“ခင်ဦးဇင်”
ရေအေး
အပိုင်း ( ၄ )
– – – – – – – – – – –
အခု ဒီကိစ္စအဆင်ပြေပြီဆိုရင် ငါတို့ နောက်တဆင့်ကိုသွားရအောင်။ အခု နင် စာရေးစားပွဲခုံမှာထိုင်ပြီး စာရေးနေတာ ညဆယ့်တစ်နာရီ ထိုးခါနီးအထိ။ မနက် နင်က ဆွမ်းလောင်းစရာရှိတယ်။ အဲဒီအတွက် နင့်အမေက နင့်အခန်းပြတင်းဝကိုလာပြီး နင့်ကို သမီး၊ အိပ်တော့လေ… ဆိုပြီး ပြောတာ။ အဲဒါကို ဝတ္ထုထဲစိတ်ဝင်စားနေတဲ့နင်က ရုတ်တရက်လန့်သွားရမှာ။
စာရေးဆရာ ပြောတဲ့အတိုင်း ခင်ဦးဇင်လက်ထဲက မှတ်စုစာအုပ်ကိုချပြီး ဘောလ်ပင်နဲ့ ဝတ္ထုရေးတဲ့စာအုပ်ကို ကောက်ကိုင်လိုက်တယ်။ ပြီးတော့ ချက်ချင်းပဲ ‘ညနေ စောင်းလုပြီ။အနောက်ဘက်ကောင်းကင်သည် လိမ္မော်ရောင် ဆေးသားများ ပက်ဖြန်းထားသကဲ့သို့ရှိသည်။’လို့ ချရေးလိုက်တယ်။ ခင်ဦးဇင်ရဲ့ ခေါင်းထဲမှာ ဝတ္ထုက အစ၊ အလယ်၊ အဆုံး၊ ဇာတ်လမ်းဇာတ်ကွက် ပီပီပြင်ပြင်ကြီး ပုံမပေါ်သေးပေမဲ့ စာရေးဆရာရဲ့ ပြောပြချက်အရ သင့်တင့်သလောက် ပုံပေါ်စပြုနေပြီ။ ပထမဆုံးအခန်းက မိန်းကလေးတယောက်ကို ဘင်္ဂါလီသုံးယောက်က အဓမ္မပြုကျင့်ပြီး သတ်ဖြတ်လိုက်တဲ့ အခန်း။ ဇာတ်ကောင်မိန်းကလေးရဲ့ အဖြစ်အပျက်က ကျောက်နီမော်မုဒိမ်းမှုထဲက သီတာထွေးရဲ့ဇာတ်လမ်းကို ဆင့်ပွားထားတာ၊ ဇာတ်ကောင်က သီတာထွေး ဆိုတဲ့နာမည်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကြားလိုက်တာနဲ့ ရခိုင်အမျိုးသမီးပါလားလို့သိစေနိုင်မယ့် အခြားနာမည် တခုခု၊ နာမည်က စောလှနု ဖြစ်ချင်ဖြစ်မယ်၊ မြတ်သန္တာခိုင်လည်း ဖြစ်ချင်ဖြစ်မယ်၊ အတိအကျ မပေးရသေးဘူး။
ထားပါတော့၊ စောလှနု လို့ပဲ ထားလိုက်ပါတော့၊ စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ အဲဒီဇာတ်ကောင်မိန်းကလေး၊ စောလှနုက ဆယ်ရှစ်နှစ်ပြည့်ပြီးစ ခပ်ငယ်ငယ်၊ ရယ်စရာတွေ့ရင် အိန္ဒြေနဲ့ရယ်ဖို့ သတိမရဘဲ အသံအကျယ်ကြီးနဲ့ရယ်တယ်။ သွားချင်တာ မသွားရ၊ လုပ်ချင်တာ မလုပ်ရတဲ့ အခါမျိုးဆိုရင်တော့ ကလေးတယောက်လိုခြေဆောင့်ငိုပြီး ထမင်းမစားဘဲ ဆန္ဒပြတယ်။ တခါတလေ ကလေးတွေနဲ့ ဆော့ကစားတာတွေ ဝင်လုပ်တယ်။ တခါတလေကျတော့ မိတ်ကပ်တွေ နှုတ်ခမ်းနီတွေနဲ့ သနပ်ခါးတွေ ဖွေးနေအောင်လိမ်းပြီး အလှတွေပြင်၊ အပျိုကြီးပုံစံဖမ်းတယ်။ စာဖတ်သူရဲ့ စိတ်ထဲမှာ အဲဒီမိန်းကလေးကို လူကြီးတောင် ပီပီသသမဖြစ်သေးဘူးဆိုတဲ့ အတွေးမျိုးရအောင်ပုံဖော်မှာ။ ဒါမှ အဲဒီကလေး မ က၊ လူကြီး မ ကျတဲ့ မိန်းကလေးက ညနေစောင်းစအချိန်၊ သူ စက်ချုပ်သင်ရာ တဖက်ကပ်လျက်ရွာကနေ ပြန်လာတဲ့လမ်းတနေရာမှာ ကြိုတင်ကြံစည်ပြီးစောင့်ဆိုင်းနေတဲ့ မုဒိမ်းသမားရိုဟင်ဂျာသုံးယောက်က ငွေနဲ့ပစ္စည်းကို ဓားပြတိုက်၊ လူကိုမုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတော့ စာဖတ်သူတွေရဲ့စိတ်ထဲ လုပ်ရက်တယ်ကွာ ဆိုတဲ့အတွေးနဲ့ မခံချင်စိတ်တွေ၊ အမုန်းတရားတွေကို ပိုပြီးတော့ ပြင်းထန်ပေါက်ကွဲစေမှာ။ ဒါက ခင်ဦးဇင်ကို စာရေးဆရာပြောနေတဲ့ ခင်ဦးဇင်ရေးမယ့်ဝတ္ထုရဲ့ အစ ။
‘ညနေ စောင်းလုပြီ။ အနောက်ဘက်ကောင်းကင်သည် လိမ္မော်ရောင်ဆေးသားများ ပက်ဖြန်းထားသကဲ့သို့ ရှိသည်။’
ခင်ဦးဇင် ရေးပြီးသွားတဲ့ စာနှစ်ကြောင်းကို ပြန်ဖတ်လိုက် တယ်။ ပြီးတော့ တတိယတကြောင်းက ဘာဖြစ်သင့်သလဲလို့ ဆက်တွေးတယ်။ တွေးနေရင်းကပဲ ခင်ဦးဇင်ရဲ့လက်တွေက ‘လမ်းဘေး ဝဲယာရှိ မြက်ရိုင်းပင်များသည် ညနေခင်းလေ၏ အဝှေ့တွင် ယိမ်းထိုးလှုပ်ခါနေ၏။’ ဆိုတဲ့ စာကြောင်းကို ချရေးတယ်။ ပြီးတော့ ချက်ချင်းပဲ ‘ယိမ်းထိုးလှုပ်ခါနေ၏’ ဆိုတဲ့ စကားလုံးရဲ့ အရှေ့မှာ ‘မကျွတ်မလွတ်နိုင်သေးသည့် တစ္ဆေများသဖွယ်’ ဆိုတဲ့ စာကျကို မြားပြပြီး ထပ်ထည့်လိုက်တယ်။
ဒါဆိုရင် စာကြောင်းက ‘လမ်းဘေးဝဲယာရှိ မြက်ရိုင်းပင်များသည် ညနေခင်းလေ၏ အဝှေ့တွင် မကျွတ်မလွတ်နိုင်သေးသည့် တစ္ဆေများသဖွယ် ယိမ်းထိုးလှုပ်ခါနေ၏။’ ဆိုပြီး ဖြစ်သွားပြီ။ ညနေခင်း၊ လိမ္မော်ရောင် ကောင်းကင်၊ မြက်ရိုင်းပင်၊ ဒါပြီးရင် ဘာဖြစ်သင့်သလဲ။ လမ်း၊ ဟုတ်တယ်၊ ဇာတ်ကောင်မိန်းကလေး စောလှနုပြန်လာမယ့်အပြန်လမ်းကို ရေးရမယ်။ လမ်းက ဘယ်လိုလမ်းမျိုးဖြစ်မလဲ၊ ကျောက်ခဲတွေ၊ ကျင်းချိုင့်တွေနဲ့လား၊ ဒါမှမဟုတ် လှည်းလမ်းကြောင်းရာ ချိုင့်ခွက်ရှည်နဲ့ မြေသားလမ်းလား။ အဲဒါပြီးရင်တော့ အဲဒီဇာတ်ကောင်မိန်းကလေး စောလှနုကို ချုံတွေထဲကထွက်လာတဲ့ လူသုံးယောက်ကို မြင်ခိုင်းလိုက်ရတော့မလား၊ အဲဒီလိုမြင်ရင် စောလှနုက ဘယ်လိုတုံ့ပြန်မလဲ။ ထိတ်လန့်သွားမလား၊ ဒါမှမဟုတ် ပုံမှန်လူတွေလို့ပဲထင်ပြီး ဟန်မပျက်ရှိနေမလား။ ပြီးရင် ဘယ်လို ဆက်ဖြစ်မလဲ၊ အမှန်တော့ အဖြစ်အပျက်တွေက အမှောင်ထဲမှာဖြစ်ပျက်မှ ပိုပြီးသက်ဝင်မှာလို့ ခင်ဦးဇင် တွေးတယ်။ ဒါပေမဲ့ အခုက ညနေစောင်းခါနီးအချိန်ပဲ ရှိသေးတာ။ ညအမှာင်ကို ချက်ချင်းရောက်လာခိုင်းလို့ မရသေးဘူး။ ဒါဆို ပထမဆုံးစာကြောင်းကို ထပ်ဖြည့်ရမလား။ စောလှနု စက်ချုပ်သင်တန်းမှ ပြန်လာသည့်အချိန်သည် ညနေစောင်းလုပြီ။ ဒါဆိုရင် သူ ပြန်လာတဲ့အချိန်တွင်း အမှောင်ကရောက်လာမယ်။ ပြီးတော့ ဟိုလူသုံးယောက် သူ့ကိုချောင်းနေတဲ့နေရာရောက်တော့ မှောင်နေပြီ။ ပြီးတော့ အဲဒီ အမှောင်ကြီးထဲမှာ…။ အဲဒီအချိန် ဝတ္ထုကိုတွေးနေရင်း ဘာမှန်းမသိပါဘဲ ခင်ဦးဇင်စိတ်ထဲ ထိတ်ခနဲ ကြက်သီးတွေတဖြန်းဖြန်းထလာတယ်။
တယောက်ယောက်က သူ့ကို အနောက်ကနေ စိုက်ကြည့်နေသလိုပဲလို့လည်း စိတ်ထဲထင်လာတယ်။ ဘာလဲ၊ ည ဆိုပေမဲ့ ကိုယ့်အိမ်လိုနေရာမျိုးမှာ ဘာလိုမှ မဖြစ်နိုင်တာလို့ ခင်ဦးဇင်အတွေးထဲ အလန့်တကြားငြင်းမိပေမဲ့ အနောက်ကို လှည့်မကြည့်ဘဲနေဖို့ကိုတော့ မအောင့်အီးနိုင်ဘူး။ ချက်ချင်းပဲ လှည့်ကြည့်လိုက်မိတယ်။ အဲဒီမှာ တွေ့လိုက်ရတာက အခန်းဝမှာ လူတယောက်မတ်တပ်ရပ်ပြီး ခင်ဦးဇင်ကို စိမ်းစိမ်းကြီးစိုက်ကြည့်နေတာ။ ဘယ်သူလဲ။ ခင်ဦးဇင် မေးလိုက်တယ်။ လူရိပ်က ရုတ်တရက် ပြန်မဖြေဘူး။ ညအမှောင်ရယ်၊ မီးရောင်ရယ်၊ ခန်းဆီးရဲ့အရိပ်ရယ်ကြားက လူရိပ်မည်းမည်းက ငြိမ်သက်တိတ်ဆိတ်နေတုန်းပဲ။ ဘယ်သူလဲ၊ ခင်ဦးဇင် ထိုင်နေရာက ဝရုန်းသုန်းကားမတ်တတ်ထရပ်ရင်း ထပ်မေးလိုက်တယ်။
