
‘ကျနော်နဲ့ ထိုလေးယောက်’

ကျနော် အကျဉ်းထောင်ထဲကနေ ပြန်ထွက်လာတော့ ဩဂုတ်လထဲ ရောက်နေပြီ။ ဇွန်လ အစောပိုင်းထဲကနေဆို အချုပ်ရက်တွေကော၊ ကွာရတင်းရက်တွေနဲ့ပါ ပေါင်းလိုက်ရင် ၂ လနီးပါးလောက် ကြာသွားတယ်။
ထောင်မကြီးရဲ့ အပေါက်၀ရောက်တော့ စဝင်တုံးက အပ်ထားတဲ့ ပစ္စည်းတွေကို ပြန်ထုတ်ပေးတယ်၊ စက်ပိတ်ထားရတာ ကြာပြီဖြစ်တဲ့ ဖုန်းကို ပြန်ဖွင့်တော့ ဖုန်းအား ၁၂ ရှိသေးတယ်၊ အချုပ်ကို ပြန်ပို့မဲ့ ရဲကားကို စောင့်နေတုံး အင်တာနက်ဖွင့်ကြည့်တော့ မက်ဆေ့ပေါင်းများစွာ တွေ့ရတယ်။
ပထမဦးဆုံး တွေ့လိုက်ရတဲ့ မက်ဆေ့စာက
“ငါ့မောင်ရေ ၊ နင်နဲ့ အဆက်အသွယ်ပြတ်နေတုံး ကိုဂျင်မီ တို့ ကိုဇေယျာသော်တို့ကို သူတို့ သတ်လိုက်ပြီတဲ့” ။ စာဖတ်ပြီးချိန် ခဏမှာပဲ ဖုန်းက စက်ပြန်ပိတ်သွားတယ်။
အဲ့ဒီစာကိုတွေ့လိုက်တော့ ချက်ခြင်းစိတ်လှုပ်ရှားသွားတယ်၊ ဒါပေမဲ့ တဖက်မှာက ကိုယ့်အပူနဲ့ကိုယ်၊ လောလောဆယ် ဗူး၀မှာပဲ ရှိသေးတယ်၊ ဒါပြီးရင် ကိစ္စတွေက မပြီးသေးဘူး၊ နယ်စပ်နားက အချုပ်ကို ပြန်သွားရအုံးမယ်၊ ပြီးရင် အဲဲ့အချုပ်ကနေ လ၀က အချုပ်ကို ထပ်အပို့ခံရအုံးမယ်၊ ကြားထဲမှာ ရက်တွေက ကြာအုံးမယ်။ ဒါပေမဲ့ စိတ်က အဲ့သတင်းက မှန် မမှန် သိချင်သေးတယ်၊ တကယ်ပဲ ကြိုးပေး သတ်လိုက်တာလား၊ တမင် လီဆယ်ပြီးတော့ပဲ စစ်တပ်က ပြောတာလားဆိုတာ သေချာ သိချင်တယ်။
ကံကောင်းချင်တော့ နယ်စပ်က ရဲအချုပ်ကိုရောက်တော့ သဘောကောင်းတဲ့ ရဲအဖိုးကြီးတွေက ဖုန်းအားသွင်းပေးပြီး ဖုန်းပေးသုံးတယ်။ ည ၉ နာရီကျော်လောက်မှာ လက်ထဲဖုန်းပြန်ရတော့ ပထမဦးဆုံး ကိုဂျင်မီလို့ ရိုက်လိုက်တော့ မြန်မာ့အလင်း သတင်းစာမှာ ကြိုးပေးသတ်ဖြတ်လိုက်ကြောင်း ကြေငြာဖတ်ပိုင်းအစလေးကို အရင်ဆုံး တွေ့လိုက်ရတယ်။ ဒါဆို တကယ်ကြီး သူတို့ သတ်ဖြတ်လိုက်ပြီပေါ့။
ဇာတ်လမ်းက အဲ့ဒီကနေပဲ စတယ်လို့ ပြောရမှာပဲ။
