ကျယ်ပြန့်လာတဲ့ တော်လှန်စစ်နဲ့ ကုန်သွယ်စစ် ဒုတိယပိုင်းအစ

“ကျယ်ပြန့်လာတဲ့ တော်လှန်စစ်နဲ့ ကုန်သွယ်စစ် ဒုတိယပိုင်းအစ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ​ကျော်​ဇောခိုင်

နေပြည်တော်ကိုအထိနာစေခဲ့တဲ့ မတ် ၂၈ ငလျင်နောက်ဆက်တွဲသတင်းတွေ အရှိန်မသေသေးခင် မတ်လကုန်နဲ့ ဧပြီလဆန်းမှာပဲ နေရာအနှံ့ကနေ စကစ စစ်ရှုံးသတင်းတွေ ထွက်ပေါ်လာတယ်။

‘ချင်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး’
တော်လှန်ရေးတပ်​တွေဟာ မတ်လ ၃၀ နဲ့ ၃၁ ရက်တွေမှာ စလင်းက လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးဌာနချုပ်တွေကို ဓာတ်အားပေးနေတဲ့ တညောင်ဓာတ်အားပေးစက်ရုံကို ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့တယ်။ ဒီစက်ရုံဟာ မကွေးတိုင်းထဲမှာရှိတဲ့ ကပစ ၄ ခုကို အဓိက ဓာတ်အားပေးနေတာဖြစ်တယ်။ ဧပြီ ၂ ရက်နေ့က ပဲခူးတိုင်းမှာ ညောင်ကျိုးဗျူဟာစခန်းကို အေအေက သိမ်းပိုက်နိုင်ခဲ့သလို ဧပြီ ၇ ရက်နေ့မှာ ဖလမ်းကို ချင်းညီနောင်က ၄ လကြာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ သိမ်းပိုက်လိုက်နိုင်ခဲ့တယ်။

ဒီသတင်းတွေထဲမှာ လူကြိုက်အများဆုံးသတင်းလို့ ယူဆနိုင်တာက နုဂျီ အမှတ် ၁ စစ်ဒေသအောက်က တပ်တွေက အင်းတော်ကို ဧပြီ ၇ ရက်က သိမ်းပိုက်လိုက်နိုင်တဲ့ သတင်းဖြစ်တယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ အေဘီစစ်ဦးစီးမှူးတို့ ဦးဆောင်ပြီး မနှစ်က သြဂုတ်လ ၁၅ ရက်ကတည်းက တိုက်နေခဲ့တဲ့ အင်းတော်ကို ၇ လအကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။ ပထမဦးဆုံး PDF တပ်တွေချည်းသက်သက်က အင်းတော်လို စစ်တပ်က တပ်မမှူးတယောက် ဦးစီးတဲ့တပ်တွေကို အနိုင်တိုက်နိုင်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေရဲ့တိုက်ခိုက်နိုင်စွမ်းအားကို မှတ်ကျောက်တင်နိုင်ခဲ့တဲ့ ပွဲလည်းဖြစ်တယ်။ အင်းတော်ကဆုတ်လာတဲ့ ၇၇ တပ်မမှူးကို ကသာမှာ ဖမ်းမိထားတယ်ဆိုတဲ့ သတင်းတွေကိုလည်း တွေ့နေရတယ်။

ဖလမ်း၊ အင်းတော်၊ မြို့သိမ်းသတင်းတွေက ကချင်၊ ချင်းနဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေကြားချိတ်ဆက်နိုင်မှုနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို တိုးမြှင့်ပေးလိုက်နိုင်တာဖြစ်တယ်။ စကစအတွက် မြေပြင်စစ်ဆင်ရေးတွေကို ရင်ဆိုင်နိုင်စွမ်း တဖြည်းဖြည်းချင်း ကုန်ဆုံးလာတာကို သက်သေပြတဲ့သဘောဖြစ်တယ်။ အေအေနောက်ခံနဲ့ မကွေးက ကပစစက်ရုံတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အတိုင်းအတာတခုအထိ ထိရောက် အောင်တိုက်ခိုက်လာနိုင်ပြီဆိုရင် စကစရဲ့ ခုခံနိုင်စွမ်းအားဟာ ပျောက်ဆုံးသွားဖို့ရှိနေတယ်။