သမီး မအိပ်သေးဘူးလား။ အမျိုးသမီးတယောက်ရဲ့အသံပဲ၊ သမီးတဲ့၊ စာရေးဆရာပြောတဲ့ အမေဆိုတာလားလို့ ခင်ဦးဇင် တွေးမိတယ်။ ဟုတ်တယ်၊ အဲဒါ နင့်အမေပဲ၊ အမေလို့ အဲဒီမိန်းမကိုခေါ်လိုက်တဲ့။ စာရေးဆရာက ဝင်ပြော တယ်။ ဒါနဲ့ ခင်ဦးဇင်လည်း စာရေးဆရာ ခိုင်းတဲ့အတိုင်း အမေလို့ ခေါ်ပြီး မအိပ်သေးဘူးလားလို့မေးလိုက်တယ်။ အေး၊ အပေါ့သွားချင်လို့ ထလာတာ၊ အစီမအခန်း မီးလင်းနေသေးလို့ လာကြည့်တာ၊ ဆယ့်နှစ်နာရီ ထိုးတော့မယ်၊ အိပ်တော့လေ၊ မနက် အလုပ်ရှိတယ်မဟုတ်လား။ ပြန်ပြောတဲ့ အမေ့ရဲ့ အသံကို ကြားမှ ခင်ဦးဇင် ထိုင်ခုံမှာ ခြေပစ်လက်ပစ်ပြန်ထိုင်ချပြီး အမေရယ်၊ သမီးဖြင့် လန့်သွားတာပဲလို့ မောမောဟိုက်ဟိုက် ပြောလိုက်မိတယ်။ အဲဒီလိုပြောနေရင်းကပဲ ခင်ဦးဇင်ရဲ့ ခေါင်းထဲကို အတွေးတခုဝင်လာတယ်။ အတွေး ဝင်လာတယ်ဆိုတာထက် သူ့ကိုယ်သူ သတိထားမိတယ်လို့ဆိုရမယ်။ ဘာကိုလဲဆိုတော့ ထိတ်လန့်နေတဲ့ သူ့ကိုယ်သူသတိထားမိတာ။ ငါ တကယ်ကြီး လန့်နေပါလား၊ ငါက ဝတ္ထုဇာတ်ကောင်ဆိုရင် ဒီလိုမျိုး တကယ် လန့်ပါ့မလားပေါ့။
အိပ်ဖို့အတွက် အိပ်ရာကို သွားတော့။
စဉ်းစားနေတဲ့ ခင်ဦးဇင်ရဲ့ နားထဲကို စာရေးဆရာရဲ့ အသံဝင်လာတယ်။ အိပ်ရာထဲ သွားတော့၊ အိပ်ရာထဲ ရောက်မှ ဖုန်းထုတ်ပြီး ပြန်ကြည့်၊ နင့်ဖုန်းထဲမှာ ဖေ့ဘုတ်စ်က ကော်ပီယူထားပြီး စာအုပ်ထဲပြန်မကူးရသေးတဲ့ မှတ်စုတွေ ရှိသေးတယ်တဲ့။ ဒါနဲ့ ခင်ဦးဇင်လည်း စာရေးဆရာပြောတဲ့အတိုင်း ထိုင်ခုံကနေထပြီး အိပ်ရာကို သွားတယ်၊ ပြီးတော့ လက်ကိုင်ဖုန်းကိုထုတ်ပြီး မှတ်စုဖိုင်ကို ဖွင့်ကြည့်တယ်။ အဲဒီမှာ တွေ့လိုက်ရတာက ခင်ဦးဇင် တွေးထားသလို ဘင်္ဂါလီမကောင်းကြောင်း မှတ်စုတွေ ဟုတ်မနေဘူး။
နိုဝင်ဘာ ၂၉ ရက်၊ ၂ဝ၁၇ တွင် မောင်ဝင်းတင် (၁၈) နှစ်၊ မောင်ကျော်ကျော်လင်း (၁၆) နှစ်၊ မောင်သိန်း (၁၉) နှစ်တို့အား WY/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၅၅၅ဝဝ ပြားနှင့် အတူ မောင်တော-ကြိမ်ချောင်း ကားလမ်းတွင် ဖမ်းဆီးရမိ တဲ့။ မောင်၀င်းတင်၊ ကျော်ကျော်လင်းနဲ့ မောင်သိန်းက ဘင်္ဂါလီတွေ မဟုတ်ဘူးတဲ့၊ စာရေးဆရာက ပြောတယ်။
ဒါဆို သူတို့က ဘာတွေလဲ၊ ခင်ဦးဇင် ပြန်မေးလိုက်တော့၊ မသိဘူး၊ ရခိုင်လား၊ ဗမာလား ငါလည်း မသိဘူးတဲ့။ စာရေးဆရာက ပြန်ဖြေတယ်။ ဒါဆို ဒါကို ဘာလို့ကျမက မှတ်ထားရမှာလဲ၊ ဘင်္ဂါလီတွေ မကောင်းကြောင်းမှ မဟုတ်ဘဲလို့ ခင်ဦးဇင် အံ့သြတဲ့ပုံနဲ့ ပြန်ပြောလိုက်ပေမဲ့ စာရေးဆရာက ပြန်မပြောဘူး။ အဲဒီနောက် ဇဝေဇဝါအတွေးနဲ့ပဲ စာရေးဆရာပြတဲ့ မှတ်စုတွေကို ခင်ဦးဇင်ဆက်ဖတ်တယ်။
၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်တွင် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာအုပ်စု သောင်ပညာကျေးရွာ ချောင်းစပ်တွင် မူဟာမတ် အီဒရစ် (၂၅) နှစ်၊ အဘူဟိုက် (၁၈) နှစ် နှင့် ဟာမိတ်တူဆောင်း (၂၂) နှစ် တို့၏ ပုပ်ပွနေသည့် အလောင်းများကို လက်ပြန်ကြိုးတုပ်လျက် လည်ပင်းပြတ်ရှ ဒဏ်ရာတချက်စီဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ တဲ့။ ဒါက ဘင်္ဂါလီတွေ အသတ်ခံရတဲ့အကြောင်း။ ဘာလဲ၊ ဘင်္ဂါလီမကောင်းကြောင်း မှတ်စုထင်နေတာ၊ ဘာလို့ ဘင်္ဂါလီတွေခံရတဲ့အကြောင်း ဖြစ်နေတာလဲ။
စက်တင်ဘာ ၂၂ ရက်၊ ၂ဝ၁၇၊ မောင်တောမြို့နယ်၊ နယ်မြေ ၁ဝ၊ မိကျောင်းဈေးကျေးရွာ ဗလီကြီးခြံဝန်းအတွင်း၌ ဗလီ၏အရှေ့ဘက် ပေ ၃ဝ ခန့်အကွာ အုန်းပင်အခြေတွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲပြီး ရှင်းလင်းရှာဖွေရာတွင် အရှည် ၈ လက်မ၊ အချင်း ၆ လက်မခန့်ရှိ ကားပင်စတင်နှင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးထပ်မံတွေ့ရှိ တဲ့။ ၂ဝ၁၇၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မောင်တောမြို့ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် တာဝန်ခံ ရှော်ဖိတ်အာမန် (၃၄) နှစ်အား လူနှစ်ဦးက သေနတ်ဖြင့်ပစ်၍ ဓားနှင့်ခုတ်ခဲ့ရာ အခင်းဖြစ်ပွားရာနေရာတွင်သေဆုံး တဲ့။ ခင်ဦးဇင် စာရေးဆရာပြတဲ့သတင်းတွေကို တခုပြီးတခုလိုက်ဖတ်တယ်။ သတင်းတွေက ဘင်္ဂါလီမဟုတ်တဲ့ နာမည်နဲ့ လူတွေနဲ့ မူးယစ်ဆေး မိတာတွေ၊ ပြီးတော့ ဘင်္ဂါလီနာမည်နဲ့ လူတွေ အသတ်ခံရတာတို့၊ အဲဒီကမှ ဗလီနားမှာ မိုင်းထောင်ခံရတာတို့တွေ။ အားလုံးက ဘင်္ဂါလီ မကောင်းကြောင်းမဟုတ်ဘဲ၊ ဘင်္ဂါလီတွေ ခံရတဲ့ အကြောင်းတွေ ဖြစ်နေတာ။ ဘာလဲ၊ ဘာလို့လဲ ။
