ကောင်းကင်ဘုံရှိရာ အရပ်

by The Call
‘ကောင်းကင်ဘုံရှိရာ အရပ်’
◼️ ညီလင်းအိမ်
သွေးပျက်အနိဌာရုံများရဲ့ ဝေးရာအရပ်ကနေ ဖြစ်ပျက်နေတဲ့ မိမိတို့ပြည်ကို ပြန်လည်မျှော်ကြည့်ခြင်းအဖို့မှာ စိတ်ခံစားချက်တွေက ဘယ်လိုတွေ ရှိနိုင်မလဲ။ ဒီအရာတွေက ရုပ်ရှင်ကားတကားကို ကြည့်နေရသလို။ ဒါမှမဟုတ် အဲဒီဇာတ်လမ်းထဲက ဇာတ်ကောင်တယောက်လိုပဲ ဖြစ်သွားရသလို။ အဝေးတနေရာက မိမိနဲ့သက်ဆိုင်ရာ မိသားစုတွေအတွက် စိတ်ပူ ဒေါသထွက် ကြေကွဲရတဲ့ စိတ်ခံစားချက်တွေ အဖုံဖုံ။
ဂျူးမိသားစုကလေး တစုကလည်း ကျနော်တို့တွေ ထိုင်းနိုင်ငံကနေ စစ်မက်ဖြစ်ပွားနေတဲ့ မိမိနိုင်ငံက ဟစ်တလာလို မိစ္ဆာကောင်တွေ နှိပ်စက်နေတဲ့ အရာ‌တွေကို သောကအပူအပင်တွေများစွာနဲ့ ငေးကြည့်ခဲ့ရသလိုပဲ သူတို့တွေကလည်း ဟစ်တလာရန်ကို ကြောက်လို့ အာဖရိကမြေကို ရောက်ခဲ့ရတာ။ အဲဒီရပ်ဝေးမြေခြားကနေ ဖြစ်လာတဲ့ စိတ်အခြေအနေတွေဟာ ဒီရုပ်ရှင်ရဲ့ ပြဆိုမှုဖြစ်တယ်။
Jettel တယောက် သူမရဲ့ ရှစ်နှစ်အရွယ် သမီးကလေး Regina နဲ့အတူ အာဖရိကမြေကို စရောက်တော့ ဂျာမန်ပြည်မှာ ဟစ်တလာရဲ့ ဘုန်းမီးနေလတောက်ပမှုက အထွဋ်အထိပ်ပေါ့။ ဒီလိုအာဏာရလာတာနဲ့ အမျှ ဂျူးတွေဟာလည်း သူ့ရဲ့နင်းချေဝါးမျိုမှုကို တစတစနဲ့ ပိုခံလာရပြီ။
အာဖရိကမှာတော့ စစ်ရဲ့အငွေ့ကို စိုးစိတောင်မှ မမြင်ရ မကြားရ။ အာဖရိသားတွေမှာ လောဘဆိုတာမှ မရှိတာဘဲလေ။ လောဘဆိုတဲ့ စကားအဓိပ္ပါယ်က သူတို့လူမျိုးစုတွေကြားမှာ ရှိတောင် ရှိပါ့မလား မသိ။ ခေါင်ပြာလှတဲ့ တောတောင်အလယ်မှာပဲ အဝတ်နံငယ် ပါလေရုံမျှနဲ့ နေနေကြတဲ့သူတွေ။ ကိုလိုနီလူဖြူတွေက သူတို့ဆီမှာ နယ်လာချဲ့နေလို့လည်း ခံပြင်း နာကျင်ရကောင်းမှန်းလည်း မသိရှာလောက်အောင် ရိုးအဖြူစင်လှတဲ့ တိုင်းသားတွေ။ သူတို့တွေလာမှသာ ငွေကြေးဆိုတာကို နည်းနည်းနားလည်လာတဲ့ လူတွေပေါ့။ ဘာပဲဖြစ်ဖြစ်လေ သူတို့တွေမှာ ကျောခင်းစရာမြေကြီးရယ်၊ စားစရာ အနည်းငယ်ရယ်နဲ့ သောက်စရာရေရှိရင် လုံလောက်ပြီ မဟုတ်လား။ ငွေကြေးဂုဏ်သိမ်ဆိုတာ အိပ်နေကြ သစ်ပင်အောက်က နေထိုင်ရတဲ့ စိတ်လက်သက်သာမှုထက် ဘာတွေပိုလွန်နေသလဲ။ သူတို့အတွက် အဲဒါတွေနဲ့ ဘာထပ်လုပ်ရမှာလဲ။
