မောင်သုည (ရှပ်ပုံသားလေး)
နံနက်ခင်းရောင်နီက တောင်တန်းတွေရဲ့နောက်ကနေ ထွက်လာနေပြီ။ ကျနော်နဲ့ ရဲဘော်တချို့က ရှေ့တန်းကပြန်လာပြီး ကျနော်တို့စခန်းရဲ့အလယ်မှာ ထောင်ထားတဲ့ အလံနီနဲ့ကြယ်ဖြူအောက် စကားဝိုင်း ကောင်းနေကြတယ်။ ရဲဘော်တယောက်က တော်လှန်ရေး အရှိန်မြင့်လာတာနဲ့ ပတ်သက်ပြီး ကျနော့်ကိုမေးတယ်။
”ဒီချိန်မှာ ပြည်သူတွေ ကျနော်တို့ဘက်မှာ ဘယ်လိုပုံစံနဲ့ ရပ်တည်ပေးသင့်သလဲ ဆရာ”
“အေး … ပြောရရင်တော့ ရှည်ကြီးပဲ။ တော်လှန်ရေး အရှိန်မြင့်လာတာနဲ့ပတ်သက်ပြီး ပြည်သူတွေ ဘယ်လိုရပ်တည်သင့်သလဲဆိုတာ ငါတို့ မစ်ရှင်တခုမှာ ကြုံခဲ့ရတဲ့ အမျိုးသမီးတယောက်အကြောင်း ဖောက်သည်ချပြရဦးမယ်။ စိတ်တော့နည်းနည်းရှည်ကြ။”
ဒီလိုကွ။ လွန်ခဲ့တဲ့ လပိုင်းလောက်ကပေါ့။ ရွာတရွာကို ငါတို့မစ်ရှင်တခုလုပ်တယ်။ အဲဒီမစ်ရှင်က သေနတ်နှစ်လက်နဲ့ ကျည်တချို့ရပြီး အောင်မြင်ခဲ့ပေမယ့် အဲဒီရွာက ပုစဥ်တောင်မှာ ငါတို့သောင်တင်နေခဲ့တယ်။
ရွာထဲမှာလည်း စစ်မိစ္ဆာတွေက တွေ့ရာလူကို ဖမ်းဆီးရိုက်နက်ပြီး လူတံတိုင်းလုပ် ငါတို့ကို နေရာအနှံ့ရှာနေကြတာ။ ဒါပေမယ့် ပြည်သူမေတ္တာကြောင့် ထင်ပါရဲ့၊ စစ်မိစ္ဆာတွေဟာ ငါတို့ပုန်းခိုနေတဲ့ ပုဇဥ်တောင်ကို မရောက်လာဘူး။ အမှန်က ဒီကောင်တွေ တောနင်းရှာရင် ငါ့တို့ရဲဘော်အားလုံး သေပွဲဝင်ရမှာကတော့ သေချာသလောက်ပဲ။
ဒီလိုနဲ့ပဲ နေလုံးကြီးက ငါတို့ခေါင်းပေါ်ကို ရောက်လာတယ်။ ငါတို့အားလုံး ရေက ငတ်၊ ဗိုက်ကလည်း ဆာလောင်လို့ ဂလုဂလုမြည်နေကြပြီ။ ငါက ဒီလိုနေလို့ မဖြစ်မှန်းသိတော့ ရဲဘော်တာဇံကိုခေါ်ပြီး တောင်ပေါ်ကဆင်းသွားတယ်။ နီးစပ်ရာ တဲအိမ်ကလေးတ စ်ခုကို ချည်းကပ်သွားတယ်။ ယာတဲသာသာအိမ်ကလေးတလုံးတွေ့တော့ ငါက တဲအိမ်နောက်ဖေးပေါက်က လှမ်းချောင်းကြည့်လိုက်တယ်။ တဲအိမ်ထဲမှာ အသက်ခပ်ငယ်ငယ် ကလေးနှစ်ယောက် ထမင်းစားနေတယ်။ ဆံပင် ပခုံးပေါ်ဝဲကျနေတဲ့ အမျိုးသမီးတယောက်က ဘာအသား ခုတ်ထစ်နေမှန်း မသိဘူး တဒုန်းဒုန်းနဲ့။ ဒီလိုနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ပြီး ရဲဘော်တာဇံကို ငါက မျက်စပစ်ပြလိုက်တယ် ။
