“ခင်ဦးဇင်” အပိုင်း ( ၅ )

“ခင်ဦးဇင်”
◼️ ​ရေအေး
အပိုင်း ( ၅ )
– – – – – – – – – – –
(၃)
ဒီတခါ ခင်ဦးဇင် ဝတ္ထုထဲကိုရောက်တာက မနက်ခင်းရှစ်နာရီတဲ့။ အမှန်တော့ ခင်ဦးဇင်က ဝတ္ထုထဲကိုရောက်တယ် ဆိုတာထက် စာရေးဆရာက ဝတ္ထုထဲကိုရောက်လာတာလို့ ဆိုရမယ်။ တစ်ညလုံး အမှောင်ပြင်ကြီးထဲမှာ အတွေးတွေတသီတတန်းနဲ့ မငြိမ်မသက်ဖြစ်နေခဲ့တဲ့ ခင်ဦးဇင်ဆီကို စာရေးဆရာက ရောက်လာတာ။ ပြီးတော့ သူ့ဝသီအတိုင်း ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ကဲ ဝတ္ထု ပြန်စကြစို့၊ အခုက မနက်ခင်း အချိန်ပေါ့တဲ့။စာရေးဆရာ ရောက်လာပြီးတဲ့နောက် ခင်ဦးဇင်ရဲ့ဝတ္ထုကမ္ဘာက မှောင်မိုက်တဲ့အခြေအနေကနေ သာယာတဲ့မနက်ခင်းတစ်ခုကို ရုတ်တရက် ပြောင်းလဲသွားတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက နွေးထွေးလင်းလက်တဲ့နေရောင်ခြည်တွေ ဖြာကျစပြုနေတယ်။ တေးဆိုတတ်တဲ့ငှက်တွေက တကျိကျိအော်ပြီးတော့ ဟိုကဒီကို လူးလာတုံ့ခေါက် ပျံနေကြတယ်။ ရေချိုးပြီးစလူတစ်ယောက်လိုလန်းဆန်းနေတဲ့ သစ်ရွက်စိမ်းပုပ်ပုပ်တွေက သူတို့ရဲ့ထိပ်ဖြားမှာ တွဲခိုနေတဲ့ရေစက်တွေရဲ့အလေးချိန်ကြောင့် အောက်ကို စိုက်ကျနေကြတယ်။ ကြည့်ရတာ ညက မိုးရွာထားတဲ့ သဘောပဲ။ ရေကွက်လေးတွေ ကျိုးတိုးကျဲတဲရှိနေတဲ့ နက်ပြောင်ပြောင် ကတ္တရာလမ်း၊ အဲဒီလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေကြတဲ့လူတွေ၊ ပြီးတော့ ခင်ဦးဇင်တို့ရဲ့အိမ်ဝကနေ နီညိုရောင်သင်္ကန်းဖားဖားနဲ့ တရွေ့ရွေ့ထွက်သွားတဲ့ရဟန်းတစ်ပါးနဲ့ အဲဒီရဟန်းရဲ့နောက်ကနေ ယိမ်းယိမ်းထိုးထိုးနဲ့ ထက်ကြပ်မကွာပါသွားတဲ့ အရိပ်ရှည်မျောမျော။ မြင်ကွင်းတွေက ရှင်းရှင်းလင်းလင်းပဲ။ အဲဒီ မြင်ကွင်းကိုကြည့်ရင်း ခင်ဦးဇင်ရဲ့ စိတ်ထဲ သာယာလိုက်တာ၊ ဒီလိုဆိုတော့လည်း စာရေးဆရာကကျေးဇူးတင်စရာပဲလို့ တွေးမိတယ်။ အဲဒီနောက်တော့ချက်ချင်းပဲ ညတုန်းက စာရေးဆရာကိုပြောမယ်လို့ တေးထားတဲ့စကားတွေကို ခင်ဦးဇင် သတိရတယ်။
