ညီလင်းအိမ်
တိုင်းပြည်တပြည်မှာရှိတဲ့ ရုပ်ရှင်အနုပညာရဲ့ အဆင့်အတန်းကို ဘာနဲ့တိုင်းတာသလဲ။ တကမ္ဘာလုံးက လူတွေ အများကြီး ကြည့်တာနဲ့ သက်ဆိုင်သလား။ လူသိများမှု၊ ဝင်ငွေကောင်း ကျော်ကြားမှုနဲ့ပဲ ပိုင်းဖြတ်သလား။ မဟုတ် ပါဘူး။ မိမိတိုင်းပြည်မှာရှိတဲ့ အကြောင်းအရာတွေကို ဗဟိုပြုပြီး ရိုက်ကူးတဲ့ ရုပ်ရှင်ကားတွေဟာ လက်ရှိ ကမ္ဘာပေါ်က ဂုဏ်သိက္ခာရှိပြီး အဆင့်အတန်းမြင့်မားတဲ့ ရုပ်ရှင်ပွဲတော်တွေ၊ ပြိုင်ပွဲတွေမှာ ဘယ်လောက်အထိ တိုးဝင်နိုင်ခဲ့သလဲ၊ ဆုတံဆိပ်တွေ ဆွတ်ခူးရရှိခဲ့သလဲ စလို့ အဲဒီလို ရုပ်ရှင်တွေကနေတဆင့်ပဲ မိမိတို့တိုင်းပြည်ရဲ့ ရုပ်ရှင်အဆင့်အတန်း ဂုဏ်ပုဒ်ကို ထုတ်ဖော်နိုင်စရာ ရှိပါတယ်။
ကျနော်တို့အာရှမှာလည်း ဂုဏ်သိက္ခာရှိပြီး အဆင့်အတန်းမြင့်မားတဲ့ ရုပ်ရှင်ပွဲတော် (ဝါ ) ပြိုင်ပွဲတွေ ရှိကြပါတယ်။ လက်ရှိမှာ လူသိများတဲ့ တောင်ကိုရီးယားမှာ ကျင်းပတဲ့ ဘူဆန် နိုင်ငံတကာရုပ်ရှင်ပွဲတော်၊ ဟောင်ကောင် ရုပ်ရှင်ပွဲတော်၊ Japan Indies ရုပ်ရှင်ပွဲတော်၊ အာရှကိုယ်စားပြု Sundance ရုပ်ရှင်ပွဲတော်၊ ရှန်ဟိုင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်၊ ဘာလီ ရုပ်ရှင်ပွဲတော်၊ အာရှတိုက်ကိုယ်စားပြု လွတ်လပ်သော ရုပ်ရှင်ပွဲတော်၊ အိုကီနာဝါ ရုပ်ရှင်ပွဲတော်၊ မွန်ဘိုင်း ရုပ်ရှင်ပွဲတော်၊ ထိုင်း နိုင်ငံတကာရုပ်ရှင်ပွဲတော် စတဲ့ပွဲတော်တွေဟာ အခုလို ဒေသတွင်းမှာ ရုပ်ရှင်အသိပညာ၊ အတတ်ပညာတွေကို ကျွမ်းကျင်နိုင်နင်းကြတဲ့ ပညာရှင်တွေ စုပေါင်းပြီး အဆင့်ဆင့် အကဲဖြတ် ဆုချီးမြှင့်ပေးကြတဲ့ ပွဲတော်တွေဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်လိုအနေနဲ့ ယခုဖော်ပြတဲ့ ရုပ်ရှင်ပွဲတော်တွေမှာ ဆုရတယ်ဆိုရင်ပဲ အဆင့်အတန်း အတော်လေး ရှိနေပြီလို့ ဆိုရပါမယ်။
နောက်ထပ် ပိုမိုပြီး ဂုဏ်သိက္ခာရော အစဉ်အလာပါ ကြီးမား ခမ်းနားလွန်းတဲ့ ရုပ်ရှင်ပွဲတော်တွေဆိုရင်တော့ Cannes ရုပ်ရှင်ပွဲတော်၊ Sundance ရုပ်ရှင်ပွဲတော်၊ ဗင်းနစ် ရုပ်ရှင်ပွဲတော်၊ ဘာလင် ရုပ်ရှင်ပွဲတော်၊ တိုရန်တို ရုပ်ရှင်ပွဲတော် စသည်ကနေ အမေရိကန်ပြည်ထောင်စု ဟောလိဝုဒ်မှာလည်း ရုပ်ရှင်ပွဲတော်တွေ ရှိကြပါတယ်။ ဆိုတော့ ဟောလိဝုဒ်အော်စကာ ရဖို့အတွက် တင်သွင်းတာက တကဏ္ဍဆိုပါတော့။
