ကျနော်တို့အတွက်တော့ ဒီတော်လှန်ရေးဟာ အရိုးကြေကြေ၊အရေခမ်းခမ်း ဆက်တော်လှန်ရမှာပဲ

by The Call
‘ကျနော်တို့အတွက်တော့ ဒီတော်လှန်ရေးဟာ အရိုးကြေကြေ၊အရေခမ်းခမ်း ဆက်တော်လှန်ရမှာပဲ ‘
◼️​မောင်သုည (ရှပ်ပုံသား​လေး)
အချိန်က ည ၇ နာရီ၊ ထိုချိန်ဆို ကျနော်တို့တဲအိမ်ကလေးကို ဦးဖိုးချို၊ ဦးသစ်လွင်၊ ဦးငမိုက်တို့က အချိန်ကိုက် ရောက်လာတတ်သည်။
အကြောင်းကတော့ အဖေ့ ​ရေဒီယိုကို နားထောင်ချင်၍ဖြစ်သည်။ နားထောင်ပြီးသည့်အခါ ​ရေဒီယိုသတ်ပြီး သတင်းတွေကို စုဆောင်းသုံးသပ်ရင်း လေးယောက်သား စကားကောင်းတတ်ကြ၏။
သည်ညလည်း ထိုနည်းလည်ကောင်း ကွမ်းတမြမြ ၊ ဆေးလိပ်တဖွာဖွာနှင့် စကားကောင်းနေကြသည်။
”ဒီရွေးကောက်ပွဲပြီးရင် အခြေအနေတခုတော့ ထူးလာမယ်ထင်တာပဲ”
သည်ကာလများကို အံကြိတ်ပြီးသည်းခံကျော်ဖြတ်နေရသော ဦးသစ်လွင်ဆီက ထွက်လာသည့်စကားဖြစ်သည်။
”မင်း ဘာတွေမျှော်လင့်တာလဲ သစ်လွင်၊ ဒီရွေးကောက်ပွဲက တရားဝင်ရွေးကောက်ပွဲများ မင်းထင်နေတာလား၊ ဒါမှမဟုတ် မင်းရင်ထဲမှာ တရားဝင်ရွေးကောက်ပွဲလို့ သတ်မှတ်လိုက်ပြီလား။ တကယ်ဆို ဒါက မှန်ကန်တဲ့နိုင်ငံရေးထွက်ပေါက် မဟုတ်ဘူး။ ထောင်ချောက်ကြီးသက်သက်ပဲကွ။ တနည်းပြောရရင် အာဏာရှင်တွေရဲ့ ပြည်သူကိုလှည့်စားဖို့ မာယာတမျိုး ”
ဦးငမိုက် ခပ်ဆတ်ဆတ်ဝင်ပြောပြီး ရေနွေးကြမ်းနှင့်ပါးစပ်ကို ပလုတ်ကျင်းလိုက်ပြီး ဆက်ပြောလေ၏။
”ပုလင်းတူ ဗူးဆို့တွေအချင်းချင်းလုပ်တဲ့ ရွေးကောက်ပွဲမှာ ငါတို့ပြည်သူအတွက် ဘာမှမျှော်လင့်စရာမရှိ။ ခွေးကိုတိုက်ပုံအက်ျီဆင်ပေးလို့ လူမွေးသူမွေးပြောင်တယ်ဆိုတာ ရှိဖူးလို့လား သစ်လွင်”
ဦးငမိုက်၏စကားကြောင့် ဦးသစ်လွင်မျက်နှာပျက်ပြီး ခေါင်းစိုက်ကျသွားသည်။
”ဟုတ်တယ် ငမိုက်ပြောတာ ငါလက်ခံတယ်။ ၂၀၂၁ ကတည်းက ငါတို့အသဲကြားက မဲတပြားကို ပြည်သူတွေဆန္ဒအလျောက် မဲပေးခဲ့ပြီးသားပဲ။ အဲဒီအစိုးရက ဘယ်မှာအုပ်ချုပ်ခဲ့ရသေးလို့လဲ။ ဒါကြောင့် ဒီအတုယောင်ရွေးကောက်ပွဲဟာ ငါတို့အတွက် ဘာမှအရေးမပါဘူး”
ဦးဖိုးချိုက ဦးငမိုက်စကား ဝင်ထောက်ခံရင်း ဆက်ပြောသည်။
”ဒီကောင်တွေဘာလုပ်လုပ် ငါတို့က တော်လှန်စရာရှိတာ တော်လှန်ရမယ်။ ပြည်သူအာဏာပြည်သူလက်ထဲမရောက်သ၍ တိုက်ပွဲဝင်ရမယ်။
အေ…အကယ်လို့ မင်းထင်သလို သူတို့ရွေးကောက်ပွဲပြီးလို့ မအလ သမ္မတဖြစ်ပြီး စစ်ဦးစီးချုပ်နေရာကို တခြားသူပြောင်းလဲယူလိုက်တော့ရော ဘာများထူးခြားမှာလဲ။
