“ခင်ဦးဇင်”
ရေအေး
အပိုင်း ( ၃ )
– – – – – – – – – – –
(၂)
အခု မနေ့က ပြောထားတဲ့အတိုင်း နင်ရေးမယ့်ဝတ္ထုဆီကို သွားကြတာပေါ့ တဲ့။ စာရေးဆရာ ရောက်လာတာနဲ့ တပြိုင်နက် ခင်ဦးဇင်ရဲ့ နံဘေးကမြင်ကွင်းတွေက မနေ့ကအတိုင်း ပြန်ဖြစ်သွားတယ်။ ပြတင်းပေါက်၊ လဇောက်ထိုး၊ မန်ကျည်းပင်၊ စာရေးစားပွဲ၊ ပြီးတော့ ခြင်ဆေးခွေနံ့နဲ့ မနေ့ကအတိုင်း တချက်တချက် ကြားရတဲ့အသံတွေ။ တိတ်ဆိတ်ပြီး အသံကင်းမဲ့နေတဲ့ အမှောင်ထုကြီးထဲမှာ အချိန်အတော်ကြာ ထိုင်နေခဲ့ရတဲ့ ခင်ဦးဇင်၊ အလင်း၊ အသံနဲ့ ပုံရိပ်တွေကို မြင်တော့ စိတ်ထဲ လှိုက်ခနဲဝမ်းသာသွားတယ်။ အမိုက်တိုက်ကြီးထဲ ထီးတည်းချန်ထားခံခဲ့ရတာကို မေ့ပြီး စာရေးဆရာကို ကျေးဇူးတင်လိုက်တာလို့ ပြောမိလုလုပဲ။ ပြီးတော့ စိတ်ထဲမှာလည်း စာရေးဆရာရဲ့ခပ်ဆိုးဆိုးရုပ်ကို မဆိုးလှဘူးလို့တောင် အကောင်းမြင်မိသလိုဖြစ်သွားတယ်။
ဒါပေမယ့် စာရေးဆရာကတော့ ခင်ဦးဇင် အဲဒီလိုတွေ ဖြစ်နေတာကို ဂရုစိုက်ပုံမရဘူး။ နင့်ရှေ့က စာအုပ်ကိုယူလိုက်၊ အဲဒါ နင့်ဝတ္ထုထဲမှာ ထည့်မယ့်အချက်အလက်တွေကို မှတ်ထားတဲ့မှတ်စုစာအုပ် တဲ့။ သူ့ရဲ့ အသံစူးစူးနဲ့ ခင်ဦးဇင်ကို ပြောတယ်။
မှတ်စုစာအုပ်တဲ့၊ ဘာတွေများ မှတ်ထားပါလိမ့် လို့ တွေးရင်းက မျက်စိရှေ့ ဖျတ်ခနဲရောက်လာတဲ့ စာအုပ်ကို ခင်ဦးဇင် ကောက်ယူပြီးလှန်လိုက်တယ်။ အဲဒီမှာ ပထမဆုံး တွေ့ရတာက မေလ၊ ၂၈ ရက်၊ ၂ဝ၁၂ ခုနှစ် ကျောက်နီမော်လမ်း၊ သီတာထွေးမုဒိမ်းမှု တဲ့။ စာအုပ်ထဲက လက်ရေးက စာလုံးသေးသေးလေးတွေကိုမှ တလုံးနဲ့ တလုံး ပူးကပ်နေပေမဲ့ ဖတ်ရတာမရှုပ်ဘူး။ ရှင်းတယ်။
အဲဒီလက်ရေးကို သေချာ ကြည့်နေတုန်းမှာပဲ စာရေးဆရာက နင့်လက်ရေးလေ၊ မိန်းမပီသတဲ့လက်ရေး လို့ လှမ်းပြောတယ်။ ခင်ဦးဇင်လည်း ဟုတ်ကဲ့လို့ ပြန်ပြောပြီး အောက်စာတကြောင်းကို ဆင်းဖတ်လိုက်တော့ ဆက်ရေးထားတာက တဖက်ရွာ စက်ချုပ်သင်တန်းကနေ အိမ်အပြန်လမ်းတွင် ဖြစ်၊ ဘင်္ဂါလီ သုံးယောက်က ကြိုတင်ကြံစည်၍ ဓားပြတိုက် မုဒိမ်းမှုကျူးလွန်ခြင်း ဖြစ် တဲ့။ ပြီးတော့ စာကို နောက်တကြောင်း ဆင်းပြီး လမ်းဘေးမြက်ပင် စိမ်းစိမ်းများကြားတွင် စုတ်ပြဲနေသော အဝတ်အစားများ (ဘေးမှာ ကွင်းစကွင်းပိတ်နဲ့ ခေါင်းစွပ်တီရှပ် အဖြူရောင်လို့ မှတ်ထား)၊ သွေးစို့ နေသော ပွန်းပဲ့ခြစ်ရာများ၊ သွေးများနှင့် စိုခဲနေသောဆံပင်များ၊ ဓားနှင့် ဟက်တက်အလှီးခံထားရသော လည်ပင်း၊ ဖူးယောင်အမ်းပြီး နာကျင်ဟန် အထင်းသားနှင့် မျက်နှာ၊ မျက်လုံးထောင့်စွန်းမှာ ခြောက်ကပ်နေသော မျက်ရည်စီးကြောင်း ဆိုပြီး ဆက်ရေးထားတယ်။ အဲဒီအောက်မှာက သတင်းစာကနေ ဖြတ်ထားပုံရတဲ့ ပုံတပုံကို ကော်နဲ့ကပ်ထားတယ်။ ပုံက အဖြူအမဲ၊ ခပ်ဝါးဝါးနဲ့ ခပ်သေးသေးပဲ။ ပြီးတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုလည်း ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ ပြီး မိန်းကလေးရဲ့ မျက်နှာကိုကလည်း အနက်ရောင်လေးထောင့်တုံးနဲ့ ဖုံးထားသေးတာ။
အဲဒီပုံက အစိုးရသတင်းစာကနေ ဖြတ်ထားတာ။
အစိုးရသတင်းစာ။ စာရေးဆရာရဲ့ အသံက ခင်ဦးဇင်ရဲ့ နားထဲကို ဝင်လာတယ်။ အဲဒါကို နားထောင်ရင်းကပဲ ခင်ဦးဇင်ရဲ့ စိတ်ထဲ အင်းပေါ့၊ ရိုဟင်ဂျာတွေ၊ မဟုတ်သေးဘူး၊ ရိုဟင်ဂျာတွေဆိုတာ စာရေးဆရာရဲ့ အသုံး၊ သူက ဘင်္ဂါလီလို့ သုံးတယ်လို့ ပြောထားတာပဲ၊ ဒီတော့ ဘင်္ဂါလီပေါ့၊ အဲဒီ ဘင်္ဂါလီမကောင်းကြောင်းရေးမယ့်ဝတ္ထုမှာ ဒီလိုမုဒိမ်းမှုက ပါရမှာပေါ့လို့ တွေးမိတယ်။ ပြီးတော့ တဆက်တည်းမှာပဲ ဒါနဲ့ နေပါဦး သတင်းဓာတ်ပုံထဲမှာ အလောင်းပေါ်က ခြောက်နေတဲ့ မျက်ရည်တွေကို မြင်ရပါ့မလားလို့ ဆက်ပြီးတွေးမိရော။ ပုံက သေးသေးနဲ့ ဝါးဝါး၊ ပြီးတော့ မျက်နှာကိုလည်း အမည်းတုံးနဲ့ ဖုံးထားသေးတာ၊ ဘယ်မြင်ရမှာတုန်းပေါ့။ အဲဒီမှာ စာရေးဆရာက ခင်ဦးဇင်ရဲ့အတွေးကို ဘယ်လိုသိသွားတယ် မသိဘူး၊ ချက်ချင်းတုံ့ပြန်တယ်။
