“ခင်ဦးဇင်”
ရေအေး
အပိုင်း ( ၁ )
– – – – – – – – – – –
ညနေခင်းကိုမြင်လိုက်တယ်ဆိုရင်ပဲ အဲဒီညနေခင်းဆိုတာကို ခင်ဦးဇင် ချက်ချင်းသိတယ်။ ပိန်းပိတ်လုမတတ် မှောင်နေတဲ့ ကောင်းကင်မှာ အပ်ချည်ကြိုးတချောင်းလို မျှင်မျှင်လေးရှိနေတဲ့ နီဝါရောင်အလင်းတန်း၊ ပြီးတော့ တရှဲရှဲ အော်မြည်သံနဲ့ အမှောင်ထဲက မကျွတ်မလွတ်သေးတဲ့ တစ္ဆေတွေလို ယိမ်းထိုးလှုပ်ခါနေတဲ့ လမ်းဘေးဝဲယာက မြက်ရိုင်းပင်ရှည်တွေ၊ ခင်ဦးဇင်ရဲ့ ခြေထောက်အောက်မှာ ဝပ်တွားနေတဲ့ ကျင်းတွေ၊ ချိုင့်တွေနဲ့ လမ်းကျဉ်းလေး။ သူ ဒီလမ်းကို ရောက်တာ ဆယ်ခါမြောက်လား၊ ဆယ့်ငါးခါမြောက်လား၊ ဒါမှမဟုတ် အခါနှစ်ဆယ်လား။
ဒီလမ်းကို ရောက်တိုင်း လမ်းဘေးခြုံပုတ်တွေထဲကနေ လူသုံးယောက် ထွက်လာမယ်၊ ပြီးရင် ဘယ်သူတွေလဲလို့ ခင်ဦးဇင်က အော်မေးရမယ်၊ အဲဒီ နောက်တော့ ဘာစကားတခွန်းမှ ပြန်မဖြေတဲ့ အဲဒီလူသုံးယောက်က သူ့ကို လမ်းဘေးခြုံတွေထဲ ဆွဲခေါ်ပြီး အဓမ္မကျင့်ကြမယ်။ အဲဒီ လူတွေက သူတို့ရဲ့အေးစက်စက် လက်တွေနဲ့ ခင်ဦးဇင်ကို လှမ်းဆွဲလိုက်တာ၊ အဝတ်တွေကို ဆွဲဖြဲလိုက်တာ၊ ပါးစပ်ကို သူတို့ရဲ့ ဖုန်၊ သဲတွေ ပေပွနေတဲ့ လက်ဖဝါးကြမ်းနဲ့ အတင်း ပိတ်လိုက်တာ၊ ပြီးတော့ ရွံစရာကောင်းတဲ့ အပွတ်အသပ်တွေ၊ အထိအတွေ့တွေ။ ဇာတ်ကားတကားတည်းကို ထပ်ခါတလဲလဲကြည့်ခဲ့တဲ့ သူလိုပဲ၊ အားကိုးတကြီး ဆွဲဆုပ် လိုက်တဲ့ မြက်ပင်တွေ ပြတ်ထွက်ပြီး သူ့ရဲ့လက်တွေ ဆုပ်ကိုင်စရာမရှိ၊ ကူကယ်ရာမဲ့ ဖြစ်သွားမှာကိုတောင် ခင်ဦးဇင် အသေးစိတ်မှတ်မိနေတယ်။
ဘာလဲ၊ ဘာကြောင့်လဲ၊ ဘာကြောင့် ကျမ ဒီဇာတ်ဝင်ခန်းကို ထပ်တလဲလဲ ကြုံနေရတာလဲ။ ခင်ဦးဇင် စာရေးဆရာကို ကြောက်လန့်တကြား မေးလိုက်တယ်။ နင် ငါ့ကို မမေးနဲ့၊ အခု နင် ကြောက်ရမှာ တဲ့၊ စာရေးဆရာက ခင်ဦးဇင်ကို ပြန်ပြောတယ်။ အခု ကျမ ကြောက်နေတာပဲ၊ ခင်ဦးဇင် ပြန်ပြောလိုက်တယ်။ မဟုတ်ဘူး၊ နင်က ဇာတ်ဝင်ခန်းကို ကြိုသိပြီး ကြောက်နေတာ၊ အမှန် နင်က ဇာတ်ဝင်ခန်းကို ကြိုပြီးမသိတဲ့ပုံနဲ့ ဖြစ်လာတဲ့ တခုချင်းစီကို ကြောက်ရမှာ၊ လန့်ရမှာ၊ ငိုရမှာ တဲ့။