ဒီမှာ သစ်လွင် သူခိုးကြီးတော့ ဓားမြတဲ့၊ သူခိုးနဲ့ဓားမြ ပေါင်းပြီးစားတဲ့နိုင်ငံမှာ ငါတို့ဘဝတွေရေစုန်မျောရုံပဲရှိမယ်ဆိုတာ အမှန်တရားပဲ။
မအလဆိုတာကလည်း ဘုရားတွေတည်ပြပြီး သူ့ကိုယ်သူ ဘုရားဒကာ၊ ကျောင်းဒကာဆိုပြီး လူရေး (ခွေးရေး) ဟန်ပြချင်နေတာ၊ ငါးပါးသီလကိုတောင် မှန်အောင်ဆိုတတ်တဲ့ကောင်မဟုတ်ဘဲ နိုင်ငံတော်ကို ဘယ်လိုအုပ်ချုပ်မလဲ ”
ဦးဖိုးချိုစကားကို အဖေက တဟားဟားထရယ်ပြီး ထပြောပြန်သည်။
”ဟုတ်တယ် သစ်လွင်ရေ၊ ငါတို့တွေ တခါသေဖူး ပျဥ်ဖိုးနားလည်ဖို့ အရေးကြီးတယ်။ ဒီတော်လှန်ရေးမပြီးသ၍တော့ ငါတို့အစိုးရဟာ ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒါဟာ ယခင်ရွေးကောက်ပွဲတုန်းက ပြည်သူတွေ လိုလိုလားလားရွေးကောက်တင်မြောက်ထားတဲ့ အစိုးရ။ ဒီအစိုးရက နိုင်ငံရေးဂုဏ်သိက္ခာအပြည့်အဝရှိတဲ့အစိုးရ၊ နိုင်ငံရေး၊လူမှုရေးသြဇာ ရှိနေသေးတဲ့ အစိုးရပဲ”
အဖေစကားကို ဦးသစ်လွင် သိပ်ဘဝင်မကျ။
”ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့မှာ အာဏာရှိသေးရင် အချုပ်အနှောင်ခံထားရတဲ့ဘဝက လွတ်မြောက်အောင်လုပ်ပြီး လက်ရှိဖြစ်နေတဲ့ ပဋိပက္ခကို ဘယ်လိုမဖြေတာလဲ”
ကျနော်အဖေရော၊ ဦးငမိုက်ရော၊ ဦးဖိုးချိုတို့ပါ ကြောင်သွားကြသည်။
”မဟုတ်ဘူး သစ်လွင်၊ ကိုမြင်ကြည်ပြောတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်မှာ လက်ရှိ အာဏာရှိတယ်လို့မပြောဘူး။ ပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ ဒီအစိုးရက နိုင်ငံရေးဂုဏ်သိက္ခာအပြည့်အဝရှိတဲ့အစိုးရ၊ နိုင်ငံရေး၊ လူမှုရေးသြဇာ ရှိနေသေးတဲ့ အစိုးရလို့ပြောတာ။ လက်ရှိ အာဏာရှိပြီး လုပ်ပိုင်ခွင်ရသေးတယ်လို့မဆိုဘူး။ မင်းနားလည်မှုလွဲနေတာကွ”
ဦးသစ်လွင် ဦးဖိုးချိုကို တချက်စောင်းငဲ့ကြည့်သည်။
”မင်းသေချာစဥ်စားကြည့် သစ်လွင်၊ ကိုယ့်ပြိုင်ဘက်တယောက်ကို ချုပ်နှောင်ပြီး အနိုင်ယူမယ့် လူတယောက်က ဘယ်လောက်ရှက်စရာကောင်းသလဲ။
ငါအသက်နဲ့ထပ်ပြီးလောင်းရဲတယ် သစ်လွင်။ တကယ်လို့ (ဖြစ်နိုင်မယ်ဆိုရင်) ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်ပေးပြီး NLD ပါတီကို ရွေးကောက်ပွဲပြန်ဝင်ခိုင်းကြည့်၊ မအလ သွေးရူးသွေးတန်းဖြစ်ပြီး သေသွားမှာ (တကယ်သေပါစေ)။
ဘာကြောင့်လဲ သိလား။ ကြံ့ဖွတ်ပါတီဟာ NLDနဲ့ပြိုင်ရင် နိုင်ဖူးတဲ့ရာဇဝင်မရှိခဲ့ဘူး၊ အမြဲတမ်းခွေးရှုံးနွားရှုံးပဲ။