ရဲဘော်တာဇံက –
”ဟေ့ …. မလှုပ်နဲ့” ဆိုပြီး သေနတ်နဲ့ချိန်တယ်။ အမျိုးသမီးက တုန်လှုပ်ခြင်းမရှိ လက်မြှောက်ထားလိုက်တယ်။ နောက်တော့ ငါက –
”ခင်ဗျား အသံမထွက်နဲ့နော်။ ကျုပ်တို့က လက်နက်ကိုင် တော်လှန်ရေးသမားတွေ၊ ကျုပ်တို့ အကူအညီတခုလိုနေတယ်။ အခု ကျုပ်နဲ့ အေးအေးဆေးဆေးလိုက်ခဲ့။ ခင်ဗျားကို အန္တရာယ်မပြုဘူး” လို့ ငါကပြောလိုက်တော့ အမျိုးသမီးက အကြောက်အလန့်ကင်းကင်းနဲ့ တည်တည်ငြိမ်ငြိမ် ငါတို့ခေါ်ရာနောက် ကလေးနှစ်ယောက်ကိုခေါ်ပြီး လိုက်ပါလာတယ်။
အဲဒီနောက် အမျိုးသမီးက ချောင်းကမ်းတနေရာကို ခေါ်လာပြီး အသင့်ရှိနေတဲ့ လှေတစီး၊ တံငါသည်တယောက်နဲ့ ငါတို့ရဲဘော်အားလုံးကို လူသူမရှိတဲ့ ရေအလယ်ဘုရား ကျောက်ဆောင်တနေရာကို ပို့လိုက်တယ်။ အဲဒီကျောက်ဆောင်မှာ လှေနှစ်စီးစောင့်နေတယ်။ ငါတို့အတွက် ထမင်းတွေ၊ မုန့်တွေ၊ အအေးတွေ၊ ဆေးဝါးတွေ ယူလာပေးတာတဲ့။ ငါတို့လည်း အံဩဘနန်းဖြစ်သွားတယ်။ အချိန်ကလည်း ညနေစောင်းသွားပြီ။
ဒါနဲ့ပဲ မစ်ရှင်မှာ ဒဏ်ရာရလာတဲ့ ရဲဘော်ကို ဆေးထည့်ပေးပြီးနောက် ရဲဘော်တွေက တနေကုန်မောပန်းပြီး ဆာလောင်မှုနဲ့ အငမ်းမရ ထမင်းနဲ့မုန့်ကို အတိုးချ စားသောက်ပစ်လိုက်ကြပြီးမှ ထမင်းလာပို့တဲ့ တာဝန်ရှိတဦးကို ငါကမေးတယ်။
“ဒါနဲ့ အဲဒါတွေက ဘယ်သူက စီစဥ်ပေးတာလဲဗျ”
“အဲဒီမေးခွန်းအတွက် စိတ်မကောင်းဘူး။ အရေးကြီးတာ အရင်ပြောရအောင်။ ဒီည ခုနစ်နာရီခွဲမှာ လှေကြီးတစီး ဒီကို ဆိုက်လာလိမ့်မယ်။ အဲဒီလှေနဲ့ အကိုတို့ တော်လှန်ရေးစခန်းတခုကို ရောက်ပါလိမ့်မယ် တဲ့”
ငါကလည်း –
”ခင်ဗျားတို့ကို ကျုပ်တို့ ဘယ်လိုယုံရမလဲ” လို့ ဆက်မေးတဲ့အခါ –
”အဲဒီအတွက် မပူပါနဲ့။ ကျနော်တို့က ကောင်းကင်မရှိတဲ့ ကြယ်တွေပါ။ အကိုတို့ ဒီကိုရောက်ပြီးမှ ဘာအန္တရာယ်မှ တွေ့တော့မှာ မဟုတ်ပါဘူး။ ကျနော်တို့ အာမခံပါတယ် ” လို့ ပြန်ဖြေတယ်။