ဟင့်အင်း၊ ကျမ ဒါကို ထပ်ပြီး မကြုံချင်တော့ဘူး။ မရဘူး၊ ဇာတ်လမ်းအရ ကြုံရမှာပဲ။ ကျမ ဒါကို အကြိမ်ကြိမ် ကြုံခဲ့ရပြီးပြီလေ၊ ဘာလို့ ထပ်ကြုံရမှာလဲ။ ခင်ဦးဇင်ရဲ့ စကားကို ကြားတော့ စာရေးဆရာ ရယ်စရာမဟုတ်ဘဲ ခိခနဲ တချက် ရယ်တယ်။ ပြီးတော့ အေးလေ၊ အကြိမ်ကြိမ် ကြုံတော့ ဘာဖြစ်တုံး၊ ဒါက အစစ်မှ မဟုတ်တာ၊ မုဒိမ်းမှုအတုပဲလို့ စကားဆက်တယ်။ မဟုတ်ဘူးလေ၊ ခင်ဦးဇင် ထပ်ပြောဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ဇာတ်ဝင်ခန်းက မရပ်ဘူး။ အမှောင်ထဲကနေ ယောက်ျားသုံးယောက်က ထွက်လာနေပြီ၊ ပြီးတော့ ခင်ဦးဇင်ရဲ့လက်ကို လှမ်းဆွဲနေပြီ။
ဟင့်အင်း၊ ဟင့်အင်း၊ လွှတ်၊ ကျမကို လွှတ်၊ ခင်ဦးဇင် အော်ပေမဲ့ အားလုံးက သိခဲ့၊ ကြုံခဲ့ပြီးတဲ့အတိုင်း တခုပြီးတခုဆက်ဖြစ်နေပြီ။ အခု ခင်ဦးဇင် လုပ်နိုင်တာ တခုပဲရှိတော့တယ်၊ အဲဒါက ဒီကိစ္စကြီး မြန်မြန်ပြီးသွားအောင် ဆုတောင်းဖို့ပဲ၊ ပြီးပါတော့၊ မြန်မြန် ပြီးပါတော့၊ ပြီးရင် သူ့ကို လှုပ်နှိုးမယ့် တယောက်ယောက် အမြန်ဆုံးရောက်လာပါတော့ပေါ့။
(၁)
ရှစ်နာရီထိုးပြီးစ ညချမ်းတခုမှာ ခင်ဦးဇင် ဝတ္ထုထဲကို စရောက်သွားခဲ့တာ။ အဲဒီလိုရောက်ရောက်ချင်း ခင်ဦးဇင်က သူ့ကိုယ်သူ ဝတ္ထုထဲ ရောက်သွားမှန်းမသိဘူး။ ဝတ္ထုထဲ ပတ်ဝန်းကျင်တခုလုံးက အမှောင်အတိ ကျနေတယ်။ လူက အိပ်ရာကရုတ်တရက်လန့်နိုးလာတုန်း၊ မျက်စိရှေ့က အမှောင်ထုကြီးကို တွေ့လိုက်ရချိန် မသိနိုးနား ဖြစ်နေသလိုပဲ။
ခင်ဦးဇင်စိတ်ထဲ အဲဒီအမှောင်ထုကိုမြင်ပြီး ဘာကြောင့် ဒီလောက်တောင်မှောင်မိုက်နေရတာလဲ၊ အခုက နေ့လား၊ ညလားနဲ့ အထိတ်တလန့် ဖြစ်သွားတာ။ နောက်တော့ အခု ဘယ်အချိန်ရှိပြီလဲ ဆိုတဲ့ အဲဒီမေးခွန်းကနေ သူ ဘယ်နေရာကို ရောက်နေသလဲ၊ သူက ဘယ်သူလဲ၊ ဘယ်ကလာသလဲဆိုတဲ့ အဖြေမဲ့ မေးခွန်းတွေနဲ့ အမျှင်ဆက်တန်းပြီး စိတ်ထဲမှာရှုပ်ထွေးသွားခဲ့တာ။ အမှောင်ကြီးထဲနိုးလာတဲ့ ခင်ဦးဇင်က သူ့ကိုယ်သူ မသိနေဘူး။ သူက ဘယ်သူ၊ သူ ဘယ်က လာတယ်၊ သူ ဘယ်မှာနေတယ် ဆိုတာတွေကို မသိနေဘူး။ ခင်ဦးဇင်အဖြစ်က အကြောင်းကြောင်းကြောင့် အတိတ်ကို မေ့သွားတဲ့ လူတယောက်လိုလို့ ဥပမာပြုရမလား၊ ဒီမတိုင်ခင် ကာလတုန်းက ဖြစ်ခဲ့၊ ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ ဘာမှရှိမနေသလို လက်ရှိမှာလည်း သူနဲ့ပတ်သက်တဲ့ နာမည်၊ ရာထူး၊ ဂုဏ် ဘာဆိုဘာမှ မမှတ်မိဘဲ အားလုံးက ကွက်လပ်တခုဖြစ်နေတာ။ အမှောင်ထုကြီးထဲမှာ တွယ်ရာမဲ့မျောလွင့်နေတဲ့ဂွမ်းစလေး တစလိုမျိုး။ ဒါပေမဲ့ လုံးဝ မတူနေတာတခုက အဲဒီသက်မဲ့ ဂွမ်းစလေးလိုမဟုတ်ဘဲ ခင်ဦးဇင်ကိုယ်ထဲ ခံစားချက်တွေရှိနေတာပဲ။
သူ့ရဲ့ ဗလာဖြစ်နေမှုကို အံ့သြတုန်လှုပ်ပြီး ငြင်းဆန်လိုတဲ့စိတ်၊ ပြီးတော့ တိတ်ဆိတ်မည်းမှောင်နေတဲ့ အခြေအနေကို ထိတ်လန့်ကြောက်ရွံ့မှုတွေ၊ အဲဒီကမှ လူ့သဘာဝ ခိုကိုးရာ၊ မှီတွယ်ရာ ရှာချင်လာတာ။ အဲဒီအချိန် ခင်ဦးဇင်ရဲ့ အရှေ့ကို လူတယောက် ဘွားခနဲ ရောက်လာတယ်။ ပြီးတော့ ရောက်ရောက်ချင်း ဆောက်နဲ့ ထွင်း၊ အခု ည ရှစ်နာရီ ထိုးပြီးနေပြီ၊ နင် ပြတင်းပေါက်နားက စာရေးစားပွဲမှာ ဝင်ထိုင်ပြီး ဝတ္ထုရေးဖို့ပြင်ရမယ်လို့ ပြောတယ်။ ရုတ်တရက်ဆိုတော့ ခင်ဦးဇင်ရဲ့စိတ်ထဲ ဒီလူ ဘာပါလိမ့်လို့ တွေးမိတာ။
လူက အသားမည်းမည်း၊ ကိုယ်လုံးကိုယ်ထည် ပိန်ပိန်သွယ်သွယ်မှာ ပါးရိုးကားကား၊ သွားဖုံးထူထူ၊ ပါးစပ်ပြဲပြဲကိုမှ နှာတံပြားပြားနဲ့။ ပြီး မျက်နှာကလည်း ပါးသိုင်းမွှေးတွေ၊ နှုတ်ခမ်းမွှေးတွေကို မရိတ်မသင်ထားဘူး။ ပုလင်းဖင်လောက် ထူတဲ့ မျက်မှန်ဝင်းဝင်းကိုလည်း တပ်ထားသေးတော့ ရုပ်က မြင်မြင်ချင်းအမြင်ကပ်စရာ ဆိုတဲ့ ရုပ်။ အဲဒါကိုမှ တွေ့တွေ့ချင်း နင် ဘာလုပ်၊ နင် ဘယ်နေရာ ထိုင်လို့ သူ့ရဲ့ ခပ်ဆိုးဆိုး ရုပ်နဲ့ လုံးဝ မလိုက်ဖက်တဲ့ ဇင်ယော်ငှက်ရဲ့အသံလိုမျိုး အသံစူးစူးရှရှကို အော်ဟစ်ပြီး ပိုင်စိုးပိုင်နင်း၊ တနင်နင် လာခိုင်းနေတော့ ဒီလူကဘာလဲပေါ့။
