ကျန်ရစ်ခဲ့ရခြင်းတွေ

“ကျန်ရစ်ခဲ့ရခြင်းတွေ”
◼️ညီလင်းအိမ်
ကျနော်တို့ လူသားကမ္ဘာကြီးဆိုတာက ဖို မ၊ မ ဖို၊ ကျား မ၊ မ ကျား စလို့ ဒီစုံတွဲနဲ့ပဲ ပေါင်းစပ်အလုပ်လုပ်ရတာ ဖြစ်ပေတဲ့ ဘာရယ်ကြောင့်များ ခေတ်အဆက်ဆက်မှာ မ ဆိုရင် အဖြည့်ခံသဘောမျိုးပဲ စံထားချင်တာ။ မီးဖိုချောင်သုံး သတ္တဝါနဲ့ မျိုးပွားကိရိယာငယ်သဘောပဲ မှတ်ယူလာကြတာတွေစလို့ အရိုးစွဲဘာသာတရားမှာအထိ အမျိုးသမီးက ဘုရားမဖြစ်ရဘူးတွေ၊ တစက္ကန့်မျှ အခွင့်သာရင်တောင် ဖောက်လွဲဖောက်ပြန်ဖြစ်ဖို့ တာစူနေကြတဲ့ ရာဂတဏှာကြီးမားသူတွေအဖြစ်၊ နောက် မြင့်မြတ်တဲ့နေရာဆိုရင် မိ_န်းမများ မဝင်ရအထိ ခွဲခြားဖိနှိပ်ထားပေမယ့် ဒီလိုဝါဒီ အကျိုးအပျက်တွေကိုလည်း အမျိုးသမီးတွေ ကိုယ်တိုင်ကပါ လက်ခံကြတာတွေကိုလည်း တွေ့ရတာ အံ့အားသင့်စရာ ကောင်းပါတယ်။
အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ ရင်ဘောင်မတန်းနိုင်လောက်အောင် ဘာတွေများ နိမ့်ကျနေလို့လဲ။ အမျိုးသားတွေလို အကြောင်းအရာတခုခု တာဝန်ဝတ္တရားတခုခုကို တာဝန်ယူ လုပ်ဆောင်နိုင်ကြတဲ့ အရည်အချင်း၊ စိတ်ဓာတ်မြဲမြံမှု မရှိတာ ပျော့ညံ့အားနည်းတာ သေချာပါရဲ့လား။
ဒီနှစ်မှာပဲ Best Foreign Oscar ကို ဆွတ်ခူးသွားတဲ့ I Am Still Here ရုပ်ရှင်က ဘရာဇီးလ်နိုင်ငံက စစ်အာဏာရှင် အားကောင်းတဲ့ အမှောင်ဖုံးကာလကို ရိုက်ပြတာဖြစ်တယ်။ ပြည်သူကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်စမြဲပဲဖြစ်တဲ့ စစ်အာဏာရှင်ဟာ သူ့ကိုတော်လှန်နိုင်သူတိုင်းကို ဖမ်းဆီးထောင်ချလေ့ရှိတယ်။ ဒီရုပ်ရှင်ဇာတ်လမ်းက စိတ်ကူးယဉ် ဖန်တီးထားတဲ့ အကြောင်းအရာမဟုတ်။ ယင်းခေတ်ကာလက စစ်အာဏာရှင်ရဲ့ ဖိနှိပ်ရက်စက်မှုကို ကြုံတွေ့ ခဲ့ရတဲ့ မိသားစုတစုရဲ့ ဘဝကို ပုံဖော်ထားတာဖြစ်တယ်။ အထူးသဖြင့်ကတော့ လင်သားဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်မှာ ကျန်ရစ်ခဲ့ရတဲ့ ဇနီးသည်ဖြစ်သူရဲ့ သားသမီးတွေ၊ ဖရိုဖရဲဖြစ်သွားရတဲ့ မိသားစုဘဝကြီးတခုလုံးကို စစ်အာဏာရှင်စနစ်က လောင်မြိုက်ပစ်စေလိုက်တဲ့ စိတ်ဒဏ်ရာ‌တွေ၊ အကြောက်တရားတွေကို မရောက်ရှိစေအောင်၊ ဖုံးလွှမ်းမခံရစေအောင် ကာကွယ်ပေးခဲ့တဲ့ မိခင်တယောက်အကြောင်း (ဝါ) အမျိုးသမီးတယောက် ဘဝကို မြင်သိစေရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ကျနော်တို့တွေ ကျမ်းဂန်တွေထဲကလို၊ ဘုရားစာတွေထဲကလို၊ ဖိုဝါဒီအခြေပြု စကားစုတွေထဲကလို အားကိုးပြုစရာ လ_င်မရှိတာနဲ့ ချက်ခြင်း အဆင်ပြေမယ်ထင်တာ ရှာတဲ့ မိ_န်းမ၊ ယောက်ျားသား မရှိတော့တာနဲ့ပဲ ကျန်ရစ်ခဲ့တဲ့ သားသမီးတွေကို ပြုစုအုပ်ထိန်းဖို့ အရည်အချင်း မရှိကြပါဘူး စတဲ့ မှတ်ထင်နိုင် စရာ အခြေအနေတွေကို ဒီအမျိုးသမီးကြီးထံမှာ တခုမှ မြင်ရမယ်မထင်ပါနဲ့။ စစ်သားတွေက လင်ဖြစ်သူကို ဖမ်းဆီးပြီးသွားတဲ့နောက်မှာ လူသားပီပီ မိန်းမသားပီပီ ဆောက်တည်ရာမဲ့ ဖြစ်သွားရတဲ့ စိတ်သဏ္ဌာန်တွေကို မြင်လိုက်ရပေမဲ့လည်း သားသမီးတွေရှေ့မှာ အပေါ်လွင်မခံခဲ့ဘူး။ တည်ငြိမ်အေးဆေးတဲ့ အသွင်နဲ့ပဲ ရှေ့ဆက်ရမယ့် အခြေအနေတွေကို သူမ စဉ်းစားတယ်။ နောက်ဆုံး ဘုံးဘုံးလဲ ရူးသွပ်သွားစေနိုင်တဲ့ စစ်ကြောရေးက နေ့ညမသိ ဖမ်းဆီးနှိပ်စက်ခံခဲ့ရတာတွေကို ကြုံခဲ့ရပေမဲ့လည်း အားမာန်တင်းခဲ့တယ်။ ကလေးငယ်တွေရှေ့မှာ အားကိုးရာမဲ့ ခံစားရမယ့်အဖြစ်မျိုးကို သူမအနေနဲ့ အဖြစ်မခံခဲ့။
အကြောက်တရားနဲ့ ပိပြားစေလိုတဲ့ စစ်အာဏာရှင်မိစ္ဆာကို ပြန်လည်တွန်းလှန်နိုင်တဲ့ ခုခံတော်လှန်မှု ဆိုတာကလည်း မကြောက်တရားနဲ့ ဖီဆန်ခြင်းသာ ဖြစ်တယ်။ သူတို့ မိသားစုဘဝ တခုလုံးကို ယင်းသို့ ပြိုလဲပိပြားသွားအောင် ရက်စက်ပြပေမဲ့ သူမက အကြောက်တရားမဲ့မှု၊ အရှုံးမပေးလိုမှုနဲ့ သူတို့ကို ပြန်လည် တွန်းကန်လိုက်တယ်။ ငိုရင်တောင် အမှောင်ထဲမှာပဲ ငိုမယ်။ ဘယ်တော့မှ လူမျက်နှာစာမှာ မမြင်ရစေရ။ ဒီလိုနဲ့ပဲ ဖရိုဖရဲဖြစ်သွားတဲ့ မိသားစုကလေးကို