“ခင်ဦးဇင်”
ရေအေး
အပိုင်း ( ၆ )
– – – – – – – – – – –
မနေ့ကအတိုင်းပဲ၊ နင် စာမရေးခင် အချက်အလက်တွေ တစ်ချက်ပြန်ကြည့်ရမယ်၊ ဒီတစ်ခါတော့ အွန်လိုင်းကနေယူပြီး ဖုန်းထဲသိမ်းထားတဲ့ စာတွေပဲ ကြည့်ပေါ့။ စာရေးဆရာရဲ့စကားနဲ့အတူ ခင်ဦးဇင်ရဲ့လက်ထဲကို ဖုန်းတစ်လုံး ဖျတ်ခနဲရောက်လာတယ်။ ပြီးတော့ ဖုန်းမျက်နှာပြင်မှာက စာရေးဆရာပြချင်တဲ့မှတ်စုတွေ။ ကွင်းပြင်ထဲ ကျနော့်မိဘတွေကို သတ်လိုက်တာကိုမြင်တော့ ကျနော် အိမ်ကိုပြေးသွားခဲ့တယ်၊ ကျနော့်ရဲ့ ခုနစ်လသားညီမလေးကို ပုခက်ထဲကထုတ်တယ်၊ ပြီးတော့ ထွက်ပြေးခဲ့တယ်၊ ဆာနေတာတောင် ကျနော် မငိုဘူး၊ ဒါပေမဲ့ ကျနော့်ညီမလေးကတော့ တအားဆာနေပြီး နို့အတွက် အီတယ်လို့ သူ သတင်းထောက်တစ်ယောက်နဲ့ တွေ့တဲ့အချိန် ဟိန္ဒူကောင်လေးက ပြောခဲ့တယ် တဲ့။ စာက ဓာတ်ပုံတစ်ပုံပေါ်မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတာ။ အဲဒီဓာတ်ပုံထဲမှာက လသားကလေးကို ပွေ့ထားတဲ့ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ကောင်လေးနဲ့ သူ့ရဲ့ဘေးမှာတော့ သဲသဲကွဲကွဲ ဖတ်မရတဲ့ တံဆိပ်နဲ့အင်္ကျီကို ဝတ်ထားတဲ့၊ သတင်းထောက် လို့ ယူဆရတဲ့လူတစ်ယောက်။ ပြီးတော့ ဓာတ်ပုံရဲ့ အောက်ခြေမှာစာတစ်ကြောင်း ရှိနေသေးတယ်။ အဲဒါက ဒီကလေးနှစ်ယောက်က ရိုဟင်ဂျာအမည်ခံ အကြမ်းဖက်တွေရဲ့ သနားစရာသားကောင်တွေပါ၊ တဲ့။ ပြီးတော့ အဲဒါအပြင်ကိုမှ ပုံရဲ့အောက်မှာ ထပ်ရေးထားတဲ့မှတ်စုက နာမည်ရစာရေးဆရာတစ်ဦးမှ ဖေ့ဘုတ်စ်တွင် မျှဝေထား၊ တဲ့။ လူသတ် အကြမ်းဖက်တာ၊ ဘယ်လောက်တောင်ဆိုးတဲ့ ရိုဟင်ဂျာ တွေလဲလို့ ခင်ဦးဇင် တွေးမိတယ်။ လူ့လောကကြီးမှာ မရှိသင့်တဲ့ကောင်တွေပေါ့။ တွေးနေတုန်းမှာပဲ ခင်ဦးဇင်ရဲ့လက်ထဲက ဖုန်း မျက်နှာပြင်ပေါ်က မှတ်စုက ဖျတ်ခနဲ နောက်တစ်ခု ပြောင်းသွားတယ်။ စာတွေက တစ်ပုဒ်ပြီး တစ်ပုဒ်ပဲ။ ဘင်္ဂါလီယောက်ျားတွေက ဓားကောက်တွေသုံးပြီး