ကြပ်ပြေးကနေ ဘယ်ပြေးမလဲ

◼️လင်းခေတ်
မအောင်မြင်တဲ့ အာဏာသိမ်းပွဲကို စတင်ပြီးနောက် မင်းအောင်လှိုင် တောက်လျှောက်ဆိုသလို ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားတဲ့ မူဝါဒမှာ စစ်ကောင်စီ ဘာလုပ်လုပ် ခြွင်းချက်မရှိ ထောက်ခံမှုပေးရေး တခုတည်း။
မင်းအောင်လှိုင်က အဲဒီမူဝါဒကို ပြည်တွင်းက နယ်ပယ်စုံ ဆက်ဆံရေးမှာတင်မက နိုင်ငံတကာဆက်ဆံရေးမှာလည်း အဲဒီအတိုင်းပဲ ကျင့်သုံးခဲ့တယ်။ သမ္မတရူး မင်းအောင်လှိုင်အတွက် အရူးသွေးက ငယ်ထိပ်တက် ဆောင့်နေလေတော့ အတိုး အလျှော့ အဖိ အဖော့ နည်းပရိယာယ်မရှိ၊ တည့်ဆိုတာချည်း။
ပြီးတော့ မင်းအောင်လှိုင်က သူ့မူဝါဒ အောင်မြင်ရေးအတွက် ဆုပေး၊ ဒဏ်ပေးစနစ်ကိုလည်း ပြတ်ပြတ်သားသား ကျင့်သုံးတယ်။ သန်းရွှေလက်ထက်က စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ပေါင်းစားကြီးပွားလာတဲ့ ခရိုနီတွေကိုလည်းမချန် လက်ထိပ်ခတ် ထောင်သွင်းအကျဉ်းချ။ ရွှေဈေးတက်တော့ ရွှေလုပ်ငန်းရှင်တွေကိုဖမ်း၊ ဒေါ် လာဈေးတက်တော့လည်း ဒေါ်လာအရောင်းအဝယ်သမားတွေ ဖမ်းဆီးခံရ၊ ပြီးတော့ ဆန်ဈေးတက်တယ်ဆိုပြီး ဆန်လုပ်ငန်းရှင်တွေတင်မက ဈေးဝယ်စင်တာ အကြီးအကဲတွေပါမချန်။ ဂျပန်နိုင်ငံသား Aeon Orange ဈေးဝယ်စင်တာ အကြီးအကဲကိုပင် ဖမ်းဆီးကာ ဇောင်းကြွပြခဲ့တယ်။
ပြီးခဲ့တဲ့ မေလအတွင်း NUG ဝန်ကြီးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တချို့ ဂျပန်သို့ရောက်ရှိကာ ဂျပန်အစိုးရ၊ လွှတ်တော် တာဝန်ရှိသူတို့နဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့တဲ့အပေါ် စစ်ကောင်စီက အခွင့်ရတုံး Aeon Orange အကြီးအကဲကို ဖမ်းဆီးခြင်းနဲ့ လက်တုံ့ပြန်လိုက်ခြင်းပါပဲ။ ထား။
စစ်ကောင်စီရဲ့ လတ်တလော နောက်ဆုံးရိုက်ချက်ကတော့ ဇူလိုင် ၁၀ ရက်မှာ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တချို့ကို နေပြည်တော်ခေါ် ခြိမ်းခြောက်ခြင်းနဲ့ ရိုးမဘဏ်အကြီးအကဲ ဦးသိမ်းဝေနဲ့ ဘဏ်ဒါရိုက်တာတွေကို ဖမ်းဆီးထားခြင်းပါပဲ။
ပုဂ္ဂလိကဘဏ်တွေမှာ ပြည်သူတွေ အလုအယက် ငွေပြန်ထုတ်တာတွေဖြစ်လာပြီး ဘဏ်တွေကလည်း အကန့်အသတ်နဲ့သာ ငွေထုတ်ပေးနိုင်တယ်။ ဒေါ်လာဈေး ဆက်တက်၊ ရွှေဈေး ကျပ်သိန်း ၆၀ အထိရောက်။ တိုင်းပြည်စီးပွားရေးက နေ့လားညလား အရေးပေါ်ခန်းထဲမှာ ကယောက်ကယက်။ နိုင်ငံတဝန်း မီးဟုန်းဟုန်းတောက် စစ်ပွဲတွေမှာလည်း စစ်ကောင်စီတပ်သားတွေ အတုံးအရုံးနဲ့ အရှုံးကြီးရှုံးနေတဲ့အချိန် နေပြည်တော်မှာတော့ ရုပ်ရှင်သရုပ်ဆောင် လို့ဆိုသူတွေက စစ်ကောင်စီနဲ့ပလူးကာ ခေါ်ဖဲတွေ၊ မျှော်ဖဲတွေ၊ မြေကွက်တွေ၊ ပါမစ်တွေနဲ့ မင်းအောင်လှိုင် ဆုပေးစနစ်ထဲဝင်အောင် အလုအယက်။
