2
မောင်သုည (ရှပ်ပုံသားလေး)
‘ကြယ်ပျောက်ရှာတဲ့ ကောင်းကင်’
သွေးစိုစွတ်နေတဲ့ အသားစိမ်းတွေ၊ ထမင်းဆုပ်တွေ၊ ဖယောင်းတိုင်တွေ၊ ပန်းပွင့်တွေ၊ အရက်ပုလင်းတွေ ကျနော် မမြင်ပါရစေနဲ့။
မလှုပ်မယှက်အလောင်းနံဘေး ရင်ကွဲနာကျနေတဲ့ လူတယောက်ကို မြိန်ရည်ရှက်ရည် မာန်ဖီကြည့်နေတဲ့ နတ်ဆိုး ကျနော့်ကို သတ်လိုလျှင် သတ်ပါ၊
ကျနော် လွတ်လွတ်လပ်လပ်အသက်ထွက်ပါရစေ၊ ငြိမ်းချမ်းပါရစေ။
(၁)
လေရူးများ ကျီစယ်နေတဲ့ မြေနီလမ်းမပေါ် မှိန်ပျပျဓာတ်မီးကို အားယူပြီး အမှောင်ကိုထိုးခွင်းလာတဲ့ ကျနော့်ဇနီး ခင်စော၊ ဒီတခါလည်း ရွာထိပ်ကုက္ကိုပင်ဆီက သတိရှိရှိ ပြန်လာတာထင်ပါရဲ့။
ကျနော် တောက်တချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်မိတယ်။
”မင်း ဒီလိုပဲ အဓိပ္ပါယ်မရှိတာတွေ လျှောက်လုပ်နေတော့မှာလား”
စိတ်ရှိလက်ရှိ ပေါက်ကွဲချင်တဲ့ ကျနော့်စိတ်ကို အသိ၊ သတိနဲ့ထိန်းရင်း ခင်စောကို အံကြိတ်ပြောမိတော့…
”ကျုပ်သားဘေးကင်းဖို့ ရွာရှင်ပွဲသွားပေးတာ ဘာမှားလို့လဲ ကိုသိန်းလှ။ ကျုပ်အသက်နဲ့ရင်းပြီး လွယ်မွေးထားတဲ့ သားအတွက် ကျုပ် ဒီလောက်တော့ မျှော်လင့်ချက် မရှိသင့်ဘူးလား ဟင် ”
ကျနော် ရင်တစုံကို တိုးဖောက်ပြီး ပြတင်းပေါက်မှ အမှောင်ကိုခုန်ထွက်သွားတဲ့ မိခင်တယောက်ရဲ့ မေတ္တာလက်နက်။
”ငါ့သားကို ငါက မင်းလိုသေမင်းနဲ့စစ်ခင်းမမွေးခဲ့ပေမယ့် ဖခင်တယောက်ရဲ့ ရင်ကိုခွဲပြီး မင်းကိုပြချင်လိုက်တာ ခင်စောရယ်”
လို့ ပြန်ပြောဖို့ ဆန္ဒရှိပေမယ့် ပြောလို့မထွက်။ အိမ်တွင်းရန်ကြောင့် နတ်ဆိုးများဖိတ်ခေါ်သလို မဖြစ်လိုတဲ့စိတ်က ခင်စောနဲ့ငြိမ်းချမ်းရေးရဖို့ပဲ ကျနော် ဆာလောင်နေခဲ့တယ်။
”မင်းသိလား ခင်စော၊ ငါ့ရဲ့ဘဝမှာ သားတယောက်ပျောက်ပြီးကတည်းက နောက်ထပ် မင်းကိုဆုံးရှုံးရမှာ ဘယ်လောက်ထိကြောက်နေခဲ့လဲဆိုတာ”
ကျနော့်စကားကို ဘာမှတုံ့ပြန်ခြင်းမရှိဘဲ သားရဲ့အဝတ်ဗီရိုကိုဖွင့်ရင်း ရှိုက်ကြီးတငင်ဖြစ်နေတဲ့ ခင်စောငိုသံက ကျနော့်နှလုံးသားကို အပ်နဲ့ထိုးနေသလိုပဲ။ နာကျင်မှုရဲ့အဆုံးသတ်ကို လမ်းစရှာမတွေခဲ့ဘူး။