လည်လှီးတဲ့ အကြောင်းတွေ၊ ဘင်္ဂါလီမိန်းမတွေက တိရစ္ဆာန်တွေသားဖောက်သလို တစ်နှစ်တစ်သား ပုံမှန်ကျပြီး လူဦးရေအရ အုပ်စိုးဖို့ကြိုးစားတဲ့ အကြောင်းတွေ၊ အဲဒီကမှ မထွက်ပြေးခင် ကိုယ့်ရွာကိုကိုယ် ရွာလုံးကျွတ်မီးရှို့ထားခဲ့ပြီး စစ်တပ်ကိုစွပ်စွဲတယ် ဆိုတာတွေ၊ ပြီးတော့ ကမ္ဘာ့မျက်နှာစာမှာ မျက်ရည်လည်ရွှဲ ဟန်ဆောင်ငိုပြတာ တွေ။ စာရေးဆရာက ခင်ဦးဇင်ကို တတွတ်တွတ်ပြောပြနေတယ်။ စာရေးဆရာရဲ့ အသံစူးစူးက ခင်ဦးဇင်ရဲ့နားထဲမှာ အပူငွေ့တွေ ဖြတ်သွားသလိုပဲ။ လိပ်ပြာတွေဝတ်မှုန်ကူးသလိုပဲလို့ ပြောရမလား၊ ဒါမှမဟုတ် မီးတောက်တွေက နီးစပ်ရာလောင်စာတွေဆီကို ခုန်ကူးလိုက်သလိုလို့ ပြောရမလား မသိဘူး။ စာတွေထဲက ရန်လိုမှုတွေ၊ အမုန်းတွေ၊ ကြောက်ရွံ့စိတ်တွေက စာရေးဆရာရဲ့ အသံတွေကတဆင့် ခင်ဦးဇင်ဆီကို ကူးလာတော့မလိုပဲ။
ခင်ဦးဇင်ရဲ့လက်ထဲကို မနေ့တုန်းက ရေးလက်စစာမူ ရောက်လာတယ်။ ညနေ၊ ကောင်းကင်၊ လမ်းဘေးအပင်တွေ၊ ပြီးတော့ အပြန်လမ်းနဲ့ အမှောင်ထဲက ထိုးထွက်လာတဲ့ ဘင်္ဂါလီသုံးယောက်။ အမှောင်ထဲကထွက်လာတဲ့ အရိပ်မည်းမည်းတွေ၊ ယိမ်းထိုးပြီး ဇာတ်ကောင်မိန်းကလေး စောလှနုရဲ့အနားကို ကပ်သွားကြတာ၊ ဘယ်သူလဲ ဆိုပြီး စောလှနုက မေးတယ်၊ ဒါပေမဲ့ ပြန်မဖြေဘူး။ အဲဒီလူတွေက ဘယ်သူတွေလဲ၊ ဝတ္ထုကိုတွေးနေရင်းနဲ့ပဲ ခင်ဦးဇင်လည်း စိတ်ထဲကမေးမိတယ်။ စောလှနုအနေနဲ့ အဲဒီလူသုံးယောက်ကို အခုမှ တွေ့လို့၊ အမှောင်ထဲက ထွက်လာကြတာကြောင့် သဲသဲကွဲကွဲ မမြင်ရလို့၊ ဇာတ်လမ်းရဲ့အသွားအရ မသိတာ ဖြစ်နိုင်ပေမဲ့၊ ခင်ဦးဇင်အနေနဲ့ကကျ စာရေးဆရာဆိုတာ ကိုယ့်ဇာတ်ကောင် တစ်ယောက်ချင်းစီကို သိနေရမှာမျိုး၊ ပြီးမှသာ ဒီဇာတ်ကောင်ရဲ့ အဲဒီအကြောင်းကတော့ ဝတ္ထုအတွက်မလိုလို့ ထည့်မရေးဘူးဆိုပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဖြတ်တောက် ချန်ရစ်ခဲ့တာမျိုး ဖြစ်ရမှာမလား။ ဒါပေမဲ့ အခုတော့ သူ့ဝတ္ထုထဲက