ကျွန်ုပ်ပေးသော နိုဘဲလ်ဆုရှင်

“ကျွန်ုပ်ပေးသော နိုဘဲလ်ဆုရှင်”
◼️ထွင်
ဒေါ်အောင်ဆန်းကြည်သည် စစ်သားတယောက်က တည့်တည့်ချိန်ရွယ်ထားသော သေနတ်ပြောင်းဝရှေ့သို့ ကြောက်ရွှံ့စိတ် တစိုးတစေ့မှမရှိဘဲ တည့်တည့် ဝင်လာခဲ့ဖူးသည်။ သို့ပါသော်လည်း လက်ဗလာနှင့် တိုးဝင်လာသော ဒေါ်အောင်ဆန်းစုကြည်အား လက်နက်ပါသော စစ်သားကပဲ ကြောက်ရွှံ့ပြီး နောက်ဆုတ်သွားခဲ့သည်။ ဒေါ်အောင်ဆန်းကြည်၏ ရဲရင့်သောလုပ်ရပ်သည် ကမ္ဘာကျော်ခဲ့ပြီး ထိုလုပ်ရပ်အပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြမ်းမဖက် လုပ်ဆောင်မှုများအတွက် ကမ္ဘာတွင် ထင်ရှားလှသည့် ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ရရှိခဲ့သည်။
***
ကျွန်ုပ်ကိုယ်တိုင် နိုဘဲလ်ဆု ပေးရမည်ဆိုလျှင် ကျွန်ုပ်ပေးချင်သော လူတဦး ရှိခဲ့ဖူးပါသည်။ ထိုသူ၏လုပ်ရပ်သည်လည်း ဒေါ်အောင်ဆန်းကြည်၏ လုပ်ရပ်နှင့် မခြားနားခဲ့ကြောင်း ကျွန်ုပ်ကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့်ပင်။ ထိုသူ၏လုပ်ရပ်ကို ပြောရမည်ဆိုလျှင် …
၁၁-၃-၂၀၂၁ နေ့ကပေါ့။ မှတ်မှတ်ရရ ထိုနေ့ဟာ မြိုင်မြို့ကို သွေးစွန်းခဲ့သောနေ့ပါ။ ထို့နေ့သည် မြိုင်မြို့အတွက် အရိပ်မည်းကြီးဖြစ်သည်။ မြိုင်မြို့သူ/သားများနှင့် မြိုင်မြို့နယ်သူ/သားများသည် ထိုနေ့ကို တသက်တာ မှတ်မိနေကြသည်။ ထိုနေ့ရောက်တိုင်း ကျဆုံးသူရဲကောင်းများအတွက် ယူကျုံးမရ နှမြောတသ ဖြစ်ကြရသည်။ ဖေ့ဘုတ်တခွင်တွင်လည်း ထိုနေ့ရောက်တိုင်း ထိုနေ့နှင့်ပတ်သက်သော အဖြစ်အပျက်များစွာ တင်ကြသည်။ သည့်အပြင် ကျဆုံးသူရဲကောင်းများအတွက် သွေးကြွေးကို ပြန်ယူမည့် သွေးရဲသောစိတ်ဓာတ်များ တဖွားဖွား ပေါ်လာကြတော့သည်။
ကျွန်ုပ်အတွက်လည်း ထိုနေ့သည် အခုလို စာတစောင်ရေးလောက်သော အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရပါသည်။ ထိုနေ့မှာ ကျွန်ုပ်တယောက်တည်းပဲ သတိထားမိသလားတော့ မသိပါ။ ကျွန်ုပ်ရင်ထဲကနေ နိုဘဲလ်ဆု အထပ်ထပ်ပေးမိသော လူတယောက်၏လုပ်ရပ်ကို မြင်ခဲ့သည်။
ထိုနေ့၏ ဖြစ်ပျက်ပုံများကို ပြောရမည်ဆိုလျှင် ၁-၂-၂၀၂၁ နေ့တွင် အာဏာရူး မင်းအောင်လှိုင် အာဏာသိမ်းလိုက်ရာက စပါသည်။