ဓာတ်ပုံက ခပ်သေးသေးဆိုတော့ အလောင်းပေါ်က ခြောက်နေတဲ့မျက်ရည်တွေကိုတော့ ဘယ်မြင်ရမလဲ၊ ဒါပေမဲ့ အဲဒါက ဝတ္ထုထဲမှာဆိုရင် ဇာတ်လမ်းကို ပိုပြီးအရှိန်တက်စေမယ်၊ ဖတ်တဲ့သူရဲ့နာကျည်းစိတ်ကို ပိုပြီးပြင်းပြစေမယ်၊ အဲဒါကြောင့် ထည့်ရေးထားတာ။
ဒါပေမယ့် အဲဒါက ဟုတ်မှ…မ…။ ခင်ဦးဇင် ခပ်တိုးတိုး ငြင်းမိတဲ့စကားက အဆုံးမသတ်လိုက်ရဘူး။ စာရေးဆရာက ချက်ချင်းပဲစကားဖြတ်ပြီး ဘယ်သူမဆို ဒီလိုအဆုံးသတ်သွားတဲ့ သူ့ဘဝရဲ့နောက်ဆုံးချိန်မှာ မျက်ရည်ကတော့ကျမှာပဲ၊ ဒါက လိမ်တာတော့မဟုတ်ဘူး၊ ဘယ်လိုပြောရမလဲ၊ ပြောချင်ရင် နည်းနည်းပိုရေးထားတာလို့ပဲ ပြောရမယ်၊ ဝတ္ထုရေးတယ်ဆိုတာက ဒီလိုပဲ၊ ချုံ့သင့်တာကို ချုံ့၊ ချဲ့သင့်တာကို ချဲ့ရတာပဲလို့ ပြန်ပြောတယ်။ ခင်ဦးဇင်လည်း အများကြီး ပြန်ငြင်းမနေဘူး၊ ဒါကြီးက မဟုတ်သလို ခံစားနေရပေမဲ့ အင်းပေါ့၊ ထားပါတော့လေလို့ တွေးပြီး နောက်စာရွက်တမျက်နှာကို လှန်လိုက်တယ်။
အဲဒီ နောက်တမျက်နှာမှာ ရေးထားတာက ဧပြီလ၊ ၃ ရက်၊ ၂ဝ၁၈ ခုနှစ် ရွှေဇံချောင်းအနီး ဓားနှင့် သံတုတ် ကိုင်ဆောင် ထားသည့် အကြမ်းဖက်သမားသုံးဦး၏ တိုက်ခိုက်မှုကြောင့် မြိုတိုင်းရင်း သူတဦး ဦးခေါင်းပြတ်ရှ ဒဏ်ရာလေးချက်နှင့် သေဆုံး တဲ့။ ပြီးတော့ အဲဒီအကြောင်းကို ထပ်မရေးတော့ဘဲ နောက်စာကြောင်းတကြောင်း ဆင်းသွားပြီး မှတ်စုက ပြောင်းသွားတယ်။
အာဆာအကြမ်းဖက်အဖွဲ့ဝင် ၁၃ဝဝ ကျော်၏ အမည်စာရင်းကို နိုဝင်ဘာ ၁၄ ရက်၊ ၂ဝ၁၇ ခုနှစ် တွင် မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ပေးအပ် တဲ့။ အဲဒီအောက်၊ နောက် တကြောင်းမှာက ဂုလ်တာစ်ဘေဂေါင် (၁၄) နှစ်၊ (ဘ) နာဇီဟူစိန် လို့ ရေးထားပြီး ဘေးနားမှာ ကွင်းစကွင်းပိတ်နဲ့ အဝါခံတွင် ခဲရောင် အပွင့်အချိတ်များပါသည့် ပါတိတ်အင်္ကျီကို ဝတ်ထား၊ ဓာတ်ပုံတွင် ၅ ဟု နံပါတ်တပ်ထားလို့ မှတ်ထားတယ်။ နောက်တကြောင်းမှာကြတော့ နှုရ်ကာအီဒါ (၁၄) နှစ်၊ (ဘ) ရှောင်ရှအာလမ် လို့ ရေးထားပြီး အဲဒီဘေးကမှ စိမ်းပြာနုစပို့စ်ရှပ်အင်္ကျီကို ဝတ်ဆင်ထား၊ ဓာတ်ပုံတွင် ၅ ဟု နံပါတ်တပ်ထားလို့ မှတ်ထားတယ်။