ကျမရှင့်ကို ပြောစရာနှစ်ခုရှိတယ်၊ ပထမတစ်ခုက ရှင်ထွက်သွားတဲ့အချိန် ကျမကို အမှောင်ထဲမှာ ချန်ထားခဲ့တာက ကျမအတွက် အဆင်မပြေဘူး။ အဲဒါအတွက် အဆင်ပြေအောင်က ငါလုပ်ပေးလို့ရပါတယ်။ စာရေးဆရာက ခင်ဦးဇင် စကားကိုဆုံးအောင်မပြောလိုက်ရခင်မှာပဲ ချက်ချင်းသဘောတူလိုက်တယ်။ ဒီလိုဆိုတော့လည်း စာရေးဆရာက မဆိုးပါလားလို့တွေးရင်း၊ နောက်တစ်ခုက မနေ့တုန်းကလို တိုးလိုးတန်းလန်းကြီး ထားခဲ့တာကလည်း ကျမအတွက် အဆင်မပြေဘူးလို့ ခင်ဦးဇင် ထပ်ပြောလိုက်တယ်။ အဲဒါတော့ ငါ လုပ်ပေးလို့မရဘူး တဲ့။ စာရေးဆရာက ခင်ဦးဇင်ကို စက္ကန့်မဆိုင်းဘဲပြန်ငြင်းတယ်။ ဝတ္ထုတစ်ပုဒ် အခန်းဖြတ်တယ်ဆိုတာ ဖတ်တဲ့သူကို ဆွဲဆောင်နေမယ့်နေရာ၊ ဘာဖြစ်သွားတာပါလိမ့်၊ ဘာဆက် ဖြစ်မှာပါလိမ့်လို့ စိတ်ဝင်စားမှုမြင့်တက်တဲ့နေရာမှာ ဖြတ်ရတာ၊ နင်လည်း စာရေးဆရာ၊ နင် သိတာပဲ တဲ့။ စာရေးဆရာရဲ့စကားကမှန်နေတော့ ခင်ဦးဇင် ရုတ်တရက် ဘာပြန်ပြောရမယ်မသိဘူး။ ဒါပေမဲ့ ပြောမိတဲ့စကားကို မလျှော့ချင်တဲ့ စိတ်ကလည်းရှိနေတော့၊ ဒါဆိုရင်လည်း အဲဒီကိစ္စကို ထားပါတော့၊ ဒါပေမဲ့ တစ်ခုထပ်မေးစရာရှိသေးတယ်၊ အဲဒါက သိမ်းထားတဲ့ မှတ်စုတွေက ဘာလို့ ကပြောင်းကပြန်တွေ ဖြစ်နေတာလဲလို့ အထွန့်တက်လိုက်တယ်။ စာရေးဆရာက ခပ်အေးအေးပဲ၊ ဇာတ်လမ်းအရလေ လို့ပြန်ပြောတယ်။
အဲဒီဇာတ်လမ်းကို ကျမကို ပြောပြရမယ်။ ပြောလို့ မရဘူး။ ဘာလို့လဲ၊ ရှင် ဖန်တီးထားတဲ့ ဇာတ်ကောင်စရိုက်အရ စာအုပ်ထဲက ပထမမှတ်စုတွေကို မှတ်တာက ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဖုန်းထဲကမှတ်စုတွေကို မှတ်ထားဖို့ကကျ ဖြစ်မှမဖြစ်နိုင်တာ၊ ကျမက အဲဒီ မဖြစ်နိုင်တဲ့ ဇာတ်ကောင်စရိုက်ထဲ ဆက်နေနေရမှာလား။ ဟုတ်တယ်၊ ဇာတ်ကောင်စရိုက်အရ အဲဒီ မှတ်စုတွေကို မှတ်ထားတာက မဖြစ်နိုင်ဘူး၊ အဲဒီအတွက် ငါကလည်း မှတ်ထားတယ်လို့ မပြောဘူး၊ မှတ်ထားပြီးမှ ပြောင်းသွားတယ်လို့ပဲပြောမှာ။ အဲဒါက ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး။မှတ်ထားတဲ့ မှတ်စုတွေ၊အကြောင်းအရာ ပြောင်းပြန်ဖြစ်သွားဖို့ ဆိုတာက။ အဲဒါက မဖြစ်နိုင်ဘူး မဟုတ်လား၊ ဟုတ်တယ်၊ တကယ့် ပြင်ပကမ္ဘာအရတော့ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ နင်ရောက်နေတဲ့ ဇာတ်လမ်းရဲ့ ကမ္ဘာအရကတော့ အဲဒါက ဖြစ်သွားပြီ။ စာရေးဆရာရဲ့စကားကို ကြားပြီး ပြန်ငြင်းဖို့တွေးနေတုန်းမှာပဲ ခင်ဦးဇင်ရဲ့ ခေါင်းထဲကို အတွေးတစ်ခုရောက်လာတယ်။ ဝတ္ထုတစ်ပုဒ် ရေးကြတဲ့အခါ ဇာတ်ကောင်တစ်ယောက်ရှိတယ် ဆိုပါစို့၊ အဲဒီဇာတ်ကောင်က ပုံမှန်အားဖြင့်တော့ ဇာတ်လမ်းကို ရှေ့တွန်းမပို့တဲ့၊ ပြီးတော့ ဇာတ်လမ်းနဲ့တိုက်ရိုက် မသက်ဆိုင်လှတဲ့ သူ့ရဲ့ နိစ္စဓူဝ လုပ်ရိုးလုပ်စဉ်တွေကို လှုပ်ရှားနေ၊ပြုမူနေတာ။ အဲဒါကိုမှ ဇာတ်ကောင်ကို အတွေးတစ်ခုဖြစ်ပြီး အပြုအမူတွေ၊ လှုပ်ရှားမှုတွေ၊ ခံစားချက်တွေဆက်ဖြစ်၊ ဇာတ်လမ်းကို ရှေ့ဆက်ပြီး သွားစေဖို့၊ အချိုးအကွေ့တစ်ခု ဖြစ်စေဖို့ ဇာတ်လမ်းထဲက အခြားဇာတ်ကောင်တစ်ကောင်ကနေပဲ ဖြစ်ဖြစ်၊ စာရေးဆရာရဲ့လုပ်ပိုင်ခွင့်ဘောင်အရ ပြင်ပကနေ သီးသန့်ပဲ ဖြစ်ဖြစ် လှုံ့ဆော်မှုတစ်ခုခု ထည့်ပေးရတာမျိုး။ အဲဒါမှ ဇာတ်ကောင်က စာရေးဆရာ အတင်းခိုင်းလို့ အရုပ်ဆန်ဆန် လှုပ်ရှားရတာမျိုးမဟုတ်ဘဲ လူသားဆန်ဆန် ယုတ္တိကျကျ လှုပ်ရှားပြီး၊ ဝတ္ထုက ပိုဆွဲဆောင်မှုရှိပြီး ပီပြင်ရတာ။ ဒါကို စာရေးဆရာဇာတ်ကောင်ဖြစ်တဲ့ ခင်ဦးဇင် သိတယ်။ သိတော့ စဉ်းစားတယ်။ အခု စာရေးဆရာက သူ့ကို ဘာတွေ လုပ်စေချင်လို့ အချက်အလက်တွေ အဲဒီလို ပြောင်းလဲလိုက်သလဲပေါ့။ စာရေးဆရာက သူ့ကို ဘာဖြစ်စေချင်တာလဲ၊ စာရေးဆရာက သူ့ကို ဘာတွေ တွေးစေချင်နေတာလဲ၊ စာရေးဆရာက သူ့ကို ဘာတွေ ခံစားစေချင်နေတာလဲပေါ့။ ခင်ဦးဇင်ရဲ့စိတ်ထဲမှာ သင်္ကာမကင်းစရာကောင်းတဲ့ အာရုံတစ်ခု ရနေသလို ခံစားရတယ်။ ဒါဆို ဇာတ်လမ်းအကုန် ပြောလို့မရရင်တောင် ဘာဆက်ဖြစ်မယ်ဆိုတာ ကျမကို နည်းနည်းကြိုပြောထားလို့ ရမလား။ ခင်ဦးဇင် စာရေးဆရာကို ထပ်မေးလိုက်တယ်။ မရဘူး၊ စာရေးဆရာက