ခင်ဦးဇင် အပိုင်း ( ၂ )

“ခင်ဦးဇင်”

◼️ ​ရေအေး

အပိုင်း ( ၂ )

– – – – – – – – – – –

စာရေးဆရာက စာရေးဆရာပီပီ နင်က ဘယ်လို၊ နင့်မိသားစုက ဘယ်ပုံနဲ့ ဖွဲ့ကာနွဲ့ကာပြောပြနေတယ်။ အဲဒါက ကင်းဘတ်စအလွတ်တချပ်မှာ ဆေးတွေ တချက်ပြီးတချက် ခြယ်လိုက်သလိုလို့ ဥပမာဆိုရမလား၊ ဒါမှမဟုတ် ကလေးတွေကစားတဲ့ အရုပ်ဆက်ကစားနည်းထဲက ဆက်လက်စအရုပ်ကလေးလိုလို့ ပြောရမလားမသိဘူး။ အကြောင်းအရာတခုချင်းစီ ပြောရင်းက ခင်ဦးဇင်ရဲ့ဘဝ ပုံပေါ်လာတယ်။ ဆွဲလက်စအရုပ်ကလေးက လက်ကလေး၊ ခြေထောက်လေး၊ ဖိနပ်လေးနဲ့ ပြည့်စုံလာသလိုပဲ။ အဲဒါတွေကို နားထောင်ရင်း၊ တခုပြီးတခု ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတဲ့ မြင်ကွင်းတွေကို အံ့သြမဆုံးဖြစ်နေရင်းက ခင်ဦးဇင်ရဲ့ စိတ်ထဲမှာ နှစ်ခုတွေးမိတယ်။

ပထမတွေးမိတာက စာရေးဆရာက သူ့အကြောင်း ဆိုပြီးပြောနေပေမဲ့ သူ့အကြောင်းမဟုတ်သလို ခံစားရတဲ့စိတ်၊ သူမဟုတ်တဲ့ အခြားသူတယောက်ရဲ့ အကြောင်းကို နားထောင်နေရသလိုပဲ ဆိုတဲ့စိတ်။ ဒါက စာရေးဆရာရဲ့ ဖန်တီးမှုတွေပဲ၊ သူ့အကြောင်း တကယ်မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူ ဘယ်သူ၊ ဘယ်ဝါ ဆိုတာကိုတော့ ယတိပြတ်ပြောပြီး ခင်ဦးဇင်က သေချာမငြင်းနိုင်ဘူး။ သူက လူတယောက်ပဲ၊ ဒါကြောင့် ကိုယ်ပိုင်အတွေးတွေ တွေးတတ်၊ ကိုယ်ပိုင်ခံစားချက်တွေခံစားတတ်နေတာ၊ စာရေးဆရာ ပြောသလို သူသာ ဝတ္ထုထဲကဇာတ်ကောင်တကောင်ဆို ဒီလိုမဖြစ်နိုင်ဘူး ဆိုတာလောက်ကိုပဲ ခင်ဦးဇင် ပြောနိုင်တာ။

ဒါပေမဲ့ သူ ဘယ်သူလဲ၊ ဘယ်က လာသလဲ၊ စာရေးဆရာရဲ့ ဝတ္ထုထဲကို ဘယ်လိုရောက်လာသလဲ၊ တွေးပြန်တော့လည်း လူက ဘာမှမရှိတဲ့တွင်းနက်ကြီးထဲ ပစ္စည်းတခုခုကို နှိုက်ယူ နေရသလိုမျိုး။ အဲဒီမှာ ခင်ဦးဇင် စဉ်းစားတယ်၊ သူ ဘာလုပ်ရမလဲပေါ့။ သူ့မှာ လတ်တလော သွားဖို့ နေရာ မရှိနေဘူး။ ဘယ်ကို ဘယ်လို သွားရမယ်မှန်းလည်း သူ မသိဘူး။ သူ့အကြောင်းကိုလည်း သူ ဂဃနဏ မသိဘူး။ အဲဒီလို သိဖို့အတွက်က အချိန် ဘယ်လောက်ကြာမယ်၊ အချိန် ဘယ်လောက်ယူရမယ်ဆိုတာကိုလည်း မသိဘူး။ ပြီးတော့ ခုနကတင် တွေကြုံထားတဲ့ အမှောင်ထုနဲ့ တိတ်ဆိတ်မှုကိုလည်း မမေ့သေးဘူး။ ဒီတော့ အဲဒီကြားကာလမှာ စာရေးဆရာ ပြောတဲ့အတိုင်းနေပြီး သူ့ဝတ္ထုဇာတ်ကောင်နေရာမှာ ခေတ္တဝင်ခိုရမလားပေါ့။