အဲဒီနှစ်ယောက်က ဗမာဘက်ကနေ လွှဲပြောင်းပေးလိုက်တဲ့ အာဆာအကြမ်းဖက်အဖွဲ့ထဲက အသက်အငယ်ဆုံး နှစ်ယောက်၊ ကောင်လေးတယောက်၊ ကောင်မလေးတယောက်၊ ဓာတ်ပုံပေါ်မှာ ရေးထားတဲ့ ‘၅’ ဆိုတာ ဘာအဓိပ္ပာယ်လဲတော့ ငါ မသိဘူး။ နင်လည်း သိစရာ မလိုဘူး။ အဲဒီနှစ်ယောက်ဆိုတာ သိရင် ရပြီ။
စာရေးဆရာရဲ့ စကားကို နားထောင်နေရင်း ခင်ဦးဇင် စာရွက်နောက်တရွက်ကို လှန်လိုက်တယ်။ အဲဒီမှာ ရေးထားတာက ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၃ဝ ရက်နေ့၊ ညဆယ်နာရီတွင် မောင်တောမြို့မ အနောက်ရပ်ကွက်နေ ဇော်မီအာမက်၏ နေအိမ်တွင် Parabellun- PARATENTED စာတမ်းပါ ၉ မမ ပစ္စတို (၁) လက်၊ ကျည်အိမ် တခု၊ ကျည် (၂၃) တောင့်တို့ အတူ ဖမ်းဆီးရမိ တဲ့။ ခင်ဦးဇင် စာရွက်ကို နောက်ထပ် သုံး၊ လေး၊ ငါးရွက်လောက် ကျော်ပြီး ထပ်လှန် လိုက်တယ်။
နိုဝင်ဘာ ၃ဝ ရက်၊ ၂ဝ၁၇ တွင် ဦးစောလှကျွန်းပေါ်တွင် ဆော်လမူလာ (၃၄) နှစ် နှင့် အလီယာမောက် (၁၉) နှစ်တို့ နှစ်ဦးအား WY စိတ်ကြွဆေးပြား ၁၉ဝဝဝဝ ပြားနှင့်အတူ ဖမ်းဆီးရမိ။
ခင်ဦးဇင် စာမျက်နှာတွေကို ကျော်ဖတ်လိုက်တယ်။ စာကြောင်း တွေက မဆုံးဘူး။ လက်နက်တွေ ဖမ်းမိတာ။ ဒိုင်းနက်တိုင်းရင်းသား တွေ အသတ်ခံရတာ၊ အာဆာအစွန်းရောက်တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဟိန္ဒူအလောင်း ၄၅ လောင်းကို ဖော်တာ၊ မောင်တောဒေသ က ရဲစခန်းတွေကို ARSA အစွန်းရောက်တွေက လာရောက် ပစ်ခတ်တိုက်ခိုက်တာ၊ အားလုံးက ဘင်္ဂါလီတွေရဲ့ ရက်စက်မှုတွေ၊ ပြီးတော့ တမန်းသား၊ နံ့သာတောင်၊ သင်္ဘောကွေ့၊ ကျီးကျွန်း၊ မီးတိုက်ချောင်း၊ နတ်ချောင်း၊ ဇီးပင်ချောင်း၊ လောင်းဒုံ၊ မောင်းနီ၊ သီဟိုဠ်၊ ဇင်ပိုင်ညာ၊ ကျောက်ပြင်ဆိပ် အစရှိတဲ့၊ နံပါတ်စဉ် ၂၅ အထိ ထိုးထားတဲ့ ရဲကင်း စခန်းနာမည်တွေနဲ့ မောင်တောမြို့ပတ်လည်က ရဲကင်းစခန်း ခြောက်ခုကို ဝင်တိုက်တာတွေ။ ရက်စွဲက ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် တဲ့။ ရက်စွဲရဲ့ အနောက်မှာက ကွင်းစကွင်းပိတ်နဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ရခိုင်အစီအရင်ခံစာထွက်ပြီး နောက်တရက်လို့ ရေးထား တယ်။