ကိုယ့်ကိုယ်ကိုယ် ဘယ်သူ၊ဘယ်ဝါဆိုတာကို သိနေတဲ့ လူတယောက် ဆိုရင်တော့ ဘယ်သူမှန်း မသိတဲ့သူက အဲဒီလို ဆရာလာလုပ်နေတာ စိတ်ထဲ ‘ငါ့ကိုများ’လို့ ဒေါသထွက်ဖို့ပဲ။ ဒါပေမဲ့ ခင်ဦးဇင်ကကျ အဲဒီလို ဒေါသထွက်ဖို့ကို သူ ဘယ်သူဆိုတဲ့သိမှုက ခေါင်းထဲမှာရှိမနေဘူး။ ဒီတော့ သူ့ကို ဆရာလုပ်နေတဲ့အဲဒီလူကို ဘယ်လိုဆင်ခြင်တုံ့ပြန်ရမယ် ဆိုတာကို ခင်ဦးဇင် ရုတ်တရက် ဆုံးဖြတ်မရဘူး၊ ဒီလူကဘာလဲ၊ ရာထူးဂုဏ်သိမ်အရ သူ့ထက်ကြီးတဲ့သူလား၊ ကြီးရင် ဘယ်လောက်အထိကြီးတာလဲ၊ ဒီလောက် ပိုင်စိုးပိုင်နင်းပြောနေတာ သူ ဒေါသထွက်လို့ရတဲ့ အဆင့် မဟုတ်လောက်ဘူးနဲ့ ထွေလီကာလီ တွေးပြီး ဟိုလူ ပြောသမျှကို ခေါင်းညိတ်ရနိုး၊ ခေါင်းခါရနိုးနဲ့ ချင့်ချိန်နေရတာ။ ဘယ်လိုတုံ့ပြန်ပြီးပြောရမယ် ဆိုတာကို ဆဝါးနေရတာ။ ပြီးတော့ တချိန်တည်းမှာပဲ သူက ဘာလဲ၊ ဘယ်ကနေ ရောက်လာသလဲ၊ သူက ဘာလို့ သူ့ကိုယ်သူ မသိနေရတာလဲလို့ ကိုယ့်ကိုယ်ကိုယ်လည်း အဖြေရှာနေရတာ။
အဲဒီမှာ ဟိုလူက ခင်ဦးဇင်ဖြစ်နေတဲ့အနေအထားကို ရိပ်မိသွားပုံပဲ၊ နေဦး ငါ့ကိုယ့်ငါ မိတ်ဆက်ဖို့မေ့သွားတယ် လို့ ဆိုတယ်။ ပြီးတော့ ငါက စာရေးဆရာ၊ နင်က ငါ့ဝတ္ထုထဲက ဇာတ်ကောင် လို့ပြောတယ်။ နင့်နာမည်က ခင်ဦးဇင်၊ အသက်က ၂၄ နှစ်၊ ဘီအေ-မြန်မာစာနဲ့ ဘွဲ့ရထားတဲ့ မိန်းကလေး၊ စာရေးဆရာမ ဖြစ်ချင်နေတဲ့ သူတယောက်၊ အခုနေတာက မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေးက ကုလားကြီးခြံရွာမှာနေတာ၊ အခု နင်ရောက်နေတာက နင့်အိမ်နေရာ၊ အချိန်က ညရှစ်နာရီ တဲ့။