ချက်ချင်းပဲ ပြန်ငြင်းတယ်။ ဘာလို့လဲဆိုတော့ တကယ့်လူ့ဘဝမှာ မနက်ဖြန်ဘာဖြစ်မယ် ဆိုတာကို ကြိုသိလို့လား၊နင်က ဝတ္ထုဇာတ်ကောင်ဆိုပေမဲ့ လူသားဇာတ်ကောင်လေ တဲ့။ ပြီးတော့ အဲဒါတွေ ထားလိုက်ပါတော့၊ အခု နင် မီးဖိုချောင်ထဲ သွားပြီး နင့်အမေ ထမင်းဟင်းချက်နေတာကို ကူရမယ် တဲ့။ ခင်ဦးဇင်က ဘာလဲ၊ ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းတွေနဲ့ ဇေဝဇဝါ စိတ်ရှုပ်ထွေးနေတုန်းမှာပဲ စာရေးဆရာက နောက်ထပ် အလုပ်တစ်ခုကို ထပ်ခိုင်းတယ်။ ဒါနဲ့ ခင်ဦးဇင် မီးဖိုချောင်ကို ရောက်သွားခဲ့တယ်။
နင်က ရခိုင်၊ နင့်မိသားစုကလည်း ရခိုင်၊ ဒီတော့ ရခိုင်စာ ချက်ရမယ်၊ ငါးပိနံ့ သင်းသင်း၊ ငရုတ်သီး များများ၊ ပြီးတော့ ငရုတ်ကောင်းတွေ။ စာရေးဆရာက သူ စားဖူးပုံရတဲ့ ရခိုင်အစားအသောက် ဆိုတာတွေကို တတွတ်တွတ် ရွတ်နေတယ်။ ငါးနီတူကို ကြက်သွန်နီများများနဲ့ သုပ်တာ၊ ငါးဆုပ်ကို ငါးပိနဲ့သုပ်တာ၊ အဲဒါတွေက ငါ တွေ့ဖူးတဲ့ ဆိုင်တွေမှာ ချက်ကြတာပေါ့၊ ရွာက ရခိုင်အိမ်တွေမှာ ဆိုရင်တော့ ဘာတွေချက်မလဲ၊ ကတက်ဥခြောက်သုပ်၊ ပိန္နဲသီးမျှင်ပုစွန်ချက်၊ မရွတ်စိသုပ်၊ မြွီမြိုသီးပုစွန်အစာသွပ်၊ ငရုတ်သီးနုအိုးကပ် တဲ့၊ ငါ ရှာဖတ်ထားတဲ့ ရခိုင်ဟင်းတွေ၊ အဲဒါတွေ ဆိုင်မှာချက်ကြသလား၊ အိမ်မှာချက်ကြသလား၊ ငါ သေချာမသိဘူး။ ပြီးတော့ ကိုတံငါဟင်းတို့ ဘာတို့များ ချက်မလား၊ အဲဒါက ပင်လယ်နားနီးတဲ့ တံငါရွာတွေမှာပဲ ချက်မယ် ထင်တယ်၊ ဒီဝတ္ထုထဲမှာ အသေးစိတ်တော့ မလိုပါဘူး၊ နည်းနည်းပါးပါးပေါ့။ ကြည့်ရတာ ယောက်ျားတစ်ယောက် ဆိုတော့ စာရေးဆရာက ဟင်းချက်နည်းတွေကို သိပ်သိပုံမရဘူးလို့ ခင်ဦးဇင် တွေးမိတယ်။ နင်တို့က ရခိုင်က ထွက်လာတာ ကြာပြီ၊ ဒီတော့ ရခိုင်စာဆိုပေမဲ့ ရခိုင်ချက်နည်းအတိုင်း တသွေမတိမ်းဟုတ်ချင်မှ ဟုတ်မှာပေါ့၊ ဘာဖြစ်ဖြစ် အဆင်ပြေတယ်တဲ့။ စာရေးဆရာက အကြောင်းပြတယ်။ ဒါနဲ့ ရခိုင်မိတ်ဆွေ တစ်ယောက်ကို မေးကြည့်တာ့ ငှက်ပျောအူတိုင်လား အဲဒါလည်း သုပ်စားကြတယ်ဆိုလား။ ခင်ဦးဇင် စိတ်မရှည်တော့ဘူး၊ ဒါနဲ့ ထားလိုက်ပါတော့၊ မီးဖိုချောင်ကိုသာ သေချာပြပါတော့လို့ စိတ်ထဲက ပြောမိတယ်။
