ခင်ဦးဇင် အပိုင်း ( ၁၀ )

“ခင်ဦးဇင်”
◼️ ​ရေအေး
အပိုင်း ( ၁၀ )
– – – – – – – – – – –
နင် ဘယ်သူနဲ့စကားပြောနေတာလဲ။ ခင်ဦးဇင်ရဲ့ နားထဲကို ဆရာ၀န်ခေါင်းဆောင်အမျိုးသမီးရဲ့အသံ ဝင်လာတယ်။ ပြီးတော့ လူနှစ်ယောက်ကို ဆရာဝန်တွေဝိုင်းပြီးမေးမြန်းနေတဲ့ အခန်းထဲကမြင်ကွင်းက ပျောက်သွားပြီး ခုတင်ခြောက်လုံးရှိတဲ့လူနာခန်း မြင်ကွင်းက ပြန်ပေါ်လာတယ်။ နင် ဘယ်သူ့ကိုစကားပြောနေတာလဲ တဲ့။ ဆရာ၀န်ခေါင်းဆောင်အမျိုးသမီးက ခင်ဦးဇင်ကို ကြည့်ပြီး မေးနေတယ်။ ဘာလဲ၊ သူ ဘာပြောမိလို့လဲ။ ခင်ဦးဇင် တွေးတယ်။ ဘေးကို ကြည့်လိုက်တော့ အမေက ခင်ဦးဇင်ကို တစ်ခုခုဖြေလိုက်ဖို့ မျှော်လင့်တကြီးပုံစံနဲ့ ကြည့်နေတယ်။ စာရေးဆရာကို ဆရာဝန်တွေကြားထဲပါနေမလားလို့ ခင်ဦးဇင် ရှာကြည့်ပေမဲ့ မတွေ့ရဘူး။ ခင်ဦးဇင်ကို မေးခွန်းတွေ အဆက်မပြတ်မေးနေတဲ့အမျိုးသမီးကြီး၊ အဲဒီမေးခွန်းတွေကို ဖြေလိုက်ဖို့ မျှော်လင့်နေပုံရတဲ့အမေ၊ ပြီးတော့ တစ်ခုခုကို စိုးရိမ်ပုံရနေတဲ့အနောက်ကလူတွေ၊ ကိုယ့်ဇာတ်ရုပ်ကိုယ် သရုပ်ပါပါဝင်စားနေကြတဲ့ ဇာတ်ကောင်တွေအားလုံးကို ကြည့်ရင်း ခင်ဦးဇင်စိတ်ထဲ တော်တော်လေးကို ဇာတ်ကွက်စေ့တဲ့ စာရေးဆရာပဲလို့ တွေးမိတယ်။ နင့် နှုတ်ခမ်းတွေ လှုပ်သွားတယ်လေ၊ အဲဒါ ဘယ်သူနဲ့ စကားပြောတာလဲ။ ခင်ဦးဇင် ဘာဖြေရမယ် မသိတော့ဘူး။ တိတ်ဆိတ်နေမိတယ်။ ဘယ်သူနဲ့မှမပြောဘူးလို့ ဖြေလိုက် တဲ့။ ဇာတ်ဝင်ခန်းထဲမှာပါမနေတဲ့ စာရေးဆရာက သူ့ရဲ့ခပ်စူးစူး အသံနဲ့ ခင်ဦးဇင်ကိုလှမ်းပြီး ပြောတယ်။ ဒါနဲ့ ခင်ဦးဇင်လည်း စာရေးဆရာခိုင်းတဲ့အတိုင်း ဘယ်သူနဲ့မှ မပြောဘူးလို့ ပြောလိုက်တယ်။ အဲဒီ အဖြေကိုကြားတော့ အမျိုးသမီးကြီးက ဒါပဲ၊ ဒါပဲ လို့ ဆိုပြီးခေါင်းညိတ်တယ်။ သူက စာရေးတယ်လို့ ပြောတယ်မလား၊ ဘွဲ့လည်း ရတယ်လို့ ပြောတယ်၊ ဒီတော့ ပညာတတ်တာပေါ့၊ ပညာတတ်တော့ ရောဂါလက္ခဏာတွေကို ဖုံးတာပေါ့လို့ ဆက်ပြောတယ်။ ပြီးတော့ အဲဒီလိုပြောနေရင်းကပဲ ရုတ်တရက်ဆိုသလို သူ့နောက်နား ခပ်ကုပ်ကုပ်ရှိနေတဲ့ လူလတ်ပိုင်းယောက်ျားဘက်ကို လှည့်ပြီး ပြောစမ်း၊ ဒါ ဘာလဲလို့ မေးလိုက်တယ်။