ကျစ်လျစ်တဲ့ အခြေအနေဖြစ်အောင် ပြန်လည် ပြောင်းလဲရတယ်။ သုံးမှုစွဲမှုစနစ်ကို ပြုပြင်လိုက်တယ်။ မိသားစုကို ဝင်ငွေရစေမဲ့ အလုပ်‌တွေကို လုပ်ကိုင်ရင်းနဲ့ပဲ လင်သားဖြစ်သူ လူ့လောကထဲမှာ ရှိ/မရှိ သိလို့ရအောင် အစွမ်းကုန် ရှာ‌ဖွေရင်းနဲ့ပဲ စောင့်ဆိုင်းခဲ့တယ်။ သစ္စာတရားရဲ့ ပြယုဂ်ကို အပြုအမူနဲ့ပဲ ဘဝသက်ဆုံးတိုင်စေခဲ့တဲ့ မိခင်ကြီးဆိုပါတော့။ ဒါပေမဲ့လည်း သူမခမျာမှာ သက်ပြင်းချ ပျော်ခဲ့ရတာတောင် မျက်ရည်နဲ့ ပျော်ရွှင်ခဲ့ရတယ်။ ဘာလဲဆိုတော့ လင်သားဖြစ်သူ တကယ် ကွယ်လွန်သွားခဲ့ပြီ ဆိုတဲ့အကြောင်းကို ဘရာဇီးလ်အစိုးရထံကနေ သက်သေခံစာရွက်ကို ရသွားခဲ့ရလို့ ပျော်ရွှင်ခဲ့ရတာတဲ့။ ဘယ်မျှ ရွံရှာဖွယ်ရာ ဖြစ်အင်ပါလဲ။ နှစ်သက်တမ်းကာလ နှစ်နှစ်ဆယ်ကျော်မျှရှိမှ လင်ဖြစ်သူ လူ့လောကထဲ ရှိမရှိ သေချာသိခွင့်ရသတဲ့။ ဒီကာလထဲမှာ ကားဟွန်းတီးသံကြားတိုင်း၊ တယ်လီဖုန်းသံလာတိုင်း သူများ ဖြစ်နေမလားဆိုတဲ့ စိတ်ဒဏ်ရာတွေအတိနဲ့ ငိုညည်း ဝမ်းနည်းခဲ့ရတဲ့ အချိန်ကာလတွေအတွက်ရော၊ မျက်ရည်ပူတွေအတိနဲ့ အိပ်မရခဲ့ရတဲ့ ညကာလပေါင်း မြောက်မြားစွာအတွက်ရော သူတို့တွေ ဘာတွေနဲ့ ပေးလျော်မလဲ၊ ဘာတွေနဲ့ တောင်းပန်မလဲ၊ ဘာတွေနဲ့ တန်ပြန်မလဲ။
ဒီလိုမျိုးဖြစ်ရပ်‌တွေရဲ့ အခြားတဘက်မှာ ခံစားကြုံတွေ့ရမှုဟာ ဘယ်လောက် ရွံရှာစရာ၊ ဒေါသထွက်စရာ ကောင်းလွန်းသလဲ။ ဘရာဇီးလ် အာဂျင်တီးနားတို့မှာ ဖြစ်ခဲ့သလို လက်ရှိ ကျနော်တို့တိုင်းပြည်မှာလည်း နေ့ချင်းညချင်းပဲ ဘာပြစ်မှုတစုံတရာမှ မကျူးလွန်ပါဘဲနဲ့ မေးစရာရှိလို့ဆိုပြီး ခေါ်ဆောင်သွားခံရသူတွေ၊ မနက်ကျတော့ အလောင်းလာထုတ်လှည့်ပါဆိုတဲ့ လူတယောက်အတွက် ဘဝသက်တမ်း ကုန်ဆုံးစေရမှုဟာ အဲသလောက် လွယ်ကူသလား၊ အဲသလောက် တန်ဖိုးမဲ့လွန်းသလား။ ကျန်ရစ်သူ မိသားစုမှာ ဖခင်ဖြစ်သူ၊ မိခင်ဖြစ်သူ၊ အကိုဖြစ်သူ၊ ညီဖြစ်သူ၊ ညီမဖြစ်သူ၊ အမဖြစ်သူ အလောင်းကိုတောင် လွယ်လင့်တကူ ပြန်လည်တောင်းခံလို့ မရ။ ပိုက်ဆံပေးမှ အလောင်းကို မြင်ခွင့်ရသတဲ့။ တချို့ကျန်ရစ်သူတွေမှာတော့ ခုထက်ထိ သေသလား၊ ရှင်သလားတောင် မသိ။ ပြန်လာဦးမှာလား၊ ပြန်မလာတော့ဘူးလား မိုးစက်တွေ ဖွဲဖွဲကျတဲ့ညတိုင်း လေကလေးတိုးလို့ အိမ်ဝက ဆည်းလည်းကလေး ချွင်ခနဲ မြည်သံကြားလိုက်တိုင်း သူများ ပြန်လာပြီအမှတ်နဲ့ အိပ်ရာက ထထကြည့်ကြတဲ့ ကျန်ရစ်ရသူများရဲ့ သောကပင်လယ်ဝေနေမှုတွေ၊ စိတ္တဇဒဏ်ရာဗလပွနဲ့အတူ ရှင်လျက် သေနေကြရတဲ့သူတွေ။ ခုရုပ်ရှင်ထဲက ပြန်မလာတော့တဲ့ လင်သားကို လောကတနေရာရာမှာ ရှိနေဦးမယ်အမှတ်နဲ့ ရှာဖွေ စောင့်ဆိုင်းနေဆဲပဲဖြစ်တဲ့ အမျိုးသမီးလိုမျိုးပေါ့။ ဆိုတော့ ဒီလိုလူတွေ ဒီလိုဘဝတွေအတွက် တရားမျှတမှုက ဘယ်မှာလဲ။ သောက စိတ်ဝေဒနာတွေကို ခံစားရင်းနဲ့ပဲ ပြီးဆုံးသွားကြရင်းနဲ့ပဲ လူ့အဖြစ်ကို စုတေသွားကြရ။
ပြုလုပ်သူတွေမှာတော့ ဘိုးဘေးဘီဘင်အဆက်ဆက် တူညီတဲ့ တန်ပြန်၊ တရားမျှတမှု၊ ကိုယ်ချင်းစာတရား ဖြစ်လာမှု၊ နောင်တရမှု တခုတလေမှ မရှိနေ မခံစားရဘဲ ပျော်ရွှင်အေးဆေးတဲ့ ဘဝတွေနဲ့ ဖြတ်သန်းခွင့်ရနေကြရတာ၊ ကင်းလွတ်ခွင့်ရနေကြတာက လူ့ဘုံ လူ့အဖွဲ့အစည်းအတွက် မှန်ကန်သော ပြုမူမှုလို့ ခေါ်ထိုက်ပါ့ရဲ့လား။ ဒါဆိုရင် ဘာကြောင့်များ ကုလသမဂ္ဂဆိုတာတွေ၊ တရားစီရင်ရေးစနစ် ပြဌာန်းမှုတွေ၊ အဆောက်အဦးတွေကို ဆောက်ထားကြသလဲ။ တရားစောင့်သောနတ်တွေ၊ အပြစ်ကို ညီမျှစေတဲ့ ငရဲဘုံတွေ၊ စီရင်နိုင်စေတဲ့ ဘုရားရှင်များရဲ့ တန်ခိုးအာနုဘော်ဆိုတာတွေကို ဘာလို့ ပြောနေကြတာလဲ။ သူတို့က ခု ဘာတွေ လုပ်ပေးနိုင်လို့လဲ။
ခံကြရသူတွေမှာ သားစဉ်မြေးဆက် နလံမထူနိုင်ရတဲ့ စိတ်ဝေဒနာပေါင်းစုံနဲ့ ရှင်သန်နေရချိန် သူတို့တွေက အထက်အမိန့်ကို လွန်ဆန်လို့မရလို့ပါ ဆိုတဲ့ စကားနဲ့ပဲ ပြီးဆုံးစေလိုက်တာတွေ။ အဲဒါတွေကို အရှူံးသမားများအဖြစ်နဲ့ မခံစားတတ်ဖို့ ဒီလိုကောင်တွေ၊ လူစုတ်တွေ၊ စနစ်စုတ်တွေကို ပြိုလဲကျဖို့ အတွက်ကလည်း ဒီအမျိုးသမီးကြီးကပဲ နမူနာ ဖြစ်စေတာမျိုးပါ။ သူမအနေနဲ့ ရင်ကွဲရမတတ် နာကျင်ဝမ်းနည်းရပါစေ။ သူတို့ ဖြစ်စေချင် မြင်စေချင်သလို ပြိုလဲမပြခဲ့ဘူး။ မပြိုလဲစေခဲ့ဘူး။ မုဆိုးမဘဝဖြစ်ပေမဲ့လည်း သားသမီးတွေကို ထွန်းတောက်အောင် အုပ်စည်း စောင့်ရှောက်စေနိုင်ခဲ့ပြီး ဘရာဇီးလ်ရဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်စေခဲ့တဲ့အထိ ကျရာနေရာကနေ ပါဝင်ရင်း ဖီဆန်ခဲ့သူဖြစ်တယ်။
ဘယ်သူမဆို အတုယူရမည်ဖြစ်တဲ့ အာဂအမျိုးသမီးတယောက်ရဲ့ ဘဝရပ်တည်မှုအကြောင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့တွေအနေနဲ့ အမျိုးသမီးများ ဝါဒီပြု ခွဲခြား နေရာပေးမှုများအကြောင်း ပြောမယ်ပြုတိုင်း ဒီလိုအမျိုးသမီးတွေကို မြင်ကြည့်ကြဖို့ လိုပါတယ်။ ကျန်ရိမူ လက်ရာထဲက ပြန်မလာတဲ့ လင်သားကို ဘူတာမှာပဲ ဆိုင်းဘုတ်ကလေးကိုင်ရင်း နှစ်စဉ်နှစ်တိုင်း သွားစောင့်တဲ့ Coming Home (2014) ထဲက အမျိုးသမီးကို သိမိကြဖို့ လိုပါတယ်။ ယင်းနောက် အေးချမ်းပြည့်စုံတဲ့ ဘဝတွေ၊ ချစ်ရဆုံး သားသမီး၊ လင်သား စတဲ့ လူ့အတ္တနဲ့ယှဉ်ရင် ထပ်တူအကျဆုံးဖြစ်တဲ့ အရာတွေကို စွန့်လွှတ်ပြီး လက်ရှိအခြေအနေထိတိုင် မကြောက်တရားနဲ့ ဖီဆန်နေဆဲပဲဖြစ်တဲ့ အမျိုးသမီးကြီးတယောက်ကို မြင်ယောင်ကြည့်ကြဖို့လိုမယ် ထင်ပါတယ်။
တကယ်ပဲ အမျိုးသမီးတွေဆိုတာဟာ မျိုးပွားကိရိယာသက်သက်လား၊ စိတ်ဓာတ် ပျော့ညံ့ အားနည်းသူတွေလား၊ ယောက်ျားတွေနောက်မှာပဲ စေခိုင်းရာ လုပ်တတ်ကြတဲ့ နောက်ပါအဆင့်ပဲ ရှိတာလား၊ ဘုရားမဖြစ်ထိုက်တဲ့ သူတွေလား၊ တဏှာရမ္မက်ကြီးကြသူတွေ၊ ဖောက်ပြန်လွယ်ကြသူတွေလား။
အဲဒါတွေက တကယ်ဟုတ်ရဲ့လား၊ ခု အမျိုးသမီးတွေကို မြင်မိပြီးကြတဲ့နောက်မှာ ခင်ဗျားတို့ ကျနော်တို့တွေ အဲဒီစံနှုန်းတွေကို လက်ခံမိကြ အဟုတ်ထင်ကြတာတွေဟာ မရှက်ရွံ့ကြဘူးလားလို့ မေးရင်းဖြင့်သာ။​
About The Call 652 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*