
‘ကောက်ရိုးမီးဖြစ်ဖြစ် ဖွဲမီးဖြစ်ဖြစ် လောင်တာပဲ မစ္စတာဂေါ့ဒ်’

အသက်ရှင်ဖို့အသက်ရှုမဝ အသက်တွေပိန်နေပြီ
ညထဲကလျှံကျလာတဲ့အိပ်မက်ဆိုးတွေ
မနက်ခင်းအထိ တဖွေးဖွေးပုပ်ဟောင်
လူဆိုတော့ မျှော်လင့်မှုကိုလည်မှာဆွဲ
ဘဝထဲလမ်းသလားရတာပဲ
ဟိုတိုးဒီတိုက် စိတ်လမ်းပေါ်လျှောက်ရတာပဲ
“ဘာမှမဖြစ်ရင်ဘာမှမဖြစ်ဘူး”
ဟုတ်စ မစ္စတာဂေါ့ဒ်
ဘာမှမဖြစ်တာတွေဖြစ်နေပြီ
ကောက်ရိုးမီးဖြစ်ဖြစ် ဖွဲမီးဖြစ်ဖြစ်
လောင်တာပါပဲ မစ္စတာဂေါ့ဒ် ။
လွယ်လွယ်မရတဲ့အသက်ကို
လွယ်လွယ်မပေးနိုင်ဘူး
ကိုယ့်ကိုယ်ကိုကယ်ရတာပဲ ဆယ်ရတာပဲ
ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတဲ့ဓမ္မ
ငင်နေတဲ့ဘဝတွေ ဆန့်တငင်ငင်
ဓါးရှိရင် တရားရှိရမှာပေါ့
အသွားရှိရင် အပြန်ရှိရမှာပေါ့
မပြန်သေးဘူးလား မစ္စတာဂေါ့ဒ်
မလာသေးဘူးလား မစ္စတာဂေါ့ဒ်
သွေးရူးသွေးတန်း
အရူးမီးဝိုင်း
ကျုပ်တို့လား ခင်ဗျားလား မစ္စတာဂေါ့ဒ်
ကျုပ်တို့ရှိလို့ခင်ဗျားရှိတာပါ
“ငါတွေးတယ် ဒါကြောင့်ခင်ဗျားရှိတယ်”
‘ရေနီဒေးလ်ကား’ဆိုတဲ့ငနဲဟာ
ခင်ဗျားကိုအလိုမရှိဘူးဆိုပဲ မစ္စတာဂေါ့ဒ်
ရှိရင်ရှိတယ်လို့မှတ်
ဒုက္ခသစ္စာကိုတေးလုပ် သံပုံးတီးအော်ကြတယ်
‘ပရိုမီးသီးယပ်စ်’ယူလာလည်း လောင်တာပဲ
မစ္စတာဂေါ့ဒ်ရေ…။ ။
Be the first to comment