(၂)
အမှောင်ကိုအံတုပြီး ကောင်းကင်ရင်ခွင်ကိုဖက်တွယ်နေတဲ့ ကြယ်တချို့က လမ်းဆုံမှာ အားအင်ရှိသလောက်ထွန်းလင်းနေပေမယ့် အငြိုးတကြီးတိိုက်စားလာတဲ့ နတ်ဆိုးက ကြယ်တချို့ကို သွေးအိုင်ထဲ ပစ်လဲလိုက်ကြတယ်။
အဲ့ဒီနေ့ကစ ကျနော့်သား မောင်ခေတ်ချစ်လည်း ဘယ်ကိုခြေပေါက်သွားသလဲဆိုတာ ဘာသတင်းမှ မကြားရ၊ မသိရတော့ဘဲ အိမ်မှာ ကန်တော့ပွဲသုံးပွဲသာ ဣန္ဒြေတခွဲသား ဘုရားစဥ်ရှေ့အချိန်ပြည့် ဝပ်တွား ခစားလာတော့တယ်။
ငှက်ဆိုးထိုးတဲ့ အချို့ညတွေမှာ ကန်တော့ပွဲရှေ့က ဖယောင်တိုင်မီးက အိမ်ရှေ့မြေနီလမ်းမကို ဖောက်ထွင်းပြီး ကြယ်ကြွေပုံပြင်တွေ ထွက်နားထောင်တတ်တယ်။
ပြီးတော့ ခင်စောမှာ အဖြူရောင်ကိုဝတ်ပြီး တရားထိုင်၊ ပုတီးစိပ်၊ နွားသရေနဲ့ လုပ်ထားတဲ့ စည်ဗုံကို သုံးချက်တီးရင်း အိမ်ရှေ့အိမ်နောက် ရေမန်းတွေ ပက်ဖျန်းတယ်။ ကြယ်တွေမကြွေဖို့၊ ကြယ်ပျောက်တွေပြန်တွေ့ဖို့ ဆုတောင်းတာထင်ပါရဲ့။
ဒါပေမယ့် တပြင်ကြီးရွာထဲမှာတော့ ခင်စောကို စုန်းတတ်ရပြီး စိတ်ရူးပေါက်နေတဲ့ မိန်းမလို့ ထင်ကြေးအမျိုးမျိုးပေးတဲ့ တီးတိုးသံတွေက ကျနော့်နှလုံးသားကို လောင်ကျွမ်းနေတဲ့မီးစတခု။
“စုန်းတတ်ရပြီး စိတ်ရူးပေါက်နေတဲ့မိန်းမတဲ့လား၊ စာနာစိတ်မဲ့လိုက်ကြတာ”
မခံချင်စိတ်က ကျနော့် ဇနီးကို ကျနော်သိပ်ချစ်ကြောင်းပြသနေတဲ့ လွန်ဆန်လို့မရတဲ့ နှလုံးသားထဲက အမှန်တရားဆိုပေမယ့် ကျနော်အပြီးပိုင်ပန်းကုံးစွပ်ရွေးချယ်ထားတဲ့ ခင်စောနဲ့ကျနော့်ကြားမှာ သားဇောက တမြေ့မြေ့လောင်ကျွမ်းနေတဲ့ မီးလျှံလို ဆက်ဆံရေးက ငြိမ်းချမ်းရေးကို ငတ်မွတ်နေဆဲ။
ခင်စောကို ဘယ်ချိန်ကြည့်ကြည့် သားကောင်မရတဲ့ကျားလို အလိုမကျတဲ့စိတ်နဲ့ အမြဲမာန်ဖီနေတတ်တယ်။
ရွာမှာလည်း အမည်ဖော်မရတဲ့ နတ်ဆိုး၊ ကဝေတွေ သောင်းကြမ်းလို့ ရွာသားအများစုဟာ ဘေးလွှတ်ရာကို တိမ်းရှောင်ပြေးနေကြပြီ။
တချို့အိမ်တွေကတော့ နေ့ဘက်ဆို ရွာထဲမှာနေပြီး တောင်စွယ်မှာနေညိုတဲ့အခါ သူ့တို့ဥယျာဥ်ထဲက တဲအိမ်ဆီကို ပြေးဝင်သွားကြတယ်။