မအလက အစကတည်း NLD ပါတီကို ဖျက်သိမ်းဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အာဏာထသိမ်းတာ၊ ဒါကြောင့် သူ့တို့စစ်တပ်က အာဏာသိမ်းပြီး ပြည်သူတွေရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စာလှယ်တွေကို ကြက်ကလေး၊ ငှက်ကလေးတွေလိုဖမ်းပြီး သတ်ချင်သလိုသတ်ပစ်ကြတာက ကိုဖြိုးဇေယျာသော်နဲ့ကိုဂျင်မီတို့က သက်သေပဲ။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရှေ့နေတယောက်က ထုတ်ပြောတယ်။
‘သူတို့လက်ထက်မှာ လွတ်လပ်တဲ့ တရားမျှတတဲ့ တရားစီရင်မှုတွေ ဆုံးရှုံးနေတဲ့အတွက် အခုလိုသေဒဏ်ပေးတာက တော်တော် မတော်မတရားအနိုင်ကျင့်ရာရောက်တယ်။ သူတို့ကိုသတ်တာ သေဒဏ်ပေးမယ့်ရက်ကိုလည်း မသတ်မှတ်ထားဘူး။ ပုံမှန်အားဖြင့် သေဒဏ်အတွက် လုပ်ငန်းစဥ်ဟာ တရားရုံးအသီးသီးမှာ သုံးနှစ်မှ ငါးနှစ်ထိကြာမြင့်တယ်’ တဲ့။
ကဲ ငါဘာလုပ်ကြမလဲ၊ ဒင်းတို့လက်ထဲမှာ မှန်ကန်လွတ်လပ်တဲ့​တရားစီရင်ရေးဆိုတာ ဘယ်မလဲ။ မြို့ထဲမှာလည်း ပြည်သူတွေကို သူတို့ဖမ်းချင်သလိုဖမ်း သတ်ချင်သလိုသတ်နေကြတာပဲရှိတယ်။ တော်တော်ရင်နာဖို့ ကောင်းမနေဘူးလား။
အခုလည်းကြည့်စမ်း NLD ကို သူတို့ဘာသာသူတို့ဖျက်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်ကိုချုပ်နှောင်ပြီး မဖြစ်ညစ်ကျယ်ရွေးကောက်ပွဲလုပ်တယ်။ ပြီးရင် သောက်ရှက်မရှိအစိုးရဖွဲ့ပြဦးမယ်။ တကောင်တည်းပြေးပြီး ပန်းဝင်တာကို သောင်ပြိုကမ်းပြိုနိုင်ပါတယ်လို့ ဂုဏ်ယူပြဦးမယ်။ ဒါဟာ ရှက်သင့်ရင် လဲသေလို့ မရဘူးလား”
ဦးသစ်လွင်မှာ အဖေရယ်၊ ဦးဖိုးချိုရယ်၊ ဦးငမိုက်တို့ သူတ​ပေါက်ငါတပေါက်စကားသံကြောင့် သည်ရွေးကောက်ပွဲပြီးရင် တမျိုးတမည်တော့ပြောင်းလဲလာလိုက်မယ် ဟူသော မျှော်လင့်ချက်က ကြက်ပျောက်ငှက်ပျောက် ပျောက်သလို ငူငူကြီးဖြစ်သွားရသည်။
”အေးပါဗျာ၊ ကျုပ်က ဟိုဘက်ကို စိတ်ပြောင်းပြီးပြောတာမျိုး မဟုတ်ပါဘူး။ ဒီလိုပဲ အတွေးထဲရှိတာ မျှော်လင့်ကြည့်တာပါ”
ခပ်ပျော့ပျော့လေသံနှင့် ဦးသစ်လွင် ပြန်ပြောလိုက်ခြင်းဖြစ်သည်။
”ဟုတ်ပါတယ် သစ်လွင်ရာ၊ ကျုပ်တို့ကလည်း ခင်ဗျားကို သစ္စာဖောက်လို့ မဆိုပါဘူး။ ခင်ဗျားသားတယောက် နိုင်ငံတော်ဆီလှူလိုက်ရတဲ့ ခင်ဗျားရဲ့ခံစားချက်ကိုလည်း ကျနော်တို့နားလည်ပြီးသားပါ။