မြေပြင်ပေါ်မှာဒီအတိုင်းဖွဲ့ထားတဲ့ မီးဖိုခန်းဟာ ဆံပင်ရှည်ကို နောက်တွဲထုံးထားတဲ့ မိန်းမတစ်ယောက်ရဲ့ဆံထုံးက ဦးခေါင်းနောက်မှာ ပုံ့ပုံ့လေး ကပ်ပြီးရှိနေသလို၊ အိမ်မကြီးရဲ့ နောက်မှာ ပုံ့ပုံ့လေး ကပ်ပြီး ရှိနေတယ်။ ရှစ်ပေပတ်လည်မို့ အခန်းကကျဉ်းတယ်မဆိုနိုင်ဘူး၊ ဒါပေမဲ့ အနီရောင်ကြော်အိုး နှစ်အိုး၊ ထမင်းပေါင်းအိုး တစ်အိုးနဲ့ ရေနွေးကျိုတဲ့ အိုးတစ်အိုး ချောင်ချောင်ကြီးတင်ထားတဲ့ သစ်သားစားပွဲခုံ တစ်ခုံ၊ အဲဒီဘေးမှာက အဆင့်သုံးဆင့်ပါပြီး အပေါ်ဆုံးအဆင့်မှာ ပန်းကန်ခွက်ယောက်တွေနဲ့ အောက်ဆင့်တွေမှာတော့ စဉ်းတီတုံး၊ ငရုတ်ဆုံ၊ ကျည်ပွေ့၊ အိုးလွတ်တချို့ စတဲ့ ထွေလီကာလီတွေ တင်ထားတဲ့ သစ်သားစင်၊ အဲဒီစင်ရဲ့ ဘေးမှာက လေးပေလောက်မြင့်ပြီး နှစ်ပေလောက်ဗြက်ကျယ်တဲ့ သစ်သားကြောင်အိမ်၊ ပြီးတော့ ဆား၊ အချိုမှုန့်၊ ငါးပိ၊ ငရုတ်မှုန့် အစရှိတဲ့ ဟင်းခတ်ပစ္စည်းတွေ တင်ထားတဲ့ နှစ်ပေပတ်လည်လောက်ရှိမယ့် သစ်သားစားပွဲခုံ နောက်တစ်လုံးရယ်ဆိုတော့ ကျယ်တယ်လို့လည်း မပြောနိုင်တော့ဘူး။ မီးဖိုချောင်က ရခိုင်ရွာတွေမှာ တွေ့ရတဲ့ မီးဖိုချောင်နဲ့ တူသလား၊ မတူသလား ငါမသိဘူး၊ အမှန် ဒါမျိုးမီးဖိုချောင်က မြို့မကျ၊ တောမကျ ဆင်ခြေဖုံး ရပ်ကွက်လို နေရာမျိုးက အိမ်တွေမှာ တွေ့ရတတ်တဲ့ မီးဖိုချောင်မျိုး တဲ့။ စာရေးဆရာ ပြောနေတုန်းမှာပဲ ဆိုင်းဝိုင်းတစ်ခုလို စီပြီးချထားတဲ့ ပစ္စည်းတွေကြားမှာ မတ်တပ်ရပ်ပြီးအလုပ်ရှုပ်နေတဲ့ အသက်ကြီးကြီး မိန်းမတစ်ယာက် ပေါ်လာတယ်။
ဘယ်လို ပြောရမလဲ၊ ရုပ်ရှင်ရုံတွေမှာ စပြီးပြပြချင်း မီးထိုးလိုက်တဲ့အချိန် အစပိုင်းမှာ ခပ်ဝါးဝါး၊ နောက်တော့ တဖြည်းဖြည်း ထင်ရှားလာတဲ့ ပိတ်ကားပေါ်ကရုပ်ပုံလိုမျိုးလို့ ပြောရမလား။ အဲဒါ နင့်အမေပဲ၊ နင် သူ့ကိုကူလိုက်။ စာရေးဆရာက ခင်ဦးဇင်ကို