
ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၄)
■ ညီမင်းဆက်
ဒီတခေါက် ကိုပေါက်စီ မြို့ထဲစက်ဘီးနင်းဖြစ်တော့ မြို့ကြီးတခုလုံးရဲ့ငြီးငြူသံကို ကျယ်ကျယ်လောင်လောင် ကြားရမိတယ်။ သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ အနာဟပ်ပက်ကြီးနဲ့ ကူကယ်ရာမဲ့ဒဏ်ရာရလူတယောက် နာနာကျင် ကျင် ချောက်ချောက်ချားချား ငြီးငြူနေသလို မြို့ကြီးရဲ့ငြီးငြူသံဟာ နေရာတိုင်းမှာ ပဲ့တင်ထပ်ရှိနေခဲ့တယ်။
ဒီတခေါက် ရောက်လေ့ရောက်ထသိပ်မရှိတဲ့ မြို့ကြီးရဲ့ အစွန်အဖျားတွေဘက် ကိုပေါက်စီ စက်ဘီးကို နင်းဖြစ်ခဲ့တယ်။ မြို့ကြီးထဲက ငြီးငြူသံဟာ အဲဒီအရပ်ဒေသမှာ ပိုပြီးကျယ်လောင်တယ်လို့ ခံစားရမိတယ်။ မြို့ကြီးထဲ ရရစားစား မသေထမင်း မသေဟင်းအတွက် တံစက်မြိတ်က တစက်စက်ကျတဲ့မိုးရေစက်မှာ ချိုင့်ခွက်ကျန်ရစ်ရတဲ့ မြေပြင်မြေသားလို အဲဒီအရပ်ဒေသက မြို့သူမြို့သားတွေဟာ အဆက်မပြတ်ရုန်းကန်ရင်း တိုက်စားခံနေရခြင်းမှာ ငြီးငြူသံဟာ အဆက်မပြတ် ဆိုသလို ထွက်ပေါ်နေခဲ့တယ်။
အဲဒီအရပ်ဒေသမှာ ချောဆီမဲ့စက်ဘီးချိန်းက တခါနင်းတိုင်းတခါ တကျွီကျွီမြည်သလို အရွေ့တခုစီတိုင်းမှာ ငြီးငြူသံတခုခုဟာ ကိုပေါက်စီကို စောင့်ကြိုနေခဲ့တယ်။ မြို့ကြီးရဲ့ အဆမတန်တရိပ်ရိပ်ထိုးတက်လာနေတဲ့ ကုန် ဈေးနှုန်းမှာ ကြိုးပြတ်သွားတဲ့ လေတံခွန်နောက်မီအောင် ပြေးလိုက်နေကြတဲ့ ကလေးတသိုက်ပမာ မမှီမကမ်း ထိမိ၊ ခိုက်မိ၊ တိုးမိ၊ တိုက်မိရင်း မောဟိုက်နွမ်းလျနေကြတဲ့ မြို့သူမြို့သားတွေရဲ့ ငြီးငြူသံဟာ ပိုလို့ ထင်ထင်ရှားရှား ကြီး ရှိနေခဲ့တယ်။
မြို့သူမြို့သားတွေရဲ့ ငြီးငြူသံထဲမှာ နေ့မြင်ညပျောက်မဟုတ်တဲ့ ‘ခုမြင်ခုပျောက်’ အကြောင်းလည်း ပါခဲ့တယ်။ မြို့ကြီးထဲမှာ မြို့သူမြို့သားတွေဟာ အမျိုးမျိုးသော ခေါင်းစဉ်တွေအောက်မှာ တကယ်ကို အခုမြင်အခုပျောက် ဖြစ်လာနေကြတာပါပဲ။
မနက်ခင်း ကျောင်းအသွား ကလေးငယ်ဟာ ကျောင်းဆီမရောက်ခင်လမ်းမှာတင် ခုမြင်ခုပျောက်ခဲ့ရတဲ့ ကြော်ငြာတွေဟာ မြို့လမ်းမထက်က မြင်သာထင်သာနေရာတွေမှာ အုံးအုံးထ ရှိနေခဲ့တယ်။ နောက်ဆုံးအကြိမ် ဖုန်းခေါ်ဆိုမှု ပြီးနောက် မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး အစအန သတင်းမရတော့တဲ့ အိမ်သားရဲ့ဓာတ်ပုံတွေဟာ မြို့ကြီးရဲ့ နံရံတွေတိုင်းမှာ ရှိနေခဲ့တယ်။
