ကောင်စီ၊ ကော်မရှင်နှင့် မေးခွန်းများ

“ကောင်စီ၊ ကော်မရှင်နှင့် မေးခွန်းများ”

– သတင်းသုံးသပ်ချက်​ဆောင်းပါး –
■ ​ကျော်​​ဇောခိုင်

ဇူလိုင် ၃၁ ရက် ကာလုံအစည်းအဝေးမှာ စကစကိုဖျက်သိမ်းပြီး ကာလုံကို အာဏာ ပြန်လည်လွှဲပြောင်းတယ်လို့ ကြေညာတယ်။ ဒီတော့ တပ်ချုပ် မအလကနေ ကာလုံ၊ ဒီကမှတဆင့် အသစ်ဖွဲ့လိုက်တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာရေးကော်မရှင်ကို အာဏာရောက်သွားတယ်။ ကော်မရှင်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌက အရင် စကစဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့အတွက် စကစကနေ နလအ ဖြစ်လာတယ်ဆိုပေမယ့် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် ၂ ဦးကတော့ အပြောင်းအလဲမရှိ။

“နလအ ကော်မရှင်’
အာဏာသိမ်း ၄ နှစ်ခွဲအတွင်းမှာ စကစ (တကယ့်အမည်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ – နစက ဖြစ်ပေမယ့် အရပ်သုံး အလွယ်လည်းဖြစ်၊ စစ်တပ် အာဏာသိမ်းတာလည်း ပေါ်လွင်အောင် စစ်ကောင်စီလို့ပဲ အမည်တွင်) ကနေ နလအ လို့ ပြောင်းလဲလာတယ်။ ခုအပြောင်းအလဲဟာ ကောင်စီကနေ ကော်မရှင်ဖြစ်တဲ့အတွက် အမည်မှာတင် ယာယီသဘောသက်ဝင်တာ (ဥပမာ ရွေးကောက်ပွဲကော်မရှင်)၊ ဒါမှမဟုတ် စစ်အငွေ့အသက် မပျောက်သေးတာ (ဥပမာ ဗဟိုစစ်ကော်မရှင်) ကို တွေ့ရတယ်။ ရွေးကောက်ပွဲ အလျင်အမြန်ဖြစ်ဖို့အတွက် ကြားအဖြေတခုအဖြစ် ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်ဆိုတာ ပေါ်လွင်နေတယ်။

၈၈ တုန်းကတော့ စစ်တပ်ဟာ အာဏာသိမ်းပြီး ၂ နှစ်အတွင်းလုပ်ခဲ့တဲ့‌ ၁၉၉၀ ရွေးကောက်ပွဲမှာ အင်အယ်ဒီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့တယ်။ အဲဒီတုန်းက စစ်တပ်ရဲ့ပါတီဟာ ၈၈ မတိုင်မီက မဆလရဲ့ပါတီဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဖွဲ့စည်းခဲ့တယ်။ (မှတ်ချက်။ ကြံ့ဖွံ့ကို စစ်တပ်ရဲ့ လူမှုရေးအသင်းတခုအနေနဲ့ ၁၉၉၃ မှာ စတည်ထားခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ပါတီအဖြစ် အသွင်ပြောင်းခဲ့တာဖြစ်တယ်)။

၆ လအတွင်း တက်သုတ်ရိုက်လုပ်မယ့် ရွေးကောက်ပွဲဟာ တကယ့်အတိုက်အခံမပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ပုံစံကွဲတခုဖြစ်ပြီး တကယ်ဖြစ်လာနိုင်ခြေ ရှိသလားဆိုတာကတော့ မေးခွန်းတခုဖြစ်နေဆဲဖြစ်တယ်။ ဖြစ်လာခဲ့ရင်လည်း အနိုင်ရပါတီနဲ့ တရားဝင်ရပ်တည်နိုင်ခွင့်နဲ့ ရေရှည်ဆက်သွားနိုင်မယ့် ဖြစ်နိုင်ခြေဟာလည်း နိုင်ငံတကာနဲ့ ဒေသတွင်းက လက်မခံတဲ့အတွက် အလွန်နည်းပါးနေတယ်။