ငါ သူ့မျက်ဝန်းတွေကို တစိမ့်စိမ့် အကဲခတ်နေမိတယ်။ ဟုတ်တယ် သူ့မျက်ဝန်းမှာ ရိုးသားမှုတွေက အထင်သားမြင်ရတယ်။ ဒါနဲ့ပဲ ငါတို့ရဲဘော်တွေနဲ့ တိုင် ပင်ပြီး ဒီအစီအစဥ်ကိုလက်ခံလိုက်တယ်။ နောက်တော့ လူတယောက်က –
”ဒီည စကားဝှက်က ကျားသခင်။ လှေရောက်လာရင် အဲဒီစကားဝှက်မှန်မှ တက်လိုက်ရမယ်” လို့ပြောပြီး ပြန်သွားကြတယ်။
ငါတို့လည်း သူတို့ပေးတဲ့ စကားဝှက်ကို အသေချာမှတ်ထားပြီး သူတို့ကို အလေးပြုပေးလိုက်တယ်။ သူတို့လည်း ငါတို့ကို အလေးပြန်ပြုသွားကြတယ်။
ညဥ့်ဦးယံချိန်ရောက်တော့ ဝါးတန်းလှေတစီး မီးအချက်ပြပြီး ငါတို့ရှိတဲ့ ရေလယ်ဘုရားကို ဆိုက်လာတယ်။ စကားဝှက်မေးတော့ ကျားသခင်တဲ့။
အသားခပ်မည်းမည်း ပိန်ပိန်သွယ်သွယ် ယောက်ျားတယောက်က လှေပေါ်ကနေ လက်ညှိုးသုံးချောင်းထောင်ပြီး ငါတို့ကို ဝမ်းပန်းတသာ ပြုံးပြနေတယ်။ရဲဘော်တွေလည်း စကားဝှက်မှန်တာနဲ့ လှေပေါ် ခပ်သွက်သွက် တက်လိုက်ကြတယ်။ စခန်းရောက်ချင်ဇောက ကြီးစိုးနေပြီကိုး။
လှေပေါ်မှာလည်း ပင်လယ်စာတွေ လုပ်ထားတယ်။ ငါတို့အတွက်တဲ့။ ရဲဘော်တွေလည်း ပင်လယ်စာ မစားရတာကြာတော့ ငတ်ကြီးကျကျနဲ့ အဝအတင်းစားပြီး လှေပေါင်းမိုးထဲ ဝင်တိုးပြီး အနားယူနေကြတယ်။
လှေသမားကတော့ –
”စိတ်ချလက်ချ အနားယူကြ။ ကျနော် စခန်းအရောက်ပို့ပေးမယ် ဗိုလ်ကြီးတဲ့”
လှေကို သူ့တယောက်တည်း ခုတ်မောင်းနေတယ်။ ငါကတော့ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း လှေသမားကို အကဲခတ်နေရတာပေါ့။ ဒါနဲ့ပဲ ဒီလှေနဲ့တညလုံးခရီးနှင်လာပြီး အရုဏ်တက်ချိန်ရောက်တော့ ငါတို့မဟာမိတ် တော်လှန်ရေးသမားတွေရှိတဲ့ စခန်းတခုကို ရောက်လာတော့တယ်။ စခန်းရောက်တော့မှ တပ်ခွဲမှူးတယောက်ကို ငါက မေးကြည့်တယ်။
”ကျနော်တို့ကို ဒီလိုတောက်လျှောက် ကူညီခဲ့တာ အကိုတို့အဖွဲ့ကလားဗျ”
တပ်ခွဲမှူးက –
”မဟုတ်ဘူး။ မင်းတို့ တဲအိမ်ထဲက ဖမ်းခေါ်သွားတဲ့ အမျိုးသမီးပဲ။ သူ့နာမည်က ဒေါင်းပုံ။ ငါတို့ တော်လှန်ရေးလောကမှာတော့ ကျားသခင်မြရီလို့ ခေါ်ကြတယ်။ မင်းတို့လုပ်တဲ့မစ်ရှင်မှာ မရှုမလှ သေပွဲဝင်သွားခဲ့ရတဲ့ လူနှစ်ယောက်က ကျားသခင်မြရီရဲ့ ယောက်ျားနဲ့သားပဲ”
”ဟင် ….”