စာရေးဆရာ ပြောလိုက်တယ် ဆိုရင်ပဲ ခင်ဦးဇင်ရဲ့ ပတ်ပတ်လည်က မှောင်မည်းနေတဲ့ အမိုက်ထုက ရုတ်တရက် လင်းကျင်းသွားတယ်။ အလင်းက နေ့လို လင်းတဲ့ အလင်းမျိုးတော့မဟုတ်ဘူး၊ ညအချိန် လျှပ်စစ်မီးရောင်ကြောင့် လင်းတဲ့ ဝါကြန့်ကြန့် အလင်းမျိုး။ အဲဒီနောက်တော့ အဲဒီအလင်းမှာ သစ်သားနံရံတွေနဲ့ ပြတင်းပေါက်တွေ၊ ပြီးတော့ အဲဒီပြတင်းပေါက်ကနေ ကျော်ပြီး မြင်နေရတဲ့ အဝေးတနေရာ၊ အမှောင်ထုအောက်မှာ ပျပ်ပျပ်ဝပ်ဝပ် ရှိနေတဲ့ သစ်ပင်၊ ဝါးပင်တွေကို မြင်လာရတယ်။ လဇောက်ထိုးတစင်းက သစ်ကိုင်းတွေကြားထဲမှာ မီးအိမ် ချိတ်ဆွဲထားသလို ခပ်ကွေးကွေး သာလို့။ နင်တို့အိမ်မှာ မိသားစုခြောက်ယောက် ရှိတယ်တဲ့။ အဖေ၊ အမေ၊ ခင်ဦးဇင်နဲ့ မောင်နှစ်ယောက်၊ ညီမတစ်ယောက်တဲ့။ အခုတော့ အဖေ၊ အမေနဲ့ နင်ပဲ အိမ်မှာ ရှိတယ်။ ကျန်တဲ့သူတွေက တခြား ဝေးတဲ့နေရာမှာ ကျောင်းသွားတက်တယ်တဲ့။
နင့်အမေက ဘုရားရှိခိုးနေတာ၊ နင့်အဖေကတော့ အောက်ထပ်မှာ တီဗွီ ကြည့်နေတာ၊ စာရေးဆရာက ခင်ဦးဇင်ကို ပြောတယ်။ ပြောနေတုန်းမှာပဲ ခင်ဦးဇင်ရဲ့ မျက်စိရှေ့က သစ်သားနံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတချို့နဲ့ ပြက္ခဒိန်တချို့ ပေါ်လာတယ်။ ဘွဲ့ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ မိသားစု ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ခင်ဦးဇင် ဓာတ်ပုံတွေကို သေချာကြည့်ဖို့ ကြိုးစားတုန်းမှာပဲ အားလုံးက မှိန်ဖျော့ပြီး တဖြည်းဖြည်းဝေးသွားတယ်၊ ပြီးတော့ အတော်လေး ဟောင်းနွမ်းနေတဲ့ ပြက္ခဒိန်တချို့ ရှေ့ကို ထင်ထင်ရှားရှား တက်လာကြတယ်။
အဲဒီပြက္ခဒိန်တွေရဲ့ အပေါ်မှာတော့ ခင်ဦးဇင် မကျွမ်းဝင်သလိုခံစားရတဲ့ စကားလုံးတွေ။ ဒါတွေက…။ ခင်ဦးဇင်ရဲ့စကားကို စာရေးဆရာက ခေါင်းညိတ်တယ်။ ပြီးတော့ ဟုတ်တယ်၊ ရခိုင်ပြက္ခဒိန်တွေ တဲ့။ ရခိုင်ပြက္ခဒိန်…၊ ခင်ဦးဇင် စာရေးဆရာရဲ့ စကားကို သံယောင်လိုက်မိတယ်။အဖြစ်အပျက်တွေ အကုန်လုံးက မျက်လှည့်ပြလိုက်သလိုလို့ ဆိုရမလား၊ ဒါမှမဟုတ် မှော်ဆရာက သူ့ရဲ့ နှင်တံနဲ့ တို့ပြီး ကမ္ဘာတခု ဖန်ဆင်းလိုက်သလိုလို့ ပြောရမလားမသိဘူး။ စာရေးဆရာ ပြောသမျှ စကားလုံးတွေက ခင်ဦးဇင်ရဲ့ ဘေးပတ်ပတ်လည်မှာ ပုံရိပ်တွေအဖြစ် တခုပြီး တခု အဆက်မပြတ် ပေါ်လာတယ်။