စစ်တပ်ဟာ အာဏာနဲ့ ဗဟိုအုပ်ချုပ်ရေးယန္တရားကို လက်နက်နဲ့ ထိန်းချုပ်ထားနိုင်တဲ့အတွက် ငါတို့ အပေါ်စီးကဖြစ်တယ်၊ အသာစီးကပဲဆိုတဲ့ အယူအဆကို စစ်စခန်း‌ပေါင်းများစွာ ကျသွားတဲ့အထိ ခေါင်းမာစွာ ဆုပ်ကိုင်ထားဆဲဖြစ်တယ်။ တခြား နိုင်ငံရေးထွက်ပေါက်နဲ့ ရွေးချယ်ခွင့်တွေကို ထည့်သွင်းမတွက်ချက်ဘဲ ရှေ့က အာဏာသိမ်းလမ်းရိုးအတိုင်း အာဏာသိမ်း၊ ရွေးကောက်ပွဲ၊ အရပ်သားအစိုးရဆိုတဲ့ မအောင်မြင်တဲ့လမ်းကြောင်းကိုပဲ ထွက်ပေါက်အဖြစ် ဆက်လက် ယူဆထားဆဲဖြစ်တယ်။

‘တော်လှန်ရေးအင်အားစု’
စစ်တပ်လိုပဲ တော်လှန်ရေးအင်အားစုအတွင်းမှာ NUG အပြောင်းအလဲနဲ့ ကြားကာလ တော်လှန်ရေးအစိုးရတရပ် ဖွဲ့စည်းရေးဆိုတာကို ကြံဆ၊ ကြိုးပမ်းနေကြတာ အထင်အရှား တွေ့မြင်နေရချိန်ပါ။ ဒီအပြောင်းအလဲမှာလည်း သမိုင်းအဖြစ်အပျက်တွေကို ပြန်လည် ဆင်ခြင်သုံးသပ်ဖို့ လိုအပ်မယ် ယူဆရတယ်။ ၈၈ အရေးတော်ပုံ၊ ၈၈ နဲ့ နိုင်ငံရေးမျိုးဆက်တွေ၊ ၁၉၉၀ နောက်ပိုင်း အင်အယ်ဒီနဲ့ အခြားပါတီတွေရဲ့ နိုင်ငံရေးသက်သက် ရင်ဆိုင်ရုန်းကန်မှုတွေဟာ ၂၀၁၅ မှာ အသီးအပွင့် ဖြစ်ထွန်းခဲ့တယ်ဆိုပေမယ့် ရေရှည် မဆုပ်ကိုင်နိုင်ခဲ့ဘူး။ ပါဝါအမာ (တနည်း လက်နက်ရဲ့ဖိနှိပ်မှု) အောက်မှာ ပြန် လန်ကျသွားခဲ့တယ်။

လက်နက်ကိုင်တော်လှန်ရေးဟာ ရှေ့မှာလိုအပ်နေခဲ့တဲ့ ဒီ ပါဝါအမာကို ထူထောင်ရင်း ရင်ဆိုင်တိုက်ပွဲဝင်တာ ဖြစ်ပေမယ့် အချိန်တခု ရလာတဲ့အခါမှာ နိုင်ငံရေးအရ စုစည်းနိုင်စွမ်းချို့တဲ့မှုရဲ့ အကျိုးဆက်ကို ရင်ဆိုင်နေကြရတယ်။ ဒါကြောင့် ကြားကာလ တော်လှန်ရေးအစိုးရတရပ်ဟာ ဒီပါဝါ ၂ ခုကို ကောင်းစွာ ချိန်ဆ ပုံဖော်နိုင်ဖို့ လိုမယ်လို့ ယူဆရတယ်။