”ဟုတ်တယ်။ သူ့ယောက်ျားက အရင်က စစ်မှုထမ်းဟောင်းဆိုပဲ။ အောက်ပြည်အောက်ရွာကတဲ့။ ကျားသခင်မြရီနဲ့ အိမ်ထောင်ကြပြီးမှ ဒီဘက်ကို ရောက် လာတာ။ သားတယောက်ကတော့ ကျားသခင်မြရီ အရင်ယောက်ျားနဲ့ ရတဲ့သား”
ငါ့မှာ အံ့အားသင့်သွားရတယ်။ ကျားသခင်မြရီမျက်နှာကို မြင်ယောင်ပြီးလည်း ငါ့ရင်ခုန်သံက ပိုမြန်လာတယ်။ မင်းတို့ အသေချာစဥ်းစားကြည့်၊ ကျားသခင် မြရီသာ စစ်အာဏာရှင်တွေရဲ့ အားပေးအားမြှောက်သူ လက်ပါးစေတယောက် ဖြစ်ခဲ့မယ်ဆိုရင် ငါတို့ဟာ ကျားပါးစပ်ထဲရောက်သွားတဲ့ သားကောင်တွေပဲ။
အခုတော့ ဒီလိုမဟုတ်။ ကျားသခင်မြရီက တော်လှန်ရေးသမား၊ ကောင်းကင်မရှိတဲ့ ကြယ်။ သူ့အသွေးအသား ဆုံးရှုံးသွားတာတောင် တော်လှန်ရေးက သူ့အသက်ပဲ။
”နေပါဦးဗျ။ ကျနော်မသိလို့ မေးပါဦးမယ်။ အဲဒီမစ်ရှင်တုန်းက သေသွားတဲ့သူတွေက သူ့သားနဲ့ သူ့ယောက်ျားဆိုတာ မသိလို့များ ကူညီခဲ့တာလား ဆရာ”
ရဲဘော်တယောက်က မေးတယ်။
”ဘယ်ဟုတ်မလဲ ။ ငါတို့မစ်ရှင် ဒီလို အောင်အောင်မြင်မြင်ဖြစ်ဖို့ ကျားသခင်မြရီကပဲ ကင်းထောက်လုပ်ပေးခဲ့တာ” တဲ့။
ပြီးတော့ “ငါတို့ ပုဇဥ်တောင် မရောက်ခင်ကတည်းက ဒီ ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရပြီ ဆိုတဲ့သတင်းကြောင့် တရွာလုံး ကခုန် ပျော်နေကြတာတဲ့။ တနေ့နေ့ကျရင် သူ့ယောက်ျား ဒီလိုအဖြစ်ဆိုးနဲ့ ကြုံရမယ်ဆိုတာလည်း ကျားသခင်မြရီ ကြိုတွေးထားပြီးသား” တဲ့။ တပ်ခွဲမှူးက ပြောပြတာ။
ဒါကြောင့်ပဲ ငါတို့ သူ့ကို အကူအညီတောင်းတုန်းက သူ့မျက်ဝန်းမှာ မျိုးချစ်စိတ်ဓာတ်ကို ကောင်းကောင်းခံစားနေမိတာပေါ့။
“နောက်ပြီး ရေလယ်ဘုရားမှာ ငါတို့ကို ကူညီခဲ့တဲ့လူတွေက ကျားသခင်မြရီအဖွဲ့က လူတွေပဲ။ သူတို့က ကျားသခင်မြရီ နာမည်နဲ့ မြို့တွေ ရွာတွေမှာ ငါတို့လို ရဲဘော်တွေကို ပံ့ပိုးပေးနေကြတာ”
ရဲဘော်တွေအားလုံး စိတ်ဝင်တစား နားထောင်နေကြတယ်။