မင်းအောင်လှိုင်က အာဏာသိမ်းလိုက်သောအခါ မြိုင်မြို့သူ/သားများနှင့် မြိုင်မြို့နယ်သူ/သားများအပါအဝင် မြိုင်မြို့ကြီးဆီသို့ ကားတတန်၊ ဆိုင်ကယ်တတန်၊ ခြေလျင်တတန်ဖြင့် မြိုင်မြို့မှ နေရာအနှံ့၊ လမ်းအနှံ့ လှည့်လည် ဆန္ဒပြခဲ့ကြသည်။ မြိုင်မြို့၏ ဘေးပတ်ဝန်းကျင်မှ ရွာပေါင်းစုံက လာရောက်လှည့်လည် ဆန္ဒပြကြရာ မြိုင်မြို့ကြီးပေါ်တွင် ဆန္ဒပြသူများမှာ ပုရွက်ဆိတ်အုံကြီးထက် ဆယ်ဆမက များပြားခဲ့ပါသည်။
ပုရွက်ဆိတ်အုံကြီးထက် ဆယ်ဆမက များပြားသော ဆန္ဒပြ ပြည်သူအုပ်ကြီးသည် မင်းအောင်လှိုင် အာဏာသိမ်းလိုက်သည့်နေ့ကစပြီး မြိုင်မြို့ကို သွေးစွန်းခဲ့သော နေ့အထိ တရက်မပြတ် လှည့်လည်ဆန္ဒပြခဲ့ကြပါသည်။ ဆိုတော့ဖြင့် ဆန္ဒပြရက်များသည် ရက် ၃၀ မက ကြာမြင့်ခဲ့ပြီ။
မင်းအောင်လှိုင်နှင့် သူ၏နောက်လိုက်ကျွန် ရဲခွေးများက ဆန္ဒပြပြည်သူများသည် ဘယ်လောက်ဆန္ဒပြပြ မိမိတို့ဘက်က အာဏာကို ပြန်မအပ်သည့်အတွက် နောက်ဆုတ်သွားလိမ့်မည်ဟု ယူဆထားခဲ့ဟန်ရှိသည်။ သို့ပါသော်လည်း ​ဆန္ဒပြပြည်သူများသည် နောက်ဆုတ်မသွား၊ ပြည်သူအရေအတွက်လည်း လျော့မသွားခဲ့၊ ဆန္ဒပြရက်သည်လည်း မပြတ်ရှိနေသည့်အခါ ကြံရာမရတော့သည့်အဆုံး ဆန္ဒပြဖို့ နောက်ဆုတ်သွားစေချင်သည့်အနေနှင့် မင်းအောင်လှိုင့်ထံ ပစ်မိန့် တောင်းခံခဲ့ဟန် ရှိပါသည်။ သည့်ကြောင့် ၁၁-၃-၂၀၂၁ နေ့တွင် ပစ်မိန့်ကျသည်ဟု ပြည်သူများကြား သတင်းပေါက်ကြားခဲ့ပါသည်။
ပစ်မိန့်ကျသည့်သတင်း ပေါက်ကြားခဲ့သည့်အတွက် ထိုနေ့တွင် ဆန္ဒပြသူများ မလာရောက်ခဲ့ကြတော့ပါ။ သို့ပါသော်လည်း ရန်သူသည် ရန်သူပီသသည်။ ပစ်မိန့်ရသည့်အတွက် ပစ်ကို ပစ်ရမှဟု အားခဲထားကြဟန်ရှိသည်။ ပစ်မိန့်ကျသည့်သတင်း ပေါက်ကြားသောကြောင့် ဆန္ဒပြပြည်သူများ မလာသည့်အတွက် ​ဆန္ဒပြပြည်သူများ လာစေရန် ဖန်တီးခဲ့သည်။ ထိုအရာကား မြိုင်မြို့ပေါ်တွင် လက်ဘက်ရည်သောက်နေသော လူငယ် သုံးလေးယောက်အား အဓမ္မဖမ်းဆီးပြီး မြိုင်မြို့ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ရန်သူတို့၏ အကြံအစည် အောင်မြင်ခဲ့ပါသည်။ လူငယ် သုံးလေးယောက် ဖမ်းဆီးခံရသည့်သတင်းသည် မြိုင်မြို့ပေါ်အပါအဝင် မြိုင်မြို့နယ်မှ ရွာများထံသို့ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် ပြည်သူများက အချင်းချင်း ဆက်သွယ်ခဲ့ကြသည်။ ဖမ်းဆီးခံရသည့် လူငယ်သုံးလေးယောက်အား ပြန်ပေးရန်အတွက် မြိုင်မြို့ရဲစခန်းရှေ့တွင် ဆန္ဒပြရန် မြိုင်မြို့ပေါ်သို့ လာခဲ့ကြပါရန်အကြောင်း။
ထိုသတင်းသည် ကျွန်ုပ်ထံလည်း ရောက်ရှိလာခဲ့သဖြင့် ကျွန်ုပ်သည် စာရေးဖော် ရေးဖက်လည်းဖြစ်သော၊ ယခု အညာမြေတပ်ပေါင်းစု၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံလည်းဖြစ်သော သူငယ်ချင်းနှင့်အတူ မြိုင်မြို့ဆီသို့ ဆန္ဒပြရန် ဆိုင်ကယ်နှင့် ထွက်ခဲ့ကြပါသည်။ ဆိုင်ကယ်ကို ကျွန်ုပ်သူငယ်ချင်း၏အိမ်တွင် ထားခဲ့ပြီး မြိုင်မြို့လယ်လမ်းမကြီးဆီသို့ ထွက်လာခဲ့ပါသည်။
မြိုင်မြို့လမ်းမကြီးပေါ် ရောက်သောအခါ ကျွန်ုပ်တို့ကဲ့သို့ ဆန္ဒပြရန် လာရောက်ကြသော အမျိုးသားများစွာ တွေ့ရသည်။ ခန့်မှန်းခြေ ၅၀၀ မျှ။ အမျိုးသမီးများကတော့ အနည်းအကျဥ်းသာတွေ့သည်။ ထိုအမျိုးသမီးများသည် ပစ်မိန့်ကျမှန်း သိပါလျက်နှင့် ကျည်ကိုမကြောက်သော၊ ယခုရောက်လာသော ယောကျ်ားများနှင့်တန်းတူ သတ္တိရှိသော အာဂအမျိုးသမီးများဖြစ်သည်။
နံနက် ၁၀ နာရီဝန်းကျင်ရှိသောအခါ လူစုံလောက်ပြီဟုယူဆပြီး သံပြိုင်ဟစ်ကြွေးကာ မြိုင်မြို့ရဲစခန်းရှေ့သို့ တရွေ့ရွေ့ ချီတက်ကြပါသည်။ လူအုပ်ထဲတွင် ကျွန်ုပ်နှင့်အတူ စီဒီအမ်ဝင်ခဲ့သော ဇော်ထွန်းနှင့် ကျော်ကျော့်ကိုလည်း တွေ့လိုက်ရသည်။ ကျွန်ုပ်သည် အကြားအာရုံ ချွတ်ယွင်းသူမို့ ဘယ်ကဲ့သို့ သံပြိုင်ဟစ် ကြွေးကြသည်ကို မသိ။
သံပြိုင်ဟစ်ကြွေးလျက် တရွေ့ရွေ့ ချီတက်လာကြသော ၅၀၀ ဝန်းကျင်မျှ ရှိသည့် လူအုပ်ကြီးသည် ရဲစခန်းရှေ့သို့ မရောက်မီမှာပင် အကြံအောင်မြင်အထမြောက်သွားခဲ့သော မင်းအောင်လှိုင်၏ကျွန် ရဲခွေး ၁၀ ကောင်ခန့်တို့သည် လက်နက်ကိုယ်စီ၊ ဒိုင်းကိုယ်စီ ယူဆောင်လျက် ဘေးချင်းယှဥ်တွဲပြီး ဆန္ဒပြ လူအုပ်ရှေ့သို့ တရွေ့ရွေ့ လှမ်းလာကြသည်။ ဒိုင်းကာအား သေနတ်ဒင်ဖြင့် တဒုန်းဒုန်း ထုလျက်။