ဇာတ်ကောင်တွေကို ခင်ဦးဇင်သိမနေဘူး။ သူက သူ့ဇာတ်ကောင်တွေကို ဘာလို့သိမနေရတာလဲ။ ခင်ဦးဇင် စိတ်ထဲကနေ ရေရွတ်မိတယ်။ နင် သိဖို့မလိုလို့ မသိတာ ပေါ့။ ခင်ဦးဇင်ကို အနောက်ကနေ တတွတ်တွတ်ခိုင်းနေတဲ့ စာရေးဆရာက ချက်ချင်းတုံ့ပြန်တယ်။ ဒါပေမဲ့ ရှင် စဉ်းစားကြည့်၊ စာရေးဆရာက သူ့ဇာတ်ကောင်ကို သေချာ မသိဘူးဆိုတာ ဖြစ်သင့်ရဲ့လား။ မသိလည်း ဝတ္ထုက ရေးလို့ ရနေတာပဲ။ ဒါပေမဲ့ ကျမ သိချင်တယ် လေ။ တော်ပြီ၊ ဒီည နင် စာမရေးတော့ဘဲ အနားယူလိုက်တော့။ မဟုတ်သေးဘူးလေ၊ ရှင် အဲဒီလို ရှောင်ပြေးလို့ ဘယ်ရမလဲ၊ ကျမက ရှင့်ဇာတ်ကောင်ဆိုပေမဲ့ ဒါကကျတော့ ကျမရဲ့ဝတ္ထု၊ ဒီတော့ အချက်အလက်တစ်ခု ထည့်သင့်၊ မထည့်သင့်ကို ကျမပဲ ဆုံးဖြတ်သင့်တယ် မဟုတ်ဘူးလား။
ခင်ဦးဇင်ပြောနေပေမဲ့ စာရေးဆရာက မရှိတော့ဘူး။ ခင်ဦးဇင် စကားပြောနေတုန်းမှာပဲ ရုတ်တရက်ဆိုသလို ထွက်သွားခဲ့ပြီ။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ စာရေးဆရာ ဖန်တီးပြထားတဲ့ ခင်ဦးဇင်ရဲ့ကမ္ဘာက ရုပ်သေပုံရိပ်တစ်ခု ဖြစ်သွားခဲ့ပြီ။ ဒါက ဘာလဲ၊ ခင်ဦးဇင် ပုံရိပ်သေတွေကိုကြည့်ရင်း ရုတ်တရက်ကြောင်သွားတယ်။ ပြီးတော့ချက်ချင်းပဲ သူ့ကို အမှောင်တွေထဲ မချန်ထားခဲ့ဖို့ စာရေးဆရာကို ပြောခဲ့တဲ့အကြောင်းကို သတိရတယ်။ သြော် ဒါကြောင့်ပဲပေါ့။ ဒါပေမဲ့ အဲဒီကိစ္စကြောင့် စာရေးဆရာအပေါ် ခင်ဦးဇင် ဖြစ်နေတဲ့မကျေနပ်စိတ်က ပျောက်မသွားဘူး။ ဒါ ဖြစ်သင့်ရဲ့လား။ ခင်ဦးဇင် မကျေမချမ်းနဲ့ ရေရွတ်မိတယ်။ စာရေးဆရာက သူ့ကိုယ်သူ ခင်ဦးဇင်ရဲ့ဖန်ဆင်းသူ ဆိုပြီး ပစ်စလက်ခတ်လုပ်သွားတာ၊ အနိုင်နဲ့ ပိုင်းသွားတာ၊ ပြီးတော့ ခင်ဦးဇင်ကို ဘာတွေဖြစ်နေတယ် ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း မပြောပြဘူး၊ ဒါ ဖြစ်သင့်ရဲ့လား။ အိပ်လို့မရဘဲ ငုတ်တုတ်ကြီး ကျန်နေခဲ့တဲ့ခင်ဦးဇင်ရဲ့စိတ်ထဲ စောလှနုရဲ့အနားကို ကပ်သွားနေကြတဲ့ ယောက်ျားသုံးယောက်ရဲ့ မှုန်ဝါးဝါး ပုံရိပ်သေတွေကို ကြည့်နေရင်းကပဲ စာရေးဆရာအပေါ် မကျေနပ်တဲ့ ဒေါသက ပိုပြီး ဗလောင်ဆူလာတယ်။