ဆရာ၀န်ခေါင်းဆောင်အမျိုးသမီးကြီးက အော်လိုက်တာ၊ ပြီးတော့ မေးခွန်းအမေးခံရတဲ့ အနောက်ကလူအုပ်က ခေါင်းတွေငုံ့သွားတာ၊ အမျိုးသမီးကြီးရဲ့အော်သံတွေက ပိုပြီးတော့ကျယ်လာတာ။ အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခု ဖြစ်ပျက်သွားတယ်။ ကနဦးက အသစ်အဆန်းသဘောမျိုးငေးနေကြည့်နေမိပေမဲ့ နည်းနည်းကြာလာတော့ မြင်ကွင်းတွေကို ခင်ဦးဇင်ရဲ့စိတ်ထဲ အီလာတယ်။ ပြီးတော့ စာရေးဆရာက သူ့ကို ဘာကြောင့်ဒီလိုဇာတ်လမ်းဆင်ရတာလဲ ဆိုတဲ့အတွေးက ခေါင်းထဲရောက်လာတယ်။ စာရေးဆရာက သူ့အပေါ် ဆိုးရွားလှချည်လား၊ ရက်စက်လှချည်လားပေါ့။ ရှင် ဘာကို ရေးချင်လို့ ဒီလိုဇာတ်ကွက်ကို ခင်းနေတာလဲ၊ ရှင်ဝတ္ထုရဲ့ အာဘော်က ဘာလဲ။ ရှုပ်ထွေးနေတဲ့ စိတ်ကိုထိန်းပြီး ခင်ဦးဇင် စာရေးဆရာကို မေးလိုက်တယ်။ နင်လည်း စာရေးဆရာပဲ စဉ်းစားကြည့်ပေါ့ တဲ့၊ စာရေးဆရာက ခင်ဦးဇင်ကို ပြန်ဖြေတယ်။ ရှင်က ရခိုင်မုန်းတီးတဲ့ သူလား၊ ရှင် ရခိုင်မကောင်းကြောင်း ပြောချင်တာလား။ ခင်ဦးဇင် စာရေးဆရာကို ထပ်မေးလိုက်တယ်။ မဟုတ်ပါဘူး တဲ့။ စာရေးဆရာက ခင်ဦးဇင်ကို ပြန်ဖြေတယ်၊ ပြီးတော့ ဘာလို့ အဲဒီလိုထင်တာလဲ တဲ့။
ရှင်က ကျမကို ရခိုင်မဆိုပြီး ပြောတယ်၊ ပြီးတော့ အစွန်းရောက် အမျိုးသားရေးသမားလို့လည်း ဆိုတယ်လေလို့ ခင်ဦးဇင်ပြန်ပြောလိုက်တယ်။ ငါ့ဝတ္ထုထဲမှာ ပြထား၊ ပြောထားတာတွေ အများကြီးပဲလေ၊ နင်က အဲဒါပဲ တွေ့သလားတဲ့။ ရှင် ကျမကို ရခိုင်မလို့ပဲပြောထားတယ်၊ ရုပ်ရည် အသံ အသေးစိတ် အချက်အလက်တွေကို မပြထားဘူး၊ ဒီတော့ ကျမကို