သို့ပါသော်လည်း ဆန္ဒပြ ပြည်သူအုပ်ကြီးသည် ကြောက်ရွှံ့စိတ် တစိုးတစေ့မျှ မရှိ၊ ရပ်တန့်မသွား၊ ရှေ့သို့ တရွေ့ရွေ့ ချီတက်မြဲ၊ သံပြိုင် ဟစ်ကြွေးမြဲ။
ဆန္ဒပြ ပြည်သူတို့က ရပ်တန့်မလာသောအခါ မင်းအောင်လှိုင်၏ကျွန် ရဲခွေး ၁၀ ခန့်ထံမှ လှုပ်ရှားမှုကို ကျွန်ုပ်မြင်လိုက်သည်။ ဒူးထောက်ပြီး သေနတ်မောင်းကိုတင်ကာ ဆန္ဒပြပြည်သူအုပ်ထံသို့ သေနတ်ဖြင့် ချိန်ရွယ်လိုက်ခြင်း။
မကြာလိုက်။ ဒိန်းကနဲ သေနတ်သံကို ကျွန်ုပ် ကြားလိုက်ရသည်။ အကြားအာရုံ ချွတ်ယွင်းသော ကျွန်ုပ်၏နားထဲပင် ဟိန်းထွက်သွားခဲ့သည်။ ထိုသေနတ်သံသည် ကျွန်ုပ်တသက် ပထမဆုံးအကြိမ် လက်တွေ့ကြားဖူးခြင်း။
ထို သေနတ်ကျည်ဆန်သည် ကံကောင်းစွာ ကျွန်ုပ်ကို မထိမှန်ခဲ့သော်လည်း “လက်ညှိုးထိုးမလွဲ” ဆိုသော စကားကဲ့သို့ ပြည်သူအုပ်ကြီးထံ ချိန်ရွယ်ပစ်လိုက် သော ကျည်ဆန်မို့ ကံဆိုးသော ပြည်သူတယောက်ထံသို့ ထိကိုထိမှန်လိမ့်မည်ဟု ကျွန်ုပ်တွေးလိုက်သည်။
မင်းအောင်လှိုင်ကျွန် ရဲခွေးများထံမှ တဒိန်းဒိန်း သေနတ်သံများ အဆက်မပြတ် ထွက်လာသောအခါ ပြည်သူအုပ်ကြီးသည် မြေပေါ်သို့ ဝပ်ကျသွားကြတော့သည်။ ကျွန်ုပ်လည်း မြေကြီးနှင့် ထိကပ်နိုင်သမျှ ဝပ်ချလိုက်သည်။ တချို့က ပြေးချင်ကြလိမ့်မည်။ ပြေးနေတုန်း ကျည်ထိမည်စိုးသောကြောင့် ဆက်လက်ဝပ်နေကြသူတွေလည်း ရှိသည်။ ကျွန်ုပ်သည်လည်း မပြေးရဲ။ နေရာမှာ ဝပ်မြဲတိုင်း ဝပ်နေမိသည်။
ပြည်သူများ ဝပ်နေကြပါသော်လည်း သေနတ်သံများက အဆက်မပြတ် တဒိန်းဒိန်း။ ထိုအချိန်အထိ ကျွန်ုပ်သည် ကံကောင်းနေမြဲ။ ကျွန်ုပ်ထံ ဘာကျည်မှ မထိသေး။ ပြည်သူများသည် ကျည်ထိမှန်မည်စိုးသောကြောင့် ဘယ်လောက်ပဲ မြေပေါ်ဝပ်ဝပ် ကျည်ဆန်သည် လူအုပ်ကြီးကိုသာ ပစ်နေမြဲမို့ ကျည်တချက်ထွက် တိုင်း ပြည်သူတယောက် ကြွေလွင့်ရလိမ့်မည်ဖြစ်သည်။
သည့်ကြောင့် ထိုနေရာကနေ ဆက်လက် ဝပ်နေလို့မဖြစ်ဟု ကျွန်ုပ်တွေးလိုက်ချိန် ကျွန်ုပ်နှင့်အတူပါသည့် အဖော်က လက်ကိုလာဆွဲသဖြင့် သူ့နောက်သို့ လိုက်ပါသွားပြီး ကျွန်ုပ်တို့သည် ထိုလမ်းမကြီးနှင့် ကန့်လန့်ဖြတ်လမ်း ဘေးလွတ်ရာသို့ ရောက်ရှိသွားခဲ့ကြပါသည်။ သူငယ်ချင်းသာ ကျွန်ုပ်လက်ကို လာမဆွဲလျှင် ကျွန်ုပ် ကျည်ခပြီလား မဆိုနိုင်ပေ။