အဲဒါနဲ့ ဆန့်ကျင်ဘက် နောက်တခုတွေးမိတာက စာရေးဆရာရဲ့ ပုံပန်းသဏ္ဌာန်နဲ့ ဟန်ပန်အမူအရာပဲ။ စာရေးဆရာရဲ့ဟန်က တင်းတင်းမာမာ၊ မော်မော်ကြွားကြွားကြီး မဟုတ်ပေမဲ့ သူ့ကြောင့် ခင်ဦးဇင်ဖြစ်လာရတယ်ဆိုတဲ့ ပုံစံ၊ သူက ခင်ဦးဇင်ရဲ့ ဖန်ဆင်းရှင်ဆိုတဲ့ ပုံစံ၊ ခင်ဦးဇင်က သူ့ စိတ်တိုင်းကျ ကပြ အသုံးတော်ခံရမယ်ဆိုတဲ့ ပုံစံမျိုး။ ခင်ဦးဇင်က သူ့ကိုယ်သူ ပိုင်စိုးတဲ့ သက်ရှိမဟုတ်ဘူး၊ လွတ်လပ်သူ မဟုတ်ဘူး၊ စာရေးဆရာကို ကလန်ကဆန်လုပ်လို့မရဘူး ဆိုတဲ့ ဟန်မျိုးပဲ။ မသိမသာပေါ်နေတဲ့ ပိုင်စိုးပိုင်နင်းရုပ်ကိုမှ စကားကလည်း တိုတိုပြတ်ပြတ်မပြောဘဲ လေကြောပေရှည်နေသေးတာ။ အသံစူးစူး သေးသေးအစ်အစ်နဲ့ တအိအိအသံက ခင်ဦးဇင်ရဲ့ နားထဲမှာ စီစီဖားဖားနဲ့ အပူငွေ့တွေပါသလို ခံစားနေရတာ၊ လေယူလေသိမ်းကအစ ညစ်ကျယ်ကျယ်နဲ့ မရိုးသားတဲ့သဘောဆောင်နေတယ်လို့ ခင်ဦးဇင် ထင်တယ်။ အဲဒီ အတွက် ခင်ဦးဇင်ရဲ့စိတ်ထဲမှာ စာရေးဆရာကို မကြိုက်ဘူး။

ဒီတော့ ခင်ဦးဇင်တွေးတယ်၊ သူ လုပ်နိုင်မလား၊ စာရေးဆရာခိုင်းတာတွေကို ရေရှည်မှာ သူ လုပ်နိုင်ပါ့မလား၊ ဒီလူနဲ့ ဘယ်လောက်ကြာတဲ့အထိ ခရီးသွားရမလဲ မသိဘူးပေါ့။ ပြီးတော့ စိတ်ပူတယ်။ မြန်မြန် ပြီးသွားရင် ကောင်းမယ်လို့လည်းတွေးချင်တယ်၊ ဒါပေမဲ့ အဲဒီလို မြန်မြန် ပြီးသွားပြီး ဝတ္ထုကြီးဆုံးသွားပြန်ရင်လည်း သူ့အကြောင်း သူ မသိသေးဘဲ ခိုကိုးရာမဲ့သွားမလားဆိုတဲ့ စိုးရိမ်စိတ်ကရှိပြန်တယ်။ ပြန်သတိရလာမှာပါ ဆိုတဲ့ အကောင်း မျှော်လင့်ချက်ကြားမှာ မသိမသာလေး ရောပါနေတဲ့ တကယ်လို့ ဘာကိုမှသတိမရလာခဲ့ရင် ဆိုတဲ့ အဆိုးမြင် စိတ်ကလေးပေါ့။ သိသိသာသာကြီး မဟုတ်တဲ့ မသိမသာ၊ ပန်းပွင့်ခါနီးအဖူးဘဝမှာ အပြင်ကဖုံးကာထားတဲ့ ပွင့်ချပ်တွေ ကြားကနေ ပွင့်ဖတ်နီစို့စို့လေး မသိမသာ ပေါ်နေသလိုလို့ နမူနာပြရမလားပဲ။ ဒီတော့ အားလုံးကို ချုပ်လိုက်ရင် ခင်ဦးဇင်က လတ်တလော ဘာမှန်းမသိ၊ ထူးဆန်းတဲ့ အခြေအနေမှာ စာရေးဆရာရဲ့အလိုကျနေဖို့ကို လက်ခံလိုက်မယ်တွေးတယ်၊ ဒါပေမဲ့ စာရေးဆရာကိုတော့ သဘောမကျလှဘူး၊ မချစ်သော်လည်း အောင့်ကာ နမ်းရမဲ့ အခြေအနေမျိုး၊ အဲဒီလို ဆိုပါတော့။