ပြီးတော့ ဝတ္ထုထဲကို စရောက်လာချိန်က ကွက်လပ်တခုလို ဖြစ်နေခဲ့တဲ့ ခင်ဦးဇင်ရဲ့ ဘဝ ဇာတ်ကြောင်းတွေ။ မျက်စိတမှိတ်အတွင်းမှာ တခုပြီးတခု ပေါ်လာနေတဲ့ ပုံရိပ်တွေကို ကြည့်ပြီး ခင်ဦးဇင်စိတ်ထဲ အံ့သြမှုနဲ့ မေးခွန်းတွေက ပလူပျံလာတယ်။ သူက တကယ်ပဲ စာရေးဆရာရဲ့ ဇာတ်ကောင်လား။ ချက်ချင်းပဲ မဖြစ်နိုင်ပါဘူးလို့ စိတ်ထဲကနေ ပြန်ငြင်းမိတယ်။ ဒါဆို ဘာကြောင့် သူ ဒီလိုတွေ မြင်နေတာလဲ၊ စာရေးဆရာကရော ဘာလို့ ဒီလိုတွေ ဖန်ဆင်းပြနိုင်တာလဲပေါ့။
စာရေးဆရာရဲ့ စကားတွေကို သူ ယုံရမှာလား၊ စာရေးဆရာ ဖန်ဆင်းပြနေ တာတွေကို သူ လက်ခံလိုက်ရမှာလားပေါ့။ ဒါပေမဲ့ ခင်ဦးဇင် မေးခွန်းတွေထဲမှာ အကြာကြီး မျောပြီး မနေနိုင်ဘူး၊ အနောက်က တယောက်ယောက်လိုက်နေသလို ရှေ့က မနားတမ်းပြောနေတဲ့ စာရေးဆရာရဲ့စကားတွေ၊ ပြီးတော့ တဖျတ်ဖျတ် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ပုံရိပ်တွေနောက်ကို အံသြစိတ်နဲ့ မေးခွန်းတွေသယ်ပြီး အမောတကော ဆက်လိုက်နေရတာ။
စာရေးဆရာရဲ့စကားတွေအရ ခင်ဦးဇင်က ရခိုင်မတယောက် (စာရေးဆရာက ရခိုင်မ လို့ပဲသုံးတယ်၊ ရခိုင်အမျိုးသမီးလို့ မသုံးဘူး)၊ အဖေ ရခိုင်၊ အမေ ရခိုင် ၊ ရခိုင်မိဘနှစ်ပါးက မွေးပြီး ရခိုင်သွေး တစ်ရာရာနှုန်းပါတဲ့ ရခိုင်တယောက်။ ဒါပေမဲ့ ခင်ဦးဇင်ရဲ့ဇာတိက ရခိုင်ပြည်နယ်ထဲ မဟုတ်ပြန်ဘူးတဲ့။ ရခိုင်သား အဖေနဲ့အမေက အိမ်ထောင်ကျပြီး မကြာမတင်မှာ ရေကြည်ရာမြက်နုရာ ရှာဖွေစားသောက်ဖို့ ရခိုင်ပြည်ကို စွန့်ပြီး ထွက်ခဲ့ကြတာ၊ တိတိကျကျ ပြောရရင် မြန်မာပြည်အထက်ပိုင်းအနှံ့ ခြေဆန့်ခဲ့တာ၊ ပြီးတော့ အဲဒီလို ထွက်လာကြပြီး နှစ်နှစ်ကျော်အကြာ၊ ကျောက်စိမ်းမှော်တခုမှာ သမီးအကြီးဆုံး ခင်ဦးဇင်ကို မွေးဖွားခဲ့တာတဲ့။ စာရေးဆရာရဲ့ ဝတ္ထုဇာတ်လမ်း ထဲမှာတော့ အမေက ခင်ဦးဇင်ကို