ထိုအခါ ပတ်ဝန်းကျင်တွင် မီးခိုးများ အုံခဲနေသည်ကို တွေ့လိုက်ရာ မျက်ရည်ယိုဗုံးများနှင့်လည်း ပစ်ကြမှန်း ကျွန်ုပ်သိလိုက်သည်။
သေနတ်ဖြင့် သွေးအေးအေးနှင့် ပစ်ခတ်နေသောကြောင့် ပြည်သူများသည် ဟိုပြေးသည်လွှားနှင့် ရှုပ်ယှက်ခတ်နေကြတော့သည်။ ပျားအုံကို တုတ်နှင့်ထိုးလိုက်သောကြောင့် ပျားပန်းခတ်နေသော ပျားများကဲ့သို့။ ထိုစဥ် ပြည်သူတဦးကို အခြားပြည်သူများက ပွေ့သယ်သွားသည်ကို ကျွန်ုပ်တွေ့လိုက်ရသည်။ နောက်တော့ ပြည်သူတယောက်ကို ပုခုံးပေါ် ထမ်းသယ်သွားသည်ကို တွေ့ရပြန်သည်။ ဪ ပြည်သူတွေ တကယ် သေနတ် ထိမှန်ကြပြီကိုး။ ပြည်သူတွေ တကယ် ကြွေလွင့်ကုန်ကြပြီကိုး။ သည်တော့ ကျွန်ုပ်သည် ရုပ်ရှင်များစွာထဲက စစ်အနိဋ္ဌာရုံ မြင်ကွင်းများစွာကို ပြေးမြင်လိုက်မိသည်။ ကျွန်ုပ်တို့သည် ရုပ်ရှင် ထဲကအတိုင်း တကယ် ကြုံတွေ့နေကြရပြီကိုး။
ထိုမြင်ကွင်းထဲ ကျွန်ုပ်ကိုယ်တိုင် ရောက်ရှိခဲ့သော်လည်း ကျဆုံးသူရဲကောင်းများ၏ ရုပ်အလောင်းများကို ပြည့်ပြည့်စုံစုံ မမြင်ခဲ့ရ။ ဖေ့ဘုတ်ပေါ် တက်သည့်အခါမှ အပြည့်အစုံ မြင်ရတော့သည်။
ဖေ့ဘုတ်ပေါ်တွင် ကျည်ထိမှန်သော ပြည်သူများ၏ ရုပ်အလောင်းများသည် သွေးချင်းချင်း နီရဲလျက်။ တချို့က ဦးခေါင်းတခြမ်း ပွင့်ထွက်သွားသည်။ တချို့က အူတွေ အလိပ်လိုက်။ သူတို့ ကျဆုံးခဲ့သည့်နေရာမှာ ပန်းမျိုးစုံ ဝေဆာနေကြတော့သည်။ ကိုသက်ဇော်ဦး၊ ကိုတိုက်ပေါ်၊ ကိုဉာဏ်ဝင်း၊ ကိုကြည်ဖြိုးဝေ၊ ကိုအောင်ကျော်ဆင့်၊ ကိုတိုက်စိုး ပြည်သူ ခြောက်ဦး ကျဆုံးခဲ့ပြီး ဆယ်ဦးကျော် ဒဏ်ရာရရှိခဲ့ပါသည်။
ထိုဓာတ်ပုံများကို မြင်ရသည့်အခါမှ ကျွန်ုပ်ရင်ထဲကနေ နိုဗယ်လ်ဆု ပေးချင်မိသော ဓာတ်ပုံတပုံကို မြင်လိုက်ရသည်။ ထိုဓာတ်ပုံသည် ဆန္ဒပြ ပြည်သူအုပ်၏ နောက်ဘက်ကနေ ရိုက်ထားသည်။ ပြည်သူများသည် သေနတ်သံကြောင့် မြေပေါ်တွင် ပြားပြားဝပ်နေသည်။ ပြည်သူအုပ်၏ ခပ်လှမ်းလှမ်းတွင် ကျွန်ရဲခွေး ၁၀ ကောင်ခန့်သည် ဒိုင်းကာကိုယ်စီ၊ သေနတ်ကိုယ်စီဖြင့် ယှဥ်တွဲရပ်နေကြသည်။ ထိုရဲခွေး ၁၀ ကောင်ဝန်းကျင်ခန့်၏ ရှေ့တည့်တည့်တွင် လက်ကို ဆန့်တန်းပြီး