အမှန်စင်စစ် တိတ်ဆိတ်ခြောက်ခြားစရာနဲ့ပြည့်နက်နေတဲ့ ဒီရွာမှာ ကံတရားကို အသက်ပုံအပ်ထားတဲ့အိမ်နည်းငယ်သာ အထီးကျန်လျက်ရှိနေကြတယ်။
ကျနော်တို့ရွာနီးချုပ်စပ် ရွာတွေကတော့ ကြက်တီးကုန်းမြေလို လူသူမရှိ၊ ပျက်စီးယိုယွင်းနေတဲ့အိမ်တွေကို ချုံနွယ်တွေကမင်းမူပြီး စိမ်းသရဖူစိမ်းနေကြတာ၊ အချို့ရွာများက ပြာအတိဖြစ်နေတဲ့ ဖုန်းဆိုးမြေအဖြစ်နဲ့ နှစ်၊လရှည်စွာအသက်မဲ့နေတော့တယ်။
(၃)
”ဒီအုန်းပွဲ၊ ငှက်ပျောပွဲတွေက သားလေးကို တကယ်ပဲပြန်တွေ့အောင်ရှာနိုင်မယ်လို့ မင်းယုံလား ခင်စော”
ရင်ထဲအငွေ့ထနေတဲ့မီး ထမလောင်အောင် သတိချပ်မေးမိတဲ့ ကျနော့်ကို တောင့်တင်းနေတဲ့ ခင်စောခန္ဓာကိုယ်ဆီက မျက်ဝန်းအနက်ကြီးဟာ ကျနော့်အသွေးအသားထဲကို တိုးဝင်လာတယ်။
”ဒီအစီအမံတွေ အောင်ရင် သားကို ပြန်တွေ့မယ်လို့ ကန္နားစီး ဒေါ်စိန်မြဟောထားတာပဲ။ ကျမသားအတွက် ဒီလောက်တော့ စွန့်စားပါရစေ ကိုသိန်းလှ”
ဘုရားပန်းတွေသီကုံးရင်း ခပ်ပြတ်ပြတ်ပြောလာတဲ့ ခင်စောစကားသံတွေက သားအတွက်တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ စစ်သူကြီးတယောက်လို။
ကျနော် ဘာတတ်နိုင်တော့မလဲ၊ ကံကံ၏ကျိုးကလွဲပြီး ဘယ်အရာကိုမှ အယုံကြည်သိပ်မရှိပေမယ့် အခုတော့ ဒုက္ခရောက်တဲ့အခါ နီးရာဖမ်းဆွဲမိတဲ့ ကောက်ရိုးတမျှင်လည်း ကယ်တင်ရှင်အဖြစ်မြင်တတ်ကြတဲ့လူ့သဘာဝကို ကျနော် ဘယ်လိုစိတ်နဲ့ဥပက္ခာပြုနိုင်တော့ပါ့မလဲ။
”နက္ခတ်မှားတဲ့ကောင်းကင်မှာ ကြယ်ပျောက်တွေ ဘေးကင်းပါစေဘုရား”
ကန်တော့ပွဲပေါ်က ထိုင်တော်မူဘုရားဟာ ကျနော့်ရဲ့ အသက်ပြင်းမောနဲ့ရောထွေးနေတဲ့ ရင်တွင်းဆုတောင်းကို ကြားနိုင်ပါရဲ့လားလေ။
(၄)
ညကတည်းက ရွာနေတဲ့ဝါတွင်းမိုးက မနက်ထိ အငြိုးတကြီးရွာနေဆဲ။ ဒါပေမယ့် နတ်ဆိုးတိုက်ခိုက်ခံထားရတဲ့ အချို့ သစ်ပင်တွေက မစိမ်းလန်းနိုင်သေး။ ရက်၊လများစွာက ခင်စောနဲ့အတူ အသည်းအူပြတ်မတတ် နာကျင်မှုကကြီးစိုးနေခဲ့တယ်။