ဆိုတော့ နင်က ရခိုင်လူမျိုးဆိုပေမဲ့ ရခိုင်အကြောင်းကို သိပ်မသိဘူး။ နင်က ရခိုင်ကို တခါတည်း ရောက်ခဲ့ဖူးတာ၊ ပြီးတော့ အဲဒါကလည်း နင့်မိဘတွေရဲ့ မွေးရပ်မြေ၊ တောင်ကုတ်နားက ရွာ။ နင် ဝတ္ထုရေးမယ့်နေရာ မဟုတ်ဘူးတဲ့။

စာရေးဆရာရဲ့ အပြောအရ ခင်ဦးဇင်က စာရေးဆရာ၊ လက်ရှိ ဝတ္ထုတပုဒ်ရေးနေတယ်၊ ဇာတ်အိမ်တည်ထားတဲ့နေရာက ရိုဟင်ဂျာကိစ္စ အဓိကရုဏ်းဖြစ်တဲ့ ကျောက်တော်၊ မောင်တော၊ မြောက်ဦး၊ အဲဒီ ရခိုင်ပြည်မြောက်ပိုင်းနေရာတွေ။ ဒါပေမဲ့ ခင်ဦးဇင် ရောက်ဖူးတာက မိဘတွေရဲ့ဇာတိ တောင်ကုတ်နားကရွာ၊ အဲဒါကလည်း ငယ်ငယ်ကရောက်ဖူးတာဆိုတော့ ခင်ဦးဇင်စိတ်ထဲ အများကြီးမမှတ်မိတော့ဘူး။ မန္တလေးအထိ ရထား အကြာကြီးစီးရတာ၊ မန္တလေးကမှ တောင်ကုတ်အထိ ညအိပ်ကားအကြာကြီး ထပ်စီးရတာ၊ ပြီးတော့ မော်တော် အကြာကြီးစီးပြီးသွားရတာတွေကို ခင်ဦးဇင်က မှတ်မိတယ်၊ ကမ်းကိုလှမ်းမြင်နေရတဲ့ တောင်ကုတ်ချောင်းရိုးတလျှောက် မော်တော်က တဒီးဒီးနဲ့ အကြာကြီးခုတ်နေခဲ့တာ၊ ရေတွေက နောက်ကျိနေတာ၊ ပြီး ခင်ဦးဇင်က မျက်လုံးမှိတ်ပြီး မှေးခနဲအိပ်ပျော်သွားလိုက်၊ ခဏကြာရင် ပြန်ပွင့်လာလိုက်နဲ့ နိုးလာတော့ ရွာကိုရောက်နေတာ။ မော်တော်ပေါ်မှာ သုံးလေးနာရီလောက်ကြာတယ်၊ ရွာနာမည်က ကူးတို့ဆိပ်တဲ့၊ ချောင်းရေငန်လို့ တွင်းရေကို ငင်ပြီးသုံးရတယ်၊ ပြီးတော့ ရွာရောက်တဲ့အချိန် အသစ်ရတဲ့ သူငယ်ချင်းရဲ့ နာမည်က ဦးဘ ဖြစ်နေလို့ ‘My father name is U Ba’ ဆိုတဲ့ ကျောင်းစာကို သတိရပြီး ရယ်တာကိုမှတ်မိတယ်တဲ့။

အမှန်တော့ အဲဒါတွေက အရေးမကြီးဘူး၊ မမှတ်မိလည်းရတယ်၊ ဇာတ်ကောင်ကာရိုက်တာအရ နင်က အဲဒီ ဝတ္ထုရေးမယ့် နယ်မြေဒေသ၊အချက်အလက်တွေကို ဂူဂဲလ်မှာ ရှာထားပြီးသား၊ သိသင့်သလောက်သိပြီးသား တဲ့။ နင့်စိတ်ထဲမှတ်ထားဖို့က နင်က အစွန်းရောက် အမျိုးသားရေးသမား၊ ဘင်္ဂါလီတွေ၊ မူစလင်တွေကို မုန်းတဲ့သူ၊ ဒါကြောင့် အမျိုးသားအကျိုးစီးပွားအတွက် ဝါဒဖြန့်ဖို့ရည်ရွယ်ပြီး ဒီဝတ္ထုကိုရေးမှာ။ ပိုရှင်းအောင် ပြောရရင် ရိုဟင်ဂျာတွေ ဘယ်လိုမကောင်းသလဲ၊ ရခိုင်တွေ ဘယ်လိုအပြစ်ကင်းသလဲ ဆိုတာကိုရေးမှာ။ ဒီနေရာမှာ တခုထပ်မှတ်ရမှာက ငါက ရိုဟင်ဂျာလို့ သုံးပေမဲ့ နင်က မသုံးဘူး။ ရခိုင်အများစုသုံးနေကျ ဘင်္ဂါလီဆိုတဲ့ စကားကိုပဲ သုံးမှာ၊ ဆိုတော့ ဒီလောက်ဆို အခု နင် ဝတ္ထုရေးတဲ့ အခန်းကို သွားကြစို့ တဲ့။

စာရေးဆရာရဲ့ စကားဆုံးတယ် ဆိုရင်ပဲ ခင်ဦးဇင် ကျော်ပြီး ကြည့်နေတဲ့ ပြတင်းပေါက်ကို မျက်နှာမူထားတဲ့ လေးထောင့်စားပွဲ တလုံးနဲ့ သစ်သားခုံ တခုံ ဘွားခနဲ ပေါ်လာတယ်။ ပြီးတော့ အဲဒီ ပြတင်းပေါက်နေ မြင်နေရတဲ့ မြင်ကွင်းက ပိုပြီးတော့ အသေးစိတ်လာတယ်။ မျက်စိရှေ့မှာ မြင်နေရတဲ့ သစ်ပင်ဝါးပင်တွေရဲ့ အရိပ်မထင်မရှားက ထီးထီးမည်းမည်းကြီး ရှိနေတဲ့ မန်ကျည်းပင်ဖြစ်သွားပြီး လဆန်းရက်ရဲ့ လစောက်ထိုးခပ်ကွေးကွေးက အဲဒီမန်ကျည်းကိုင်းတွေ ကြားမှာ ခုနကအတိုင်းမရွေ့မလျား ရှိနေတယ်။ ပြီးတော့ မှိန်ဖျော့ဖျော့ လရောင်က အဲဒီမန်ကျည်းပင်အိုရဲ့အကိုင်းကြားက ဖြတ်သန်းပြီး ခင်ဦးဇင်ထိုင်နေတဲ့ စာကြည့်စားပွဲပေါ်ကို ဖြာဆင်းနေတာ။

ခင်ဦးဇင်ရဲ့ အရှေ့၊ စားပွဲပေါ်ကနာရီက ရှစ်နာရီခွဲကို ညွှန်ပြနေတယ်၊ အမေ့ရဲ့ ဘုရားရှိခိုးသံ၊ အဖေ့ရဲ့ တီဗွီက အသံတွေက ကြားနေရတုန်းပဲ၊ ပြီးတော့ အိမ်ရှေ့လမ်းပေါ် ဝူးခနဲ အသံကျယ်ကြီးနဲ့ဆိုင်ကယ်တချို့ ဖြတ်မောင်းသွားတဲ့အသံ၊ ခပ်ဝေးဝေးတနေရာကနေ ကာလသားတချို့ ပြတ်တောင်းပြတ်တောင်းအော်ဆိုလိုက်တဲ့ ကီးကြောင်သီချင်းသံ၊ အသံပေါင်းစုံက ရောထွေးပြီး ခင်ဦးဇင်နားထဲကို တိုးဝင်လာတယ်။

