ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၉)

by The Call
‘ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၉)’
◼️ညီမင်းဆက်
ကိုပေါက်စီ အချိန်အားရင် လိုက်ခဲ့ပါဦးဗျာလို့ ဘာသာပြန်ဆရာ ဖုန်းဆက်လာတော့ ကိုပေါက်စီ မငြင်းနိုင်ဘူး။ နေ့ ချင်းပြန်လား၊ ညအိပ်လားဆိုတဲ့ အခြေအနေကိုသာ ပြန်မေးပြီး ဘာသာပြန်ဆရာ လာအခေါ်ကို စောင့်နေဖြစ်ခဲ့ တယ်။
ဘာသာပြန်ဆရာက နေ့ချင်းပြန်ပါပဲလို့ ဆိုပေမဲ့ ညအိပ်ဖြစ်ရင်လည်း အဆင်ပြေအောင် လိုအပ်တာလေးတွေ ကျောပိုးအိတ်ထဲထည့်ပြီး ကိုပေါက်စီ ပြင်ဆင်ထားဖြစ်ခဲ့တယ်။ အရင်တခေါက်က နေ့ချင်းပြန်ဆိုပြီးသွားရင်း ဟိုကညွှန်း ဟိုလိုက်၊ ဒီကညွှန်း ဒီလိုက်နဲ့ တောင်ပြေးမြောက်ပြေးဖြစ်ပြီး ကာဖျူးချိန် မလွတ်တော့တာနဲ့ လမ်းတင် ညအိပ်ခဲ့ရတာမို့ ဒီတခါလည်း အဲဒီလိုအိပ်ရရင် သက်သောင့်သက်သာဖြစ်အောင် ကိုပေါက်စီ ပြင်ဆင်ထားမိတာပဲဖြစ်တယ်။
ဒီတခါနဲ့ဆိုရင် ဘာသာပြန်ဆရာခေါ်လို့ ကိုပေါက်စီ လိုက်ဖြစ်ခဲ့တာ သုံးကြိမ်ရှိပြီဖြစ်တယ်။ ဘာသာပြန်ဆရာလည်း အဲဒီကိစ္စမှာတင် အတော်လေးကို ကရိကထများပြီး စိတ်ရောလူပါ ဒုက္ခကြုံနေရတာဖြစ်တယ်။
ဘာသာပြန်ဆရာမှာက ညီတယောက်ရှိတယ်။ မွေးချင်း ညီအကို နှစ်ဦးတည်းရှိတာမို့ အစ်ကိုကြီး အဖရာအနေနဲ့ ဘာသာပြန်ဆရာက သူ့ညီကို အတော်လေး စောင့်ရှောက် ရိုင်းပင်းရှာတယ်။ အသက်ချင်းလည်း သိပ်မကွာတာမို့ ညီအကိုချင်း ပေါင်းသင်းဆက်ဆံရေးမှာလည်း သူငယ်ချင်းလိုပဲ ပေါ့ပေါ့ပါးပါးပဲဖြစ်တယ်။ တခုခုဆိုရင်လည်း ညီ အကိုနှစ်ယောက် တိုင်ပင်ပြီး လုပ်ကိုင်ဆောင်ရွက်ကြတာ များတယ်။
မိဘနှစ်ပါး တိမ်းပါးကွယ်လွန်ကြပြီး ညီအစ်ကိုနှစ်ယောက်လုံးလည်း သူ့အိမ်ထောင်နဲ့သူမို့ နေတာကတော့ သီးခြားစီဆိုပေမဲ့ နှစ်ဖက်မိသားစုတွေကြား အဆက်အသွယ်မပြတ် အမြဲရှိနေခဲ့ကြတာဖြစ်တယ်။
ဘာသာပြန်ဆရာနဲ့ ကိုပေါက်စီက အိမ်ချင်းသိပ်မဝေးတာမို့ တခါတရံ အချိန်ရတယ်ဆိုရင် ဘာသာပြန်ဆရာက ကို ပေါက်စီအိမ်ဘက် လှည့်ဝင်လာပြီး လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တတ်ကြတယ်။ အဲဒီနေ့ကလည်း ဘာသာပြန်ဆရာ နဲ့ ကိုပေါက်စီ မနက်ခင်းအစောပိုင်း လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ဘာသာပြန်ဆရာ့ ညီဖြစ်သူရဲ့ ဇနီးသည်က ဖုန်းဆက်လာပြီးနောက် ခုကိစ္စကို ကြုံတွေ့လာရတာပဲဖြစ်တယ်။