(၄)
စာရေးဆရာ သူ့ဆီကို စတုတ္ထအကြိမ်မြောက် ရောက်လာတော့ သူ့ကိုယ် သူ မသိခြင်းအတွက် ကြောက်တဲ့ စိတ်အခံအပေါ်မှာမှ သူ့အနေနဲ့ ဘယ်လိုဇာတ်လမ်းထဲမှာ ပါဝင် အသုံးတော်ခံနေရသလဲဆိုတဲ့ မရေရာမှုတစ်ခု၊ ပြီးတော့ သူ့အပေါ် အထက်စီးဆန်လွန်းတဲ့ စာရေးဆရာရဲ့အပြုအမူကို မကျေနပ်တဲ့စိတ်တစ်ခု၊ အဲဒီနှစ်ခုက ခင်ဦးဇင််ဆီမှာ ခိုဝင်နေပြီ။ စာရေးဆရာက သူ့ကို ရခိုင်လို့ပြောတယ်၊ ဒါပေမဲ့ သူ့အမေက ဘင်္ဂါလီရုပ်ပေါက်နေတယ်။ စာရေးဆရာက သူ့ကို သူ့အမေ ရခိုင်အစားအသောက်တွေ ချက်ပြုတ်နေတဲ့ နေရာမှာ ကူဖို့ ပြောတယ်၊ ဒါပေမဲ့ သူ့အမေ ချက်နေတာက ရခိုင်အစားအသောက်တွေ မဟုတ်ဘဲ အခြားအစားအသောက်တွေ ဖြစ်နေတယ်။ စာရေးဆရာက သူ့ကို ရိုဟင်ဂျာမကောင်းကြောင်း ဝတ္ထုရေးမယ့်စာရေးဆရာမတဲ့၊ ဒါပေမဲ့ သူ တွေ့နေရတဲ့ မှတ်စုတချို့က ဘင်္ဂါလီတွေဘက်က ခံနေရတဲ့အကြောင်းတွေ ဖြစ်နေတာ။ ပြောရရင် စာရေးဆရာ ပြောတာတွေနဲ့ သူ ကြုံနေရတာတွေက အကုန်နီးပါး ဖီလာဆန့်ကျင်တွေ။ ဘာလဲ၊ ဘာကြောင့်လဲ၊ သူ ဘယ်လိုဇာတ်လမ်းထဲမှာ ပါနေရသလဲပေါ့။ ဒါနဲ့ပဲ စာရေးဆရာ သူ့ဆီရောက်လာတယ်ဆိုရင်ပဲ ခင်ဦးဇင် မေးခွန်းတွေ မေးတယ်။ မေးတာက ဒေါသတကြီးတော့ မဟုတ်ဘူး၊ ဘယ်လို ပြောရမလဲ၊ ပေါက်ကွဲချင်နေတဲ့ စိတ်ကို လျှော့ချထားတဲ့ ပုံစံ၊ စိတ် ကျေနပ်တဲ့အဖြေတစ်ခုမရရင်တော့ ပေါက်ကွဲမှာပဲလို့ အသင့််ဖြစ်နေတဲ့ အခြေအနေမျိုး၊ အဲလိုပုံမျိုး မေးတာ။ ကျမပါဝင်နေတာ ဘယ်လို ဇာတ်လမ်းမျိုးလဲ၊ ကျမကို အစအဆုံး အသေးစိတ် မဟုတ်ရင်တောင် အပေါ်ယံပြောထားလို့မရဘူးလားပေါ့။ မရဘူး၊ အချိန်တန်ရင် သိရမှာပါ။ စာရေးဆရာက ပြတ်ပြတ်ပဲ၊ ချက်ချင်း ဘူးခံတယ်။ စာရေးဆရာရဲ့ စကားကို ကြားတော့ ခင်ဦးဇင် စိတ်က ပေါက်ကွဲခါနီးမီးတောင်လိုပဲ။ ဒါပေမဲ့ ချက်ချင်း ပြန်ထိန်းလိုက်တယ်။ ပြီးတော့ တိုလုလုစိတ်ကို ဆွဲဆန့်ပြီး ဇာတ်လမ်းကို ကျမသိလို့မရဘူးဆိုရင်လည်း ထားပါ၊ ဒါပေမဲ့ ဇာတ်ကွက်တစ်ခု ရောက်တဲ့အချိန် ကျမအနေနဲ့ အဲဒီဇာတ်ကွက်နဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံသိအောင် ပြောပြ ပေးလို့ရမလား။ အခုလည်း ပြောပြတာပဲလေ။ ဒီတခါတော့ ခင်ဦးဇင် မရတော့ဘူး၊ ထိန်းနေတဲ့ကြားက လေသံက မာစပြုတယ်။ ဒါပေမဲ့ အခု ကျမက ရှင်ပြောသလောက်ပဲသိပြီး၊ ရှင်ခိုင်းတာကိုပဲ လုပ်နေ ရတာဆိုတော့ အဲဒါကြီးက…။ မင်းက ဇာတ်ကောင်တစ်ကောင်ပဲလေ။ ဒါပေမဲ့ ကျမကို စာရေးဆရာမဇာတ်ကောင်အဖြစ် ရှင် ဖန်တီးထားတယ်လေ၊ ဒီတော့ စာ ဘယ်လိုရေးရတယ်၊ ဘယ်နေရာ ဘာလိုတယ်၊ ဘာကို ဘယ်လိုဇာတ်လမ်းဆင်မယ် ဆိုတာကို ကျမကသိနေတော့ အဆင်မပြေဘူး၊ ဥပမာပြရရင် ရှင်က ကျမကို ဘင်္ဂါလီတွေကို မုန်းနေတယ်လို့ ပြောတယ်၊ ဒါပေမဲ့ ဘာကြောင့် မုန်းရမယ်ဆိုတဲ့ အသေးစိတ်ကျတဲ့ အချက်အလက်ကျတော့ ရှင်က ပြည့်ပြည့်စုံစုံမပေးဘူး၊ ဘင်္ဂါလီတွေက အကြမ်းဖက်တာကိုပြသလို၊ သူတို့ အကြမ်းဖက်ခံရတာတွေကိုလည်း ရှင် ပြန်ပြထားတယ်၊ ဒီတော့ ကျမ ဒီဇာတ်လမ်းကို သဘာဝကျကျနဲ့ ဘယ်လို ရှေ့ဆက်မလဲ၊ ပြောချင်တာက ရှင်ခိုင်းတာကို ကျမ လိုက်လုပ်ဖို့ လုံလောက်တဲ့အကြောင်းပြချက်လိုတာ ရှင်လည်းသိတာပဲ။ ခင်ဦးဇင် အဲဒီလိုမရပ်မနားပြောလိုက်တော့ စာရေးဆရာက အချိန်အတိုင်းအတာတစ်ခုလောက်ကြာတဲ့အထိ ဘာမှ ပြန်မပြောပြန်ဘူး။
ကျမက ဘင်္ဂါလီတွေကို မုန်းရမယ်၊ ဘာကြောင့် မုန်းရမလဲ။ သူတို့က ကျမကို ဘာလုပ်ခဲ့သလဲ၊ သူတို့က လူတွေကို ဘာဒုက္ခတွေ ပေးနေလို့လဲ၊ ပြောချင်တာက ကျမ သူတို့ကို မုန်းဖို့ အချက်အလက် လုံလုံလောက်လောက် ရဖို့ လိုတယ်၊ အခု ရှင်ပြောခဲ့သမျှက မလုံလောက်ဘူး။ တိတိကျကျဆိုရရင် ကျမအတွက် မလုံလောက်ဘူး။