ဒီအကြောင်းတွေ ဇာတ်ကြောင်းပြန်ပြောပြလို့ ခင်ဦးဇင် သိခဲ့ရတယ်ပေါ့။ သူတို့ ရခိုင်ပြည်ကထွက်လာတဲ့အကြောင်းကို လုပ်စားကိုင်စားရတာ ကျပ်တည်းလို့ပါဆိုပြီး အမေက ခင်ဦးဇင်ကို အဖွဲ့အနွဲ့ကင်းကင်းပြန်ပြောခဲ့တယ်ပေါ့။ ခင်ဦးဇင် မှတ်မိတဲ့အရွယ်ရောက်တဲ့အထိ နေတဲ့နေရာက အခြေတကျ မရှိသေးဘူး၊ စာရေးဆရာရဲ့ စကားအသုံးအရ ခင်ဦးဇင်တို့မိသားစုဘဝက ဆန်ကောထဲ လိမ့်နေတဲ့လောက်စာလုံးတွေလို မြန်မာပြည်အထက်ပိုင်း တနံတလျား လူးလာခတ်နေခဲ့တာတဲ့။
နေရိပ် မထိုးတဲ့ အရွက်ဖားဖား ငှက်ပျောတောကြီးထဲ အဖေ မရပ်မနား လှည့်လည်နေရတာမျိုး၊ ညနေမိုးချုပ်စပြုတဲ့ အချိန်တွေမှာ အဖေက ကျောက်ခေါက်တဲ့ တူကို နွမ်းရိစုတ်ပြတ်နေတဲ့ ကချင်လွယ်အိတ်ထဲထည့်လွယ်ပြီး အိမ်ကို ယိမ်းယိမ်းထိုးထိုး ပြန်လာတာမျိုးတွေက ခင်ဦးဇင်မှတ်ဉာဏ်ထဲ မှတ်မိနေသေးတဲ့ အဖေ့ပုံရိပ်တွေတဲ့။ အမေကကျတော့ အမြဲတမ်းနီးပါး ဗိုက်ကြီးနာစွဲနေခဲ့သလိုပဲတဲ့။ ဆိုတော့ ပြန်တွေးလိုက်ရင် ခင်ဦးဇင်ရဲ့ မျက်စိထဲမှာ ဗိုက်ဖုံးအင်္ကျီ တကားကားနဲ့ ဈေးရောင်းနေတဲ့ ပုံ၊ ထမင်းဟင်းချက်နေတဲ့ ပုံ၊ ခင်ဦးဇင်ရဲ့ အောက်က မောင်နှစ်ယောက်နဲ့ ညီမတယောက် မွေးခဲ့တာတွေ၊ ပြီးတော့ ကလေး ထိန်းနေတဲ့ ပုံတွေကို ပြန်မြင်တယ်ပေါ့။ ဒါပေမဲ့ အဲဒီလို ပြန်မြင်တာကလည်း ပြတ်ပြတ်သားသား မဟုတ်ဘဲ မြူခိုးတွေ၊နှင်းတွေ ကာဆီး ထားသလို မှုန်ဝါးဝါး၊ အဲဒီလို မှုန်ဝါးဝါးကိုမှ ကိစ္စတွေ အကုန်လုံးကို ဆက်စပ်မှတ်မိနေပြန်တာမျိုး မဟုတ်ပြန်ဘဲ မိုးရွာပြီးစအချိန် လမ်းတွေပေါ်မှာ တင်ကျန်ခဲ့တဲ့ ရေကွက်တွေလို ဟိုတကွက်၊ ဒီတကွက် အဆက်အစပ် မရှိဘူးတဲ့။
ခင်ဦးဇင်ခေါင်းထဲ အမှတ်မိဆုံးတခုက အသက် တစ်ဆယ့်နှစ်နှစ်အရွယ်လောက်မှာ မန္တလေးကို ပြောင်းကြမယ်ဆိုပြီး ကားတတန် ရထားတတန် စီးခဲ့ကြတာ၊ ပြီးတော့ အခုနေနေတဲ့ ကုလားကြီးခြံရွာကို ရောက်ခဲ့ကြတာတဲ့။
——————————–(ဆက်ရန်)
Be the first to comment