ခင်ဦးဇင် အပိုင်း ( ၁၁ )

“ခင်ဦးဇင်”
◼️ ​ရေအေး
အပိုင်း ( ၁၁ )
ဇာတ်သိမ်းပိုင်း
– – – – – – – – – – –
နင်က အခြားဘယ်ကမ္ဘာကမှမဟုတ်ဘူး၊ နင် တွေးနေတာက ငါ့ဦးနှောက်ထဲက အကန့်တစ်ခု၊ နင်လာတယ်ဆိုတဲ့နိုင်ငံက ငါ ဖြစ်ချင်တဲ့စိတ်ကူးနိုင်ငံ၊ နင်က ငါဖန်တီးထားတဲ့ ဇာတ်ကောင်၊ ဒါကြောင့် ဝတ္ထုထဲမှာမပါတဲ့ ငါ့စိတ်ကူးတွေကို နင် သိနေတာ၊ ပြီးတော့ နင် လာခဲ့တဲ့ကမ္ဘာလို့ ထင်နေတာ၊ အမှန်က ဘာမှ မဟုတ်ဘူး။ ပြောရင်း စာရေးဆရာက တဟားဟားနဲ့ လှောင်သလို အော်ကြီး ဟစ်ကျယ် ရယ်တယ်။ မယုံဘူး၊ ရှင် လိမ်နေတာ။ စာရေးဆရာ ရှင်းပြနေတာကို လက်မခံနိုင်ဘဲ ခင်ဦးဇင် ခပ်ဆတ်ဆတ် ပြန်ပြောမိတယ်။ ရှင့်ဝတ္ထုထဲကနေ ကျမ ထွက်သွားမှာစိုးလို့ ရှင်လိမ်နေတာ။ နင်က ငါ့ဇာတ်ကောင်၊ ငါ့ဝတ္ထုထဲကနေ ဘယ်မှ ထွက်သွားလို့ မရတဲ့ဟာ၊ လိမ်လိမ် မလိမ်လိမ် ငါ့အတွက် ဘာအကျိုး ထူးမလဲ။ စာရေးဆရာရဲ့ စကားတွေက ကျိုးကြောင်းဆီလျော်နေသလိုပေမဲ့ မဟုတ်ဘူး ဆိုတာကို ခင်ဦးဇင်သိနေတယ်။ ဒါပေမဲ့ ဘာတွေ ပြန်ပြောရမယ် ဆိုတာကိုတော့ ခင်ဦးဇင်မသိပြန်ဘူး။ ဒီလို နှစ်ဦးနှစ်ဖက် တိုးလျှိုပေါက်ဖြစ်သွားတဲ့အခြေအနေမှာ ဘယ်လို စကားကို ဟန်မပျက်ဆက်ပြောရမလဲဆိုတာကိုလည်း ခင်ဦးဇင် စဉ်းစား မရဘူး။ အဲဒီတုန်းမှာ စာရေးဆရာက ထပ်ပြောတယ်။ နင် စိတ်တိုနေပြီ၊ ဒီနေ့တစ်ရက် နားကြတာပေါ့၊ ငါ ဒီနေ့ စာမရေးတော့ဘူး တဲ့။
နေဦး။ ခါတိုင်းလို စာရေးဆရာ ပျောက်မသွားခင် ခင်ဦးဇင် အမြန်အော်ပြီးတားလိုက်တယ်။ ဘာလဲ။ စာရေးဆရာက ခင်ဦးဇင်ကိုပြန်မေးတယ်။ ရှင်က ကျမကို ဘာလို့ဒုက္ခတွေနဲ့ချည်းပဲ တွေ့ခိုင်းရတာလဲ။ သံသယတွေနဲ့ ရှင်သန်ရတာ၊ ကြောက်စိတ်တွေနဲ့နေထိုင်ရတာ၊ စိတ်မလုံခြုံမှုတွေနဲ့ ထွက်ပြေးနေစေတာ၊ ထပ်တလဲလဲ အဓမ္မ ကျင့်ခံစေတာ၊ ပြီးတော့ နောက်ဆုံး စိတ်ကျန်းမာရေးဆေးရုံအထိပို့လိုက်တာ၊ ဘာကြောင့်လဲ၊ ဘာကြောင့် ဒီလောက်အထိရက်စက်ရတာလဲပေါ့။ ဒါက တကယ့်ဘဝပဲလေ တဲ့။ စာရေးဆရာက ခင်ဦးဇင် ရဲ့ မေးခွန်းကို