မပစ်ဖို့ တားမြစ်နေသော ဦးလေးကြီးတယောက်။ ထို ဦးလေးကြီး၏ လုပ်ရပ်ကိုမြင်ပြီး ကျွန်ုပ်သည် ကြက်သီးဖြန်းဖြန်း ထသွားခဲ့သည်။ တဆက်တည်းမှာပဲ နိုဘဲလ်ဆု ရလောက်အောင် ကမ္ဘာကျော်သွားခဲ့သော ဒေါ်အောင်ဆန်းကြည်၏ လုပ်ရပ်ကိုလည်း ပြေးမြင်လိုက်သည်။ ထိုဦးလေးကြီး၏ လုပ်ရပ်သည် ဒေါ်အောင်ဆန်းကြည်၏ လုပ်ရပ်နှင့် မခြားနား။ ထိုဦးလေးကြီးသည် ဘယ်သူဘယ်ဝါ ဖြစ်သည်ကိုလည်း ကျွန်ုပ် ကောင်းကောင်းသိသည်။
တိုက်ဆိုင်လွန်းလှစွာပင် ထိုဦးလေးကြီးသည် ကျွန်ုပ်သူငယ်ချင်း၏ အဖေဖြစ်နေသည်။ ကျွန်ုပ်တို့ ဆန္ဒပြလာတိုင်း ဆိုင်ကယ်အပ်ထားခဲ့သည့်အိမ်မှ သူငယ် ချင်း၏ အဖေ။
သူငယ်ချင်းသည်လည်း ကျွန်ုပ် စီဒီအမ်လုပ်ရာဋ္ဌာနမှ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း။ သူငယ်ချင်းကတော့ အာဏာမသိမ်းခင်ကတည်းက အလုပ်ထွက်သွားသည်။ သူငယ်ချင်း၏အိမ်သည် ကျွန်ုပ် မြိုင်မြို့သို့လာတိုင်း ဖြတ်သွားနေကျ လမ်း၏ဘေးတွင်ရှိသည်မို့ လမ်းကြုံတိုင်း ဝင်ဖြစ်သည်။
သူငယ်ချင်းအိမ်ဝင်တိုင်း ဦးလေးကြီးကို အမြဲတွေ့နေရသည်။ ဦးလေးကြီးသည် သတင်းစာတစောင်ကို အမြဲလိုလို ဖတ်နေသည်။ ကျွန်ုပ် သတိထားမိသည် မှာ ဦးလေးကြီးဖတ်သော သတင်းစာသည် နိုင်ငံရေးသတင်းစာပင်ဖြစ်သည်။
တနေ့တုန်းက သတင်းစာနှင့်ပတ်သက်ပြီး ဦးလေးကြီး၏ ဖြစ်ပျက်သွားသော မျက်နှာကြီးကို ကျွန်ုပ် မေ့မရ။ ဦးလေးကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော သတင်းစာကို ကျွန်ုပ်အား ပြောပြသည်။ ပြောပြပြီးကာမှ ပြောမိတာ မှားလေခြင်းဆိုပြီး ဖြစ်ပျက်သွားသော မျက်နှာကြီး။
အဘယ်ကြောင့် ပြောပြီးကာမှ ပြောမိတာ မှားလေခြင်းဆိုသည့် သဘောပါသော မျက်နှာထားမျိုး ဖြစ်သွားရသလဲဆိုလျှင် ကျွန်ုပ်က ဦးလေးကြီးနှင့် ရင်ဘတ်မတူဘဲ ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံသူဖြစ်နေလျှင် ဘယ့်နှယ်လဲဆိုသော သဘောကြောင့်ပင်။
ဦးလေးကြီး၏ ဖြစ်ပျက်သွားသော မျက်နှာထား၏အဓိပ္ပါယ်ကို သိလိုက်သော ကျွန်ုပ်က ဦးလေးကြီး အားတက်စေရန် “ကျုပ်ကလည်း အမေစုမှ အမေစုပါဗျာ၊ ကျုပ်မှမဟုတ်ဘူး၊ ကျုပ်အဖေရော အမေရော အမေစုပဲ၊ ဪ ကုန်ကုန်ပြောရရင် ကျုပ်တို့တအိမ်လုံး အမေစုပါပဲဗျာ” ဟု အားတက်သရော ပြောလိုက်သည့်အခါ ဦးလေးကြီး၏မျက်နှာသည် ရွှင်လန်းတက်ကြွသွားလေသည်။