ဒါကြောင့် နိုင်ငံတကာအရပ်ရပ်က ရုပ်ရှင်အနုပညာသည်တွေဟာ သူတို့ရုပ်ရှင်တွေကို အထက်ပါ ရုပ်ရှင်ပွဲတော် တွေမှာ ပြသခွင့်ရအောင် ကြိုးစားကြ၊ စာရင်းပေးသွင်းကြပါတယ်။ ကန်းစ်လို နေရာမျိုးမှာက ဆုရတာမရတာ အပထား၊ ပွဲတော်မှာ ပြသခွင့်ရရင်ကို ဂုဏ်ရှိတဲ့ အနေအထားဖြစ်လို့ အလွတ်တမ်း ပြသခွင့်ရဖို့ ဝင်ရောက်စာရင်းသွင်းတဲ့ ရုပ်ရှင်သမားတွေလည်း အများကြီးပါ။
ခြုံငုံပြောချင်တာကတော့ ကျနော်တို့တိုင်းပြည်က ထုတ်လုပ်တဲ့ ရုပ်ရှင်တွေဟာ အထက်ကဖော်ပြတဲ့ ရုပ်ရှင်ပွဲတော်တွေမှာ ဘယ်နေရာမှာများ တိုးဝင် ပြသနိုင်ခဲ့သလဲ၊ ဆုတံဆိပ်တွေ ဆွတ်ခူးရရှိဖူးသလဲ။ တခြားတနေရာက ရုပ်ရှင်ကြိုက် ပရိသတ်တယောက်ယောက်က မေးတယ်ဆိုပါစို့၊ မင်းတို့တိုင်းပြည်က ဖန်တီးတဲ့ ရုပ်ရှင်ကားတကားလောက် ညွှန်းပါဦးလို့ဆိုရင် ကျနော်တို့အနေနဲ့က အဲဒီလို ဆုတံဆိပ်တွေရ တန်းဝင်တဲ့ ရုပ်ရှင်ကိုပဲ အရင် လက်ညှိုးထိုး လမ်းညွန်ရမှာဖြစ်တယ်။ ဒါ့အတွက်ကြောင့် ဂုဏ်သိက္ခာမြင့်မားတဲ့ ရုပ်ရှင်တွေ ထွက်ရှိလာဖို့ မိမိတိုင်းပြည်က ငွေရေးကြေးရေး တတ်နိုင်သူတွေပဲဖြစ်ဖြစ်၊ အစိုးရကပဲဖြစ်ဖြစ် ခိုင်မာစနစ်ကျတဲ့ ဖောင်ဒေးရှင်းတခုခုနဲ့ ထောက်ပံ့ဖော်ဆောင်ပေးဖို့လိုတယ်။
ဘာလို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်မှာလည်း အနီးပါးတိုင်းပြည်က လွတ်လပ်သော ရုပ်ရှင်ဆရာသမားတွေ ဖြစ်ကြတဲ့ ထိုင်းက အာပီချာပေါင်၊ နောက် ဖိလစ်ပိုင်က Lav Diaz၊ ဗီယက်နမ်က Tran Anh Hung အစရှိတဲ့ သူတို့တွေလိုမျိုး ရုပ်ရှင်ဖန်တီးမှု အနုပညာကို ကျွမ်းကျင်နားလည်ကြတဲ့ ပညာရှင်တွေ ရှိနေလို့ပါပဲ။ ခက်တာက ကျနော်တို့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေ၊ ပြောခဲ့သလို ဘတ်ဂျက် ထောက်ပံ့မှုမရှိ၊ လွတ်လပ်စွာ ဖော်ထုတ်ရိုက် ကူးလိုမှုအတွက် ကန့်သတ်တားဆီးထားတဲ့ ထိဆတ်လွယ်သော ဘာသာရေး၊ နိုင်ငံရေးပြဿနာများ အစရှိတဲ့ ပြဿနာတွေနဲ့ လုံးထွေးလိုက်နေတဲ့အခါမှာ အင်ဒီဆရာတွေလည်း ဒုက္ခရောက်ရပါတယ်။ အရင်ကမှ ဝဿန်လို ရုပ်ရှင်ပွဲတော်ကလေးတွေကနေ ဝင်ပြိုင်ရင်း တဆင့်ချင်း ရှေ့တက်ဖို့ အခွင့်အလမ်းကလေးတွေ ရှိသေးတာကနေ အခုလိုအချိန်မှာတော့ ပိုလို့ ဆိုးဝါးသွားတော့တာပေါ့။ ဒါကြောင့် ဂုဏ်သိက္ခာရှိ အဆင့်အတန်းမြင့်မားတဲ့ ရုပ်ရှင် တွေ ထွက်ရှိလာဖို့ဆိုတာ ပိုလို့ အလှမ်းဝေးသွားရပါတယ်။
နောက်တခုက ဒီလို ကိုယ့်ပြည်တွင်းက တုံ့ပြန်အားပေးမှုစနစ် ကွာခြားတာကနေ အင်ဒီဆရာသမားတွေရဲ့ ရုပ်ရှင် တွေဆိုတာကလည်း ပြည်တွင်းက လူထုအကြားကို မသက်ရောက်ဘဲ နိုင်ငံတကာက ဒိုင်လူကြီးတွေ အမှတ်ပေးခံရဖို့သက်သက်ပဲ တင်သွင်းနေရသလို ဖြစ်တာကလည်း ရင်နာစရာ ကောင်းလှပါတယ်။ ဥပမာပြောမယ်ဆိုရင် ၂၀၂၂ က ရခိုင်လူမျိုး ဒါရိုက်တာ စနိုး နှင်းအိလှိုင်ရဲ့ မှတ်တမ်းရုပ်ရှင် Midwives ဆိုရင် Sundance ရုပ်ရှင်ပွဲတော် မှာ Special Jury Prize ဆု ရရှိဆွတ်ခူးခဲ့တာပါ။ ဒါဟာ ကိုယ့်ပြည်အနေနဲ့ အင်မတန်မှ ဂုဏ်ယူ လက်ခုပ်လက်ဝါးတီးရမယ့် ရလဒ်တခု ဖြစ်ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ကိုလည်း တကမ္ဘာလုံးကြည့်ကြဆိုပြီး Release လုပ်ပြီးသားဖြစ်တယ်။ ရုပ်ရှင်ပါ အကြောင်းအရာက ဘာမှ အဆိပ်အတောက်ဖြစ်ဖွယ်၊ ပဋိပက္ခဖြစ်ဖွယ် အကြောင်းအရာကို ပြတာလည်းမဟုတ်ဘူး။ အာရကန်ပြည်ဘက်က ရခိုင် သူနာပြု အမျိုးသမီးတယောက်နဲ့ ရိုဟင်ဂျာအမျိုးသမီးတို့ နှစ်ယောက်အကြားက ညီအမရင်းချာတွေလို ငယ်ပေါင်းမိတ်ဆွေများကဲ့သို့ နွေးထွေးချစ်ခင်ကြတဲ့ အခြင်းအရာကို ဖော်ပြရိုက်ကူးထားတဲ့ ရုပ်ရှင်။ သို့ပေတဲ့လည်း ဒါရိုက်တာကိုယ်တိုင်ကအထိ ကိုယ့်ပြည်မှာ ပြဖို့မပြောနဲ့၊ လူထုအကြား သိမှာ မြင်မိမှာတောင် စိုးရိမ်ပူပန်ရတဲ့အနေအထား ဖြစ်နေတာကို တွေ့ရတယ်။ နောက် မြင်သာတဲ့ ရုပ်ရှင်ကားတကားပြပါဆိုရင် သည်မော်နိုင် လက်ရာဖြစ်တဲ့ The Monk လို ရုပ်ရှင်တွေက ကြည့်ရသူတွေအနေနဲ့ ဘယ်လို စိတ်ပဋိပက္ခမျိုးမှ ဖြစ်လာစရာ အကြောင်းမရှိတဲ့ ကိုယ့်ရေမြေက ဗုဒ္ဓဘာသာ ဘုရားသားတော် သံဃာအိုကြီးတပါးရဲ့ ဘဝကို သဘာဝကျကျ မြင်ရအောင် ရိုက်ကူးပြတဲ့ရုပ်ရှင်သာ ဖြစ်ပါတယ်။