စစ်ကိုင်းငလျင်ဟာ တော်လှန်ရေးတပ်တွေ မိမိရရ တိုက်ခိုက်နိုင်စွမ်းအားမရှိသေးတဲ့ စကစရဲ့ဌာနချုပ် နေပြည်တော် အုပ်ချုပ်ရေးယန္တရားကို အတိုင်းအတာတခုအထိ အကျပ်အတည်းဖြစ်စေခဲ့တာ တွေ့ရပြီး စစ်တပ်အနေနဲ့ ငလျင်သဘာဝဘေးဒဏ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို သူတို့အနိုင်ရနိုင်မယ့် တခုတည်းသော စစ်မျက်နှာတခုအသွင် ပြောင်းလဲအသုံးချဖို့ ကြိုးစားလာနေတာကိုလည်း တွေ့ရမှာဖြစ်တယ်။

‘မန်းရှမ်းအစပ်’
အင်းတော်လိုပဲ မနှစ်က သြဂုတ်လကတည်းက TNLA နဲ့ စစ်တပ် ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ နေရာတခုက နောင်ချိုမြို့နယ်ထဲက တောင်ခမ်းစစ်မျက်နှာပါ။ TNLA က ထိန်းချုပ်ထားတဲ့ ကျေးရွာတချို့ကို စစ်တပ်က မြေပြင်မှာ စစ် ကြောင်းပြန်ထိုးနေသလို လေကြောင်းကလည်း အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတဲ့ နေရာတခုလည်းဖြစ်တယ်။ လွန်ခဲ့တဲ့ တလ၊ နှစ်လလောက်က ကျေးရွာတချို့ကို စစ်တပ်က ပြန်ပြီး ထိန်းချုပ်ထားလိုက်နိုင်တယ်လို့လည်း သတင်းတွေမှာ တွေ့ခဲ့ရတယ်။

တောင်ခမ်းဟာ ရှမ်းတောင်နဲ့မြောက်ကို ချိတ်ဆက်ထားတဲ့လမ်းပေါ်က အချက်အချာကျတဲ့ နေရာတခုဖြစ်သလို ပြင်ဦးလွင်နဲ့လည်း နီးကပ်လာတဲ့အတွက် ရှမ်းတောင်နဲ့ မန်းဝင်‌ပေါက်လို့လည်း ပြောလို့ရတဲ့ နေရာတခုဖြစ်တယ်။ TNLA သာ တရုတ်အနှောင့်အယှက်မရှိဘဲ စိုက်လိုက်မတ်တပ် တိုက်ခဲ့မယ်ဆိုရင် တောင်ခမ်းဟာ ကျပြီးလို့ ရှေ့ဆက်နိုင်မယ့် အနေအထားမျိုးဖြစ်တယ်။

MNDAA လားရှိုးမြို့ပေါ်က ပြန်ဆုတ်မယ့်သတင်းနဲ့ တရုတ်စွက်ဖက်မှုဟာ စကစကို ရှေ့မှာ ရှုပ်ထွေးတဲ့ အခြေအနေတခုဆီကို တွန်းပို့လာမလား စဥ်းစားစရာဖြစ်တယ်။ စစ်သတင်းတွေအရ မြန်မာစစ်တပ်ရဲ့ စစ်တိုက်နိုင်စွမ်းအားနဲ့ နယ်မြေထိန်းချုပ်နိုင်စွမ်းအားဟာ တဖြည်းဖြည်း ချိနဲ့လာတာဖြစ်လို့ လားရှိုးမြို့ပေါ်ကို MNDAA နဲ့ ပြန်လည်ရယူနိုင်မယ်ဆိုရင်တောင် စစ်တပ်အတွက် ပိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်လာဖွယ်ရာဖြစ်တယ်။ လားရှိုးဟာ စကစအတွက် တရုတ်ထိုးပေးတဲ့ ကြောင်ရုပ်ဖြစ်ပေမယ့် ဆေးကြောင့် ပိုလေးလာဖွယ်ရာ ရှိနေတယ်။

တကယ်သာ တခြား ပြည်နယ်နဲ့စစ်တိုင်းတွေ (အထူးသဖြင့် နောင်ချို၊ တောင်ခမ်းနဲ့ မန်းပီဒီအက်ဖ်တွေ လက်စွမ်းပြခဲ့တဲ့ ရှမ်းမန်းအစပ်ကဒေသတွေ) မှာ တော်လှန်ရေးအင်အားစုတွေက ခုလို အောင်မြင်တဲ့ စစ်သတင်းတွေကို ၂၀၂၅ ဒုတိယသုံးလပတ်အတွင်း စဥ်ဆက်မပြတ် ရယူပေးနိုင်မယ်ဆိုရင် လားရှိုးအဆုတ်ဟာ စကစအတွက် ထိရောက်တဲ့ပြန်လည်ရယူမှုတခု ဖြစ်လာဖွယ်ရာမရှိဘူးလို့ သုံးသပ်ရမှာပါပဲ။