ပုံမှန်ဆို ကျနော်တို့တပြင်ကြီးရွာမှာ ဒီလို ဝါတွင်းမိုးကောင်းရင် ငါးခူတွေ၊ သပြေမငါးတွေ၊ ငါးရှဥ့်တွေ ပေါ်တတ်တာမို့ ရွာသားတွေကလည်း သူသူငါငါပိုက်ကိုယ်စီနှင့်ဓားထမ်းပြီး လယ်ကန်သင်းမြောင်းညီအစ်ကိုဆီ ငါးဖမ်း၊ ငါးရှဥ့်ခုတ်ထွက်လေ့ရှိတယ်။
ဒီနေ့ဒီချိန်မှာတော့ ကျနော်အပါအဝင် ရွာထဲရှိလူအနည်းငယ်သာ ကိုယ့်ဝမ်းပူကိုယ်မနေသာဆိုသလို ရွာသားတွေက အသက်စွန့်အစာရှာထွက်နေကြရပြီ။
အဲဒီနေ့က ကျနော့်မှာ ငါးခူရလို့ မိုးသီးမိုးပေါက်ကိုဖြတ်ပြေးလာပြီး ခင်စောကို အူမြူးစွာအော်ခေါ်လိုက်တော့ ခင်စောက ဆံပင်ဖိုသီဖတ်သီနဲ့ထွက်လာတယ်။ လက်မှာကိုင်ထားတဲ့ဓားတစင်းက သွေးတွေ အားပါးတရစုတ်ယူလို့။
”ဒီမှာ မင်းကြိုက်တဲ့ ငါးခူရလာတယ်၊ ရော့ ”
အခုတလော ထမင်းသိပ်စားမဝင်တဲ့ ခင်စောကို မျက်ပြဲခတ်နဲ့ထိုးသီထားတဲ့ ငါးခူကို သူ့ရှေ့ထိုးပေးလိုက်တော့ ငါးခူကောင်တွေက သူတို့နာကျင်နေကြောင်းကို တဖြန်းဖြန်းရုန်းကန်ရင်း သက်သေပြနေတယ်။
ခင်စောမှာ ပျားရည်တစက်မျှအပြုံးနဲ့ နာကျင်မှုကိုလွန်ဆန်ရုန်းကန်နေတဲ့ ငါးခူကောင်ကို လှမ်းယူလိုက်တယ်။
”ဒါနဲ့ ဓားမှာလည်းသွေးတွေနဲ့ ဘာလုပ်နေတာလဲ ခင်စော”
ချက်ချင်းပျက်သုဥ်းသွားတဲ့ ပျားရည်တစက်မျှပြုံးနှုတ်ခမ်းဆီက…
”ကြက်သတ်နေတယ်”
လို့ တင်းမာတဲ့ခင်စောစကားက ကျနော့်ရင်ထဲ စက်ခနဲစူးဝင်လာပြီး နားထင်ကိုလာဆောင့်တော့တယ်။
(၅)
”ဥုံ ယံ ဒုန္နိမိတ္တံ အဝမဂ်လဥ္စ၊ ဘုရား၊ တရား၊ သံဃာ သမာဒေဝနတ်ကောင်းနတ်မြတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်များ စောင့်ရှောက်တော်မူပါ။ မကျေနပ်တဲ့အမိုက်အမဲများရှိရင်လည်း ခွင့်လွှတ်တော်မူပြီး သားကိုဘေးအန္တရာယ်ကင်းကင်းနဲ့ တပည့်တော်မ,အိမ်ကိုပြန်ပို့ပေးတော်မူပါ ”
ကန့်သတ်နယ်မြေတခုရဲ့ ညိုမှိုင်းအုံ့ဆိုင်းနေတဲ့ ဝါးပင်အောက် ရွတ်ဖတ်မန်းမှုတ်သံသဲ့သဲ့က မြောက်ပြန်လေနဲ့အတူ တောင်နံရံဆီကို ခုန်ပေါက်ပြေးနေတယ်။
တချက်တချက် သစ်ပင်၊ ဝါးပင်များက လေပူကြောင့် ယိမ်းထိုးလာတဲ့အခါ အရိပ်မည်းတွေက သာတချီ မှိန်တလှည့်နဲ့ ကျနော့်ကို ခြောက်လန့်နေခဲ့တယ်။