ကိုပေါက်စီ သိရသ‌လောက် ဖြစ်စဉ်အကျိုးအကြောင်းကတော့ ဘာသာပြန်ဆရာရဲ့ ညီနဲ့ သူ့ဇနီးသည်တို့ လင်မယား ထုံးစံအတိုင်း ရန်ဖြစ်ကြပြီးနောက် ဘာသာပြန်ဆရာရဲ့ ညီက အိမ်ကထွက်သွားတယ်လို့ ဆိုတယ်။ ထွက်သွားချိန်က ညပိုင်း ၈ နာရီလောက်လို့ ဆိုတယ်။
လင်မယားရန်ဖြစ်လို့ စိတ်ဆိုးပြီး ထွက်သွားတာဆိုတော့ ဇနီးသည်ကလည်း သွားပါစေပေါ့ဆိုပြီး နေလိုက်ရင်းက နောက်တနေ့မနက်အထိ အိမ်လည်းပြန်‌ရောက်မလာ၊ ဖုန်းလည်း ဆက်သွယ်လို့မရ၊ ဘယ်ရောက်လို့ ဘယ်ပေါက် မှန်းမသိ ဖြစ်တော့မှ ဘာသာပြန်ဆရာဆီ ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောလာတာမှာ ကိုပေါက်စီလည်း ကန့် လန့်ပါခဲ့ရတာပါပဲ။
အကျိုးအကြောင်းကို သိသိချင်းမှာ ဘာသာပြန်ဆရာလည်း ဘာစလုပ်ရမှန်းမသိလို့ ကိုပေါက်စီဆီ အကူအညီတောင်းလာတယ်။ အဲဒီလိုကနေ ဘာသာပြန်ဆရာနဲ့ ကိုပေါက်စီတို့ နှစ်ဦးသား ရပ်ကွက်ရုံးတွေရောက်၊ ရဲစခန်းတွေရောက်၊ ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေဆီနဲ့ စစ်တပ်ဌာနချုပ်တွေဆီရောက်နဲ့ အကုန်ရောက်ဖြစ်ခဲ့တာပါပဲ။ လက်လှမ်းမီသမျှ အဆက်အသွယ်တွေဆီလည်း တယ်လီဖုန်းနဲ့တသွယ်၊ လူကိုယ်တိုင်တမျိုး ဆက်သွယ် မေးမြန်း စုံစမ်းရတာလည်း ပြောမနိုင်အောင်ပါပဲ။
ဟိုလူက အကြံပေးလို့ ဟိုဌာနဆီ သွားစုံစမ်းကြည့်လိုက်၊ ဒီလူက အကြံပေးလို့ ဒီတပ်ရင်းဆီ သွားမေးကြည့်လိုက်၊ အဲဒီဌာန တပ်ရင်းတွေဆီက ထပ်ဆင့်လမ်းညွှန်တဲ့ နေရာတွေဆီ ထပ်ရောက်လိုက်နဲ့ တကယ့်ကို စိတ်မောလူမောပါပဲ။
တနေ့တနေ့ ဘာသာပြန်ဆရာလည်း တခြား ဘယ်အလုပ်ကိုမှ မစဉ်းစားနိုင်ဘူး။ သူ့ညီရဲ့ သတင်းအစအနရဖို့ အတွက်သာ နည်းလမ်းပေါင်းစုံကို စဉ်းစား၊ စဉ်းစားလို့ရသမျှ နည်းလမ်းတွေနောက် ကိုပေါက်စီနဲ့အတူ လိုက်နဲ့ တ ကယ့်ကို ဒုက္ခဝေနေရတယ်။
ဘာသာပြန်ဆရာ့ ညီဖြစ်သူရဲ့ ဇနီးသည်လည်း သူ့ယောကျာ်း ပျောက်သွားတဲ့အကြောင်းနဲ့ တွေ့ရင် ဆက်သွယ်ပေးကြဖို့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ပြီး အကူအညီတောင်းပေါ့။ ဒါပေမဲ့ သတင်းအစအနက တကယ့်ကို ကောက်ရိုးပုံကြားထဲကျတဲ့ အပ်လိုပါပဲ။
သူတို့တတွေ အခုလိုဖြစ်ပျက် စိတ်သောကရောက်နေကြတာ မြင်ရတော့ ကိုပေါက်စီလည်း ဘယ်နေနိုင်ပါ့မလဲ။ ရင်းနှီးဆက်စပ်ရာ အဆက်အသွယ်တွေဆီ ရနိုင်သလောက် မေးမြန်း စုံစမ်း အကူအညီ တောင်းကြည့်ရတာပေါ့။ နောက်ဆုံး ကိုပေါက်စီမိတ်ဆွေတယောက်ရဲ့ အကူအညီနဲ့ ဘာသာပြန်ဆရာရဲ့ ညီနဲ့ပတ်သက်တဲ့ သတင်းအစ အန သေးသေးလေး စ,ရတော့ ကိုပေါက်စီရော ဘာသာပြန်ဆရာရော ဘယ်လိုမှ မယုံနိုင်ဘူး။