မင်းအောင်လှိုင်က နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးမှာလည်း သူ့မူဝါဒ အောင်မြင်ရေးအတွက် တထစ်မလျှော့ တလက်မ မဆုတ်။ ယူကရိန်းကိုကျူးကျော်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ အာဏာရှင်ပူတင်နား ရောက်အောင်သွားကာ မင်းအောင်လှိုင် အခစားဝင်ခဲ့တယ်။
မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဆိုတာ မုတ်ဆိတ်ပျားစွဲ သူ့အိပ်မက်တွေကို ဖျက်ဆီးပစ်မယ့်အရာမို့ လက်တွေ့ ပြည်သူသတ် အကြမ်းဖက်ပြကာ ဆန့်ကျင်။ တတိုင်းပြည်လုံး မီးဟုန်းဟုန်း တောက်နေပေမဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို သူ့အာဏာလိုဘ ဖြည့်ပေးရေးသာ တောင်းဆိုမြဲဖြစ်တယ်။
မအောင်မြင်တဲ့ အာဏာသိမ်းကာလ နည်းနည်းကြာလာတော့ ကုလသမဂ္ဂဆိုတာ ကျားပေမဲ့ စက္ကူကျားသာဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီဆိုတာ ရုရှားနဲ့ တရုတ် ခေါင်းမငြိမ့်ဘဲ ဘာမှလုပ်မရကြောင်း၊ နိုင်ငံတကာတရားရုံးတွေဆိုတာ လတ်တလော အရှက်ခွဲနိုင်ရုံကလွဲ မပြီးနိုင်မစီးနိုင် စခန်းသွားပြီးမှ တဘူတာ ဆိုက်မှာဖြစ်ကြောင်း မင်းအောင်လှိုင် ကောင်းကောင်းသိလာတယ်။ ပြောရရင် အနောက်အုပ်စုဆိုတာ စီးပွားရေးပိတ်ဆို့မှုကလွဲလို့ တော်လှန်ရေးအင်အားစုတွေကို ထိရောက်တဲ့အကူအညီ ပေးမှာမဟုတ်ကြောင်း စစ်ဗိုလ်ချုပ်တွေ ကောင်းကောင်းသိခဲ့တယ်။
ပြောရရင် မင်းအောင်လှိုင်ဟာ အာဆီယံမူ ၅ ရပ်ကို ထောက်ခံပါတယ်ဆိုတဲ့ တရုတ်ကိုတောင် အရေးမလုပ်ဘဲ ယူကရိန်းပြဿနာနဲ့ မီးတောက်နေတဲ့ အာဏာရှင်ပူတင်နဲ့သာ ဆက်ဆံရေးကောင်း ထူထောင်နိုင်ဖို့ ရိုကျိုးပြခဲ့တယ်။
တရုတ်ဖြစ်ချင်တဲ့ စစ်ကောင်စီလည်း ရွေးကောက်ပွဲလုပ်၊ NLD ပါတီကိုလည်း ရွေးကောက်ပွဲဝင်ခွင့်ပြု ဆေးမြီးတိုတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးကာ နိုင်ငံရေးထွက်ပေါက်တခုရှာဖို့ လမ်းတွေကိုလည်း မင်းအောင်လှိုင် ပယ်ချ။ မင်းအောင်လှိုင်ဟာ နိုင်ငံရေးဉာဏ်ရည် ဗလာနဲ့ သမ္မတရူး ရူးနေသူသာဖြစ်ကြောင်း တရုတ် သဘောပေါက်ခဲ့တယ်။