အဲဒီသတင်းတွေ အကုန်လုံးက သမ္မတရုံးရဲ့ သတင်းမှန် ပြန်ကြားရေး စာမျက်နှာကနေ ယူထားတာ၊ ဝတ္ထုထဲ ထည့်ရေးမယ့်အချက်အလက်တွေ ဆိုပါတော့။
စာအုပ်ကို တရွက်ပြီးတရွက် လှန်ကြည့်နေတဲ့ ခင်ဦးဇင်ကို စာရေးဆရာက စကားလှမ်းပြောတယ်။ မှတ်စုက စာမျက်နှာရှစ်ဆယ်ရှိတဲ့ဗလာစာအုပ် တဝက်လောက် ရှိတယ်။ အဲဒီမှာ၊ အဲဒါကို လှန်လောကြည့်နေရင်းနဲ့ပဲ ဒီလောက်များတဲ့ မှတ်စုတွေကို ထည့်ရေးမယ်ဆိုရင်တော့ ဝတ္ထုက ဝတ္ထုနဲ့မတူတော့ဘဲ သတင်းစာလိုဖြစ်သွား လိမ့်မယ်ဆိုတဲ့ အတွေးတစ်ခု ခင်ဦးဇင်ရဲ့ ခေါင်းထဲ ရောက်လာတယ်။
ဟုတ်တယ်၊ အဲဒါကြောင့် နင် ဒီဝတ္ထုကိုရေးဖို့ အချိန်ကြာနေတာ။ အမှန်ဆို အချက်အလက်တွေက စုပြီးတာ ကြာပြီ၊ ဒါပေမဲ့ အဲဒါတွေကို ဒီအတိုင်း ချရေးလို့ အဆင်မပြေဘူး။ ဒါကြောင့် ဒီ ဝတ္ထုကိုရေးဖို့ အချိန်ကြာနေတာ။
ပထမတော့ စာရေးဆရာရဲ့စကားကို ဟုတ်ကဲ့လို့ ခင်ဦးဇင် အလိုအလျောက် ခေါင်းညိတ်လိုက်တာပဲ။ ဒါပေမဲ့ အဲဒီလို ဟုတ်ကဲ့ လိုက်ရင်းကပဲ ခေါင်းထဲ မေးခွန်းတခုက ချက်ချင်း ရောက်လာတယ်။ အဲဒါက ဝတ္ထုက ဝတ္ထုနဲ့ မတူဘဲ သတင်းစာ ဖြစ်သွားလိမ့်မယ်ဆိုပြီး ခုနတုန်းကသူ တွေးလိုက်တဲ့အတွေးကို စာရေးဆရာက ဘယ်လိုသိသလဲဆိုတာပဲ။ ပြီးတော့ ခုနတုန်းက လူသေဓာတ်ပုံနဲ့ မျက်ရည်ကိစ္စကိုလည်း ပြန်သတိရတယ်။ မဟုတ်ပါဘူး၊ မဟုတ်သေးပါဘူး၊ စာရေးဆရာက သူ့ရဲ့ခေါင်းထဲက အတွေးတွေကို ဘယ်လိုသိရတာလဲ၊ သူက တကယ်ပဲ စာရေးဆရာ ဖန်တီးထားတဲ့ ဇာတ်ကောင် အမှန်တကယ်ပဲလားပေါ့။ တွေးပေမဲ့ ခင်ဦးဇင်ရဲ့ခေါင်းထဲကို အဖြေကရောက်မလာဘူး။