အမှန်စင်စစ် ကန့်သတ်နယ်မြေဆိုတာ သေမင်းရဲ့သတ်ကွင်း၊ နတ်ဆိုး၊ မိစ္ဆာတို့ကျက်စားရာနယ်မြေ မဟုတ်ပါလား ။
ကျနော် ရင်တလှပ်လှပ်နဲ့ ခင်စောကိုကြည့်မိတော့ ခင်စောက အသားစိမ်းပန်းကန်ရယ်၊ အရက်တပုလင်းရယ်၊ ထမင်းငါးဆုပ်၊ ဖယောင်တိုင်ရှစ်ချောင်း၊ ပန်းခုနှစ်ပွင့်ကို လင်ဗန်းတခုထဲထည့်ပြီး အမြောက်ရပ်ကိုလျှောက်သွားတယ်။
သူ့ခြေလှမ်းက ကျနော့်အတွက် သွေးလှန့်စရာဖြစ်နေခဲ့တယ်။
” ခင်စော …”
တိုးတိတ်ညင်သာစွာခေါ်လိုက်တဲ့ ကျနော့်စကားက သားဇောကပ်နေတဲ့ ခင်စောခြေလှမ်းကို တိုးမပေါက်။
နောက်တော့ ခင်စောဆန္ဒရှိတဲ့အတိုင်း အရှေ့ကိုနှစ်လှမ်းသုံးလှမ်းတိုးပြီးမှ သူ့ခြေလှမ်းကို ရပ်တန့်လိုက်တယ်။ လက်မှာမ,ယူလာတဲ့အစာတွေကို သစ်ညော်ပင်ရင်းမှာပုံပြီး အရက်ကို အသားစိမ်းပေါ်သွန်ချတယ်။
ပါးစပ်ကလည်း တတွတ်တွတ်ရေရွတ်မန်းမှုတ်သံနဲ့တူ ကျနော့်ဘက်ပြန်လျှောက်လာတဲ့ သူ့ခြေသံက သွေးတွေ အာသာရမ္မက်ပြင်းနေတဲ့ နတ်ဆိုးပါးစပ်ထဲမှာ ရုတ်တရက်ပျောက်ကွယ်သွားတဲ့ ခင်စောခန္ဓာကိုယ်ကို ကျနော် မိုက်ခနဲတွေ့လိုက်ရပြီး အမှောင်ဟာ ကျနော့်ကို ကိုက်ဖဲ့ဝါးမျိုသွားတယ်။
ကျနော် မျက်လုံးဖွင့်လိုက်တော့ မှုန်ဝါးစွာမြင်ရတဲ့ ဝါရင့်ရင့်ထန်းလက်မိုးမျက်နှာပြင်မှာ ခင်စောကို ဝါးမျိုသွားတဲ့ နတ်ဆိုးရဲ့ ရက်ရက်စက်စက်ပွဲတော်ခံခြင်းက ကျနော့်လုံးသားကို သေမိန့်ပေးနေတယ်။
ဒါပေမယ့် သွေးတွေစွန်းနေတဲ့ အသားစိမ်း၊ ထမင်းဆုပ်၊ ဖယောင်းတိုင်၊ ပန်းပွင့်နဲ့ အရက်ပုလင်းက ကျနော့်ကို လွတ်လွတ်လပ်လပ် အသက်ထွက်ခွင့်မပြုသေး။ အမှောင်ထဲက ငရဲမှာ လည်ဆင်းခံနေရတဲ့ဝဋ်ကြွေးက ကျနော့်ခန္ဓာကိုယ်အစိတ်ပိုင်းအချို့ကို ဖဲ့ယူထားတယ်။
အဲဒီနေ့ကစပြီး သေမင်းတွင်းနှုတ်ခမ်းမှ လွတ်လာတဲ့ ကျနော်ရှိတဲ့တောဆေးခန်းလေးမှာ ခင်စော တခါမှလာမတွေ့။ ပျောက်သွားတဲ့ကြယ်ကို ဘုံဘဝတခုမှာ ထွက်ရှာနေတာထင်ပါရဲ့။ ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