ထပ်ပြီးပြောတယ်။ ခင်ဦးဇင် ဟုတ်ကဲ့ လို့ ပြန်ပြောပြီး အမေဆိုတဲ့မိန်းမကြီးနားကို ကပ်လိုက်တယ်။ ကျမ ဘာလုပ်ရမလဲ၊ ဟင်းရည် နည်းနည်းမြည်းကြည့်စမ်း။ တပွက်ပွက် ဆူနေတဲ့ဟင်းရည်အိုး၊ ပြီးတော့ ခင်ဦးဇင်ရဲ့နှာခေါင်းထဲ ထိုးဝင်လာတဲ့ ဟင်းခတ်အမွေးအကြိုင်နံ့ပြင်းပြင်းနဲ့ ရောပါလာတဲ့အမဲသားပြုတ်နံ့၊ မွှေလိုက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့ ဝါပျစ်ပျစ်ပဲဟင်းရည်ထဲက အာလူး၊ ခရမ်းသီး၊ ပျဉ်းတော်သိမ်ရွက်နဲ့ ထိုးထိုးထောင်ထောင် အမဲသားဖြတ်စတွေ။ ဒါ ပဲကုလားဟင်းပဲပေါ့။ ခင်ဦးဇင် ကျန်တဲ့ဟင်းအိုးတွေကို တအိုးပြီးတအိုးဖွင့်ကြည့်တယ်။ ဟင်းတွေက အဝါရောင်ကဲပြီး စူးရှတဲ့ဟင်းခတ်အမွှေးအကြိုင်နံ့တွေ ဖုံးနေတယ်။ တချို့က အနံ့နဲ့တင် အချိုလွန်ကဲနေပုံရတဲ့ အစားအသောက်တွေ။ ဘာလဲ၊ ဒါ ဘာလဲ၊ တစ်ခုခု မှားနေသလား။ မဟုတ်သေးပါဘူးလို့တွေးပေမဲ့ ခင်ဦးဇင်စိတ်ထဲ တခုခုဖြစ်သလိုမျိုးထင်နေတယ်။ တခုခုဖြစ်နေတယ်၊ တခုခု ဖြစ်နေတာသေချာတယ်ပေါ့။ ဒါပေမဲ့ ဘာမှားနေမှန်းလည်း မသိဘူး။ နောက်တော့ ခင်ဦးဇင် ပိတ်ထားတဲ့ကြောင်အိမ်ကို ဆွဲဖွင့်လိုက်တယ်။ ကြောင်အိမ်ရဲ့ အပေါ်ဆင့်မှာက နွားနို့၊ သကြားများများနဲ့လုပ်ထားပုံရပြီး အနံ့နဲ့တင် ချိုအီနေတဲ့ မုန့်တွေ။ အဲဒီနောက်တော့ ခင်ဦးဇင် ဖျတ်ခနဲ သတိရသွားတယ်။ စာရေးဆရာ သူ့ကို ရခိုင်ဟင်းတွေအကြောင်း ပြောခဲ့တုန်းက မုန့်တွေအကြောင်းမှ မပါတာပဲပေါ့။ ပြီး တချိန်တည်းမှာပဲ ငါးမိနံ့သင်းသင်း၊ ငရုတ်သီးနဲ့ ငရုတ်ကောင်းများများ ဆိုတဲ့စကားတွေကိုလည်း သတိရသွားတယ်။ ဒါပဲ၊ သူ့စိတ်ထဲ တခုခု မှားသလို ခံစားနေရတာ ဒါပဲပေါ့။ သူ မြင်နေရတာတွေက စာရေးဆရာ ပြောခဲ့တဲ့ ရခိုင်ဟင်းဆိုတာတွေနဲ့ တူမှမတူနေတာပဲပေါ့။ ပြောတာတမျိုး၊ ပြထားတာ တမျိုးနဲ့ စာရေးဆရာက ဘာဖြစ်ချင်နေတာ လဲပေါ့။