ဘယ်လိုပဲဆိုဆို သူ့ခေါင်းထဲကတွေးတဲ့အတွေးတွေကို စာရေးဆရာက သိနေတာတော့ဖြင့် မဟုတ်သေးဘူးလို့ ခင်ဦးဇင် စဉ်းစားတယ်။ အဲဒါက မဖြစ်သင့်ဘူးပေါ့။ အဲဒီလို တွေးနေတုန်းမှာပဲ ခင်ဦးဇင် နောက်တခုကို သတိထားမိသွားတယ်။ အဲဒါက ဝတ္ထုက ဝတ္ထုနဲ့ မတူတော့ဘဲ သတင်းစာလို ဖြစ်သွားလိမ့်မယ်လို့ သူတွေးခဲ့တာ။ အဲဒီအတွေးက စာရေးဆရာတယောက်ကသာ တွေးမိမယ့်အတွေးမျိုး၊ စာရေးဆရာ မဟုတ်တဲ့ လူတယောက်အတွက် တွေးမိဖို့ ဖြစ်နိုင်ချေနည်းတဲ့အတွေး မဟုတ်ဘူးလားပေါ့။
သူ တကယ်ပဲ အဲဒီအတွေးကို သူ့အလိုလိုတွေးမိသလား၊ ဒါဆို သူက ဘာလဲ၊ သူ တကယ် စာရေးတတ်နေတာလား၊ သူက တကယ်ပဲ စာရေးဆရာလား။ နောက်တနည်းစဉ်းစားရရင် အဲဒီအတွေးက သူ့အလိုလိုတွေးမိတဲ့ ကိုယ်ပိုင်အတွေး မဟုတ်ဘဲ၊ စာရေးဆရာရဲ့ အတွေးတွေကို သူ့ရဲ့ခေါင်းထဲထိုးထည့်ပြီး ချယ်လှယ်ခံနေရသလားပေါ့။ ဒါလည်း ဖြစ်နိုင်တာပဲ၊ ခင်ဦးဇင်ရဲ့စိတ်ထဲက တွေးတဲ့အတွေးကိုတောင် သိနေသေးတာပဲ၊ စာရေးဆရာက သူ့ရဲ့အတွေးတွေကိုလည်း ခင်ဦးဇင်ခေါင်းထဲ ထိုးထည့်နိုင်တာပဲပေါ့။ သူက အမှန်တကယ်ပဲ စာရေးဆရာ ဖန်တီးထားတဲ့ ဇာတ်ကောင်လား၊ ဒါဆို သူက ဘာလို့ စာရေးဆရာဖန်တီးတဲ့ ထားရာနေ၊ စေရာသွား အနေအထားမျိုးမဟုတ်ဘဲ သိစိတ်တစ်ခု ရှိနေရတာလဲ၊ ခင်ဦးဇင်ရဲ့ မေးခွန်းတွေက မဆုံးဘူး။ ဘာလဲ၊ သူက ဘာလဲပေါ့။ ခင်ဦးဇင် ဟိုးအဝေး ပြင်ပကမ္ဘာကို မျှော်ကြည့်တယ်။ မန်ကျည်းကိုင်းတွေ၊ လ၊ ည၊ အကုန်လုံးက မကြာခင်တုန်းက စာရေးဆရာ ပြောခဲ့တဲ့ အတိုင်း၊ ရုပ်သေကားချပ် တစ်ခုလိုပဲ။ အဲဒီထက် ပိုပြီး မမြင်ရဘူး။
ခင်ဦးဇင် တခုပြီးတခု တွေးတယ်။ သူက အတိတ်ကို မေ့နေတဲ့ တကယ့်လူပဲ ဖြစ်ဖြစ်၊ စာရေးဆရာ ဖန်တီးထားတဲ့ ဇာတ်ကောင်ပဲ ဖြစ်ဖြစ် သူ့အတွေးတွေကို စာရေးဆရာ သိနေတာကြီးက အဆင်မပြေဘူး။ တကယ်လို့ ခုနတုန်းက စဉ်းစားသလို သူ့ခေါင်းထဲကို စာရေးဆရာရဲ့ အတွေးတွေ ထိုးထည့်ခံနေရတာဆိုရင် ပိုပြီးတော့တောင် အဆင်မပြေဘူး။ ဦးနှောက်ကို စီစီတီဗွီ တပ်ထားသလိုလို့ ဆိုရမလား။ စာရေးဆရာက ယောက်ျားတယောက်၊ သူက မိန်းမတယောက်၊ ကြားထဲမှာ ဟနေတဲ့ နေရာတခုတော့ ရှိတယ်မဟုတ်လား။ ပြီးတော့ နောက်တချက်က သူက စာရေးဆရာရဲ့ဇာတ်ကောင် အမှန်တကယ်ဖြစ်နေခဲ့တယ် ဆိုရင်တောင်မှ ဇာတ်ကောင်နဲ့ စာရေးဆရာက သီးခြားစီပဲမဟုတ်ဘူးလား။ စာရေးဆရာဖန်တီးတဲ့ ဇာတ်ကောင်ဆိုပေမဲ့ သူက စာရေးဆရာကိုယ်တိုင်မှ မဟုတ်တာဘဲ၊ ဇာတ်လမ်းအရ၊ ဇာတ်လမ်းကမ္ဘာရဲ့ တောင်းဆိုချက်အရ ရှင်သန်ရတဲ့ သီးခြားလူတယောက်ပဲ။ တကယ်လို့ စာရေးဆရာရဲ့ ကိုယ်ပိုင်အတွေးတွေကိုသာ သူ့ခေါင်းထဲ အတင်း ထိုးထည့်နေတယ်ဆိုရင် ဘယ်လိုလုပ် အဆင်ပြေနိုင်မလဲပေါ့။ ခင်ဦးဇင် စဉ်းစားနေတုန်းမှာပဲ စာရေးဆရာက စကားလှမ်းပြောတယ်။
ငါက စာရေးဆရာ၊ နင်က ငါ့ဇာတ်ကောင်ဆိုတော့ နင့်အတွေးတွေကို ငါကသိနေတာပေါ့။ ဒါပေမဲ့ အခု နင်တွေးနေသလို နင့် အတွေးတွေကို ငါ ချယ်လှယ်ဖို့စိတ်ကူးမရှိဘူး။ ငါက စာရေးဆရာ၊ အဲဒီလိုပဲ နင်ကလည်း ဝတ္ထုထဲမှာ စာရေးဆရာပဲလေ။ အဲဒီမှာ ငါတို့ နှစ်ယောက်က အလုပ်တူနေတာ၊ ဒီတော့ အတွေးတွေကလည်း နည်းနည်းတူနေမှာပေါ့။ အဲဒါ နင့်ခေါင်းထဲကို ငါ့အတွေး အတင်းထိုး ထည့်လို့ဖြစ်တာမဟုတ်ဘူး။ အဲဒီအတွက် နင် စိတ်မပူနဲ့၊ ဇာတ်ကောင်ဆိုတာ စာရေးဆရာက ဖန်တီးတာပေမဲ့ အဲဒီနှစ်ယောက် မတူတာကို ငါလက်ခံတယ်၊ အချို့အရေးကြီးတဲ့ အဖြစ်အပျက်ကလွဲရင် နင့်ကို လွတ်လွတ်လပ်လပ် ပေးတွေးဖို့၊လှုပ်ရှားစေဖို့ ငါ စဉ်းစားထားပြီးသား၊ ဇာတ်ကောင်က စာရေးဆရာခိုင်းသမျှ လိုက်လုပ်ပြီး စက်ရုပ်ဆန်ဆန်နဲ့ လူမပီမသ ဖြစ်နေတာမျိုးကို ငါလည်းမကြိုက်ဘူး။
စာရေးဆရာကို တခုခု ပြန်ပြောရမလားဆိုပြီး ခင်ဦးဇင် တွေးလိုက်သေးတယ်။ ရှင်က ကျမအတွေးတွေကို သိနေတာ ဒါမှမဟုတ် သိကြောင်းပြနေတာဟာ ကျမအတွက် အဆင်မပြေဘူးပေါ့။ အဲဒီကမှချက်ချင်းပဲ သူ မပြောလည်း စာရေးဆရာကသိနေတာပဲ၊ ပြောလည်း အပိုပဲဖြစ်မှာပါလို့တွေးမိပြီး မပြောတော့ပါဘူး၊ အခု စာရေးဆရာကလည်း သူ့ကို လွတ်လွတ်လပ်လပ် တွေးစေ၊လှုပ်ရှားစေမယ်လို့ ပြောနေပြီပဲ၊ ထားလိုက်ပါတော့မယ်ပေါ့။
——————————–(ဆက်ရန်)
Be the first to comment