မြို့သူမြို့သားတွေဟာ ကဗျာဆရာမောင်ချောနွယ်ရဲ့ ‘ကိုက်လမ်း’ ကဗျာထဲက ယုန်ကလေးလို ကိုယ့်သစ္စာတရား က ကိုယ့်အသက်ကို နှုတ်ယူသွားတာမျိုး မဖြစ်ဖို့ အရာအားလုံးမှာ ဂရုစိုက်နေထိုင်ရင်း အရာအားလုံးမှာ ငြီးငြူနေခဲ့ကြရတယ်။
အလုပ်သွား အလုပ်ပြန်လူငယ်ရဲ့ အလုပ်သွား အလုပ်ပြန်လမ်းမဟာ မြို့ကြီးမှာ ‘ကိုက်လမ်း’ ဖြစ်လာနေတဲ့ ငြီးငြူသံကို မြို့သူမြို့သားတွေဆီက ကိုပေါက်စီ ကြားရမိတယ်။ ညနေရီရောက်လို့မှ အိမ်ပြန်ရောက်မလာသေးတဲ့ ဆယ် ကျော်သက်မိန်းကလေးအတွက် မိဘတွေရဲ့ ငြီးငြူသံကိုလည်း ကြားရမိတယ်။ မြို့ရဲ့ လမ်းမတွေတလျှောက် တို့ဆေး၊ လုယက်မှု၊ ခါးပိုက်နှိုက်၊ အုပ်စုဖွဲ့ခြိမ်းခြောက်စတဲ့ ရောဂါပိုးမွှားတွေဟာ ဆိုးဆိုးရွားရွား ပျံ့လွှင့်နေခဲ့တယ်။
မြို့သူမြို့သားတွေဟာ နိစ္စဓူဝ ပရိယေသန ရှာဖွေလမ်းမှာ အဲဒီရောဂါပိုးမွှားတွေ ကူးစက်ပြီး ပွန်းပဲ့ဖိတ်စင်မသွားရအောင် ကြိုးစားကူးခတ်ငြီးငြူနေခဲ့ကြရတယ်။ အဲဒီပိုးမွှားတွေအကြောင်း ငြီးငြူသံတွေဟာ ကိုပေါက်စီစက်ဘီးနင်းသွားရာ လမ်းတွေတလျှောက် ပင်လယ်လှိုင်းလို တလိပ်လိပ် တရိပ်ရိပ် ရှိနေခဲ့တယ်။ မြို့ကြီးထဲ အထိန်းအကွပ်မဲ့ ကြီးထွားလာနေတဲ့ စလော့ဂိမ်းပင့်ကူအိမ်မှာ ငြိတွယ်ဘဝပျက်နေကြသူတွေရဲ့ ငြီးငြူသံရှည်ကလည်း ကိုပေါက်စီကို တဖျပ်ဖျပ် ရိုက်ခတ်နေခဲ့တယ်။
မြို့ကြီးရဲ့ အစွန်အဖျားလမ်းမတွေထဲ စက်ဘီးကို ကိုပေါက်စီ ခပ်သွက်သွက်ပဲ နင်းဖြစ်ခဲ့တယ်။ လေကို ခွင်းထွက်သွားတဲ့ စက်ဘီးရဲ့ အရှိန်အတိုင်း ငြီးငြူသံတွေဟာ ကိုပေါက်စီကို ထိခတ်နေခဲ့တယ်။ စက်ဘီးကို သွက်သွက်မြန် မြန်နင်းနေရင်း ငြီးငြူသံတွေကို ကိုပေါက်စီ ခွဲခြမ်းစိတ်ဖြာကြည့်နေခဲ့မိတယ်။
ပြီးတော့ မြို့လား၊ မြစ်လား မကွဲပြားတဲ့ မြို့ကြီးထဲ အဲဒီငြီးငြူသံတွေ ကွယ် အ နေတဲ့ မိစ္ဆာအရပ်က မီးရောင်တွေ ကြား ပိုးဖလံလို ရှိနေကြတဲ့ မြို့သူမြို့သားတွေဘက်ဆီလည်း စက်ဘီးနင်းကြည့်ဦးမှပါပဲလို့ ကိုပေါက်စီ စဉ်းစားနေမိတယ်။
Be the first to comment