ဂျာမန်မြို့ကြီးသူ Jettel မှာ စရောက်ရောက်ခြင်း လျှပ်စစ်မီးမရှိ။ ရေရှား ခေါင်ပြာလှတဲ့ အာဖရိကမြေမှာ အသားမကျနိုင်။ သမီးကလေးကတော့ သူတို့ဆီမှာ စားဖိုမှုးလုပ်ပေးနေတဲ့ အာဖရိကန်ဦးကြီးကြီးကို ခဏချင်းပဲ ဖခင်ကိုယ်ပွားတယောက်လို ချစ်ခင်မိသွားနေပြီ။ Jettel မှာ အာဖရိကမြေကနေ ဂျာမန်ပြည်ကို လွမ်းနေတယ်။ ပြီးတော့ မိခင် ဖခင်တွေမှာရော နာဇီတွေရဲ့ လက်အောက်မှာ ဘာဖြစ်နေပြီလဲ မသိ။ စစ်ရဲ့ ရိုက်ပုတ်မှုတွေကို သူမ ကောင်းကောင်းမသိရ။ အနီးက သူလို ဂျူးလူမျိုး မိတ်ဆွေဆီမှာရှိတဲ့ ရေဒီယိုကြီးကနေပဲ စစ်သတင်းတွေကို ကြားသိရတာ။ တခါတလေမှ လာတဲ့ စာကလေးတွေကနေမှ အခြေအနေကို သိရတာ။ ဒါတောင် နာဇီတွေက ဂျူးတွေဆိုရင် စာအလုံးနှစ်ဆယ်ပဲ ရေးခွင့်ပေးသတဲ့။
ပြီးတော့ ခင်ပွန်းနဲ့အကြားက သံယောဇဉ်။ သူတို့နှစ်ယောက်ဟာ ဘယ်လိုသံယောဇဉ်တွေနဲ့များ လက်ထပ်ခဲ့မိကြသလဲ ဆိုတာကို တွေးရခက်လွန်းနေသလိုပဲ။ အိမ်အလွမ်းတွေ၊ စစ်ကပေးတဲ့ စိတ်လက်သောကတွေကနေ ခုလို ပြန်ဆုံကြရတော့လည်း သူတို့အကြားမှာ အေးစက်စက် ဖြစ်နေကြရပြီ။ ပျိုမျစ်တဲ့အလှတွေနဲ့ မြို့ကြီးသူ သူမမှာ ဒီလို တောတောင်ထဲမှာ ကြာရှည်စွာ နေထိုင်ဖို့ဆိုတာ အင်မတန်မှ ကြီးလှတဲ့ ဒုက္ခဖြစ်တယ်။ ဘယ်လိုမှ အသားကျစေမယ့် ဒေသ မဟုတ်ဘူးလို့ပဲ ထင်နေတယ်။
ဒီလိုနဲ့ပဲ အာဖရိကရဲ့ လတ်ဆတ်တဲ့ လေပြည်ရိုင်းတွေ။ ဖုန်ငွေ့တွေကို သယ်လာတဲ့ လေပွေရူးတွေထဲမှာ အရိုင်းမြေထဲက ပကတိအလှတရားတွေကို မြင်လာရတာ ဖြစ်တယ်။ သူတို့တွေမှာ လူတွေရဲ့ ဒေါသမောဟလွန်ကဲမှုကြောင့် ဖြစ်လာတဲ့ စစ်ရဲ့ရိုက်ခတ်မှု သတ်ပွဲ ဖြတ်ပွဲတွေကို လိုက်လံတုပဖို့ မရှိကြဘူး။ လူဖြူတွေ ကျူးကျော်အခြေချလာတဲ့ ဒီနယ်မြေမှာ သူတို့ခိုင်းစေတာတွေ လုပ်ကြရလို့လည်း မကျေနပ်နေတာမျိုးတွေ မတွေ့ရ။ ခင်ပွန်းသည်ဖြစ်သူနဲ့အတူ နွားတွေမွေးကြ၊ နွားတွေကျောင်းကြတယ်။
ဖုန်ဆိုးမြေလို ရိုးပြတ်တောများရဲ့ ဟိုမှာဘက်တွေမှာ အာဖရိက နတ်ဘုရားများရဲ့ အချစ်စွမ်းအားတွေကြောင့် မဟူရာရောင်တောက်ပနေတဲ့ သူတို့အလှတရားများရဲ့ အပေါ်က သောက်ရှုးကြယ်များလို တောက်ပနေတဲ့ မျက်ဝန်းကလေးတွေဆီမှာ ဘယ်လို ရမ္မက်တွေ၊ အမျက်ဒေါသတွေ၊ အလိုမကျ ဖြစ်မှုတွေကို ရှာဖွေတွေ့နိုင်ဖွယ်မရှိ။ ရှိမယ့် ရှိလာခဲ့ရင်တောင် အဲဒီ ခပ်လိုက်တဲ့ အဆိပ်တွေဟာ ယဉ်ကျေးမှုတွေကို သယ်လာပါတယ် ဆိုတဲ့ လူဖြူတွေဆီက ရခဲ့တဲ့ ဆိုးမွေတွေ ဖြစ်မှာပေါ့။
