
“ကြောက်ခြင်း”ရဲခေါင်မဲမောင်
ပြီးခဲ့တဲ့ရက်သတ္တပတ်က မောင်ငြိမ်းအေးတို့ ပြည်ကိုသွားကြတယ်။ မောင်ငြိမ်းအေးတို့ဆိုတာ မောင်ငြိမ်းအေးရဲ့ဇနီးနဲ့ ဇနီးရဲ့ အမလင်မယားဖြစ်ပါတယ်။ပြည်အနောက်ဘက်ကမ်း၊ ပန်းတောင်း-တောင်ကုတ်လမ်းဘေး ငါးမျက်နှာဘုရားမရောက်ခင်မှာ သောင်ကြီးဆိုတဲ့ရွာရှိတယ်။ အဲဒီသောင်ကြီးမှာ ဇနီးသည်ရဲ့မောင်အငယ်ဆုံးကလေးနေပါတယ်။ သွားကြတဲ့အကြောင်းက အဲဒီမောင်အငယ်ဆုံးရဲ့သား သူတို့တူ မင်္ဂလာဆောင်ကိုလာဖို့ ဖိတ်တာကြောင့်ပါပဲ။ပထမတော့ မောင်ငြိမ်းအေး လိုက်ဖို့စိတ်ကူးမရှိပါဘူး။ ကျောက်ကပ်ခွဲထားတာကလည်း မကြာသေးတော့ ခရီးဝေးသွားဖို့ မရဲဘူးလေ။ ဒါပေမယ့် ဇနီးသည်ရဲ့အမယောက်ျား လေဖြတ်ထားလို့ လမ်းမလျှောက်နိုင်တဲ့သူကလည်း သူပါလိုက်မယ် အတင်းလုပ်တော့ အလိုလို မောင်ငြိမ်းအေးပါ ပါသွားတာပဲဖြစ်ပါတယ်။
မင်္ဂလာဆောင်ကနေ ပြည်ဘက်ကမ်းပြန်ကူးလာပြီး ရွှေဝါမြေကို ခရီးဆက်ကြတယ်။ ရွှေဝါမြေဆိုတာ ဇနီးသည်တို့ရဲ့ဇာတိဖြစ်ပြီး ဟိုးအရင်တုန်းကတော့ ခွေးသေလို့ခေါ်ကြတယ်။ ရွှေဝါမြေဟာ ပြည်-အောင်လံကားလမ်းရဲ့ ညာဘက်ခြမ်းမှာရှိပြီး ပြည်ကနေ ဆယ့်လေးငါးမိုင်လောက်ပဲ ဝေးပါတယ်။
ညဘက်ကျတော့ မောင်ငြိမ်းအေးတို့လေးယောက်ကို ဇနီးသည်တို့ရဲ့ အဘိုးအဘွားအိမ်မှာအိပ်ဖို့ စီစဉ်ပေးကြတယ်။ အဘိုးနဲ့အဘွားက ကွယ်လွန်ကြပြီးဖြစ်သလို ကျန်ခဲ့တဲ့ သူတို့ရဲ့သားနဲ့ သားရဲ့ဇနီးတို့ကလည်း မရှိကြတော့ပါဘူး။ ဇနီးသည်တို့ရဲ့အဒေါ်ဆိုရင် ကွယ်လွန်တာတလလောက်ပဲ ရှိပါသေးတယ်။
ဒီတော့ ဘာဖြစ်သလဲဆိုတော့ ဇနီးသည်ရဲ့အမကြီးက အတော် သရဲကြောက်တတ်တယ်။ ကြောက်တတ်တော့ သူ့မောင်ဝမ်းကွဲတွေက ပြီးခဲ့တဲ့လက သေသွားတဲ့အရီးလေးက ဘယ်လိုခြောက်တာ ဘယ်လောက်ခြောက်တာ ဆိုသလို ဝိုင်းပင့်ကြတာပေါ့လေ။ ဒီတော့ နဂိုကြောက်က ပိုကြောက်တာပေါ့။ဘယ်သူတွေ လာအိပ်ကြပါ၊ ဘယ်ဝါတွေ လာအိပ်ကြပါနဲ့ တုန်တုန်လှုပ်လှုပ်ပြောပေမယ့် သူတို့ရဲ့ တူမကလေးတယောက်သာ မောင်ငြိမ်းအေးတို့နဲ့အတူလာအိပ်ပါတယ်။
အိမ်ကြီးကနှစ်ထပ်အိမ်ဖြစ်ပြီး အောက်ထပ်မှာနွားငါးကောင် ချည်ထားပါတယ်။ အပေါ်ထပ်မှာ အိပ်ခန်းကလေးတခန်းနဲ့ဧ ည့်ခန်းကျယ်ကြီးလေ။ အိပ်ခန်းကလေးမှာ စောစောကပြောတဲ့ တူမကလေးကအိပ်ပြီး မောင်ငြိမ်းအေးတို့လေးယောက်က ဧည့်ခန်းထဲမှာ ခြင်ထောင်နှစ်လုံးယှဉ်ထောင်ပြီး အိပ်ကြရပါတယ်။
သန်းခေါင်လောက်မှာ ဒလိမ့်ဒလိမ့် ဘရောဘရောနဲ့ အသံကြီးကြားရလို့ မောင်ငြိမ်းအေးနိုးလာတော့ အိပ်ခန်းထဲကတူမလေးရဲ့
“ဘာမှမဟုတ်ဘူး။ ပဲခြွေစက် သိမ်းလာတဲ့အသံ”
လို့ ပြောတာကိုကြားရတယ်။ ည နာရီပြန်နှစ်ချက်လောက်မှာ တဘတ်ဘတ်ဆိုတဲ့အသံတွေ ကြားပြန်တော့ အိပ်ခန်းထဲက
“ဒါ အောက်ထပ်ကနွားတွေ ချေးပါတာ”
ဆိုတဲ့အသံ၊ မိုးလင်းခါနီးတော့ တဖျတ်ဖျတ်
တဖြုတ်ဖြုတ်အသံတွေ ထွက်လာတဲ့အခါ အိပ်ခန်းထဲက
“အိပ် အိပ် ဒါ ကြက်တွေ”
ဆိုတဲ့အသံကို မောင်ငြိမ်းအေး တညလုံး ကြားနေရပါတယ်။
မိုးလင်းလို့ မနက်စာအဖြစ်အ ကြော်စုံ ပူပူနွေးနွေးကလေးနဲ့ ထမင်းကြမ်းစားကြတဲ့အခါ မောင်ငြိမ်းအေးတို့နဲ့အတူအိပ်တဲ့ တူမလေး တဝါးဝါးသမ်းနေတာမြင်တော့
“အင်းကြောက်တတ်တဲ့သူတွေ မကြောက်အောင် အားပေးနေရတာနဲ့ မကြောက်တတ်တဲ့သူတောင် အိပ်ရေးပျက်ရရှာပါပကောလား” လို့ မောင်ငြိမ်းအေးတွေးမိလိုက်ပါတယ်။
Be the first to comment