မတုန်လှုပ်တဲ့ပုံစံနဲ့ပြန်ဖြေတယ်။ လူ့ဘဝမှာ မွေးဖွားလာပြီဆိုရင် ဒုက္ခ များများ၊ သုခ နည်းနည်းနဲ့ ပိုပြီး ပျော်ရနိုးနိုး မျှော်လင့်ရှင်သန်ကြရတာ မဟုတ်ဘူးလား တဲ့။ နင်ကသာ စိတ်ဆင်းရဲပူပန်စရာတွေချည်းပဲ ပေးတယ်လို့ ဆိုပေမဲ့ အမှန်တော့ ငါနင့်ကို စိတ်ပျော်စရာတွေလည်း ပေးခဲ့တာပဲ၊ ကြည်နူးစရာ လသာညတွေ၊ သာယာပြီး အလင်းရောင်တောက်ပတဲ့မနက်ခင်းတွေ၊ နင့်ကို ချစ်ပြီး စိုးရိမ်ပူပန်ပေးမယ့် အမေ၊ အဲဒါတွေက စိတ်ပျော်စရာတွေ မဟုတ်ဘူးလား၊ ပြီးတော့ ငါ နင့်ကိုစိတ်ပျော်မွေ့နိုင်ဖို့ စာရေးခြင်းဝါသနာကိုလည်း ပေးထားတာပဲ၊ နင်က ဒုက္ခတွေကိုပဲ ကွက်ပြီးမြင်နေလို့ပါ တဲ့။ မဟုတ်ဘူး၊ မဟုတ်သေးဘူး၊ စာရေးဆရာပီပီ ရှင် စကားတတ်တိုင်း ပလီမနေနဲ့လို့ ခင်ဦးဇင်ပြန်ပြောမိတယ်။ စာရေးဆရာကတော့ ခင်ဦးဇင် အဲဒီလိုပြောတာကို ဘာမှပြန်မပြောဘူး၊ အရာရာတိုင်းကို သိနေပြီးတဲ့မျက်နှာပေး၊ ကိစ္စတိုင်းကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်ပြီဆိုတဲ့ မျက်နှာပေးမျိုးနဲ့ပဲ ပြုံးပြီးခင်ဦးဇင်ကိုကြည့်နေတယ်။ စာရေးဆရာရဲ့ မျက်နှာ၊ အဲဒီမျက်နှာကိုကြည့်ရင်းပဲ မုန်းလိုက်တာလို့ ခင်ဦးဇင် တွေးမိတယ်။ သင်းကို နုတ်နုတ်စင်းပစ်ချင်တယ်ပေါ့။ အဲဒီလို မုန်းမုန်းတီးတီး ဖြစ်နေတုန်းမှာပဲ ခင်ဦးဇင်ရဲ့ အတွေးထဲကို စိုးရိမ်စိတ်တစ်ခု ဝင်လာတယ်။ အဲဒါက သူပါနေတဲ့ ဒီဝတ္ထု အဆုံးသတ်ဖို့နီးနေပြီလား ဆိုတာပဲ။
ဝတ္ထုက ဘယ်တော့ပြီးမှာလဲ။ ခင်ဦးဇင်ရဲ့ မေးခွန်းကို ကြားတော့ ပြုံးနေတဲ့စာရေးဆရာ ဟားခနဲ တစ်ချက် ရယ်တယ်။ ပြီးတော့ ဘာလဲ၊ နင် ထွက်ပြေးဖို့ အချိန်မလောက်မှာစိုးလို့လား တဲ့၊ ခင်ဦးဇင်ကို ပြန်မေးတယ်။ မဟုတ်ပါဘူးဆိုပြီး ခင်ဦးဇင်က ခပ်မြန်မြန် ပြန်ငြင်းလိုက်တော့ စာရေးဆရာက ဆက်ပြီး ရယ်မလို လုပ်နေတာကို အရှိန်သတ်ပြီး တကယ်ဆို နင့်ကို ငါ မပြောဘူး၊ ဒါပေမဲ့ ဒီနေ့တော့ပြောလိုက်ပါမယ်၊ အမှန်တော့ ဒီနေ့က ဝတ္ထု အဆုံးသတ်မဲ့ နေ့ပဲ၊ ဒါပေမဲ့ နင်ထောက်ပြတဲ့ အချက်တချို့ကို ငါ စဉ်းစားစရာ ဖြစ်သွားတဲ့အတွက် ရက်ရွှေ့လိုက်ရတာ တဲ့။ ဒီနေ့ကနေ ရက်ရွှေ့လိုက်တယ် ဆိုတော့… မနက်ဖြန်လား၊ ဝတ္ထု အဆုံးသတ်မယ့်နေ့ကမနက်ဖြန်လား။ တွေးရင်း မနက်ဖြန်လားလို့ ခင်ဦးဇင် စာရေးဆရာကို အသံထွက်ပြီး မေးလိုက်တယ်။ ဒါပေမဲ့ စာရေးဆရာက သူ့ရဲ့ ပိုင်နိုင်တဲ့ အပြုံးကိုပဲပြုံးနေပြီး ဘာမှပြန်မပြောဘူး။ ခင်ဦးဇင်ရဲ့ စိတ်ထဲ စာရေးဆရာရဲ့ အပြုံးကို ကြည့်ရင်းက နင် ပြေးနိုင်ရင် ပြေးစမ်းဆိုတဲ့ စာရေးဆရာရဲ့အသံစူးစူးကို နားထဲကြားသလို ခံစားလာရတယ်။ ပြီးတော့ နင်က ငါ့လက်ခုပ်ထဲက ရေပါလို့ အဓိပ္ပာယ်ပေါက်တဲ့ တဟားဟား လှောင်ရယ်သံကို ရောပေါ့။ မဟုတ်ဘူး၊ မဟုတ်သေးပါဘူး၊ အခုက သူက စိတ်ကျန်းမာဆေးရုံမှာ ရောက်နေတုန်း ဆိုတော့၊ ဘယ်လို အဆုံးသတ်မှာလဲ၊ ဆေးသောက်ပြီး လူကောင်း ပြန်ဖြစ်သွားတာလား၊ ဒါမှမဟုတ်၊ အခြားတစ်ခုခုလား။
ကျမ ဘာဖြစ်သွားမှာလဲ။ ခင်ဦးဇင် ဒီမေးခွန်းကို ကြားတော့ ပြုံးနေတဲ့စာရေးဆရာရဲ့ မျက်နှာက တည်သွားတယ်။ ပြီးတော့ နင့်ကို ငါ တစ်ခါက ပြောဖူးပါတယ်၊ တကယ့်ကမ္ဘာမှာ နောက်ကို ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှကြိုမသိဘူးလို့။ ဒီတော့ မသိချင်ပါနဲ့ တဲ့။ ကျမ သေမှာလား၊ စကားအရှည်ကြီး ကွေ့ဝိုက်ပြောပြီးငြင်းဖို့ပြင်နေတဲ့ စာရေးဆရာကို ခင်ဦးဇင် ဒဲ့ မေးလိုက်တယ်။ အဲဒီမေးခွန်းကို ကြားတော့ စာရေးဆရာက ခင်ဦးဇင် မြင်ဖူးသမျှထဲ အပွင့်လင်းဆုံးဆိုတဲ့အပြုံးကို ပြုံးတယ်၊ ပြီးတော့ သေတော့ရော ဘာဖြစ်သလဲ၊ ဒုက္ခတွေ အားလုံးအဆုံးသတ်သွားတာပဲ မဟုတ်ဘူးလားလို့ ပြန်ပြောတယ်။ စာရေးဆရာရဲ့စကားကိုကြားတော့ ခင်ဦးဇင် ရုတ်တရက် ဘာပြန်ပြောရမယ်မသိဘူး။ စာရေးဆရာက သူ့ကို မနက်ဖြန်သေမယ်လို့ အမှန်တကယ် ပြောနေတာလား၊ ဒါမှမဟုတ် သူ့ကို ရွဲ့ပြီးပြောနေတာလား ဆိုတာလည်း မကွဲဘူး။ သေတော့ရော ဘာဖြစ်သလဲ တဲ့၊ သင်းက သင်းအသက်မှမဟုတ်ဘဲလို့ ခင်ဦးဇင် စိတ်ထဲကနေ ရေရွတ်မိတယ်။ စာရေးဆရာကိုယ်တိုင်သာ မနက်ဖြန် သေမယ်ဆိုရင် ဒီလိုပြောနိုင်ဦးမှာလားပေါ့။ မနက်ဖြန် ကျမ တကယ်သေမှာလား။ မဟုတ်ပါဘူး၊ စနေတာပါလို့ စာရေး ဆရာကများ ဖြေလိုက်မလားဆိုတဲ့အတွေးနဲ့ ခင်ဦးဇင် မေးခွန်းထပ်မေးလိုက်တယ်။ ဒါပေမဲ့ စာရေးဆရာက ခင်ဦးဇင်ရဲ့အရှေ့မှာ မရှိတော့ဘူး၊ သွားပြီ ဆိုတဲ့စကားကိုပြောပြီး ပျောက်သွားခဲ့ပြီ။ ခင်ဦးဇင်ရဲ့ ပတ်ပတ်လည်မှာ ကနဦးအစတွေတုန်းက စာရေးဆရာ ထွက်သွားတိုင်း ကျန်နေကျဖြစ်တဲ့ အမှောင်ထုကြီးပဲ ကျန်ခဲ့ပြီ။
မဟုတ်ဘူး၊ မဟုတ်သေးပါဘူး၊ ဒါက ဘယ်လို အဆုံးသတ်ကြီးလဲ။ ခင်ဦးဇင် ရုတ်တရက် ဘာလုပ်ရမယ် မသိတော့ဘူး။ သူ့ကို ပေယျာလကန် လုပ်သွားတဲ့ စာရေးဆရာကို မကျေချမ်းတဲ့အတွေးတွေနဲ့ ခေါင်းထဲ ထူပူနေတယ်။ သူ မနက်ဖြန် သေမှာတဲ့၊ စာရေးဆရာက သူ့ကိုသတ်ပြီး သူ့ဝတ္ထုကို အဆုံးသတ်မတဲ့၊ ဘာလုပ်ရမလဲ၊ သူ ဘာလုပ်ရမလဲပေါ့။ ခင်ဦးဇင်ရဲ့ အတွေးထဲမှာ သူ့ကို လှောင်ရယ်နေတဲ့ စာရေးဆရာရဲ့ပုံရိပ်ကို မြင်တယ်၊ ပြီးတော့ နားထဲမှာလည်း နင်က ငါ့ဇာတ်ကောင်၊ ငါ့ဝတ္ထုထဲကနေ ဘယ်မှထွက်သွားလို့မရတဲ့ဟာ ဆိုပြီး စာရေးဆရာ ပြောလိုက်တဲ့စကားကို ကြားတယ်။ မဟုတ်ဘူး၊ မဟုတ်သေးပါဘူး၊ သူက ဒီအတိုင်း စာရေးဆရာ လုပ်သမျှ လည်စင်းခံလိုက်ရတော့မှာလား။ မဟုတ်ဘူး၊ ဒါကြီးက မဟုတ်သေးဘူး၊ ဘယ်လို လုပ်ရမလဲ၊ သူ ဘယ်လို လုပ်ရမလဲ။ ထားရာနေ၊ စေရာသွား၊ တန်းစီနေတဲ့ ဒုက္ခတွေကို ခံစားခဲ့ပြီး နောက်ဆုံး သေသွားဖို့စောင့်နေရတာက ဖြစ်သင့်ရဲ့လား။ မဟုတ်ဘူး၊ သူ တစ်ခုခု လုပ်မှ ဖြစ်မယ်။ ဘာလုပ်မလဲ၊ ဘာလုပ်ရမလဲ။ အဆုံးမရှိတဲ့ အမှောင်ကို ကြံရာမရငေးနေရင်းက ခင်ဦးဇင်ရဲ့ ခေါင်းထဲမှာ သင်းအရင် ငါ… ဆိုတဲ့ အတွေးတစ်ခု လက်ခနဲပေါ်လာတယ်။ သင်းအလိုကျ နေပြီး သင်းအလိုကျ သေမဲ့အစား…။ ကိုယ်တိုင်ပဲ ရေးခဲ့ဖူးသလား၊ ဒါမှ မဟုတ် အခြားသူတစ်ယောက် ရေးခဲ့တဲ့ဝတ္ထုတစ်ပုဒ်လား မသေချာတဲ့၊ ပြီးတော့ ခင်ဦးဇင်လာခဲ့တဲ့ ကမ္ဘာက ရှေးဟောင်းဝတ္ထုတစ်ပုဒ်ကတောင် ဖြစ်နိုင်တဲ့ ဇာတ်ကွက်တစ်ခုကို ခင်ဦးဇင် ရုတ်တရက်သတိရတယ်။ ဖန်ဆင်းရှင်ဘုရားရဲ့ စီမံခန့်ခွဲမှုကို ငြင်းဆန်ဖို့ဆိုပြီး ကိုယ့်ကိုယ့်ကိုယ် သတ်သေသွားတဲ့လူတစ်ယောက်၊ ခင်ဦးဇင်သာ အဲဒီလိုလုပ်လိုက်ရင် နင့်ကို ငါဖန်ဆင်းထားတာ၊ နင် ငါ့အလိုကျနေရမယ်ဆိုတဲ့ စာရေးဆရာ…၊ သင်း ဘယ်လို ဖြစ်သွားမလဲ။ တွေးနေရင်း ခင်ဦးဇင် ဟက်ခနဲ နာနာကျည်းကျည်း ရယ်လိုက်တယ်။ အဓိပ္ပာယ်က စာရေး ဆရာ သူ့အကြောင်း သိစေရမယ်ပေါ့။
(၈)
မှိတ်ထားတဲ့ မျက်ခွံတွေကြောင့် မှောင်မိုက်နေပေမဲ့ ခင်ဦးဇင်နားထဲမှာတော့ အသံတွေ ကြားနေရတုန်းပဲ။ အသားက အခုထိနွေးနေတုန်းနော် ဆရာ တဲ့။ အမေ ဆိုတဲ့မိန်းမက သူ့ကို ခပ်သာသာဆုပ်နယ်ပွတ်သပ်ရင်း ခပ်တိုးတိုး ပြောနေတယ်။ အဲဒီနောက် ခပ်ကြမ်းကြမ်း တစ်ချက်ရှိုက်လိုက်ပြီးတော့၊ သူက အိမ်သာ ခဏ ဆိုပြီး ထွက်သွားတာ၊ ကျမက သူပြန်လာတာကိုစောင့်ရင်း မှေးခနဲ အိပ်ပျော်သွားတာ၊ ပြန်နိုးလာတော့…လို့ စကား ဆက်တယ်။ လုံချည်နဲ့ လုပ်သွားတာနော် ဆရာ၊ Depression (စိတ်ကျရောဂါ) လည်း မဟုတ်ဘဲနဲ့ တဲ့။ ဒါက သူနာပြုဆရာမရဲ့ အသံပဲ၊ လုံချည် မပါ၊ ဗလာကျင်းနေတဲ့ သူ့ရဲ့ကိုယ်ခန္ဓာကို ဖုံးဖိပေးနေရင်းက ဆရာဝန်ကို လှမ်းပြောနေတာဖြစ်မယ်လို့ ခင်ဦးဇင် တွေးမိတယ်။ အသံတွေက ခိုင်းလို့နေမှာပေါ့၊ တစ်ချိန်လုံး စာရေးဆရာက သူ့ကိုဘာခိုင်းတယ်၊ ညာခိုင်းတယ် ဆိုပြီး ပြောနေတဲ့ဟာ၊ အခုလည်း အဲဒီစာရေးဆရာက သူ့ကို သတ်သေခိုင်းလို့နေမှာပေါ့ တဲ့။ ဒါကတော့ ဆရာဝန်ရဲ့ အသံပဲ။ သူ ဘာကြောင့််သေတယ်ဆိုတာကို ပြောနေတာ၊ စာရေးဆရာက သတ်သေခိုင်းလို့တဲ့၊ ဆရာဝန်ကတော့ စိတ်ထဲရှိတိုင်း လျှောက်ပြော နေတာ၊ မှန်လည်း မမှန်ဘဲနဲ့၊ ပေါက်တတ်ကရတွေ။ အသံတွေကို နားထောင်ရင်း ခင်ဦးဇင် စိတ်ထဲ ရယ်မိလုလုပဲ။ ဒါနဲ့ သူ သေသွား တာကို စာရေးဆရာ သိရင် ဘာဖြစ်မလဲ။ တွေးရင်း ခင်ဦးဇင်ရဲ့ အတွေးမျှင်က စာရေးဆရာဆီကို ရောက်သွားတယ်။ စာရေးဆရာ ဖန်တီးထားတဲ့ ဇာတ်ကောင်တွေ ရောက်နေပါလျက်နဲ့ စာရေးဆရာက ဘာလို့ မရောက်သေးတာလဲ၊ ဒါမှမဟုတ် ရောက်နေပါလျက်နဲ့ ဘာပြောရမှန်း မသိလို့ တိတ်နေတာလား၊ ကြည့်ရတာ ကယောင်ခြောက်ခြားနဲ့ ဘာလုပ်ရမှန်း မသိ ဖြစ်ပြီး ဇာတ်ကောင်တွေကိုတောင် စကားအမှားတွေ ပြောခိုင်းနေမိပုံပဲ၊ ဒါကြောင့် ဆရာဝန်ဇာတ်ကောင်က စကားအမှားတွေကို ပြောနေတာ။ ဇာတ်ကောင် မရှိတော့တဲ့ ရေးလက်စဝတ္ထုတန်းလန်းကြီးကိုင်ပြီး ဒုက္ခရောက်ပြီလို့ ညည်းနေပြီ ထင်တယ်။ မတတ်နိုင်ဘူး၊ ဒါက သင်း ပြောခဲ့တဲ့ ဘဝပဲ။ ရင်ဆိုင်လိုက်စမ်းပေါ့။ စာရေးဆရာ ဒုက္ခရောက်နေမဲ့အပေါ် ကျေနပ်တဲ့စိတ်နဲ့တွေးနေရင်းပဲ ခင်ဦးဇင်ရဲ့ခေါင်းထဲကို အတွေးတစ်ခုက ထပ်ရောက်လာတယ်။ ခါတိုင်း စာရေးဆရာ ၀တ္ထုထဲ မရှိတော့ရင် အနက်ရောင်အပြင်ကြီးကျန်ခဲ့တာ။ ပြီးတော့ သူကလွဲလို့ ကျန်တဲ့ ဇာတ်ကောင်တွေအကုန်လုံးက ဘာစကားမှမပြောတော့ဘဲ မလှုပ်မရှား ကျောက်ဆစ်ရုပ်တွေလိုကျန်ခဲ့တာ၊ ဒါပေမဲ့ အခုက…။ အခုက ကျန်တဲ့ဇာတ်ကောင်တွေက စကားပြောနေကြတယ်၊ ပြီးတော့ ခင်ဦးဇင်ရဲ့ ကိုယ်ခန္ဓာကိုလည်း ကိုင်တွယ်ထိတွေ့နေကြတာ၊ ကျောက်ဆစ်ရုပ်လိုမတုန်မလှုပ်တွေ မဟုတ်နေဘူးပေါ့။ သူ မျက်လုံးဖွင့်ကြည့်မရလို့ ဘယ်လိုအခင်းအကျင်းတွေဖြစ်နေမယ်ဆိုတာကို မသိပေမဲ့ ကြည့်ရတာတော့ ဇာတ်ဝင်ခန်းရဲ့ အခင်းအကျင်းတွေကလည်း ရှိနေပုံပဲ။ သူ့ရဲ့ အမေဆိုတဲ့ မိန်းမ ငိုနေတာ၊ အိမ်သာထဲမှာတဲ့။ ပြီးတော့ ဆရာမဆိုတဲ့ အမျိုး သမီး ပြောတာက လုံချည်နဲ့ လုပ်သွားတာတဲ့၊ ဒါဆို…ဒါက ၀တ္ထုဇာတ်ဝင်ခန်းလား။ စာရေးဆရာရဲ့ အလိုကျ နေရတဲ့ဘ၀ကို ငြင်းဆန်ဖို့ သူ့ကိုယ်သူ သတ်သေလိုက်တာက သူ့ရဲ့ စိတ်ကြောင့် လုပ်ရတာမဟုတ်ဘဲ စာရေးဆရာ ဖန်တီးတဲ့ ဇာတ်ဝင်ခန်း ဖြစ်နေတာလား၊ စာရေးဆရာရဲ့ ဝတ္ထုအဆုံးသတ် ဖြစ်နေတာလား။ ဘာလဲ၊ သူက စာရေးဆရာရဲ့ ဇာတ်ကောင် ဆက်ဖြစ်နေေသးတာလား၊ တကယ်ပဲ စာရေးဆရာရဲ့ ၀တ္ထုထဲကနေ ဘယ်တော့မှ မလွတ်မြောက်တော့ ဘူး လား။
About The Call 352 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*