သူမတို့ဒေသက အာဖရိက ကျေးလက်သူကျေးလက်သားတွေကတော့ တောကြိုအုံကြားအလယ်က အိမ်ကလေးတွေမှာ ခပ်ပျော်ပျော်ပါပဲ။ ထို့အတူ သူမတို့ရဲ့ သမီးကလေးကလည်း အာဖရိကရဲ့ အ‌ရိပ်အငွေ့တွေ လွှမ်းခြုံစပြုလာပြီ။ ဒီမြေဟာ သူ့ရဲ့ပကတိ မွေးရပ်မြေလိုတောင် ထင်လာတဲ့ပုံ။ အင်မတန်မှ ရိုးသားဖော်ရွေလွန်းလှတဲ့ စာဖိုမှုးကြီးက သူမရဲ့ သမီးကလေးကို အရမ်းချစ်ရှာသတဲ့။ အမြဲအရိပ်တကြည့်ကြည့်နဲ့ ချီပိုးပြီး ရပ်ထဲရွာထဲကို ခေါ်သွားတတ်တယ်။ ခုဆို သမီးကလေးကလည်း ဒေသခံစကားတွေကို ကောင်းကောင်းပြောတတ်နေပြီလေ။
သူမမှာတော့ အိမ်အလွမ်းတွေ။ ခင်ပွန်းသည်နဲ့ အဆင်မပြေမှုတွေ။ စစ်ပွဲက လှမ်းပေးတဲ့ စိုးရိမ်သောကတွေ အကြားမှာ အာဖရိကမြေက အလှတရားတွေကို မသိမြင်နိုင်သေးဘူး။ သောကတွေနဲ့အတူ နှစ်တွေကို တရိပ်ရိပ် ဖြတ်နေရတယ်။ နောက်တော့ အာဖရိကကို နယ်ချဲ့ထားတဲ့ ဗြိတိသျှများရဲ့ လာရောက်ခေါ်ငင်မှုကနေ ခင်ပွန်းသည်နဲ့အတူ အကျဉ်းသား သဘောမျိုး ဖြစ်သွားရတယ်။ သို့ပေတဲ့လည်း သူမတို့က ဂျူးအနွယ်ဖွားတွေ ဖြစ်ကြတော့ အကျဉ်းသားများအဖြစ် ခွဲခြားတာမျိုးတော့ မရှိပါဘူး။ အဲဒီကြမှ သူတို့တွေလို အိမ်ပြန်လမ်းပျောက်နေကြတဲ့ မိသားစုတွေကို အများကြီးတွေ့လိုက်ရတယ်။ ဟစ်တလာရှိနေသရွေ့ အိမ်ကို ပြန်ဖို့ဆိုတာ ဖြစ်နိုင်ခြေ မရှိတော့တဲ့ ဂျူးမိသားစုတွေပေါ့။
အာဖရိကမြေပေါ်မှာတော့ မိုးစက်တွေ ကျလာပြီ။ အုံ့ဆိုင်းတောအုပ်တွေဟာ ရုတ်ချည်းအစိမ်းရောင်တွေကို ခြယ်လာပြီ။ တနေရာမှာတော့ သစ်ပင်အောက်လဲလျောင်းနေတဲ့ အဖွားအိုက ခန္ဓာဝန်စလွယ်ကြီးကို လွှတ်ချရဖို့အတွက် ထွက်သက်ဆုတ်ခွာမယ့် အချိန်ကို ‌ ‌သေငယ်ဇောနဲ့ စောင့်မျှော်နေရှာတယ်။ ဒါက သူတို့ အာဖရိက ဒေသရဲ့ ရိုးရာဓလေ့ပဲတဲ့။ သေးမျှင်လှတဲ့ အမဲခြောက်တုံးကလေးတတုံး လဲလျောင်းနေသလို ဖြစ်နေတဲ့ အဲဒီအဖွားအိုကို မြင်ရတော့ အိမ်က မိဘတွေကို လွမ်းဆွတ်စိုးရိမ်စိတ်နဲ့ ရင်ကွဲနာကျင်နေရတဲ့ သူမမှာ မျက်ရည်မဆည်နိုင်။ အနားကို ပြေးရှာတယ်။ အော်ဟစ်အကူအညီတောင်းတယ်။ သို့တိုင်အောင် ဘေးနားက ဒေသခံတွေကတော့ ပြုံးပြီး ကြည့်နေကြတယ်။ ဘယ်လောက်ထူးဆန်းဖွယ်ရာ စိတ်လက်ခံယူမှုတွေလဲ။