ဦးလေးကြီးသည် ဒေါ်အောင်ဆန်းကြည်ကို ထောက်ခံသူပီပီ ဒေါ်အောင်ဆန်းစုကြည်၏လုပ်ရပ်နှင့် မခြားသောလုပ်ရပ်ကို လုပ်ခဲ့သည်ကို ကျွန်ုပ် မျက်ဝါးထင်ထင် မြင်လိုက်ရပြီ။ သတ္တိ ရှိလှလေခြင်းဟု ကျွန်ုပ် အံ့သြမဆုံး ဖြစ်ရသည်။
သည့်ကြောင့်ပဲ ထိုအဖြစ်အပျက်ဖြစ်ပြီး နောက်ရက်များတွင် ဦးလေးကြီးအိမ်သို့ ရောက်ရှိပြီး ထိုလုပ်ရပ်နှင့်ပတ်သက်ပြီး မေးမြန်းဖြစ်သည်။ ဦးလေးကြီးအိမ်သို့ ရောက်ရသည့်အကြောင်းမှာ ကျွန်ုပ်၏ သူငယ်ချင်း၊ အညာမြေတပ်ပေါင်းစု၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက အလှူငွေများ ကောက်ခံပြီး သွေးစွန်းသောနေ့တုန်းက ကျဆုံးသူရဲကောင်းများနှင့် ဒဏ်ရာရရှိသူများအတွက် အိမ်တိုင်ရာရောက် အလှူငွေ ပေးအပ်ရန်အတွက်ဖြစ်သည်။ ကျဆုံးသူရဲကောင်းများသည် မြိုင်မြို့ပေါ်နှင့် မြိုင်မြို့နယ်မှ ရွာများစွာကလည်း ပါဝင်သည်။ ကျွန်ုပ်တို့သည် ရွာပေါင်းစုံ ဆိုင်ကယ်ဖြင့်လှည့်ပတ်ကာ အလှူငွေပေးအပ်ခဲ့ပါသည်။ ကျန်ရစ်သူများသည် ငိုယိုပြီး လက်ခံခဲ့ကြသည်ကို မေ့မရပါ။
ထိုစဥ်တုန်းက ဦးလေးကြီးအိမ် ခဏဝင်ကာ ထိုလုပ်ရပ်နှင့်ပတ်သက်ပြီး မေးလိုက်မိသည်။ “အဲ့ပုံထဲက ဦးလေးမဟုတ်လား၊ ဦးလေးကိုပစ်မှာ မကြောက်ဘူးလားဟင်” ဟု။ ဦးလေးကြီးကလည်း ဖြေပါသည်။ ”မကြောက်ပါဘူး၊ ငါက အသက်ကြီးပြီပဲ၊ ဘာကိစ္စ သေမှာ ကြောက်ရမှာလဲ” ”ဟုတ်ပါပြီ၊ ဦးလေးက ဘာလို့ အဲ့လို သွားလုပ်တာလဲဟင်၊ မပစ်ဖို့ တားတာလား” ”ဟုတ်တယ်၊ မပစ်ဖို့ တားတာ၊ ငါလည်း ပြည်သူတွေကို ပစ်နေတာမြင်တော့ မပစ်စေချင်လို့ကို သွားတားလိုက်ရုံပါပဲ”။
ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး သူငယ်ချင်းကိုလည်း မေးလိုက်သေးသည်။ “မင်းအဖေ အဲ့လိုလုပ်တော့ မင်းအဖေကို မင်းက ဘာမှမပြောဘူးလား” ဟု။ ”ပြောတာပေါ့၊ သေချင်လို့လားဆိုပြီး ပက်ပက်စက်စက်ကို အော်ထားတာ” သူငယ်ချင်း၏ စကားထဲမှာ အဖေဖြစ်သူအပေါ် ကရုဏာဒေါ​သောတွေ ပါနေသည်။
ဦးလေးကြီး ပြောတာတွေ ကြားပြီးနောက် ကျွန်ုပ်သည် ဦးလေးကြီး၏ လုပ်ရပ်အတွက် အတွေးပွားနေမိသည်။ ဦးလေးကြီး၏ တားမြစ်သောလုပ်ရပ်သည် ပစ်ခတ်ပြီးမှ ​တားမြစ်သောလုပ်ရပ်မို့ ပစ်ခတ်မှုများ ရပ်သွားခြင်းဟာ ဦးလေးကြီးက တားမြစ်သောကြောင့် ရပ်သွားခြင်းများလားဟု။ တကယ်လို့များ ဦးလေးကြီး တားမြစ်လို့ အပစ်အခတ် ရပ်သွားသည်ဆိုလျှင် ဦးလေးကြီး၏လုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်ကဲ့သို့ မေတ္တာနှင့် ငြိမ်းချမ်းစေသောလုပ်ရပ် ဖြစ်သည်ဟု။ ထို့ကြောင့် ထိုလုပ်ရပ်ကို သတိထားမိသော ကျွန်ုပ်က ဦးလေးကြီးကို ငြိမ်းချမ်းရေးနိုဘဲလ်ဆု ပေးချင်သည်ဟု ဆိုမိခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းကြည်သည် ထိုစဥ်တုန်းက NLD ပါတီ၏ ခေါင်းဆောင်ဖြစ်သောကြောင့်ရော၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သောကြောင့်ရော၊ နိုင်ငံ့အကျိုးအတွက် စွမ်းစွမ်းတမံ ရဲရဲဝံ့ဝံ လုပ်ဆောင်နေသော သတ္တိများကြောင့်ရော တိုင်းသိပြည်သိ အမျိုးသမီးတဦး ဖြစ်နေသောကြောင့် ထိုလုပ်ရပ်သည် ကမ္ဘာကျော်သွားခဲ့ရပြီး ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ရရှိခြင်းဖြစ်သည်ဟု ကျွန်ုပ် ယူဆသည်။ ဦးလေးကြီးသည်လည်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ တိုင်းသိပြည်သိ လူပုဂ္ဂိုလ်တဦး ဖြစ်နေခဲ့လျှင် ထိုလုပ်ရပ်သည်လည်း ကမ္ဘာကျော်မှာဖြစ်ပြီး ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရလိမ့်မည်ဟု ကျွန်ုပ် ထင်မြင်သည်။ သည့်ကြောင့်လည်း ကျွန်ုပ်ရင်ထဲကနေ ဦးလေးကြီးအား ငြိမ်းချမ်းရေးနိုဘဲလ်ဆုကို ပေးမိသည်။
တနေ့ ဦးလေးကြီး၏သတ္တိကို ချီးကျူးပြီး သည်စာကိုရေးကာ ဦးလေးကြီးကို ပြမည်ဟု အားခဲထားခဲ့သော်လည်း ၂၀၂၁ ခုနှစ်မှာပဲ ဦးလေးကြီးသည် နာမကျန်းဖြစ်ကာ ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ကျွန်ုပ်ပေးသော ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်ကြီး ကောင်းရာသုဂတိ လားပါစေ။
အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။
About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*