”မင်းတို့သိလား ။ တချို့ကြယ်တွေက သမိုင်းရှိတယ်။ နာမည်ရှိတယ်။ ဒါပေမယ့် ကောင်းကင်မရှိကြဘူး။ တချို့ကြယ်တွေကျတော့ သမိုင်းရှိတယ်။ ကောင်းကင်ရှိတယ်။ နာမည်မရှိကြဘူး။ ကောင်းကင်ဆိုမှ တလက်စတည်း ကြုံကြိုက်လို့ ပြောရဦးမယ်။ လေရှည်တယ်မထင်နဲ့။
ဗိုလ်ချုပ်အောင်ဆန်းလက်ထက် ၁၉၄၀ -၄၁ လွတ်လပ်ရေးမရခင်မှာ တို့ဗမာအစည်းအရုံးဖွဲ့ပြီး သခင်တွေ လွတ်လပ်ရေးရဖို့ ကြိုးစားနေတဲ့ချိန်မှာ လွတ်လပ်ဖို့အတွက် တရားဟောတဲ့ သခင်နုနဲ့ သခင်သန်းထွန်း ရန်ကုန်မှာ အဖမ်းခံခဲ့ကြရတယ်။
တချိန်တည်းမှာပဲ သခင်အောင်ဆန်းနဲ့ (ကျုံမငေး) သခင်တင်မောင်က ဟင်္သာတမှာ တရားသွားဟောနေတယ်။ တရားဟောတဲ့အချိန်မှာလည်း သခင်အောင်ဆန်းကို ဆုငွေထုတ်ပြီး တရားပွဲကဆင်းတာနဲ့ ဝင်ဖမ်းကြဖို့ ဗြိတိသျှပုလိပ်တွေက တရားပွဲကိုလာဝိုင်းတယ်။
သခင်အောင်ဆန်းနဲ့ (ကျုံမငေး)တင်မောင်တို့က ဗြိတိသျှပုလိပ်တွေ ဝိုင်းတာလည်းသိရော တရားပွဲကနေ သခင်အောင်ဆန်းနဲ့ (ကျုံးမငေး)သခင်တင်မောင်တို့ အဲဒီလူအုပ်ထဲကနေထွက်ပြီး လမ်းမပေါ်ရောက်သွားကြတယ်။
လမ်းမပေါ်ရောက်ပြီး ထွက်ပြေးမယ်လုပ်တော့ လမ်းမတိုင်း လမ်းမတိုင်းမှာ ဗြိတိသျှပုလိပ်တွေ နေရာအနှံ့ရှိနေကြတယ်။ ဘယ်မှ ပြေးမလွတ်တော့ဘူး။ ပြေးမလွတ်တဲ့ အချိန်ကျတော့မှ သခင်တင်မောင်က အကြံပေးတယ်။
”ကျနော်တို့ လူမျိုးခြားအဖမ်းတော့ မခံဘူး၊ ကျနော်တို့ ဗမာအချင်းချင်း ဖမ်းချင်ဖမ်းပါစေ” ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီအချိန်မှာ ဟင်္သာတရဲ့ ရာဇဝတ်ဝန်ထောက်က မစ္စတာဇေးဗီးယား၊ ဒုတိယရာဇဝတ်ဝန်ထောက်က ဦးလှတော (ဗမာလူမျိုး)။ ဦးလှတောက ICS ဗြိတိသျှအစိုးရက တကယ့်လူယုံအနေနဲ့ ခန့်ထားတဲ့ ဒုတိယအကြီးဆုံး ရာဇဝတ်ဝန်ထောက်။
ဦးလှတောရဲ့ ဇနီးသည်လေးက အင်မတန်ချော အင်မတန်လှ အင်မတန် အသက်ငယ်ပြီးတော့ ဗမာတွေမျက်စေ့ထဲမှာ ကြည့်မရ ထောင့်မကျိုး ဗိုလ်ဆန်တဲ့ကလေးမလေး။ နာမည်ကိုက ယောက်ျားရပြီးတာနဲ့ ”မာရီလှတော” ဆိုပြီးတော့ နာမည်ပြောင်းထားတဲ့ ကလေးမလေး။
