်ဖျော့ဖျော့တီ ရှပ်နဲ့ ချည်ကြမ်းလုံချည်နဲ့။ဆံပင်တွေလည်း ဆိုးဆေးမတင်ဖြစ်တာကြာဟန်တူရဲ့။ နီကျင့်တဝက် စွပ်စွပ်ဖြူတဝက်နဲ့ ရှိနေခဲ့တယ်။
တကယ်တမ်းတော့ ကိုပေါက်စီတို့တတွေဟာ ပေါ့ပါးလွတ်လပ်တဲ့ အခင်းအကျင်းရဲ့အလွန် အမှောင်ခေတ်ထဲ အရောက် လှိုင်းထဲလေထဲ ကုတ်ကပ်ရင်း ဖက်တွယ်ကျန်ရစ်နေခဲ့ကြသူတွေလို့ ဆိုရင်လည်း မမှားပါဘူး။ အသက် အရွယ်အလိုက် ဖြတ်သန်းခဲ့ဖူးတဲ့ ၁၉၆၂၊ ၁၉၈၈၊ ၂၀၀၇ ကာလတွေရဲ့ အတွေ့အကြုံမှာ ဖြတ်သန်းနေရတဲ့ ခေတ်ကြီးနဲ့အတူ ရင့်ကျက်မှု၊ သိမှုမှာဖြစ်တည်လာတဲ့ ကိုယ်တွေ့အရသာကို တချိန် ပြန်လည်ဖောက်သည်ချနိုင်ဖို့ ရူးမိုက်တွယ်ကပ် ကျန်ရစ်နေမိသူတွေလို့လည်း ဆိုရမှာပါပဲ။
ခုကာလကြီး ဈေးရောင်းဖို့ဆိုတာက အကုန်ဈေးတက်နေတာ သိပ်တော့မလွယ်ဘူးနော်လို့ အယ်ဒီတာဟောင်းရဲ့ စကားကို ကိုပေါက်စီ ထောက်ပပြောမိတော့ ဒီလိုပဲ ချရမှာပဲ ကိုပေါက်စီ၊ အခု ကျနော်တို့ အသက်အရွယ်က တကယ်ဆို slow down လုပ်ရတော့မှာ၊ အခုက သောက်တလွဲ ဂီယာအတင်းထိုးနေရတယ်လို့ အယ်ဒီတာဟောင်းက ဒေါမနဿစကား ဆိုရှာတယ်။
ကျနော်လည်း အခု ဘာသာပြန် ဆက်လုပ်ရမလား ဘာလုပ်ရမလဲ မသိဘူးဗျားလို့ အယ်ဒီတာဟောင်းရဲ့ စကား ကို ထောက်ခံရင်း ဘာသာပြန်ဆရာက ဆိုတယ်။
သူတို့အားလုံးထဲမှာတော့ ဘာသာပြန်ဆရာက အတောင်သာဆုံးလို့ ဆိုရပေမဲ့ သူလည်း အမှောင်ခေတ်ထဲ သင်္ဘော ပျက်နေခဲ့ရတာပါပဲ။ ဘာသာပြန်စာအုပ်တွေ ရေးထားပြီး ထုတ်ဝေသူတွေကလည်း ထုတ်မယ်ဆိုယူထားပေမဲ့ အမှောင်ခေတ်ကြီးထဲ စာတွေက ပုံနှိပ်စာအဖြစ် ရှိမလာနိုင်ခဲ့ဘူးဖြစ်နေတယ်။
အရင်လို ကိုယ်ပိုင်စိတ်အတွင်း ကန့်သတ်ထားမှုမရှိ နှစ်သက်ရာကို ဘာသာပြန်ဆိုရင်း၊ ထုတ်ဝေရင်း ဆိုတာထက် ကိုယ့် အန္တရာယ်၊ ထုတ်ဝေသူ ထိခိုက်မယ့်အန္တရာယ်ကို တွေးဆရင်း ဘာသာပြန်ပြီးပေမဲ့ စာအုပ်တွေက ထွက်မလာ နိုင်ဘဲ ရှိနေတဲ့အကြောင်း ဘာသာပြန်ဆရာက ဆိုရှာတယ်။
အခုတော့ ဘာသာပြန်တာတွေ၊ စာအုပ်ထွက်တာတွေအကြောင်း ခဏမေ့ထားတယ်ဗျာလို့ ဘာသာပြန်ဆရာက ဆိုရဲ့။
ကိုပေါက်စီကတော့ သူတို့တတွေ ပြောတာတွေ နားထောင်ရင်း၊ အင်း..အဲ..လိုက်ရင်း၊ လိုအပ်သလောက်ဝင်ပြောရင်း လက်ဖက်ရည်ဆိုင်ရှေ့ရပ်ထားဖြစ်တဲ့ သူ့စက်ဘီးလေး အခိုးမခံရအောင် မကြာမကြာ ငဲ့ကြည့်မိနေခဲ့တယ်။ စက်ဘီးကလေးရှိနေတော့ ဘာပဲဖြစ်ဖြစ် ကိုပေါက်စီလည်း Foodpanda လို ၊ Grab လို ဒလီပို့တာလေး ဘာလေး လုပ်လို့ ရချင်ရနိုင်တယ်လို့ တွေးနေမိတော့တယ်။
Be the first to comment