ဒါပေမဲ့ ဘယ်လိုမှ မတတ်နိုင်တော့ ကောက်ရိုးတမျှင်လို သတင်းရတဲ့နေရာဆီ လိုက်ရတာပါပဲ။ သတင်းရတဲ့ နေ ရာ‌ရောက်တော့ ဘာသာပြန်ဆရာရဲ့ညီက အဲဒီနေရာမှာ ရှိခဲ့တာမှန်ပေမဲ့ လက်ရှိမှာ ဘယ်ကိုထပ်ပြီး ပြောင်းရွှေ့ ရောက်သွားလဲ မသိရတော့ဘဲ ဟိုလူက ဟိုညွှန်းလို့ ဟိုလိုက်ရ၊ ဒီလူကဒီညွှန်းလို့ ဒီလိုက်ရနဲ့မှာ အိမ်အပြန် ကာဖျူး ချိန်ကျော်သွားလို့ ပြန်မရဘဲ လမ်းမှာတင် မိုးလင်းခဲ့ရတာပါပဲ။
အခုလည်း အဲဒီသတင်းအစနောက်ကို ဆက်လိုက်ဖို့ ဘာသာပြန်ဆရာက ကိုပေါက်စီဆီ ဖုန်းဆက်လာတာပဲ ဖြစ် တယ်။ ကိုပေါက်စီမိတ်ဆွေရဲ့ အကူအညီနဲ့ သိရတဲ့ သတင်းအရ ဘာသာပြန်ဆရာရဲ့ညီက အိမ်ကထွက်သွားတဲ့ည မှာပဲ ပေါ်တာအဆွဲခံလိုက်ရပြီး အဆင့်ဆင့် လွှဲပြောင်းပို့ဆောင်လိုက်တာမှာ တရက်နဲ့ နေ့တပိုင်းမှာတင် ဘယ်လိုမှ မထင်ထားဖြစ်တဲ့ မြို့နဲ့ အတော်ဝေးဝေးနေရာဆီက တပ်ရင်းဌာနတခုကို ရောက်သွားခဲ့တာပဲဖြစ်တယ်။
ကိုပေါက်စီမိတ်ဆွေရဲ့ အကူအညီနဲ့ အဲဒီနေရာကိုသွားဖို့ အချိတ်အဆက်ရယ်၊ နေရာဆီ ခေါ်သွားပေးမယ့် အချိတ် အဆက်အတွက် ပေးရမယ့်ငွေကြေးရယ်၊ အဲဒီနေရာမှာရှိ‌နေတဲ့ ဘာသာပြန်ဆရာရဲ့ ညီကို အိမ်ပြန်ခေါ်သွားချင်ရင် ပေးရမယ်လို့ သူတို့တောင်းဆိုထားတဲ့ ငွေကြေးရယ်ကို သေချာပြင်ဆင်ပြီး ဘာသာပြန်ဆရာက ကိုပေါက်စီဆီ ရောက်လာတယ်။
ခင်ဗျား အဆင်ပြေရဲ့လားလို့ ဘာသာပြန်ဆရာကို ကိုပေါက်စီမေးဖြစ်တော့ ဘာသာပြန်ဆရာက သက်ပြင်းမောတ ချက်ချတယ်။ ပြီးတော့ ဘယ်တတ်နိုင်ပါ့မလဲဗျာတဲ့၊ လက်ထဲ သေနတ်တလက်ရှိရင်တော့ ဒီကောင်တွေ အကုန် လုံး ပစ်သတ်နေမိမှာတဲ့။
အဲဒီနေ့က ဘာသာပြန်ဆရာနဲ့ ကိုပေါက်စီတို့နှစ်ဦးသား ဘာသာပြန်ဆရာရဲ့ညီရှိရာ စစ်တပ်ဌာန စခန်းအရပ်ဆီ အ တူသွားပြီး ဘာသာပြန်ဆရာရဲ့ညီကို ပြန်ခေါ်လာဖြစ်ခဲ့တယ်။
အဖြစ်အပျက် စပြီးဖြစ်တဲ့နေ့ကနေ ဘာသာပြန်ဆရာရဲ့ညီကို အခုလို ပြန်ခေါ်လာနိုင်တဲ့ တရက်နဲ့နေ့တပိုင်းအ တွင်း အမျိုးမျိုးသော တောင်းဆိုမှုနဲ့ ပေးရကမ်းရမှုတွေထဲမှာတော့ ဘာသာပြန်ဆရာရဲ့ လုပ်ငန်းသုံး ဟိုက်ဂျက် ကားကလေး စုံးစုံးပျောက်ကွယ်သွားမှန်း ကိုပေါက်စီ သိနေမိခဲ့တယ်။
ပြီးတော့ အဲဒီလိုမတတ်နိုင်၊ မလိုက်နိုင်တဲ့လူတွေအတွက် အစအနပျောက်သွားတဲ့ သွေးသားရင်းချာညာတကာတွေ ဘယ်လောက်တောင် ရှိနေမလဲမသိဘူးလို့ ကိုပေါက်စီ တွေးနေမိခဲ့တယ်။

Related Posts

Leave a Comment