လူတစ်ဦးတစ်ယောက်အဖြစ် သီးသန့်ခွဲပြီးမြင်ကြမှာမဟုတ်ဘူး၊ ရှင် ကပ်ပေးထားတဲ့ တံဆိပ်ကိုပဲ မြင်ကြမှာ၊ ထင်ကြမှာပဲ၊ လူတိုင်းက အဲဒီလိုပဲ ထင်ကြမှာပဲလို့ ခင်ဦးဇင် ထပ်ပြောလိုက်တယ်။ မဟုတ်သေးဘူး တဲ့။ စာရေးဆရာက ပြောတယ်။ မဟုတ်သေးပါဘူး တဲ့၊ ငါ ဒီနေ့ နားမှ ဖြစ်မယ် တဲ့။
ရှင့်အကျင့်က ဒီလိုပဲလို့ ခင်ဦးဇင် ပြောလိုက်တယ်။ ဒါပေမဲ့ စာရေးဆရာက မရှိတော့ဘူး။ လျှပ်စီးလက်လိုက်သလိုပဲ၊ ပျောက် သွားပြီ။ မဟုတ်ဘူး၊ ထွက်ပြေးသွားပြီလို့ ပြောရမယ်။ စာရေးဆရာ ချန်ထားရစ်ခဲ့တဲ့ လူနာခန်းထဲကပုံရိပ်တွေကြားမှာ တစ်ယောက်တည်း စုန့်စုန့်ကြီး ရပ်ရင်း၊ သင်းက မေးခွန်းထုတ်ခံရတာတော့ ကြောက်တတ်သားပဲလို့ ခင်ဦးဇင် စိတ်ထဲကနေ ရယ်မိတယ်။ နောက်တစ်ခါ လာပါစေဦး၊ မေးခွန်းတွေ မေးပေးလိုက်ဦးမယ်။ ရှင် ကျမကို စိတ် ရောဂါသည်ဘဝကနေ ပြောင်းပြီး လှလှပပ ဖန်တီးပေးမလား၊ ရှင့်၀တ္ထုပျက်အောင် ကျမ ကလန်ကဆန် လုပ်တာကို လိုချင်သလားပေါ့။
(၇)
ရှင် တကယ်ပဲ ရခိုင်တွေကို အမျိုးသားရေး အစွန်းရောက်တွေလို့ ပြောချင်နေတာလား။ စာရေးဆရာ ရောက်လာတယ်ဆိုရင်ပဲ မေးဖို့တေးထားတဲ့ မေးခွန်းတွေထဲက တစ်ခုကို ခင်ဦးဇင် ချက်ချင်းမေးလိုက်တယ်။ မဟုတ်ပါဘူး။ စာရေးဆရာက ခင်ဦးဇင်ရဲ့အမေးကို ခပ်တုံ့တုံ့ ပြန်ဖြေတယ်။ ဒါပေမဲ့ အခုအခြေအနေကတော့ ရှင် အဲဒီလိုပြောချင်တဲ့ပုံ ပေါက်နေတာပဲ၊ ရှင်က ကျမကို တစ်သီးပုဂ္ဂလအနေနဲ့ မပြထားဘူး၊ အစုအဖွဲ့ ကိုယ်စားပြုသဘောနဲ့ ပြနေတာလေ။ အဲဒါက မခက်ပါဘူး။ နင် ဘယ်လိုပုံစံဆိုတာ ငါ သိပြီးသားပဲ၊ အချိန်မရွေး နင့်ရုပ်ကို ပြလို့ရတာပဲ တဲ့။ ပြောရင်း စာရေးဆရာက ရယ်တယ်။ အဲဒီ ရယ်နေတဲ့ အသံကို နားထောင်ရင်းနဲ့ပဲ ခင်ဦးဇင်စိတ်ထဲ သင်း ရယ်ပုံက တစ်မျိုးပဲလို့ ထင်မိတယ်။ တခုခု ညစ်ပတ်တော့မယ့် တခုခု လူလည်ကျတော့မယ့်အသံမျိုးလို့ ပြောရမလား၊ တခုခုတော့ တခုခုပဲပေါ့။ နင့်ရုပ်ကို နင်တကယ်ကြည့်ချင်သလား တဲ့။ ကြည့်မယ်။ ခင်ဦးဇင် ချက်ချင်းတုံ့ပြန်လိုက်တယ်။ အဲဒီနောက်တော့ ခိခနဲ ရယ်သံနဲ့အတူ ခင်ဦးဇင် ရှေ့မှာ ပုံရိပ်တစ်ခု ဖြတ်ခနဲပေါ်လာတယ်။ မိန်းမရဲ့ ရုပ်က နှုတ်ခမ်းနီ ခပ်ရဲရဲကိုမှ မျက်မှန်ဝင်းဝင်းနဲ့။ အသားက ခပ်မည်းမည်း၊ ကိုယ်လုံးကိုယ်ထည် ပိန်ပိန်သွယ်သွယ်မှာ ပါးရိုးကားကား၊ နှာတံပြားပြားနဲ့။ ခင်ဦးဇင်ကို ပြုံးပြလိုက်တယ် ဆိုရင်ပဲ ခပ်ပြဲပြဲ ပါးစပ်ထဲကနေ ထူထဲမို့မောက်နေတဲ့ သွားဖုံးနဲ့ အဲဒီသွားဖုံးပေါ်မှာ စီရရီရှိနေတဲ့သွားတွေက အုံလိုက် ပြုံထွက်လာတော့မလိုပဲ။ အဲဒါ ငါ့ရုပ်တဲ့၊ ရုပ်ဆိုးလိုက်တာ လို့ ခင်ဦးဇင် တွေးမိတယ်။ အဲဒီလို တွေးနေရင်းနဲ့ပဲ ဒီရုပ်ကို မြင်ဖူးသလိုပဲဆိုတဲ့ အတွေးတစ်စက ခေါင်းထဲကို ရောက်လာတယ်။ ဟုတ်တယ်၊ ဒီရုပ်ကို မြင်ဖူးသလိုပဲပေါ့။ နှုတ်ခမ်းနီ၊ မျက်မှန်၊ ပြီးတော့ သွားဖုံးတွေ၊ ပါးရိုးတွေ၊ နှာတံတွေ။ မဟုတ်သေးပါဘူး၊ နှုတ်ခမ်းနီ ဆိုးထားတာကို ဖယ်လိုက်မယ်ဆိုရင်၊ ပြီးတော့ နှုတ်ခမ်းမွေးမုတ်ဆိတ်မွေးတွေ တပ်လိုက်မယ်ဆိုရင်။ ရှင်…ရှင်က။ စာရေးဆရာ ရယ်တယ်၊ တဟားဟားနဲ့ ဝါးလုံးကွဲမတတ် ရယ်တယ်။ ပြီးတော့မှ ရယ်ရှိန်မသေတဲ့ မျက်နှာနဲ့ ဟုတ်တယ်လေ၊ နင်ပဲ ဇာတ်ကောင်ဆိုတာက စာရေးဆရာရဲ့ကိုယ်ပွားဆို တဲ့၊ ပြန်ပြောတယ်။
စာရေးဆရာ ထုတ်ပြတဲ့ သူ့ရဲ့ ရုပ်ကို ကြည့်ရင်း ခင်ဦးဇင် ကြက်သေသေနေမိတယ်။ ရုတ်တရက် ဘာပြန်ပြောရမယ် မသိဘူး။ စိတ်ကူးထဲမှာ စီထားတဲ့ မေးခွန်းတွေကလည်း ကြိုးပြတ်သွားတဲ့ ပုလဲပုတီးကုံးလိုပဲ၊ တစစီ ဖြစ်ကုန်တယ်။ ပြီးတော့ စိတ်က သူအမှန်တကယ်ပဲ စာရေးဆရာရဲ့ကိုယ်ပွားလား၊ စာရေးဆရာ ဖန်တီးထားတဲ့ ဇာတ်ကောင်လားဆိုတဲ့ ဆီကို လုံးဝရောက်သွားတယ်။ အဲဒီနောက်တော့ ခင်ဦးဇင် တစ်ချက်ချင်းကို သေချာ တွေးကြည့်တယ်။ စာရေးဆရာကော၊ သူကော နှစ်ယောက်လုံးက စာရေးနည်းတွေကို သိနေတာ၊ ရုပ်တွေ တူနေတာ၊ ပြီးတော့ သူ့ရဲ့ အတွေးတွေကို စာရေးဆရာက အလိုလိုသိနေတာ။ ဒါပေမဲ့ မတူတာ တွေလည်း ရှိနေတာပဲ မဟုတ်လား။ စာရေးဆရာက မူစလင်တွေကို မုန်းတီးဖို့ သင်ကြားခံခဲ့ရတယ် ဆိုပေမဲ့ သူက အဲဒီအဖြစ်အပျက်တွေ မမှတ်မိတာ၊ သူက မိန်းမတစ်ယောက် ဖြစ်နေပြီး စာရေးဆရာက ယောက်ျား တစ်ယောက် ဖြစ်နေတာ။ ခင်ဦးဇင် တွေးနေရင်း မေ့သလိုဖြစ်နေတဲ့ အဖြစ်အပျက်ကြီးကို ရုတ်တရက် ခေါင်းထဲ သတိရသွားတယ်။ အဲဒါက ရိုဟင်ဂျာတွေ နတ်မြစ်ကို ဖြတ်ပြီး ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြတယ် ဆိုတဲ့ကိစ္စ။ အဲဒါကို တကယ့်အဖြစ်အပျက်ဆိုပြီး စာရေးဆရာက ပြောခဲ့တာမလား၊ ပုံတွေ၊ သတင်းအချက်အလက်တွေ၊ သက်သေအထောက်အထား တွေနဲ့ ပြောခဲ့တာမလား။ ဒါပေမဲ့ ခင်ဦးဇင်က ဘာလို့ အဲဒီအဖြစ်အပျက်ကို မသိရတာလဲ။ ဘာလို့ စာရေးဆရာပြောပြမှ သိရတာလဲ။ သူ ဘယ်က လာသလဲ၊ တစ်ခုပြီးတစ်ခုဆင့်လာနေတဲ့ မေးခွန်းတွေက ပိတ်ထားတဲ့တံခါးကို တစ်ချက်ပြီးတစ်ချက် ကန်ဆောင့်ဖွင့်နေသလို၊ အဲဒီကမှ နောက်ဆုံး ကန်ချက်တစ်ခုမှာ ဝုန်းခနဲ ပွင့်သွားသလိုလို့ ပြောရမလားပဲ။ မေးခွန်းတွေဆင့်ဆင့်မေးနေရင်းက ခင်ဦးဇင်ရဲ့ ခေါင်းထဲကို အတွေးတစ်ချက် လက်ခနဲ ရောက်လာတယ်။ သူက စာရေးဆရာရဲ့လက်ရှိကမ္ဘာက မဟုတ်ဘူးလားပေါ့။။ အဲဒီမှာ မတူညီတဲ့ကမ္ဘာ ဆိုတဲ့စကားလုံးကို ခင်ဦးဇင် ရုတ်တရက် သတိရတယ်။ မတူညီတဲ့ ကမ္ဘာ၊ အပြိုင်ကမ္ဘာ။ ခင်ဦးဇင်ရဲ့ နှလုံးက ရုတ်တရက်ဆိုသလိုပဲ တဒိတ်ဒိတ် အခုန်မြန်လာတယ်။ သူ သိသွားပြီ၊ နောက်ဆုံးတော့ သူ အကုန်လုံးကို သိသွားပြီ။ သူက စာရေးဆရာနေတဲ့ ကမ္ဘာနဲ့မတူတဲ့ အပြိုင်ကမ္ဘာတစ်ခုကနေ ရောက်လာခဲ့တာ။ ဘာသာတရားဆိုတာ မရှိတဲ့ကမ္ဘာ၊ ဘာသာတရားကြောင့် ဖြစ်တဲ့အမုန်းတွေ၊ အကြောက်တရားတွေနဲ့ အကြမ်းဖက်မှုတွေ မရှိတဲ့ ကမ္ဘာ၊ ဖန်ဆင်းရှင်ဘုရားကို ငြင်းဆန်တဲ့ ကမ္ဘာ၊ ဘာသာတရားကထိန်းညှိထားတဲ့ အကြောက်တရားနဲ့ မျှော်လင့်ချက်ကို စွန့်ပစ်ပြီး ကိုယ်ပိုင်တွေးတောဆင်ခြင်မှုနဲ့ အုပ်ထိန်းတဲ့ ကမ္ဘာ။ လူတွေအချင်းချင်း ရခိုင်၊ ကုလားတံဆိပ်တွေကြောင့် မုန်းတီးတာ၊ ချစ်ခင်ကြတာမျိုး မဟုတ်ဘဲ တစ်ယောက်ချင်းစီရဲ့အပြုအမူအရ ချစ်ခင်ကြ၊ မုန်းတီးကြတဲ့ ကမ္ဘာ။ ဒါကြောင့် သူ တရားပွဲဆိုတာကို မသိခဲ့တာ၊ ဒါကြောင့်ပဲ သူ ကအ်ဘာကျောင်းတော်ပုံကို မသိတာ၊ မဟာမြတ်မုနိနဲ့ရွှေတိဂုံကို မသိတာ။ ပြီးတော့ ရိုဟင်ဂျာတွေ နတ်မြစ်ကို ဖြတ်ပြီး ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ပြေးရတဲ့ အဖြစ်ကို မသိတာ။ ဒါပေမဲ့ သူက ဟိုဘက်ကမ္ဘာမှာလည်း စာရေးဆရာပဲ၊ ဒါကြောင့် စာ ဘယ်လိုရေးရမယ်ဆိုတာကို သူ သိနေတာ။ သူ တွေးတောတတ်၊ခံစားတတ်နေတာ။ ဒါပေမဲ့ သူ့နာမည်က ခင်ဦးဇင်ပဲလား ဆိုတာတော့ မသေချာဘူး။ ပြီးတော့ သူ အခြားကမ္ဘာတစ်ခုကနေ စာရေးဆရာရဲ့ဝတ္ထုထဲကို ဘယ်လို ရောက်ပြီး ဇာတ်ကောင်ဖြစ်လာတယ် ဆိုတာလည်း မသိသေးဘူး။ အဲဒီအဖြေကို အသိနိုင်ဆုံးသူကတော့ စာရေးဆရာပဲ၊ သူ့ကို မေးရမှာပဲပေါ့။ အဲဒီ အချိန်မှာပဲ ရထားတစ်စင်း ခုတ်မောင်းသလို တဝုန်းဝုန်းနင်းခဲ့တဲ့ ခင်ဦးဇင်ရဲ့အတွေးစဉ်က နေရာတစ်ခုမှာ ရုတ်တရက် ထိုးရပ်သွားတယ်။ အဲဒါက သူ အခုတွေးနေတာတွေကို စာရေးဆရာသိသွားပြီလား ဆိုတာပဲ။ ဒါနဲ့ ခင်ဦးဇင် စာရေးဆရာကို မသိမသာအကဲခတ်လိုက်တယ်။ အဲဒီကမှ ရယ်ရှိန်မသေ ဖြစ်နေသေးတဲ့ စာရေးဆရာကို ကြည့်ပြီး မသိလောက်သေးပါဘူးလို့ ဆက်တွေးတယ်။ ပြီးတော့ စာရေးဆရာဆီကနေ သူ ဒီဝတ္ထုထဲကို ဘယ်လို ရောက်လာသလဲဆိုတဲ့ အဖြေကိုသိဖို့ ဘယ်လို လှည့်ပတ်မေးရမလဲ ဆိုတာကိုဆက်စဉ်းစားတယ်။ မေးရမယ်၊ စာရေးဆရာ မသိအောင် လှည့်ပတ်ပြီး မေးရမယ်၊ ဒါနဲ့ ဘာမေးရမလဲ၊ ဘယ်လိုမေးရမလဲပေါ့။ မေးခွန်းက သီးသီးသန့်သန့်ကြီးလည်း ဖြစ်နေလို့မရဘူး၊ လက်ရှိ အခြေအနေနဲ့လည်း ကိုက်ညီရမယ်၊ ပြီးတော့ ရှေ့ဆက်ပြီး မေးခွန်းတွေဆက်မေးလို့ရတဲ့ မေးခွန်းမျိုးလည်းဖြစ်ရမှာ။ စဉ်းစားနေတုန်းမှာပဲ စာရေးဆရာ ရောက်လာလာချင်း သူ မေးလိုက်တဲ့မေးခွန်းကို ခင်ဦးဇင် ပြန် သတိရတယ်။ အဲဒါက ရှင် တကယ်ပဲ ရခိုင်တွေကို အမျိုးသားရေး အစွန်းရောက်တွေလို့ ပြောချင်နေတာလား ဆိုတာပဲ။ ပြီးတော့ တစ်ချိန်တည်းမှာပဲ ခင်ဦးဇင်ရဲ့ နားထဲ နင်က ရခိုင်ကို မရောက်ဖူးဘူး ဆိုပြီး စာရေးဆရာ ပြောခဲ့ဖူးတဲ့ စကားကိုလည်း ပြန်ကြားယောင်တယ်။ အဲဒီမှာ ခင်ဦးဇင်ရဲ့ ဦးနှောက်ထဲ မေးခွန်းတစ်ခုလှစ်ခနဲပေါ်လာတယ်။
ရှင်က ရခိုင်လား။ မဟုတ်ဘူး၊ ဗမာ။ ခင်ဦးဇင်ရဲ့ မေးခွန်းကို စာရေးဆရာက ချက်ချင်းပြန်ဖြေတယ်။ ရှင် အခု ဝတ္ထုထဲကနေရာတွေကို မရောက်ဖူးဘူးမလား၊ ဒါကြောင့် ရှင်ကကျမကို အဲဒီနေရာတွေကိုမရောက်ဖူးတဲ့ဇာတ်ကောင် ဆိုပြီး လုပ်ထားတာမလား။ ဟုတ်တယ်။ဒါနဲ့ ကျမကို ဘာကြောင့် ရခိုင်လူမျိုးလို့ ဖန်တီးထားတာလဲ။ ဒီလိုပါပဲ။ ဒီလိုပါပဲဆိုတာက ဘာလဲ။ စာရေးဆရာက တစ်ခုခုဖြေဖို့ စကားလုံးရွေးချယ်နေတဲ့ပုံစံနဲ့ တိတ်နေတယ်။ ကျမစိတ် ထဲမှာ ရှင်က ရခိုင်တစ်ယောက်မို့လို့ ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့ နေရာထားရေးတယ် ထင်နေတာ၊ အခုတော့ မဟုတ်ဘူးပဲ၊ ဘာလို့လဲ၊ ဘာလို့ ဗမာ တစ်ယောက်က ရှင်တို့ သုံးသုံးနေကျ ဟိုအသုံး၊ ကုလားကို မုန်းတယ်ဆိုပြီး မရေးတာလဲ။ ရှင် ပြောခဲ့ ဖူးတယ်မဟုတ်လား၊ ဘင်္ဂါလီတွေ ဒီလိုထွက်ပြေးရတာရဲ့ လက်သည်တရားခံက ဗမာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့်ဆို၊ ဒါဆို ဗမာနေရာက ပိုတောင် ရေးသင့်တာပဲ၊ ဘာလို့ မရေးတာလဲ။ တိတ်နေတဲ့ စာရေးဆရာက သက်ပြင်းချတယ်။ ပြီးတော့ ငါ့ မသိစိတ်ထဲ ရှိနေတဲ့ လူမျိုးရေးအမြင်ကြောင့်ဖြစ်မလားပဲလို့ မသက်မသာ အသံနဲ့ ဖြေတယ်။ စာရေးဆရာရဲ့အဖြေကို ကြားပေမဲ့ ခါတိုင်းလို ခင်ဦးဇင်ရပ်မသွားဘူး။ စာရေးဆရာက ရှေ့ကနေ ဖြတ်ပြီး အဲဒီလို ရေးတာက ရခိုင်တွေကို အစွန်းရောက်ဆိုပြီး စွပ်စွဲတဲ့ ၀တ္ထုဖြစ်သွားမှာ၊ ပြီးတော့ ရခိုင်တွေနဲ့ဗမာတွေကြား အဖုအထစ်တွေဖြစ်သွားမှာကို ရှင်မစိုးရိမ်ဘူးလားလို့ မေးလိုက်တယ်။ ပြီး ရှင် ပြခဲ့တဲ့ ကျမရဲ့ ဇာတ်ကောင်စရိုက် ဖွံ့ဖြိုးပုံအရဆိုရင် ဗုဒ္ဓဘာသာကလည်း အကြမ်းဖက်ဘာသာလို ဖြစ်နေတယ်လို့ မထင်ဘူးလား။ ဗုဒ္ဓဘာသာ၀င်အားလုံးက တကယ်ပဲ အဲဒီလိုလား။ အဲတာက ဘယ်တံဆိပ်၊ ဘယ်အဖွဲ့အစည်း အောက်မှာပဲဖြစ်ဖြစ် တချို့ဆိုးတယ်၊ တချို့ ကောင်းတယ်ဆိုတဲ့ ရှင် အမှန်တကယ် ပြောချင်တာကို မပေါ်လွင်စေဘူး မဟုတ်ဘူးလား။ အဲတာတွေက ရှင့်၀တ္ထုရဲ့ အာဘော်ကို ထိခိုက်စေမယ်လို့ မထင်ဘူးလား။ ခင်ဦးဇင် မေးခွန်းတွေကို တစ်ခုပြီးတစ်ခု ခပ်မြန်မြန် ဆက်မေးတယ်။ အွန်း အဲတာတွေကို ငါ ပြန်စစ်ရမယ်။ ဘယ်လောက်ပဲ ခင်ဦးဇင်ရဲ့ မေးခွန်းက ရှည်လျားပေမဲ့ စာရေးဆရာရဲ့ အဖြေက တိုတိုပြတ်ပြတ်ပဲ။ အဲဒီအဖြေကို နားထောင်ရင်း ခင်ဦးဇင် တွေးတယ်။ စာရေးဆရာ မရိပ်မိခင် အခု သူ ဝတ္ထုအစ ဘယ်လိုရတယ် ဆိုတဲ့ ကိစ္စကိုမေးရမလားပေါ့။ မေးလိုက်ရင် မေးခွန်းတွေက ဆက်စပ်မှုရှိပြီလား ပေါ့။ ဒီဝတ္ထုကို၊ ဒီအာဘော်ကို ရှင် ဘယ်လို စ,ရသလဲ။ တွေးရင်းပဲ ခင်ဦးဇင် မသိမသာ သွေးတိုးစမ်းပြီး မေးခွန်းထုတ်လိုက်တယ်။ ဒါပေမဲ့ အဲဒီမေးခွန်းကိုကြားတော့ စာရေးဆရာက အရှေ့က မေးခွန်းတွေလို မဖြေတော့ဘဲ ခိခနဲ ရယ်တယ်။ ပြီးတော့ သူ့အသံစူးစူးနဲ့ နင် ဘာတွေး နေသလဲ ဆိုတာ ငါ သိတယ်လို့ ပြောတယ်။
–- -––- ဆက်ရန် -–- -––-
About The Call 338 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*