စာရေးဆရာကို ခင်ဦးဇင် အဆက်မပြတ်ပြောတယ်။ ရေတံလျှောက်ကနေ ထွက်ကျနေတဲ့ရေတွေလိုလို့ ပြောရမလား၊ စကားတွေက အဆက်မပြတ်၊ မရပ်မနားပဲ။ အဲဒီအတွက် ခင်ဦးဇင် သူ့ကိုယ်သူလည်းအံ့သြတယ်။ သူ နှုတ်သွက်လှချည်လား၊ သူ ပြောရဲလှချည်လားပေါ့။ အသံမဲ့ ပုံရိပ်သေကမ္ဘာကြီးထဲ တစ်ယောက်တည်း ငုတ်တုတ်ထိုင်နေခဲ့ရတုန်း တွေးခဲ့တဲ့အတွေးတွေက နောက်ကနေ ပြောသာ ပြော၊ ပြောချ လိုက်စမ်းလို့ အားပေးနေကြလို့များ လူက ပိုပြီးနှုတ်စ၊လျှာစရှိနေသလားပေါ့။ ဒါပေမဲ့ ပြောခဲ့တဲ့ အတိုင်းပဲ၊ စာရေးဆရာက ကနဦး ဘာစကားမှ ပြန်မပြောတော့ ခင်ဦးဇင်စိတ်ထဲ သင်း ပါးစပ်မှရှိသေးရဲ့လား တွေးမိတယ်။ အဲဒီလို တွေးနေတုန်းမှာပဲ စာရေးဆရာက ပြောနေကျ သူ့ရဲ့ လေသံစူးစူးနဲ့ ဟုတ်ပါပြီလို့ ပြန်ပြောတယ်။ ပြီးတော့ အဲဒါတွေကိုပြောရရင် ရှည်တယ်၊ ဒါပေမဲ့ အကျဉ်းချုံးတော့ ပြောရမှာ ပေါ့တဲ့။ စာရေးဆရာ ပြောတဲ့စကားကို နားထောင်နေတုန်းမှာပဲ ခင်ဦးဇင်ရဲ့ နံဘေးမှာ ရှိနေတဲ့မြင်ကွင်းက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားတယ်။ နေရာက ကွင်းပြင်ကျယ်ကြီးတစ်ခု၊ ပြီးတော့ လူတွေအများကြီးက မြက်ခင်းပြင်ပေါ်မှာထိုင်လို့။ အရှေ့မှာတော့ ပန်းတွေ၊မီးတွေနဲ့ အလှဆင်ထားတဲ့ စင်မြင့်တစ်ခု။ ဒါ တရားပွဲတစ်ခုပဲ တဲ့။ စာရေးဆရာက ခင်ဦးဇင်ကို ပြောတယ်။ တရားပွဲ၊ ခင်ဦးဇင် စာရေးဆရာရဲ့ စကားကို သံယောင်လိုက်မိတယ်။ အဲဒီ အချိန်မှာပဲ ခပ်အေးအေး အသံအောင်အောင်နဲ့ ပြောဟောနေတဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။ ဈေးချင်းယှဉ်ရင် ဗမာဆိုင်က ဈေးနည်းနည်းကြီးပြီး ကုလားဆိုင်က ဈေးပေါ့ကောင်း ပေါ့မယ်၊ ဒါပေမဲ့ သေချာတွေးကြည့်ရင် ဗမာဆိုင်မှာ ဝယ်လိုက်တဲ့ပိုက်ဆံက ဘုန်းကြီးတွေကို လှူတဲ့ဆီ၊ ဒီလိုတရားပွဲတွေ လုပ်တဲ့ဆီ၊ ဘုရားတည် ကျောင်းဆောက်တဲ့ဆီ ပြန်ရောက်မှာ၊ ကုလားဆိုင်မှာ ဝယ်လိုက်ရင်တော့ အဲဒီပိုက်ဆံတွေက လုံးဝ သွားပြီ၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးမဲ့ငွေတွေ ဖြစ်သွားပြီတဲ့။ ဒါက ဘာလဲပေါ့၊ မေးခွန်းတစ်ခုက ခင်ဦးဇင် ခေါင်းထဲကို ရောက်လာတယ်။ အဲဒီတုန်းမှာပဲ ခင်ဦးဇင်ရဲ့နံဘေးက မြင်ကွင်းက ရုတ်တရက်ပြောင်းသွားပြီး တရားပွဲနောက်တစ်ခုကို ထပ်ရောက်သွားပြန်တယ်။ သားမှတ်မှတ်၊ မယားမှတ်မှတ် ပေါင်းသင်းမယ့်ယောက်ျားတွေ ပေါတာ၊ မရှိဘူးဆို ပြော၊ သံဃာတွေ လွှတ်ပေးမယ်၊ အသောက်အစားလည်း ကင်း၊ အဲဒါကို ကုလား သွားရွေးတယ်ဗျာ၊ အဲတော့ အဲလိုမိန်းမတွေကို ပြောချင်တာက၊ အဲဒီဆန္ဒ တစ်ခုတည်းနဲ့တော့ ကုလား မယူပါနဲ့ဟာ၊ ကုလားယူမယ့်အစား ခွေးယူပါ တဲ့။ တရားဟောနေတာကို နားထောင်ရင်း မြင်ရကြားရတာတွေက ခင်ဦးဇင်အတွက် အထူးအဆန်းတွေ ဖြစ်နေတယ်။ တရားဟောနေတဲ့ ဘုန်းကြီးက စနေသလားလို့ ခင်ဦးဇင် တွေးမိတယ်။ ဒါပေမဲ့ ဘုန်းကြီးကိုကြည့်ရတာ စနေတာနဲ့ မတူဘူး၊ အတည်ပေါက်ကြီး ပြောနေတာ။ ပြီးတော့ တရားနာနေတဲ့ လူတွေကို ကြည့်ရတာလည်း အတည်ပေါက်ကြီးနာနေကြတာ။ ဘုန်းကြီးရဲ့ ပြတ်တောင်း ပြတ်တောင်း တရားသံအောက်မှာ အဆူခံရတဲ့ကလေးတွေလို တိတ်ဆိတ်နေတာတွေ၊ ပြီးတော့ တိတ်နေတဲ့ကြားက တစ်ချက်တစ်ချက် မထိန်းနိုင်ဟန်နဲ့ ခွိခနဲ ထွက်လာတဲ့ ရယ်သံသဲ့သဲ့။ ဒါက…။ နင် ငယ်တုန်းက သွားခဲ့ဖူးတဲ့ တရားပွဲတွေတဲ့။ ကျမ တရားပွဲတွေကို မသွားဖူးဘူး ထင်တယ်လို့ ခင်ဦးဇင် စိတ်ထဲကပြန်ပြောမိတယ်။ အဲဒီလို ပြောနေတာမဆုံးခင်မှာပဲ တရားပွဲမြင်ကွင်းက ခင်ဦးဇင် ဘေးကနေပျောက်သွားတယ်။ ပြီးတော့ စာသင်ခန်းတစ်ခုရဲ့ အခင်းအကျင်းတွေ ပေါ်လာတယ်။ မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုမှလူမျိုးပြုတ်မယ်၊ အဲဒါ ဘာကို ဆိုသလဲ၊ သိကြသလား။ အဖြူနဲ့အစိမ်းဝတ်ထားတဲ့ ခပ်ပိန်ပိန် ဆရာမတစ်ယောက်က အာပေါင်အာရင်းသန်သန်နဲ့ စကားတွေ ပြောနေတယ်။ ကျောင်းသား၊ ကျောင်းသူတွေကတော့ ဆရာမ ပြောနေတာကို ငေးပြီးနားထောင်လို့။