သခင်အောင်ဆန်းနဲ့ (ကျုံမငေး) သခင်တင်မောင် ရောက်နေတဲ့နေရာနဲ့ မာရီလှတော အိမ်ခြံကြီးနဲ့နီးတော့ အဲဒီခြံဝန်းထဲကို ဝင်သွားတယ်။ ဝင်သွားတဲ့အချိန် မှာ တိုက်ရဲ့ဆင်ဝင်အောက်မှာ ကားတစီး ရပ်ထားတယ်။ ကားဘေးမှာ လင်မယားနှစ်ယောက် စကားပြောနေတယ်။ ယောက်ျားက ရုံးသွားခါနီးအချိန်မှာ သခင်အောင်ဆန်းနဲ့ (ကျုံမငေး)သခင်တင်မောင်တို့ နှစ်ယောက်က ရောက်သွားပြီး သခင်တင်မောင်က စကားစလိုက်တယ်။
”ကျနော်တို့ လာတာကတော့ …” လို့ ပြောစရှိသေး မာရီလှတောက သူ့ယောက်ျားကို –
”အကို အလုပ်ကို သွားစရာရှိတာသွားတော့ ကျမ ကြည့်ရှင်းလိုက်မယ်” ဆိုပြီးတော့ သူ့ယောက်ျားကို ကားပေါ်တင်ပေးလိုက်တယ်။ သူ့ယောက်ျား ကားမောင်းထွက်သွားတော့မှ မာရီလှတောက –
”ရှင်တို့ ဘာကိစ္စရှိသလဲ” မေးတော့ သခင်တင်မောင်က –
”ခင်ဗျားယောက်ျားဆီမှာ အဖမ်းခံဖို့လာတာ၊ ကျနော်တို့ ဘယ်ကိုမှ ပြေးမလွတ်တော့ဘူး။ အဲဒီ ဗြိတိသျှပုလိပ်တွေထဲမှာ အဖမ်းမခံဘဲ ဗမာအချင်းချင်း အဖမ်းခံချင်လို့ ခင်ဗျားယောက်ျား ဖမ်းမလားဆိုပြီး လာအပ်တာ။ ခု ခင်ဗျားယောက်ျား ထွက်သွားပြီ၊ ခင်ဗျား တယ်လီဖုန်းနဲ့ဆက်၊ နီးစပ်ရာဂတ်ကို ဒါမှမဟုတ် ခင်ဗျားယောက်ျားကို ဖုန်းဆက်ပြီးအကြောင်းကြား ကျနော်တို့ အဖမ်းခံဖို့ အဆင်သင့်ပဲ”
မာရီလှတောက ”ခဏနေဦး” လို့ပြောပြီး အိမ်ထဲဝင်သွားတယ်။ သခင်အောင်ဆန်းနဲ့ (ကျုံမငေး) သခင်တင်မောင်တို့နှစ်ယောက်က သူတို့ကို ဖုန်းဆက်အကြောင်းကြား ဖမ်းခိုင်းမယ်လို့ ထင်နေတဲ့အချိန်မှာ ခနလေးကြာတော့ မာရီလှတော ပြန်ထွက်လာတယ်။ လက်ထဲမှာ ကားသော့လေးတချောင်း ပါလာတယ်။ ပြီးတော့မှ ဂိုထောင်ထဲက ကားတစ်စီးထုတ်လာပြီး –
”ရှင်တို့နှစ်ယောက် နောက်ခန်းကတက်၊ ဝပ်ပြီးလိုက်ခဲ့”