‘ကုန်သွယ်စစ်’
ပြည်တွင်းသဘာဝဘေးဒဏ်၊ စစ်ပွဲသတင်းတွေနဲ့အပြိုင် ခုရက်ပိုင်း နိုင်ငံတကာမှာ ထင်ရှားတဲ့သတင်းတွေက ထရမ့်ရဲ့ ကုန်သွယ်ခွန်ကောက်ခံမှုနဲ့ နိုင်ငံတကာ ကုန်သွယ်စစ်ဖြစ်တယ်။ ကုန်သွယ်ခွန်ဟာ ထရမ့်ရဲ့ ခြောက်လုံးဖြစ်တယ်၊ တခြားနိုင်ငံတွေကို သူ့နည်းဗျူဟာ လမ်းကြောင်းထဲဝင်အောင် မောင်းသွင်းချင်တာဖြစ်တယ်လို့ တချို့ယူဆထားချက်တွေကို မမှန်ဘူးလို့ ဒီရက်ပိုင်း ကြေညာချက်တွေက သက်သေပြခဲ့ပြီဖြစ်တယ်။

တရုတ်သွင်းကုန်တွေဟာ အဆိုးဝါးဆုံး (၁၀၀% ကျော်) အခွန်ကောက် ခံရမှာဖြစ်ပြီး တရုတ်ကလည်း အမေရိကန်ပစ္စည်းတွေကို ၅၀% ရာနှုန်းကျော် ထပ်မံ အခွန်ကောက်မယ်လို့ တန်ပြန်လိုက်တဲ့အတွက် ကုန်သွယ်ခွန် (tariff) ကောက်ခံမှုနဲ့ ကုန်သွယ်စစ်ဟာ ဧပြီဒုတိယအပတ်ထဲမှာ စတင် အသက်ဝင်လာခဲ့ပြီဖြစ်တယ်။ မြန်မာလည်း ဒီစာရင်းထဲကမလွတ်ပါဘူး။ အမေရိကန်ကိုသွင်းမယ့် မြန်မာသွင်းကုန်တွေဟာ ၄၄% အခွန်ကောက်ခံရဖို့ရှိပါမယ်။ (တကယ်ကောက်မှာ ၈၈ ဖြစ်ပေမယ့် reciprocal tariff အရ တဝက် လျှော့ချပေးထားတာကြောင့် ဖြစ်တယ်) အဓိက ထိခိုက်မယ့်လုပ်ငန်းတွေက အထည်ချုပ်၊ စိုက်ပျိုးရေးထွက်ကုန် (ဆန်၊ ပဲ) နဲ့ သစ်နဲ့ တွင်းထွက်ပစ္စည်းတွေ ဖြစ်တယ်။

ဧပြီ ၄ ရက်နေ့က စစ်ခေါင်းဆောင်ဟာ ထိုင်းက ဘန်းစတက်အစည်းအဝေးကို သွားတက်ပြီး အိုင်စီစီအရိပ်မည်းကြီးနဲ့ ထိုင်းဆန္ဒပြမှုတွေကြောင့် အမြန် ပြန်လစ်လာခဲ့ရတယ်လို့ ဆိုတယ်။ ပြည်တွင်းမှာ တော်လှန်စစ်ကို နေရာအနှံ့မှာစစ်ရှုံးနေတဲ့ စကစဟာ တိုင်းပြည်ကို နိုင်ငံတကာကုန်သွယ်စစ်နဲ့ စီးပွားရေးရိုက်ခတ်မှုဒဏ်တွေကနေ အကာအကွယ်ပေးနိုင်ဖို့ မဖြစ်နိုင်တာ တွေ့ရတယ်။

စစ်ရေး၊ စီးပွားရေးနဲ့ သဘာဝဘေးရန် အန္တရာယ်တွေကြားကပဲ လူထုအချင်းချင်း၊ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ကူညီရိုင်းပင်းမှု၊ စုစည်းညီညွတ်မှုနဲ့ တော်လှန်စစ်ကို လျင်မြန်စွာ ဖြတ်သန်း အောင်မြင်ကြဖို့ ဖြစ်တယ်။

About The Call 611 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*