မြေမျိုရင် တစ်ယောက်ပဲ မျိုတာ၊ လူမျိုရင်ကျ…၊ ဒီမှာ လူမျိုတယ် ဆိုတာက ဘာသာခြားနဲ့ ယူ၊ ကပြားလေးတွေ မွေး၊ သူတို့ရဲ့ ဘာသာထဲကို ဆွဲသွင်း၊ အဲဒီမှာ ကိုယ့်အမျိုးဘာသာ ပျောက်၊ တွေးကြည့်၊ နောက်ဆိုရင်…။ ဘာတွေလဲ။ သူတို့ မူစလင်ကို ယူပြီဆိုတာနဲ့ အဲဒီမိန်းမက မူစလင်ဘာသာထဲဝင်ရသတဲ့၊ ပြီးတော့ ရွှေတိဂုံလို၊ မဟာမြတ်မုနိလို တန်ခိုးကြီးဘုရားရဲ့ ရုပ်ပုံတွေကို ခြေထောက်နဲ့နင်းပြရသတဲ့၊ ပြီးတော့ ကန်တော့ ကန်တော့ ဟယ်၊ ဘုရားဆင်းတုတွေ ဘာတွေကိုဆိုရင်လည်း လုံချည်နဲ့အုပ်တာမျိုး ညစ်ညစ်ပတ်ပတ်တွေလုပ်ပြရသတဲ့။ ကြောက်စရာကြီးနော်၊ တော်တော်ကို ဆိုးတာပဲ။ တွေးကြည့်ရင် နွားတွေဆိုတာ ငါတို့ကို စပါးရအောင် ကူညီပေးတဲ့တိရစ္ဆာန်တွေ၊ ကျေးဇူးရှင်တွေလေ၊ အဲဒါကို သူတို့ရဲ့ အဓိကစားတဲ့ အသားဆိုတော့၊ ဘယ်လို ပြောရမလဲ…။ စာသင်ခန်းမြင်ကွင်းတွေကနေ စကားဝိုင်းဖွဲ့ပြီး ပြောနေတဲ့ မိန်းမကြီးတွေရဲ့စကားဝိုင်းအဖြစ် ထပ်ပြောင်းသွားတယ်။ အဲဒီနောက်တော့ လှလှပပ ဝတ်ဆင်ထားတဲ့ ခပ်၀၀အမျိုးသမီးတစ်ယောက် အာပေါင်အာရင်းသန်သန်နဲ့ ဟောပြောနေတဲ့ ပွဲမြင်ကွင်းဆီ ရောက်သွားပြန်ရော။ အဲဒီမိန်းမရဲ့နောက်က ပိတ်ကားပေါ်မှာ စာပေဟောပြောပွဲ ဆိုတဲ့ စာတန်းတစ်ခုချိတ်ထားတာကို မြင်ရတော့ သူမြင်နေရတာ စာပေဟောပြောပွဲ တစ်ခုပါလားလို့ ခင်ဦးဇင် ချက်ချင်းသိလိုက်တယ်။ အဲဒီစာရေးဆရာမ ပြောနေတာတွေက ခုနတုန်းက ခင်ဦးဇင် ကြားခဲ့တာတွေနဲ့ မခြားနားဘူး။ အမျိုးကို သိဖို့၊ ဘာသာကို ကာကွယ်ဖို့၊ သာသနာကို စောင့်ရှောက်ဖို့၊ အဲဒီကမှ အပူမီးတောက်တွေတောင် တဖွားဖွားလွင့်စင်ကျလာမလား ထင်ရတဲ့ ကုလားကို မုန်းဖို့စကားတွေ။ ပြီးတော့ မူစလင်၊ မဟာမြတ်မုနိ၊ ရွှေတိဂုံ၊ အစရှိတဲ့ ခင်ဦးဇင် မသိတဲ့ နာမည်တွေ။ ခင်ဦးဇင်အဖြစ်က ဘယ်တုန်းကမှ မသွားခဲ့ဖူးတဲ့ ခရီးရှည်တစ်ခုကို ဝရုန်းသုန်းကား သွားနေရသလိုပဲ။
——————————–(ဆက်ရန်)
Be the first to comment