လူသားတိုင်းနီးပါးက လူဖြစ်ရတဲ့အမှု လက်လွတ်ဆုံးရှုံးရမှာကို အသက်ကြီးလာလေ။ ပိုင်ဆိုင်မှုတွေများလာလေ ပိုမိုတွယ်မက်လာလေ မဟုတ်လား။ သူတို့မှာတော့ တိမ်းပါးရတော့မယ့်အရေး။ ဒီခန္ဓာအိုကြီးကို ထမ်းပိုးထားရမယ့်အရေးကနေ ကင်းလွတ်ခွင့် ရဖို့အတွက် ဝမ်းသာနေကြတာတဲ့။ အဖွားအိုဟာ ဒီသစ်ပင်ရိပ်အောက်မှာပဲ ထွက်သက်မကုန်ဆုံးသရွေ့ မျောနေလိမ့်မယ်။ အားလုံးကလည်း ဒီလို စွန့်လွှတ်ခရီးဆက်မှုအတွက် ကောင်းချီးဩဘာပေးကြပါလိမ့်မယ်။ သူ့လိုပဲ အခြားဒေသခံတွေဟာလည်း အိုမင်းလာပြီဆိုတာနဲ့ မိသားစုကို စွန့်ပြီး တောထဲကိုပဲ ထွက်သွားကြတယ်။ တနေရာမှာပဲ အနိစ္စတရားကို ပက်ပင်း ရင်ဆိုင်တွေ့ဖို့ လဲလျောင်းရင်း စောင့်မျှော်ကြတယ်။
ပြန်စရာအိမ်မရှိတော့တဲ့ သူမမှာတော့ အာဖရိကမြေမှာ ဆက်လက်ရပ်တည်နိုင်ဖို့ အတွက် ကြိုးစားရပါဦးမယ်။ အရင်းရှင်လူဖြူတွေဟာ ရိုးသားနုံချာလှတဲ့ ဒေသခံတွေကို ကျွန်တွေသဖွယ်သဘောထားပြီးတော့ အိမ်ကြီးရခိုင်ကြီးတွေထဲမှာ အခန့်သားနေထိုင်နေကြချိန်မှာ သူမတို့ကတော့ ကျေးလက်ဘက်ကိုပဲ ခရီးဆန့်ခဲ့ပါတယ်။
အဲဒီမှာ အိမ်ဆောက်မယ်။ ဒေသခံတွေနဲ့အတူ ယာစိုက်မယ်။ မွေးမြူရေး လုပ်မယ်ဆိုပါတော့။ ချစ်ခြင်းမေတ္တာရဲ့ ပကတိရှိမှုကို အာဖရိကမြေက အလှတရားတွေနဲ့အတူ ယှဉ်တွဲ မမြင်နိုင်ကြသေးတဲ့ သူမနဲ့ သူမခင်ပွန်းသည်ကတော့ ဒီအတိုင်း အဝေးမှာ စစ်ကိုရှောင်တိမ်း ပုန်းအောင်းနေတာဟာ မလုံလဲလှဘူး။ စစ်ပွဲထဲကို ဝင်နွှဲမယ်ဆိုရင်းနဲ့ပဲ ဗြိတိသျှတပ်သားတွေနဲ့အတူ ထွက်ခွာသွားလေရဲ့။
အာဖရိကမှာ ကျန်ရစ်ခဲ့လေတဲ့ သူမမှာတော့ ကျေးလက်သူစစ်စစ်ကြီး ဖြစ်လာအောင်ပဲ ကြိုးစားရုံပေါ့။ အနားမှာရှိတဲ့ သမီးကလေးကလည်း ကြီးကောင် ဝင်သထက်ဝင်လာပြီ။ သူကလေးရဲ့ ဘဝအတွက် ပညာသင်ခွင့်ရဖို့ ဆက်လက်စီမံရဦးမယ်။ နုနယ်ပျိုမျစ်နေသေးတဲ့ သူမဘဝအဖို့ရော ချစ်ခြင်းမေတ္တာတရားနဲ့ ကိုယ်လက်နှီးနှောခြင်း တကိုယ်ရည် ရပိုင်ခွင့်တွေကရော ဘယ်ဆီမှာလဲ။ ရပိုင်ခွင့် ရှိဦးမလား မသေချာသေး။
(2001 ခုနှစ်ထွက် ယခုဂျာမန်ရုပ်ရှင်ဟာ အဲဒီနှစ်မှာပဲ ကျင်းပတဲ့ ဟောလိဝုဒ် အော်စကာသဘင်မှာ တရုတ်က ဒါရိုက်တာ ကျန်းရိမူ လက်ရာ Hero ကို ကျော်ဖြတ်ပြီး အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြော ဇာတ်ကားတကားအဖြစ်နဲ့ အော်စကာဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်)
ရုပ်ရှင်ရည်ညွှန်း – Nowhere In Africa Movie ( 2001 )

Related Posts

Leave a Comment