စာရေးဆရာက ခိုင်းတဲ့အတိုင်း နာခံပြီး စာရေးစားပွဲမှာ ဝင်ထိုင်လိုက်ပေမဲ့ ဘာတွေရေးရမယ်ဆိုတာ ခင်ဦးဇင် မသိဘူး။ လက်ထဲ သူ့အလိုလိုရောက်လာတဲ့ ဘောလ်ပင်ကိုကိုင်ပြီး အသင့်အနေအထား ရှိနေတယ်။ အဲဒီမှာ စာရေးဆရာက မိုးရိပ်မိုးငွေ့ သင်းနေတဲ့ အေးစက်စက် လေအဝှေ့မှာ ထောင်းခနဲ ရောပါလာတဲ့ နွားချေးနံ့နဲ့ မြေကြီးနံ့၊ ခင်ဦးဇင်ထိုင်နေတဲ့ စာကြည့်စားပွဲခုံရဲ့ခြေထောက်နားမှာ ထွန်းထားတဲ့ ခြင်ဆေးခွေနံ့တလူလူ၊ ခြင်ဆေးနံ့တွေကြားမှာ မူးချာလည်ပြီး အဝေးကို ပျံပြီးမပြေးနိုင်တော့တဲ့ တဝီဝီ ခြင်ကျားတကောင်၊ မျက်နှာမူထားရာပြတင်းဝကို ဖြတ်ပြီးမြင်နေရတဲ့ မှောင်မှောင်မိုက်မိုက်မြင်ကွင်း၊ ပြီးတော့ ခင်ဦးဇင်ရဲ့အာရုံတွေက လေနှင်ရာလွင့်တဲ့တိမ်မျှင်တွေလို ဖြစ်နေတဲ့ အကြောင်း၊ အဆင်း၊ အသံ၊ အနံ့၊ အတွေ့၊ အတွေး ဆိုပြီး ခင်ဦးဇင်ကို အာရုံတခုချင်းစီ ပြောပြတယ်၊ ဒါမှ စာဖတ်သူရဲ့ စိတ်မှာ တကယ်လို့ထင်လာမြင်လာမှာတဲ့။ စာရေးဆရာ ပြောသမျှ လိုက်လုပ်မယ်လို့တွေးပြီးတဲ့နောက်တော့ ခင်ဦးဇင်အများကြီး မစဉ်းစားတော့ဘူး။ စာရေးဆရာက တော်တော် ထောင့်စေ့တာပဲဆိုတာလောက်တွေးပြီး ပြောသမျှ၊ ထိုင် ဆိုရင် ထိုင်၊ အသံကြား ဆိုရင် ကြား၊ အနံ့ ရတယ် ဆိုရင် ရ၊ နောက်ဆုံး စာအုပ်ယူပြီး လှန် ဆိုရင် လှန်နဲ့ ခိုင်းသမျှကို တစ်သေဝမတိမ်းလိုက်လုပ်ပြီး စိတ်အာရုံမှာပုံဖော်နေ လိုက်တယ်။

ဒီနေ့တော့ နင့်ဘဝအကြောင်းနဲ့ ရပ်လိုက်မယ်၊ မနက်ဖြန်မှ နင်ရေးမဲ့ ဝတ္ထုအကြောင်း ဆက်ကြတာပေါ့။

စာရေးဆရာရဲ့စကားသံနဲ့အတူ ခင်ဦးဇင်ရဲ့ ဘေးပတ်ပတ်လည်မှာရှိနေတဲ့ အဆင်း၊ အနံ၊ အသံ အာရုံခံစားမှုတွေ အကုန်လုံး ဖျတ်ခနဲပျောက်သွားပြီး အမှောင်ပြင်ကြီးဖြစ်သွားတယ်။ ဘာလဲ၊ ဒါ ဘာဖြစ်တာလဲ။ ခင်ဦးဇင် စာရေးဆရာ လို့ အော်လိုက်တယ်။ ဒါပေမဲ့ ခင်ဦးဇင်ရဲ့အသံတွေက ထွက်မလာသလို စာရေးဆရာရဲ့ ပြန်ထူးသံကိုလည်း မကြားရဘူး။ သူက တကယ်ပဲ စာရေးဆရာဖန်တီးထားတဲ့ ဇာတ်ကောင်လား၊ စာရေးဆရာ ရှိနေတုန်း သူ မြင်နေရတာတွေက စာရေးဆရာ မရှိတော့လို့ ပြန်ပျောက်သွားတာလား။ စာရေးဆရာ ခိုင်းသမျှလိုက်လုပ်နေတုန်းက မေ့သလိုဖြစ်နေတဲ့မေးခွန်းက ခင်ဦးဇင်ရဲ့ ခေါင်းထဲမှာ ပြန်ပေါ်လာတယ်။ ခုနကလောက် ပြတ်ပြတ်သားသား မဟုတ်ပေမဲ့၊ မဟုတ်နိုင်ပါဘူးလို့တော့ ခင်ဦးဇင်ရဲ့စိတ်ထဲကနေ ခပ်ပျော့ပျော့ငြင်းမိတယ်။