သခင်အောင်ဆန်းနဲ့ သခင်တင်မောင်က မာရီလှတောရဲ့ ဒီအခြေအနေကို အလိုက်သိစွာပဲ ကားနောက်ခန်းမှာ ဝင်ဝပ်လိုက်တယ်။ မာရီလှတောက ကားကိုခြံဝန်းထဲကထွက်ပြီး ဟင်္သာတမြို့ထဲကို ဖြတ်မောင်းလာတယ်။ စစ်ပုလိပ်တွေက ဒါ ရာဇဝတ်ဝန်ထောက်ရဲ့ကား ဆိုတာသိတော့ စစ်ဆေးတာတွေ ရှာတာတွေမလုပ်ဘဲ လွှတ်လိုက်တယ်။ မာရီလှတောနဲ့ သခင်အောင်ဆန်း၊ (ကျုံမငေး) သခင်တင်မောင်တို့ ဟင်္သာတနဲ့ တော်တော်အလှမ်းဝေးတဲ့ ယုန်တလင်းဆိုတဲ့ရွာကို ရောက်သွားတယ်။
ယုန်တလင်းဆိုတဲ့ရွာမှာ နောင်တချိန် အာဇာနည်ခေါင်းဆောင်တယောက် ဖြစ်လာမယ့် မန်းဘခိုင်ရဲ့ ငှက်ပျောတောကြီးထဲမှာ သခင်အောင်ဆန်းနဲ့ (ကျုံမငေး) သခင်တင်မောင်တို့ နှစ်ယောက်ကို ဖွက်ပေးခဲ့တယ်။ နောက်တနေ့မှာ မန်းဘခိုင်က သူ့ငှက်ပျောလှေထဲမှာ ငှက်ပျောခိုင်နဲ့ဖုံးဖိပြီးတော့ သခင်အောင်ဆန်းနဲ့ (ကျုံမငေး) သခင်တင်မောင်တို့ကို ရန်ကုန် ပြန်ပို့ပေးလိုက်တယ်။ နောက်တော့ သခင်အောင်ဆန်းဟာ အမွိုင်ကို လွတ်လပ်ရေးအတွက် ခရီးထွက် သွားခဲ့တော့တယ်။
မင်းတို့ကို အဓိကပြောချင်တာက သခင်အောင်ဆန်းတို့ ကြိုးစားကြလို့ လွတ်လပ်ရေးရခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဗမာလွတ်လပ်ရေးရဖို့ မာရီလှတောရဲ့လုပ်ရပ်က ဘယ်လောက် အရေးပါသလဲ အရေးကြီးသလဲ ဆိုတာပဲ။ ငါတို့မစ်ရှင်မှာလည်း ကျားသခင်မြရီရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်က နွေဦးတော်လှန် ရေးအတွက် ဘယ်လောက်အရေးပါသလဲဆိုတာ မင်းတို့တွေးကြည့်ကြ။
အဲဒီတော့ ဒီနွေဦးတော်လှန်ရေးမှာ မာရီလှတောလို၊ ကျားသခင်မြရီလို တယောက်ချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ပြည်သူလူထုတရပ်လုံး ဉာဏ်ပညာရှိရှိ ကောင်းကင်ဝှက်တဲ့ ကြယ်ပွင့်ပမာ ဝိုင်းတွန်းတင်ပေးဖို့ လိုတယ်။ ဒါဆိုရင် အာဏာရှင်တွေလည်း ဒီထက်မြန်မြန် ကျရှုံးလိမ့်မယ်ဆိုတာ ငါတော့ယုံကြည်မိတယ်”
ရဲဘော်တွေအားလုံးက သူတို့လည်း ယုံကြည်ကြောင်းပြောရင်း နောက်ဆုံးလှိုင်း အိမ်ပြန်မယ့်လှိုင်းကို မျှော် ….
Jul/10/2024
Be the first to comment