တွေးနေတုန်းမှာပဲ ခင်ဦးဇင်ရဲ့ မျက်လုံးရှေ့တည့်တည့် ကြောင်အိမ်ရဲ့အောက်ဆင့်မှာ နှီးနဲ့ တွဲချည်ထားတဲ့ အမဲသားစိမ်းတတွဲ ရုတ်တရက်ပေါ်လာပြီး အဲဒီအသားစိမ်းရဲ့အနံ့စူးစူးက ခင်ဦးဇင်ရဲ့ နှာခေါင်းထဲ ဝုန်းခနဲ ဆောင့်ဝင်လာတယ်။ ပြီး ဘာကြောင့်မှန်းမသိ ခင်ဦးဇင်စိတ်ထဲ ထိတ်ခနဲဖြစ်သွားတယ်။ ဘာလဲ၊ ဘာလဲပေါ့။ ဘာကြောင့် မြင်နေရသမျှအားလုံးက စာရေးဆရာ ပြောခဲ့တဲ့ ရခိုင်းဟင်းတွေနဲ့ တစက်ကလေးတောင်မတူနေတာလဲပေါ့။ ခင်ဦးဇင် အမေဆိုတဲ့အမျိုးသမီးကို ချက်ချင်းဆိုသလို ကြည့်လိုက်မိတယ်။ နေလောင်ထားတဲ့ အသားညိုမည်းမည်းမှာ ကျိုးတိုးကျဲတဲ ဖြူနေပြီဖြစ်တဲ့ဆံပင်တွေပေါ်က တဘက်ခြုံထားတာ၊ ပြီးတော့ ခပ်ချွန်ချွန်နှာတံနဲ့ ဆေးနက်ခြယ်ထားသလို ခပ်မည်းမည်းမျက်လုံး တွေ၊ အမေ့ရဲ့မျက်နှာက စာရေးဆရာပြဖူးတဲ့ ဓာတ်ပုံတွေထဲက ဘင်္ဂါလီ အမျိုးသမီးရုပ် ထွက်နေတယ်။ ရခိုင်နဲ့ ဘင်္ဂါလီက ရုပ်ရည်အရ အတူတူပဲလား၊ နင့်အမေနဲ့ အဖေက ရခိုင်စစ်စစ်လို့ စာရေးဆရာပြောခဲ့ဖူးတဲ့စကားကို ခင်ဦးဇင် နားထဲ ပြန်ကြားတယ်။ တခုခု ဖြစ်နေတယ်။ တခုခုတော့ ဖြစ်နေတယ်။ အဲဒါ ဘာလဲ။ အဲဒါ ဘာဖြစ်နေတာလဲ။ အဲဒီတုန်းမှာပဲ ဖုန်းထဲက ပြောင်းပြန်ဖြစ်သွား တယ် ဆိုတဲ့ မှတ်စုတွေကို ခင်ဦးဇင် ဖျတ်ခနဲ သတိရတယ်။
ကျမအမေ ချက်နေတာတွေက ရှင် ပြောခဲ့တဲ့ ရခိုင်အစား အသောက် ဆိုတာတွေနဲ့လည်းမတူ၊ ဘယ်လို ဖြစ်တာလဲ။ စာရေးဆရာက ခင်ဦးဇင်ရဲ့ မေးခွန်းကို တဟားဟား ရယ်တယ်။ ပြီး အချိန်နည်းနည်း ကြာတော့မှ အဲတာက ကုလားဟင်းတွေလို့ ဖြေတယ်။ ကုလားဟင်း…။ ကုလား…။ ကုလားဆိုတာ ဘာလဲ။ ကုလားဆိုတာလား။ စာရေးဆရာက မေးခွန်းကို ရုတ်တရက် မဖြေဘူး။ ကုလားဆိုတာလို့ သံရှည်ဆွဲ စဉ်းစားသလိုလုပ်နေပြီး နည်းနည်းလောက် ကြာတော့မှ ပြည်တွင်းနေ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာ ကိုးကွယ်သူတွေ၊ရိုဟင်ဂျာဘင်္ဂါလီတွေ၊ ပြီးတော့ ဗမာပြည်အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယက ဆင်းသက်လာတဲ့ လူမျိုးစုတွေ၊ အဲဒီလူတွေကို ခေါ်တဲ့ ဗမာစကားလုံးတဲ့။ အရင်တုန်းကတော့ အဓိပ္ပါယ်အမျိုးမျိုးနဲ့ သုံးကြပေမဲ့ လတ်တလောကတော့ နှိမ်ပြီး၊ စော်ကားပြီး ခေါ်တဲ့အသုံးလို့ သတ်မှတ်ထားကြတယ်တဲ့။ ရှင်လည်း အခု သုံးလိုက်တယ်နော်။ ပြင်ဖို့ကြိုးစားပေမဲ့ ငယ်ကတည်းက အကျင့်လိုဖြစ်နေတော့ သတိမထားမိဖြစ်သွားလိုပါ။ ထားပါတော့၊ ဒါနဲ့ အခု ရှင်က ဘာဖြစ်ချင်နေတာလဲ၊ ရှင် ဘာလုပ်ဖို့ ကြံနေတာလဲ။ ဘာမှ မလုပ်ပါဘူး၊ ဘာ မလုပ်ရမှာလဲ။ ရှင် ကျမကို ရခိုင်ဟင်းတွေအကြောင်းပြောပြီး ရခိုင်ဟင်းတွေအစား အခုဟာတွေ ပြတယ်လေ။ အဲဒါ ဘာလို့လဲ။ အဲဒါတွေအားလုံးက နင့်စိတ်ထဲထင်နေတာတွေ။ ကျမစိတ်ထဲ ထင်နေတာ၊ မဟုတ်ပါဘူး၊ ကျမမျက်စိနဲ့ တကယ်မြင်နေရတာပဲ။ နင် မြင်နေတာတွေက အမှန်မဟုတ်ဘူး၊ အမှန်တကယ် နင့်အမေက ငါးပိနံ့သင်းတဲ့ ရခိုင်ဟင်းကို ချက်နေတာ၊ အဲဒါကို နင်ကစိတ်ထဲ လျှောက်ထင်နေတာ။ မဟုတ်ဘူး၊ မဟုတ်သေးပါဘူး။ နင်က ရိုဟင်ဂျာ တွေကိုတအားမုန်းတာလေ၊ အဲဒီအတွက် ရိုဟင်ဂျာတွေကြောင့် ရခိုင်တွေ ဒုက္ခရောက်ရတဲ့အကြောင်း ဝတ္ထုတစ်ပုဒ်ရေးနေတာ၊ နင် မှတ်မိတယ်မဟုတ်လား၊ မနေ့ညက နင် စာရေးနေတုန်း နင့်အမေ လာခေါ်ပြီးနောက်ပိုင်း မှတ်စုတွေပြောင်းသွားတာ၊ အခုလည်း အဲဒီလို ပြောင်းသွားတာပဲ၊ နင် စဉ်းစားကြည့်စမ်း၊ ရိုဟင်ဂျာတွေကို မုန်းနေတဲ့ ရခိုင်မတစ်ယောက်က ရိုဟင်ဂျာတွေကြားထဲသာ ရောက်သွားခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာကို။ ရှင် ဘာကို ဆိုလိုချင်တာလဲ။ ဒီတခါတော့ စာရေးဆရာက ခင်ဦးဇင်ရဲ့ စကားကို ပြန်မဖြေတော့ဘူး။ ဒီကိစ္စကို ထားလိုက်ပါတော့၊ အခု နောက်တစ်ခန်းကို ဆက်သွားစို့ လို့ပဲ ပြန်ပြောတယ်။ ပြီးတော့ အခု ညရှစ်နာရီထိုးပြီ၊ မနေ့က နင် စာရေးတဲ့အချိန်ပေါ့တဲ့။ အဲဒီနောက်တော့ မနက်ခင်းအလင်းနဲ့ တောက်ပနေတဲ့ ခင်ဦးဇင်ရဲ့ ကမ္ဘာက အနက်ရောင်ကန့်လန့်ကာ ဆွဲချ လိုက်သလို ရုတ်တရက်မှောင်ကျသွားပြီး မနေ့က ပြတင်းပေါက်နဲ့ စာရေးစားပွဲက ခင်ဦးဇင်အရှေ့မှာ ဘွားခနဲ ပေါ်လာတယ်။
——————————–(ဆက်ရန်)
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*