နောက်ဆုံး တရုတ်က သူ့အကျိုးစီးပွားကို တိုက်ရိုက်စိန်ခေါ်လာတဲ့ မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်း ဖြိုခွင်းပေးရေး မာမာထန်ထန် တောင်းဆိုခဲ့တဲ့အချိန် နေပြည်တော် စစ်ဗိုလ်ချုပ်တွေက ရူးချင်ယောင်ဆောင်ပြန်တော့ တရုတ်က နဂါးမှန်းသိအောင် အမောက်ထောင်ပြတော့တယ်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအစီအစဉ်မှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး တရားဝင်အပြောအဆိုတွေ မရှိသေးပေမဲ့ မကင်းဘူးဆိုတာကိုတော့ အများက လက်ခံထားကြတယ်။ ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အလှည့်အပြောင်းတရပ်ဖြစ်ပြီး မင်းအောင်လှိုင်တပ်ဆိုတာ အလံဖြူထောင် တပ်၊ တိုက်တိုင်းရှုံးတပ်အဖြစ် သက်သေပြနိုင်ခဲ့တယ်။ စစ်ကောင်စီ မျက်ဖြူဆိုက်ခဲ့တာကြောင့် မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကို ဘေဂျင်းလွှတ်ကာ ဒူးထောက်ခိုင်းရတော့တယ်။
ဒူးထောက် ရိုကျိုး လက်ဆယ်ဖြာမိုးခဲ့တာကြောင့်ပဲ ရှမ်းမြောက်ဒေသ အပစ်အခတ်ရပ်စဲရေး ဟိုင်ဂင် သဘောတူညီချက် ထွက်ပေါ်လာကာ စစ်ကောင်စီ အသက်ရှူချောင်ခဲ့တယ်။ မင်းအောင်လှိုင်က သူတို့ရဲ့ ထင်ရာစိုင်းမှုကို တရုတ်အနေနဲ့ ထောက်ခံပေးဖို့ ဘာပေးရမလဲဆိုတာမျိုး၊ မြစ်ဆုံကို ပြန်စချင် စပါလို့ ပြီးခဲ့တဲ့ ဧပြီက မျက်စပစ်ပြ။ ပြီးတော့ ဟိုင်ဂင် သဘောတူညီချက်ကို ချိုးဖျက်ပြကာ ရှမ်းမြောက်စစ်မီးကို မင်းအောင်လှိုင် ပြန်မွှေးခဲ့တယ်။
တပည့်မွေးလို့လည်းမရ၊ အကြံလည်းမယူ၊ ဒီလောက် ပုံစံပေးနေတာတောင် ထင်ရာစိုင်းနေတာမို့ မင်းအောင်လှိုင်အပေါ် တရုတ်က စိတ်ကုန်သွားတဲ့ပုံ။စစ်ကောင်စီကို အလိုရှိပေမဲ့ မင်းအောင်လှိုင်ကို အလိုမရှိကြောင်း သိန်းစိန်ကနေတဆင့် တရုတ်ရဲ့ သတင်းစကားပါးမှု။ အဲဒီသတင်းစကားကို သိန်းစိန်ပြန်မပြောမှာစိုးလို့ မီဒီယာကိုလည်း သတင်းပေးကာ တကမ္ဘာလုံးကြားအောင် ပြောခဲ့တဲ့ပုံ။
အခြေအနေမဟန်တော့ တရုတ်နှစ်သစ်ကူးနေ့ကို ရုံးပိတ်ရက်သတ်မှတ်ကြောင်း ကြေညာကာ တရုတ်ကို မျက်နှာချိုသွေးရပြန်တယ်။ မင်းအောင်လှိုင်က သူ့အာဏာတည်မြဲရေးအတွက် တရုတ်ဘက်က ပံ့ပိုးပေး။ အဲဒီအတွက် ပြန်ကျေးဇူးသိတတ်ဖို့ ဝန်မလေးဘူးလို့ သက်သေပြလိုက်ခြင်းလည်းဖြစ်တယ်။
မင်းအောင်လှိုင်က အကွေ့အဝိုက်မရှိ တည့်တည့်ပဲ သမ္မတရူး ရူးတယ်။ ဒီအာဏာသာ လက်လွှတ်လိုက်ရရင်လည်း တတိုင်းပြည်လုံးကို ပျက်အောင် ဖျက်ဆီးပြီးမှ ပြေးမှာ သေချာတယ်။ အခုလောက်ဆို အခြေအနေမဟန်ရင် ပြေးမယ့်လမ်းကြောင်းကိုလည်း တွေးပြီးလောက်ပြီလို့ ထင်ရတယ်။
About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*