အဲဒီရုပ်ရှင်ဆိုလည်း ထွက်တာ ဆယ်စုနှစ်တခုတောင် ကျော်တော့မယ်၊ ကိုယ့်ပြည်ကလူတွေ ကြည့်ခွင့်ရရဲ့လား။ ကြည့်ဖို့ အခွင့်အရေးရှိရဲ့လား။ ဒါရိုက်တာ သည်မော်နိုင်အနေနဲ့လည်း ကိုယ့်ပြည်အကြောင်း ရိုက်တာပဲ။ ကိုယ့်နိုင်ငံအတွင်းက လူထုကြားထဲ သူ့ရုပ်ရှင်လက်ရာကို မြင်စေချင်၊ ပြသချင်မှာပဲလေ။ ဒါပေတဲ့လည်း ဆိုခဲ့သလို နိုင်ငံရေး၊ ဘာမှန်းမသိ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ၊ ဖိနှိပ်မှု အလုံးစုံတွေကြောင့် ပလုံစွက်ရတယ်။ ဒီလိုပါပဲ ကျနော် လက်လှမ်းမီသလောက် ကြည့်ရတဲ့ ဝဿန်က ရုပ်ရှင်တွေ၊ နောက် မြန်မာပြည်အကြောင်းပဲ အဓိက ဇောင်းပေးရိုက်တဲ့ တိုင်ဝမ်က မီဒီဇီး လက်ရာတွေ၊ ဒါရိုက်တာအောင်ဖြိုးရဲ့ ရုပ်ရှင်လက်ရာ ဇာတ်လမ်းတိုတွေ အစရှိသဖြင့် ဒီရုပ်ရှင်တွေဟာ လက်ရှိ ကိုယ့်ပြည်ရဲ့ ပေါကားရုပ်ရှင်ရေစီးက ပေးတဲ့ ခံစားမှုတွေနဲ့ ပြဒါးတလမ်း သံတလမ်း ကွာခြားလွန်းလှတဲ့ ဗမာမှုစစ်စစ်၊ မြန်မာတပြည်လုံးအတွင်းက မှီတင်းနေထိုင်ကြတဲ့ လူတွေအားလုံးရဲ့ ဘဝစင်စစ်တွေကိုသာ ချဉ်းကပ် အားထုတ်ထားတဲ့ ရုပ်ရှင်လက်ရာတွေ ဖြစ်ကြတယ်။ သို့တပြီးလည်း ကိုယ့်ပြည်ကလူထုမှာ ဒါတွေကို ထိတွေ့ခွင့် မရ၊ သိခွင့်မရ၊ ရင်နာဖို့ ကောင်းလှတယ်။ အပေါစား ရုပ်ရှင်ဖျော်ဖြေမှုတွေအောက်မှာပဲ အဆိပ်သင့်နေကြရပါတယ်။
ကြက်ဥ အကာနဲ့ အနှစ်လို တကန့်စီကြီး သွားနေတယ်။ တပြည်ထောင်လုံးဟာ အခွံအကာကြီးတွေကိုပဲ အနှစ်တွေ အမှတ်နဲ့ အရာရာ ဝါးမျိုနေကြရတယ်။ ဒီအခြေအနေတွေ ပြောင်းလဲဖို့ လက်ရှိကာလမှာ ကျနော်တို့တတ်နိုင်တဲ့ အခြေအနေတွေကနေ ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေးနဲ့ပတ်သက်ပြီး အရိုးစွဲနေတဲ့ အမြင်တွေ၊ အကြောင်းအရာတွေကို မိမိဖာသာ ပြန်လည်ဆန်းစစ်ဖို့ အသိဉာဏ်တော်လှန်ရေးလုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အရာရာအဆိပ်သင့်နေရတဲ့ ကိုယ့်ပြည်မှာ ဒီအရိုးစွဲ အမြင်တွေ၊ ပုဂ္ဂိုလ်ရေး အလွန်အကျွံ ကိုးကွယ်တာတွေ၊ မိမိသတ်မှတ် သမျှ အမှန်လို့ ထင်မြင်တာမျိုးတွေကို မတွန်းလှန်၊ မတိုက်ချွတ်နိုင်သေးသရွေ့တော့ ရုပ်ရှင်မှ မဟုတ်ပါဘူး။ အရာအားလုံးက နောက်မှာပဲ ဆက်ကျန်ရစ်နေရပါဦးမယ်။
Be the first to comment