လူပဲ၊ သူက လူအစစ်တယောက်ပဲ၊ အဲဒါ သေချာတယ်ပေါ့။ စာရေးဆရာက သူ့ကို တခုခုလုပ်ပြပြီး လိမ်နေတာပေါ့။ ဒါပေမဲ့ သူ လူဖြစ်တာကို ပြဖို့ ခင်ဦးဇင်မှာ သက်သေက ရှိမနေဘူး။ မှောင်မိုက်နေတဲ့ အပြင်ကြီးထဲမှာ အလင်း တစတလေ၊ ထွက်ပေါက်တခုတလေ တွေ့မလားလို့ ခင်ဦးဇင် ရှာတယ်။ ဒါပေမဲ့ ဘာဆိုဘာကိုမှ မမြင်ရဘူး။ အမှောင်ထုထဲ တိုးဝင်ပြီး နံရံတစ်ခုခုကို ရှာမယ်လို့ ခင်ဦးဇင်ကြိုးစားပေမဲ့ နံရံကိုလည်း မတွေ့ရဘူး။ သူရောက်နေတဲ့နေရာက အဆုံးအစမဲ့တဲ့ အမှောင်ခန်းတခုလို ဖြစ်နေတာ။

သူက အမှန်တကယ်ပဲ စာရေးဆရာ ဖန်တီးထားတဲ့ ဇာတ်ကောင်လား၊ မေးခွန်းက ခင်ဦးဇင်ရဲ့ ခေါင်းထဲမှာ လိုဏ်ခေါင်းထဲ ပဲ့တင်ထပ်နေတဲ့အသံလိုပဲ။ ဘာလဲ၊ သူက ဘယ်သူလဲ၊ အခု ဘာတွေ ဖြစ်နေတာလဲပေါ့။ မေးခွန်းတွေ မဆုံးဘူး။ နောက်ဆုံး ဘာမှ လုပ်မရမဲ့ အတူတူ အိပ်လိုက်တော့မယ်လို့ ခင်ဦးဇင် ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ခင်ဦးဇင်ရဲ့ မျက်လုံးတွေက ပိတ်မရပြန်ဘူး။ တွေးနေရင်းပဲ အခန်းရဲ့အမှောင်က ပိုပိုပြီးမှောင်လာသလို ခင်ဦးဇင် ခံစားနေရတယ်။ မနက်ဖြန် ဘာဆက်ဖြစ်မှာလဲ၊ ခင်ဦးဇင် တွေးတယ်။ ဘာမှ ပေါ်မလာဘူး။ အခုကော ဘာတွေ ဖြစ်နေသလဲ။ အဲဒီ မေးခွန်း အတွက်လည်း ခင်ဦးဇင်မှာ အဖြေ မရှိပြန်ဘူး။ အတွေးတွေက စာရေးဆရာပြောပြခဲ့တဲ့ သူ့အကြောင်းတွေဆီ ရောက်သွားတယ်။

မဟုတ်ပါဘူး၊ အဲဒါ သူ့အကြောင်း မဟုတ်ဘူး၊ အဲဒါ စာရေးဆရာ လျှောက်ပြောထားတာတွေလို့ ခင်ဦးဇင် ငြင်းတယ်၊ ဒါပေမဲ့ အခု ကြုံနေရတဲ့အဖြစ်တွေက စာရေးဆရာရဲ့စကား မှန်တယ်လို့ ထောက်ခံခိုင်းနေတယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အမှောင်ပြင်ကြီးက ခင်ဦးဇင်ရဲ့ စိတ်ကို ချိုးဖဲ့ဖျက်ဆီးနေသလိုပဲ။ စာရေးဆရာမရှိတဲ့အချိန် သူ့ကိုယ်သူ ဘယ်သူဆိုတာ လိုက်ရှာမယ်ဆိုတဲ့ အတွေးကိုတောင် ခင်ဦးဇင် သတိမရတော့ဘူး။

—————-(ဆက်ရန်)

About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*