‘တော်လှန်ရေးခေါင်းဆောင်မှု’
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးတိုက်ပွဲ၊ ဖက်ဒရယ်ရေးတိုက်ပွဲနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ ကမ္ဘာ့သမိုင်းနဲ့အပြိုင် ယှဥ်ပြီး သွားနိုင်ခဲ့တယ်။ ဒါပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်တော်လှန်ရေး (တနည်း နွေဦး လူမှုခေတ်ပြောင်းတော်လှန်ရေး) မှာကျတော့ ရာစုနဲ့မချီဘူးဆိုရင်တောင် ဆယ်စုနှစ်များစွာ နောက်ကျန်ရစ်နေခဲ့တာကို တွေ့ရတယ်။

ဒီနောက်ကျမှုကြောင့် လက်နက်ကိုင်တော်လှန်ရေးရဲ့ ကြမ်းတမ်းမှုနဲ့ အရိုင်းဆန်မှုဟာ လက်ရှိ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကြား ယဥ်ပါးနေတဲ့ ဒီပလိုမေစီ ဟန်ဆောင်ယဥ်ကျေးမှု၊ နိုင်ငံကြီးတွေက လမ်းကြောင်းတဲ့ ဖိနှိပ် ထိန်းချုပ်ခံ တည်ငြိမ်ရေး၊ ဂလိုဘယ်စျေးကွက်နဲ့ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုတွေအောက်မှာ ပစ်ပယ်ခံ တော်လှန်ရေးတရပ် ဖြစ်ခဲ့ရတယ်။

ဒီအကျိုးဆက်က ပြည်တွင်းစုစည်းမှုဟာ တော်လှန်ရေးအောင်မြင်မှုအတွက် မဖြစ်မနေ လိုအပ်ချက်တခု ဖြစ်လာရတာပဲဖြစ်တယ်။ ဒီလိုအပ်ချက်ကို တော်လှန်ရေးဟာ အတွေးအခေါ်အရမဟုတ်ဘဲ အတွေ့အကြုံနဲ့မှ လက်ခံမယ်ဆိုရင် ခါးသီးတဲ့ ဆုံးရှုံးမှုတွေကို (ဆက်လက်) ဖြတ်သန်းကြဖို့ ဖြစ်လာမယ်။

၂၀၂၀ ပြည့်နှစ်တွေကစလို့ ကမ္ဘာ့ ပထဝီနိုင်ငံရေး တွန်းကန်မှုတွေဟာ ဆက်တိုက် ပေါ်ထွက်နေတာဖြစ်တယ်။ နိုင်ငံတကာနဲ့ ပြည်တွင်း နိုင်ငံရေး စစ်ရေး အပြောင်းအလဲတွေကလည်း နေ့စဥ်နဲ့အမျှ ဖြစ်ထွန်းနေတယ်။ ဒီအပြောင်းအလဲတွေကို ကောင်းစွာ စီးနင်းလိုက်ပါနိုင်မယ့် တော်လှန်ရေးဦးဆောင်မှုတခုဟာ မကြာခင် ပုံပေါ်လာဖို့ လိုအပ်နေတယ်။

ရွေးကောက်ပွဲဟာ အဖြေမဟုတ်ပါဘူးဆိုရင် ရွေးကောက်ပွဲဟာ မေးခွန်းတခုဖြစ်တယ်။ တော်လှန်ရေးဦးဆောင်မှုက ဒီမေးခွန်းကို ၂၀၂၆ ဖေဖော်ဝါရီ စစ်အာဏာသိမ်း ၅ နှစ်မပြည့်မီ ကောင်းစွာ ဖြေဆိုနိုင်ဖို့ အခြေအနေတွေက ဆက်လက် တောင်းဆိုနေတယ်လို့ သုံးသပ်ရမှာဖြစ်တယ်။

About The Call 735 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*