ပြန်စဉ်းစားကြည့်မိရင် ကိုဇေယျာသော်ကိုတော့ ငယ်ငယ်ထဲက Hip Hop သီချင်းတွေကြိုက် ရပ်ပါဖြစ်ချင်တဲ့ ကျနော့်အနေနဲ့ကတော့ ရင်းနှီးပြီးသား၊ သူလွတ်တော်အမတ်ဖြစ်တော့ ကျနော်က သတင်းထောက်ဖြစ်နေပြီ ဆိုတော့ သူ့သတင်းတွေ ပုံရိပ်တွေကတော့ မြင်သိနေပြီးသား၊ ကိုဂျင်မီဆိုတာကလည်း လူချင်းသာ ရင်းရင်းနှီးနှီး မရှိတာ၊ နိုင်ငံရေး သတင်းတွေ လိုက်နေတဲ့ ကျနော့်အတွက်တော့ ပွဲတချို့ မြင်ဖူး တွေ့ဖူးနေခဲ့တာဆိုတော့ စိတ်မကောင်း အတော်ဖြစ်မိတယ်။
ဒီလိုနဲ့ အဲ့ဒီ ၂၀၂၂ ဩဂုတ်လကစပြီး မြန်မာပြည်အနှံ့က တော်လှန်ရေး အဖွဲ့တွေဆီ “ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နဲ့ ကိုအောင်သူရဇော် “သွေးကြွေးအတွက်” အတွက်ဆိုပြီး သူတို့အမည်နဲ့ တော်လှန်ရေး ရန်ပုံငွေတွေ နိုင်သလောက် ပမာဏ တခုကို အခုလက်ရှိအချိန်ထိ အမြဲကူဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ ကျနော်ဟာ နွေဦးအောင်ပွဲ အမည်ရှိတဲ့ မိတ်ဆွေတွေနဲ့ အတူ လက်တွဲပြီး တော်လှန်ရေးမှာ မဖြစ်စလောက် တထောင့်တနေရာကနေ ပါဝင်ဖြစ်ခဲ့တယ်။
တကယ်တော့ သတင်းထောက်ဟာလည်း ပြည်သူထဲက ပြည်သူတယောက်ပါပဲ၊ စစ်အာဏာရှင်လက်ထက်မှာ ဘ၀ရဲ့ သုံးပုံ နှစ်ပုံလောက်ကို ဖြတ်သန်းကြီးပျင်းခဲ့ရတော့ စစ်တပ်က လူထုအပေါ် ဘယ်လို သဘောထားရှိသလဲဆိုတာ သာမာန်ထက် ပိိုသိခဲ့တယ်။ ဒါ့ကြောင့် ဒီတော်လှန်ရေးမှာ သတင်းသမားတယောက်ရဲ့ ကဏ္ဏအပြင် အခြားကိုယ်လုပ်နိုင်တဲ့ ဘက်ကနေ တော်လှန်ပြည်သူလူထု ဘက်ကနေ ရပ်တည်ပေးနိုင်ရမယ်လို့တော့ ယုံကြည်မိတယ်။
တကယ်တော့ ဒီစာဟာ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ နဲ့ ပတ်သက်တဲ့ တော်လှန်ရေးထဲက အဖြစ်အပျက်ဆိုပေမဲ့ ခုချိန်ထိ လစဉ်လတိုင်း သူတို့ အမည်နဲ့ရည်ရွယ်ပြီး ရံပုံငွေ ထောက်ပံ့ပေးနေတဲ့ နွေဦးအောင်ပွဲ မိတ်ဆွေတွေ အတွက် ရည်ရွယ်ပါတယ်။ ဒီတော်လှန်ရေးမှာ နေရာဒေသပေါင်းစုံက ပြည်သူတွေဟာ သူတို့ နိုင်တဲ့ဘက်ကနေ အင်တိုက်အားတိုက် ပါဝင်နေကြလို့သာ အခုလို အရွေ့တခု အဖြစ် ဆက်လက်သွားနေတာပါ။
Be the first to comment