တော်ပြီ၊ ဒီနေ့အတွက် ဒီလောက်ဆို ရပြီ၊ ညဆယ့်နှစ်နာရီလည်းထိုးပြီ၊ ငါ အိပ်ရတော့မယ်။ မနက်ဖြန်မှ ဆက်ရေးကြတာပေါ့။
စာရေးဆရာကို မေးခွန်းမေးဖို့ တွေးနေတုန်းမှာပဲ စာရေးဆရာက ခင်ဦးဇင်ကို မနေ့အတိုင်း အမှောင်ထုထဲမှာချန်ပြီး ထွက်သွားပြီ။ အမှောင်ထုကြီးထဲ အဓိပ္ပာယ်မဲ့ စိုက်ကြည့်နေရင်းက ဘာလဲ၊ တိုးလို့တန်းလန်းနဲ့လို့ ခင်ဦးဇင်တွေးမိတယ်။ ပြီးတော့သူ့ကို အလင်းရောင်လေး ချန်ထားပေးပါလို့တောင် မပြောလိုက်ရဘူးပေါ့။ အဲဒီနောက် စာရေးဆရာ ပြောခဲ့တဲ့သူ့အကြောင်း၊ ပြီးတော့ စာရေးဆရာပြောတဲ့ သူ့ရဲ့ရေးလက်စဝတ္ထု၊ စတာတွေကို တစ်ခုချင်း ပြန်တွေးကြည့်မိတယ်။ သူ့အတွေးတွေကို စာရေးဆရာက သိနေတာ၊ ပြီးတော့ စာရေးဆရာနဲ့သူ အတွေးတွေ တူနေတာ။ နင်က စာရေးဆရာဇာတ်ကောင်လေ၊ အဲဒါကြောင့် စာရေးနည်းတွေကိုသိနေတာတဲ့။ စာရေးဆရာက သူ့ကို ပြန်ပြောခဲ့တာ။
နေပါဦး၊ သူက စာရေးဆရာ ဇာတ်ကောင်မို့ စာရေးနည်းတွေကို သိနေတယ်ထားပါတော့၊ အခြား ဟာတွေကိုရော။ ရခိုင်၊ ဘင်္ဂါလီ၊ မူစလင်၊ အစွန်းရောက်အမျိုးသားရေး ဝါဒီ၊ စာရေးဆရာပြောခဲ့တဲ့ စကားလုံးတွေ၊ နာမည်တွေကို ခင်ဦးဇင် တခုချင်း ပြန်တွေးကြည့်တယ်။ စာရေးဆရာပြောတုန်းက အလိုအလျောက် သိနေသလိုလိုပေမဲ့ အခု ပြန်တွေးကြည့်တော့ ဒါတွေကို အရင်ကတည်းက သိခဲ့သလား၊ ဒါမှမဟုတ် အခု စာရေးဆရာကပြောမှ သိသလားဆိုတာ မသေချာတော့ဘူး။ ရုပ်ရှင်ပိတ်ကားတွေလို တဖျတ်ဖျတ် ပေါ်လာနေတဲ့ ပုံရိပ်တွေကို အာရုံရောက်ပြီး စကားလုံးတွေကို သတိမထားမိခဲ့တာ။ အဲဒီကိစ္စ နောက်ကို သတိထားရမယ်၊ ခင်ဦးဇင် သူ့ကိုယ်သူ သတိပေးတယ်။ ပြီးတော့ သူ့ကို ဒီလိုအမှောင်တိုက်ကြီးထဲမှာထားခဲ့တာကို မကြိုက်ဘူး၊ ခုနကလို တခုခုကို တိုးလိုးတန်းလန်းထားခဲ့တာကိုလည်း မကြိုက်ဘူးဆိုတာ စာရေးဆရာကိုပြောရမယ်၊ အဲဒါတွေအကုန် စာရေးဆရာ ပြန်လာရင် ပြောရမယ်လို့ ခင်ဦးဇင် သူ့ကိုယ်သူ သတိပေးတယ်။
—————-(ဆက်ရန်)
Be the first to comment