ကျုပ်တို့က ခင်ဗျားရဲ့အတွေးမှားအယူမှားနေတာကို ရှင်းပြတာပါ။ ခင်ဗျားအတွေးမျိုး လူတော်တော်များများဟာ လက်ရှိအခြေအနေမှာ ဖြစ်နေကြပါတယ်။ ဒါကိုလည်း ကျနော်အပြစ်မပြောပါဘူး။ လူဆိုတာ အရောင်ပြောင်းသတ္တဝါတွေပဲ။ ဒါပေမယ့် ကျနော်ခုနကပြောသလို ပြည်သူတွေကို သူတို့ဖမ်းချင်သလိုဖမ်း သတ်ချင်သလိုသတ်နေကြတာကို ခင်ဗျားတို့လွတ်လပ်လို့ ကျေနပ်နိုင်ရင်၊ လက်ခံနိုင်ရင် မဲသွားထည့်ကြပေါ့ ။ ကျုပ်ကတော့ သမ္မတဦးဝင်းမြင့်ပြောသလိုပဲ ခွေးပလ္လင်တက်မယ့် မဲတော့မရဘူး၊ အသေခံမယ်။
အေ… တချို့ကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေ အကွဲအပြဲဖြစ်လာကို တရားခံရှာပြီး ကျွန်စိတ်ပေါက်နေကြတယ်။
ဒါကိုလည်း တော်လှန်ရေးအဖွဲ့အစည်းတွေ အလွန်သတိထားဖို့လိုတယ်။ တချို့ပြည်သူတွေ တော်လှန်ရေးကို ငြိုငြင်လာတာဟာ တော်လှန်ရေးကို အလွဲသုံးစားလုပ်ကြလို့ပဲ။ ဒီလိုစည်းလုံးမှုမရှိဘဲနဲ့ အကွဲအပြဲဇာတ်တွေမရပ်သ၍တော့ တော်လှန်ရေးဟာလည်း တောမီးလောင် တောကြောင် လက်ခမောင်းခတ်ပြသလိုဖြစ်သွားမှာပဲ ။
ခင်ဗျားတို့လည်းသိတဲ့တိုင်းပဲ နိုင်ငံရေးကပ်ပါးကောင်တွေက သူတို့အကျိုးစီးပွားအတွက် သာဝတွေနဲ့သာပေါင်းပြီး နိုင်ငံတော်ကို အသုံးချဖို့ချောင်းနေကြတာ ဗျ”
ဦးငမိုက်က ပြောရင်းဆိုရင် အဖေဆီက ကောဖီကိုလှမ်းယူပြီး ရေပူနှင့်ဖျော်သောက်လိုက်သည်။
”ကျနော်တို့ ဒီအခြေအနေထိကျော်ဖြတ်လာပြီးမှတော့ ကျနော်တို့နိုင်ငံကို ဘယ်သူတောင်းစားလက်ထဲမှ ထည့်ပေးနိုင်ဘူးဗျာ။
ပြည်သူ့အာဏာ၊ ပြည်သူ့လက်ထဲပြန်မရောက်သ၍တော့ ဒီတော်လှန်ရေးဟာ အရိုးကြေကြေ၊ အရေခမ်းခမ်း ဆက်တော်လှန်ရမှာပဲ။ ခေတ်အဆက်ဆက်မှာ သူတို့ကြောင့် နိုင်ငံတော်ဘယ်လောက်ထိ အရေစုတ်ခဲ့ရသလဲ။ အခုဆိုရင် တိုင်းပြည်က အရိုးပေါ်အရေတင်ပဲရှိတော့တယ်။ ဒီတော်လှန်ရေးရှုံးရင် နိုင်ငံတော်အရိုးတောင်ကျန်မှာ မဟုတ်ဘူး ။ ဒါကြောင့် တော်လှန်ရေးမအောင်သ၍ တက်စုံဖွင့် ဆက်တော်လှန်ရမယ်”
ဦးဖိုးချို၏ စကားက ကျနော်တို့အားလုံးကို ကြက်သီးမွေးညှင်း ထလာစေသည်။ မှန်ပေ၏ သည်တော်လှန်ရေးရှုံးရင် ကျနော်တို့ဘဝများ မတွေးဝံ့စရာပင်။ တခါသေဖူး ပျဥ်ဖိုးနားလည်ဖို့ အချိန်တန်ပြီ ။
”ကဲဗျာ….စကားကောင်းနေတာနဲ့ ညတောင်အတော်မှောင်နေပြီပဲ”
ဦးမိုက်က ပြောပြောဆိုဆို ထိုင်ရာမှထလာသည်။ ဦးဖိုးချိုလည်း အိမ်ပြန်ရန်ပြင်လေ၏။ ဦးသစ်လွင်လည်း ကျနော်အဖေကိုနှုတ်ဆက်ပြီး အိမ်အပြင်သို့ ထွက်သွားသည်။
အပြင်မှာတော့ ညမှောင်မှောင်ကောင်းကင်၌ ကြယ်တချို့က လဆန်း၏ လခြမ်းကို ဝန်းရံထားကြတော့သည်။ ။
Sep.17.2025

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment