
“ကျွန် နှစ်ထပ်ကွမ်း” ဇာတ်
ရပ်ကြလော့
■ အယ်ဒီတာ့စကား
မတ်လ ၂၁ ရက်နေ့ကို ကမ္ဘာ့ကဗျာနေ့အဖြစ် သတ်မှတ်ကြောင်း ကမ္ဘာကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီးက သတ်မှတ်လိုက်သည်။ ၁၉၉၉ ခုနှစ်ကတည်းက စတင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။အီကွေတာပေါ်သို့ နေရောင်တည့်တည့်ကျရောက်သောအချိန်၊ ကမ္ဘာ့အပူဆုံးအချိန်ကို ရွေးချယ်ပြီး ကမ္ဘာ့ကဗျာနေ့ဟု သတ်မှတ်ကြောင်း သိရသည်။
တန်ဖိုးကြီးသော စိန်ရတနာသည် လုံလောက်သောအပူချိန်နှင့်ဖိအားရရှိမှသာ ကမ္ဘာ့မြေကြီး၏ဒုတိယအလွှာ အပေါ်ယံမျက်နှာပြင်အောက်တွင် စိန်ဖြစ်ပေါ်လာသည်ဟု သိရသည်။
ကဗျာကိုလည်း တွင်းထွက်စိန်ကဲ့သို့ အဖိုးမဖြတ်နိုင်မှုကို ရည်ညွှန်းလေသလားမသိ။ ကမ္ဘာအပူဆုံးအချိန် ဆင်းရဲသော၊ ခက်ခဲကြမ်းတမ်းသောဖိအားများနှင့်မှ ကဗျာဓာတ်တွေ ပိုမိုကူးလူးနိုင်လိမ့်မည်ဟု တင်စားလိုဟန်ရှိ၏။
ကဗျာသည် လူထုအသံ၊ ကဗျာသည် အမှန်တရား၊ ကဗျာသည် တရားမျှတမှုဖြစ်သည်။
ကဗျာသည် ဒုက္ခတွင်းနက်နက်တွေကြားက ရုန်းကန်တိုးထွက်လာသော အတွေးလှလှ စကားလုံးရသများဖြစ်သည်။
တနည်းအားဖြင့် ကဗျာသည် ယဥ်ကျေးမှုမြင့်မားသော ဘာသာစကားတခုလည်း ဖြစ်သည်။ ကမ္ဘာ့ပထမဆုံးသောကဗျာကို လွန်ခဲ့သောနှစ်ပေါင်း လေးထောင်ခန့်ကပင် အရှေ့အလယ်ပိုင်းဒေသ အီရတ်နိုင်ငံ ဘေဘီလုံမြို့တော်တွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ကဗျာသည် ရှည်လျားသောသမိုင်းကြောင်းနှင့်အတူ မတူကွဲပြားသော အယူအဆများ၊ ကဗျာအမျိုးအစားများ များစွာရှိသည်။ရွေ့လာသောခေတ်နှင့် လူ့အဖွဲ့အစည်းအပြောင်းအလဲများတွင် ကဗျာသည် ပုံသဏ္ဍာန်အသစ်၊ အကြောင်းအရာအသစ်၊ အတွေးအခေါ်အသစ်၊ ရေးဟန်အသစ်၊ စကားလုံးအသစ်များဖြင့် ခေတ်သစ်ကို ကြိုနေနှင့်သည်။ ခေတ်နောက်ပြန်ဆွဲလိုသော အကျင့်ပျက်လူ့အဖွဲ့အစည်းအချို့၏ ဟောင်းမြေ့နေသည့် အယူအဆများကို တော်လှန်ကဗျာများက အသိယှဥ်လျက်တိုက်ဖျက်ခဲ့သည်။ ယဥ်ကျေးမှုသစ်ကို တိုးမြှင့်ခဲ့သည်။
လောကအနက်အဓိပ္ပါယ်ကို တင်ကြိုခံစားသိမြင်နိုင်သည့်စိတ်ကို ဆဌမအာရုံဟု ခေါ် ဝေါ်ခဲ့လျှင် ကဗျာ၏အနုဗေဒအား ခံစားသိမြင်နိုင်သောစိတ်ကို သတ္တမအာရုံဟုပင် အမည်ပြုနိုင်ပေလိမ့်မည်။ ထို့ကြောင့် ကမ္ဘာကြီးအထက်တွင် ကဗျာရှိသည်။ ကဗျာအထက်တွင်မည်သူမျှမရှိ ဟူသော
တရားမျှတမှုကိုလှစ်ပြသည့် အဘိဓမ္မာတရပ်လည်းပေါ်ထွက်လာနိုင်သည်။
နွေဦးတော်လှန်ရေးတွင်ပါဝင်လာသော ကဗျာဆရာများက ကမ္ဘာ့ကဗျာနေ့ကို ထိုင်းနိုင်ငံနယ်စပ်၊ မဲဆောက်မြို့တွင် ကျင်းပခဲ့ကြောင်းသိရသည်။လက်နက်စွဲကိုင်တိုက်ပွဲဝင်နေသော ကဗျာဆရာတချို့ကလည်း မိမိရောက်ရှိနေရာ တောတောင် အသီးသီးတွင် ကျင်းပကြသည်။ တချို့က ထောင်ထဲတွင် ကျင်းပသည်။ တချို့က လွတ်မြောက်နယ်မြေများတွင်ကျင်းပသည်။
တော်လှန်ပြည်သူများက ဘုံရန်သူအကြမ်းဖက်စစ်အုပ်စုကို အရူးမီးဝိုင်းဖြစ်အောင်၊ အဘက်ဘက်က စစ်အင်အားယုတ်လျော့သွားအောင် စစ်မျက်နှာအသီးသီးဖွင့်၍ တိုက်လျက်ရှိရာ ကဗျာစာပေ၊ ပန်းချီဂီတ ရုပ်ရှင် ဇာတ်သဘင်စသည့် အနုပညာရှင်များစွာလည်း ပါဝင်လျက်ရှိ၏။
စပါးစိုက်ရင်း စစ်တိုက်ကြမည်။
ဂီတာတီးရင်း စစ်တိုက်ကြမည်။
ကဗျာရွတ်ရင်း စစ်တိုက်ကြမည်။
အငြိမ့်ကရင်း စစ်တိုက်ကြမည်။
ထောက်ပို့လုပ်ရင်း စစ်တိုက်ကြမည်ဖြစ်သည်။ဘက်စုံထောင့်စုံက တယောက်တအား မျှယူပါဝင်ကြရမည်ဖြစ်သည်။
ကမ္ဘာ့ကဗျာနေ့က မတရားစစ်အာဏာသိမ်းမှု ၅နှစ်တာကာလအတွင်း ကျဆုံးကွယ်လွန် ကဗျာဆရာအယောက် (၈၀)စာရင်း ထွက်ပေါ်လာသည်။ တချို့က ငြိမ်းချမ်းစွာဆန္ဒပြရင်း ကတ္တရာလမ်းမထက်တွင် ကျဆုံး၊ တချို့က မတရားဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းများတွင် ကျဆုံး၊ တချို့က ထောင်ထဲ၊တချို့က ဝရမ်းပြေးဘဝရှောင်တိမ်း ပုန်းအောင်းရင်း၊ တချို့က ရှေ့တန်းတိုက်ပွဲဝင်ရင်း ကျဆုံး၊ တချို့က ရောဂါအနာတရစွဲကပ်ရင်း၊ တချို့က အလုပ်မဲ့ဝင်ငွေမဲ့၊ မျှော်လင့်ချက်မဲ့ ဖြတ်သန်းရင်းဆင်းရဲချို့တဲ့စွာ ကွယ်လွန်ခဲ့ကြသည်။
ထို ကျဆုံးကွယ်လွန်သူများစာရင်းတွင် ထင်ရှားသော ကဗျာဆရာ၊ တေးရေးဆရာ နိုင်မြန်မာ လည်းပါဝင်သည်။ နိုင်မြန်မာသည် ၈၈ ပြည်သူ့အရေးတော်ပုံကြီးအတွက် မော်ကွန်းဝင် “ကမ္ဘာမကြေဘူး “တော်လှန်ရေးတေးကိုသာမက အခြားကျော်ကြားသော တေးသီချင်းများစွာကို ဖန်တီးခဲ့သည်။ ထို့ပြင် နိုင်ငံရေးနောက်ခံပါ၍ ခေတ်ကိုထင်ဟပ်သောကဗျာများလည်း ရေးဖွဲ့ခဲ့သည်။ သူ့တွင် နာမည်ကြီးကဗျာများစွာရှိသည့်အနက် ဆိုရှယ်မီဒီယာတွင် ခေတ်ကာလနှင့်ကိုက်ညီသော အကျော်ကြားဆုံးကဗျာမှာ “ကျွန်လိုနေရတာပျော်ရဲ့လား” ပင်ဖြစ်သည်။
“ကျွန်” မဟုတ်ဘဲ “ကျွန်” လုပ်ခံရ
“လက်နက်” ပြ၍ အဓမ္မအတင်း
ကျွန်ပြုခြင်းအား မငြင်းမဆန်
အညံ့ခံကာ နေသာသလို
နေမည်ဆိုက
ငါတို့ဘဝ …
“ကျွန်မ” “ကျွန်ထီး” “ကျွန်ကြီး” ကျွန်လေး”
ငါတို့မွေးသည့် ငါတို့ “ရင်သွေး”
ငါတို့ “ကလေး” တွေလည်း
“ကျွန်လေး” တွေပဲ ဖြစ်လိမ့်မယ်။
နိုင်ငံရေး အသိအမြင်နုံ့နဲသည့် လူ့ဗာလများအတွက်ရေးဖွဲ့သောကဗျာဖြစ်သည်။ အကြမ်းဖက် မင်းအောင်လှိုင်က သူ့စစ်တပ်အာဏာရှည်ကြာရေးအတွက် အတုအယောင်ရွေးကောက်ပွဲပြုလုပ်ပြီး တိုင်းပြည်ကိုကျွန်ဇာတ်သွင်းဖို့ ကြိုးပမ်းနေသည်။ ကျွန်သက်ရှည်ချင်သလောက်ရှည်ပေ့စေ အကြွင်းအကျန်အာဏာအရိုးအရင်း ကိုက်ရပြီးရောဟူသော နိုင်ငံရေးပါတီများကလည်း အမြီးတနှံ့နှံ့။ တိုင်းပြည်စစ်မီးတဟုန်းဟုန်းတောက်နေချိန်မှာကိုပဲ ရသမျှနယ်မြေလေးပိုင်းပြီး အကြိမ်ကြိမ်ခွဲပြီးကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကိုဝင်ဖို့ မာန်စွယ်တပြပြလုပ်နေကြသည်။
ထို့ထက် ပြည်သူကိုမျက်နှာမူ၍ ပြည်သူနှင့်အတူရပ်တည်နေသော NLD က ယခုပြည်သူလူထုဆင်နွှဲနေသော ပြည်သူ့ခုခံတွန်းလှန်စစ်အတွက် အဖြေမဟုတ်သည့် အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်နေခြင်းကို မအလ အပေါင်းပါ ကိုကိုကြီးက
“စစ်အစိုးရက မဝင်စေချင်တဲ့ဟာကို ကိုယ်ကလည်းဆန့်ကျင်ပြီး မဝင်ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်တယ်လို့ ကျနော်ကမြင်တယ်။ အခုလည်းပဲ တကယ်ဆန့်ကျင်နေတာလား။ သို့မဟုတ် တဖက်ကလိုချင်တဲ့ရလဒ်ကို ပူးပေါင်းဆောင်ရွက်နေတာလားလို့ ကျနော်က မေးခွန်းထုတ်စရာရှိတယ်” ဟုဆိုကာ လူထုကိုပင်ဂျင်းထည့်ဖို့၊ လှည့်ဖြားဖို့ကြိုးစားလာသည်။
စစ်အုပ်စုအလိုတော်ရိများက စစ်ကျွန်ဖြစ်ရေးကြိုးပမ်းနေကြသလို အကြမ်းဖက်စစ်အုပ်စုကလည်း သူတို့အာဏာတည်မြဲရေးအတွက် တိုင်းတပါးလက်အောက် ကိုလိုနီဘဝရောက်သွားမည်ကိုပင် မတွေးနိုင်တော့ဘဲ တရုတ်နှင့်ရုရှားတို့ထံမှ စစ်အင်အားများ အကူအညီတောင်းခံခဲ့သည်။ ဘုရားဟော ဗျာဒိတ်တော်လာဆိုသော ထိုးဇာတ်နှင့် ရုရှားကို ဇွတ်လုံးနေတော့၏။ မြောက်ပိုင်းသုံးဖော်နှင့် အပစ်အခတ်ရပ်စဲရေး၊ စစ်ပြေငြိမ်းရေးအတွက်လည်း
တရုတ်ကို အားကိုးတကြီးအမှီပြုနေရသည်။ တရုတ်လုံခြုံရေးတပ်ဖွဲ့များကို နိုင်ငံအတွင်းခိုးသွင်းနေသည်။
တိုင်းပြည်သည်တစတစဖြင့် တရုတ်နှင့်ရုရှားတို့၏ သြဇာအောက် ကျရောက်လာသည်။ တိုင်းပြည်အောက်ကျနောက်ကျဖြစ်နေချိန်တွင် အိန္ဒိယနိုင်ငံလွှတ်တော်အမတ်အချို့ကလည်း မြန်မာပိုင်နက်ဖြစ်သော ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည်သိမ်းယူရေးနှင့် ချင်းပြည်နယ်အား သူတို့နှင့်ပေါင်းစည်းလာရေးအတွက်ကြိုးပမ်းမှုများဆောင်ရွက်လာသည်။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာအလယ်တွင် စစ်အုပ်စုပုံရိပ် ကျဆင်းလာပြီး တိုင်းပြည်၏အချုပ်အခြာအာဏာကိုပင် ထိပါးခံနေရပြီဖြစ်သည်။ ထိုင်းနှင့်တရုတ်တို့၏ ကျားဖြန့်နှိမ်နှင်းရေးကိစ္စ နယ်စပ်ဖြတ်ကျော်ဆောင်ရွက်နေမှုများကလည်း အကြမ်းဖက်စစ်အုပ်စုအား အလေးမထားခြင်းများပေါ်လွင်ခဲ့သည်။
ဤဖြစ်ရပ်များသည် မအလ၏ တိုင်းပြည်အား စစ်ကျွန်ပြုအုပ်ချုပ်ရန် စီမံကြိုးပမ်းမှုများမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ မြန်မာပြည်သူတွေ ကျွန်နှစ်ထပ်ကွမ်းဖြစ်လာမည့် ဇာတ်လမ်းဖြစ်သည်။
သည်လို ကျွန်သက်ရှည်မည့်ဇာတ်လမ်းထဲတွင် TNLA နှင့် KIA၊ TNLA နှင့် PDF တို့၏ ပွတ်တိုက်မှုများ၊ အဆင်ခြင်မဲ့ နယ်မြေလုခြင်းများ ပါဝင်လာသည်။ ယနေ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အောင်ပွဲခံနေခြင်းသည် မြန်မာပြည်အနှံ့အပြားရှိ ပြည်သူတရပ်လုံး၏ ထောက်ခံမှုကြောင့်ဖြစ်သည်။ စကစ၏ စစ်မျက်နှာအားလုံးကိုထောက်ထားသည်။ စကစ အင်အားစုဖွဲ့လို့မရအောင် ဘက်ပေါင်းစုံက စစ်မြှူထားသည်။ စကစ ၏ စစ်ရေးလမ်းကြောင်းအားလုံးကို ဖြတ်တောက်ထားသည်။ စကစအား အထွေထွေဆန့်ကျင်မှုနည်းလမ်းပေါင်းစုံဖြင့် ဖိအားပေးထားသည်။ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးများ ပိတ်ဆို့ထားသည်။ ထိုသို့နွေဦးတော်လှန်ရေးဟူသည့် တညီတညွတ်တည်းသောစိတ်ဓာတ်နှင့် ရုန်းထခဲ့၍သာ သည်မျှအောင်မြင်ခဲ့သည်ကို မမေ့အပ်ပေ။မိတ်ဖက်ပဋိပက္ခတွေ များပြားလာလျှင် ဘုံရည်မှန်းချက် ပျောက်သွားမည်။ ဘုံရန်သူ ပျောက်သွားမည်။ ခိုင်မာကျစ်လျစ်သော ညီညွတ်ရေးမတည်ဆောက်နိုင်လျင်၊ စုဖွဲ့မှုကျိုးပဲ့သွားလျင်၊ လူထုထောက်ခံမှုကျဆင်းသွားလျင်၊ အောင်ပွဲသည်လည်း လွဲသွားပေလိမ့်မည်။ မြင်လျက်နှင့် ဝေးသွားပေလိမ့်မည်။
“အချင်းချင်းတွေ ရန်ဖြစ်နေတာ ဖြစ်နိုင်ပါတယ်
‘ကျွန်’ ဖြစ်နေတာ မမေ့ပါနဲ့” ဆိုသော
ကဗျာကို အလေးအနက်ပြုသင့်သည်။ သိမှုမဲ့ ဆင်ခြင်မှုမဲ့ အချင်းများနေကြသည့် လူငယ်များ၊ခေါင်းဆောင်ငယ်များကို နှစ်ဖက်တာဝန်ရှိသူများက အချိန်မီ ထိန်းကျောင်းတည့်မတ်ပေးသင့်သည်။ စစ်အာဏာရှင် အမြန်ချုပ်ငြိမ်းရေးကိုသာ တပ်ပေါင်းစုလျက် ဦးတည်ကြရမည်ဖြစ်သည်။
မတ်လ ၂၈ ရက်နေ့က စစ်ကိုင်း-မန္တလေးကိုအခြေပြု၍ ဖြစ်ပေါ်ခဲ့သော မြေငလျင်ကိုအကြောင်းပြုကာ မအလ အပေါင်းပါ ဒေါ်လာစားငြိမ်းချမ်းရေးလက်ကောက်များက အကြမ်းဖက်စစ်ရာဇဝတ်ကောင် မအလကို ပွဲထုတ်ဖို့ပြင်ဆင်လာကြသည်။
တိုင်းပြည်မှာ အနာဂတ်ရှိသေးသလားဟု ဆိုကာ သဘာဝဘေးဒဏ်ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ တဖက်တည်းမှာ အတူပေါင်းလုပ်ဖို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ငလျင်ဘေးသင့်သူတွေကို ထောက်ပံ့ကူညီမှုတွေပေးရင်းဖြင့် စကစကို သံတမန်ရေးဖယ်ကြဥ်မှုကနေ လွတ်မြောက်လာဖို့ ထိုလက်ကောက်များက မျှော်လင့်မြည်တမ်းလာကြသည်။
စင်စစ် မအလ အာဏာစသိမ်းကတည်းက လူငယ်တွေ အနာဂတ်ပျောက်ခဲ့ပြီးဖြစ်သည်။ ထို့ပြင်စစ်မှုထမ်းဥပဒေက ပြည်သူအားလုံး ဒုက္ခရောက်ခဲ့ကြသည်။ တိုင်းပြည်အနာဂတ်လုံးလုံး ပျောက်ခဲ့ရသည်။ တရုတ်လုံခြုံရေးတပ်များ ဝင်လာသောအခါ တိုင်းပြည်သည် အနာဂတ်သာမက အချုပ်အချာအာဏာပါ ပျောက်ရကိန်းကြုံခဲ့လေပြီ။
ယခု ငလျင်ဘေးတွင် NUG က ထိုးစစ်အားလုံး ၂ ပတ်ကြာ ရပ်နားထားရန်နှင့် ပြည်တွင်းပြည်ပကူညီကယ်ဆယ်ရေးအဖွဲ့များအား လိုအပ်သည့်အကူအညီနှင့်ကာကွယ်စောင့်ရှောက်မှုပေးရန် ထုတ်ပြန်ခဲ့သော်လည်း စစ်ရာဇဝတ်ကောင် မအလက ပြည်သူများ ငလျင်ဘေးနှင့်ဒုက္ခအကျပ်အတည်းများကြုံတွေ့နေရချိန်မှာပင် လူမဆန်စွာ ဗုံးကြဲနေဆဲဖြစ်သည်။ မအလ ခွင့်မပြု၍ ထိုင်ဝမ်က ကူညီရေးအဖွဲ့ ဝင်ခွင့်မရခဲ့ပေ။ ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့တချို့လည်း စစ်ဆေးမှု၊ တားဆီးမှုများနှင့်ကြုံတွေ့နေရသည်။ မအလသည် ကပ်ဘေးသင့်ပြည်သူများအား ကယ်ဆယ်ကူညီရေးထက် သည်ငလျင်ကပ်ဘေးမှ သူ့အတွက် နိုင်ငံရေးအမြတ်များများထွက်ရေးကိုသာ မျှော်လင့်တာစူနေသည်။ ဝိုင်းပယ်ထားသော နိုင်ငံတကာအသိုင်းအဝန်းကြားတွင် ပြန်လည်ဝင်ဆံ့ခွင့်ရလာရေးကို သူ လိုလားနေသည်။ ပြည်သူလူထုအတွက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်သတိပေးရေးလုပ်ငန်းများကို မအလ မပြင်ဆင်ခဲ့ပေ။ သဘာဝဘေးအန္တရာယ်များအတွက် သုံးစွဲရန်ချန်ထားသော တိုင်းပြည်အရန်ဘဏ္ဍာများကို စစ်သုံးစရိတ်လုပ်ပစ်ခဲ့သော မအလအဖို့ ယခုလို့သဘာဝဘေးနှင့်ရင်ဆိုင်ရသောအခါ ပြည်သူကိုပြည်သူချင်းကူညီနေသော လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအကူအညီများကို အရေးပေါ်တောင်းခံနေရပြီဖြစ်သည်။
မအလနှင့် အပေါင်းပါငြိမ်းချမ်းရေးလက်ကောက်များခမျာ ထိုငလျင်ဘေးကိုအကြောင်းပြုပြီး ဒုက္ခရောက်နေသောပြည်သူများကို ကူညီကယ်ဆယ်ကြရမည့်အစား စစ်ရာဇဝတ်ကောင် မအလကိုပဲကူညီကယ်ဆယ်ကြဖို့ အလုအယက်ရှေ့ထွက်လာကြသည်မှာ ရွံရှာဖွယ်ကောင်းလှပေသည်။
ပြည်သူလူထုသည် မအလ၏စစ်ကျွန်ဖြစ်ရုံသာမက တိုင်းတပါး၏သြဇာခံကျွန်ပါဖြစ်လာမည့် “ကျွန်နှစ်ထပ်ကွမ်း”ဘဝကို မလိုလားကြပါ။ မကြာမီ ပြည်သူလူထု၏ပေါင်းစုတိုက်ဖျက်မှုဖြင့်
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းတော့မည်ဖြစ်သည်။
Be the first to comment