ခင်ဦးဇင် အပိုင်း ( ၇ )

“ခင်ဦးဇင်”
◼️ ​ရေအေး
အပိုင်း ( ၇ )
– – – – – – – – – – –
အဲဒါတွေက နင့်ငယ်ဘဝတစ်လျှောက် ကြားနာခဲ့ရ၊ သင်ယူခဲ့ရတာတွေပဲတဲ့။ ဘယ်လိုပြောရမလဲ၊ အမုန်းတွေက နင့်စိတ်အတွင်းတစ်နေရာမှာ သစ်သားထဲ ရိုက်ထည့်ထားတဲ့ သံချောင်းလို ရိုက်သွင်းခံထားရတာ၊ ဒါကြောင့် နင်က အကြောင်းပြချက်မလိုဘဲကို မူစလင်တွေကို ကြောက်နေတာ၊ ပြီးတော့ မုန်းနေတာ၊ ကုလားဆိုတာနဲ့တင် နင်က အခြားဘာကိုမှမသိတော့ဘဲ ကြောက်နေတာ၊ အဲဒီက မှ ရိုဟင်ဂျာတွေကိုပါ မုန်းကြောက်ကြီး ဖြစ်နေတာတဲ့။ ပြီးတော့ ဒါကိုကြည့် ဆိုပြီး စာရေးဆရာက ခင်ဦးဇင်ရဲ့ရှေ့မှာ ဖုန်းမျက်နှာပြင် ကို အကျယ်ချဲ့ထားတာနဲ့ ဆင်တူတဲ့ ကန့်လန့်ကာတစ်ခုကို ပေါ်အောင် လုပ်လိုက်တယ်။ အဲဒီမှာ ပေါ်လာတာက အမျိုးသမီးတစ်ယောက် ရေးတင်ထားတဲ့ စာအရှည်ကြီး။ ခင်ဦးဇင် စာကို ခပ်မြန်မြန်ကျော်ဖတ် လိုက်တယ်။ အဲဒီစာအရ သိရတာကတော့၊ သူက ရိုဟင်ဂျာတွေနေတဲ့ရွာကို အစိုးရအဖွဲ့၊ အစိုးရမဟုတ်တဲ့ အကူအညီပေးရေး အဖွဲ့တွေနဲ့ရောက်သွားတဲ့ သူပါတဲ့။ အဲဒီလို ရောက်သွားတဲ့သူတို့အုပ်စုကို အဲဒီ ရိုဟင်ဂျာဆိုတဲ့ ဘင်္ဂါလီတွေက မကြိုဆိုကြပါဘူးတဲ့၊ ရန်လိုတဲ့ အကြည့်၊ မုန်းတီးတဲ့အကြည့်နဲ့တောင် ကြည့်ကြပါသေးသတဲ့။ အဲဒီရိုဟင်ဂျာတွေ ဘယ်လောက်တောင် သွေးဆာသလဲ ဆိုတာကိုဥပမာပြရရင် ငါးနှစ်အရွယ် ကောင်လေးတစ်ယောက်က သူတို့အုပ်စု အိမ်ထဲဝင်လာတာကို မြင်တာနဲ့ တုတ်တစ်ချောင်းကို မနိုင်မနင်းဆွဲပြီး ရန်မူတော့မလို ကြည့်တယ်တဲ့။ ပြောချင်တာက အဲဒီ လူအုပ်စုတွေဟာ သွေးဆာနေတဲ့သူတွေ၊ အကြမ်းဖက်ဖို့ အသင့်ရှိနေတဲ့ သူတွေပေါ့။ စာရေးဆရာက အဲဒီလောက်နဲ့ မရပ်သွားဘူး၊ ခင်ဦးဇင်ကို အဲဒီပို့စ်ရဲ့အောက်က မှတ်ချက်ပေးထားတဲ့ စာတွေအထိ ခေါ်သွားတယ်။ အကြမ်းဖက်ကောင်တွေ၊ မွေးကတည်းက သန္ဓေပါလာတာပဲ၊ စောက်ကလေး ဝက်သားကျွေးလိုက်။ စောက်ကုလားတွေ နင်တို့အကုန် ဗမာပြည်ကထွက်သွား။ ခင်ဦးဇင် မှတ်ချက်တွေ ဖတ်နေတုန်းမှာပဲ အဲဒါတွေပျောက်သွားပြီး နောက်ထပ် စာအရှည်ကြီးတစ်ခု ပေါ်လာတယ်။ စာက အင်ဒင်းဆိုတဲ့ရွာမှာ ဖြစ်ခဲ့တဲ့ ဘင်္ဂါလီတွေ အသတ်ခံရတဲ့ကိစ္စကို သတင်းရေးခဲ့တာကြောင့် သတင်းထောက်နှစ်ယောက်ကို ဆုချီးမြှင့်တဲ့ အကြောင်းသတင်း။ စာရေးဆရာက မြန်မြန်ပဲ ခင်ဦးဇင်ကို မှတ်ချက်တွေဆီ ခေါ်သွားတယ်။ နိုင်ငံ့သစ္စာဖောက်တွေ၊ နိုင်ငံကိုဒေါ်လာနဲ့ရောင်းစားတဲ့ သူတွေ၊ မင်းတို့ရတဲ့ဆုကို လီးတောင် ဂုဏ်မယူဘူး၊ မျိုးချစ်စိတ် မရှိတဲ့ ခွေးတွေ။ မှတ်ချက်တစ်ခုစီတိုင်းက ဒေါသတွေအပြည့်ထည့်ထားတဲ့ အိုးတွေလိုပဲ။ တစ်ခုချင်းစီကို ဖတ်နေရင်းကပဲ ဘာကိုပြောချင်တာလဲလို့ ခင်ဦးဇင် စာရေးဆရာကို မေးလိုက်တယ်။ အဲဒီမှာ စာရေးဆရာက နင်က အဲဒီလိုလူတွေထဲကတစ်ယောက်ပဲ တဲ့။ ငါပြောတာကို နင် နားလည်သလား၊ နင်က အဲဒီလိုသင်ကြားခံခဲ့ရပြီး၊ အဲဒီလူတွေလို မုန်းနေတာ၊ မုန်းတာဆိုတာတောင် ကြောက်စိတ်ကနေလာတဲ့ အမုန်း၊ အခွင့်အရေးရရင် လူမဆန်ဖို့ဝန်မလေးတဲ့ အမုန်းမျိုး၊ အဲဒီအတွက် နင်ကလည်း ဝတ္ထုရေးဖို့ ကြိုးစားတာ၊ ပြောချင်တာက အဲဒီလူမျိုးတွေကို တိုက်ထုတ်၊ ဖယ်ရှားဖို့ကို တာဝန်တစ်ခုလို့သတ်မှတ်ပြီး နင်နိုင်တဲ့ ဝန်ကို ဝင်ထမ်းတာမျိုးပဲ တဲ့။
နင် ဒီလောက်ဆို ကျေနပ်ပြီလား၊ ရိုဟင်ဂျာတွေကို မုန်းလို့ ရပြီလား။ စာရေးဆရာ ခေါ်တဲ့နောက်ကို မြားဦးချွန်နောက်ကမြားတံလို အဆက်မပြတ် လိုက်နေရတဲ့ ခင်ဦးဇင်၊ စာရေးဆရာမေးတဲ့ မေးခွန်းကို ရုတ်တရက် ဘာပြန်ဖြေရမယ်မသိဘူး။ စာရေးဆရာ ပြသမျှကို အဆောတလျင် လိုက်ကြည့်ရင်း လူက အတွေးတွေ ဗလောင်ဆူပြီး ဆွံ့အ,သလို ဖြစ်နေခဲ့တာ။ ခဏက ပေါက်ကွဲလုလုမီးတောင်လို ဒေါသကလည်း မီးတောင်သေတစ်ခုလို ငြိမ်သွားပြီ။ အဲဒီမှာ စာရေးဆရာက ခင်ဦးဇင်ရဲ့တုံ့ပြန်စကားကို စောင့်မနေဘူး၊ ချက်ချင်း လို ဒါဆို အခုတော့ ငါတို့ ရှေ့ဆက်ဘာဆက်ဖြစ်မယ် ဆိုတာကိုပဲ သွားလိုက်ကြမယ်လေလို့ ပြောတယ်။ ပြီးတော့ ခင်ဦးဇင် ဘာတစ်ခုမှပြန်မပြောနိုင်ခင်မှာပဲ အခု ဖြစ်သွားမှာက သုံးရက်တာကာလအတွင်း ဆိုပါတော့လို့ စကားဆက်တယ်။ စာရေးဆရာရဲ့စကားကို ခင်ဦးဇင် နားထောင်နေတုန်းမှာပဲ ရုပ်ရှင်တွေထဲ အချိန်တွေအလျင်အမြန်ကုန်ဆုံးသွားတာကို ပြတဲ့ ပြကွက်တွေလိုမျိုး အလင်းနဲ့အမှောင်က တစ်လှည့်စီ ခုန်ပေါက်သွားကြတယ်။ နင့်အမေက ဒါတွေဝတ်နေပြီ တဲ့။ ခင်ဦးဇင်မျက်စိရှေ့ လျှပ်ပြက်သလို ပေါ်လာတဲ့ အမေက အပေါ်အင်္ကျီ ခါးရှည်ရင်စေ့ကိုမှ ခေါင်းကိုက ပုံတွေထဲတွေ့ရတဲ့ ဘင်္ဂါလီအမျိုးသမီးတွေလိုမျိုး ပဝါခြုံထားတာ။ စာရေးဆရာက ဘာကို ပြောချင်နေတာလဲ။ ခင်ဦးဇင်ရဲ့အမေကို ဘင်္ဂါလီဖြစ်သွားပြီလို့ ဆိုလို ချင်တာလား။
နင် ကြောက်ရမှာ၊ အခု နင်ဖြစ်ရမဲ့ ခံစားချက်က ကြောက်ရမှာ တဲ့။ ဘင်္ဂါလီတွေကို ကြောက်တဲ့၊ မုန်းတဲ့ အမျိုးသမီးတစ်ယောက်၊ ဘင်္ဂါလီတွေ မုန်းစရာကောင်းတဲ့ အကြောင်း ဝတ္ထုရေးဖို့ ပြင်နေရင်း၊ သူ့ကိုယ်သူ ဘင်္ဂါလီအိမ်မှာ ရောက်နေတယ်လို့ ခံစားနေရတာ၊ ပြီးတော့ သူ့အမေကိုယ်တိုင်ကို ဘင်္ဂါလီတစ်ယောက်လို့ သံသယဝင်နေတာ။ ဟုတ်တာပေါ့၊ သူ အခု ကြောက်ရမှာပေါ့လို့ ခင်ဦးဇင် တွေးတယ်။ ပြီးတော့ ဆက်တွေးမိတာက လူတစ်ယောက် ကြောက်ရင် ဘာတွေဖြစ်မလဲပေါ့။ နင် ညဘက် အိပ်မပျော်ဘူး၊ အိပ်ပျော်ရင်လည်း အိပ်မက်ဆိုးတွေ၊ ပြီးတော့ အူကြောင်ကြောင် အိပ်မက်တွေ မက်ပြီး နိုးလာမယ်၊ ရင်တွေ တလှပ်လှပ်တုန်နေမယ်၊ လူက အန်ချင်နေသလိုပဲ၊ အဲဒါတွေအပြင် နင် ဖြစ်နေတဲ့စိတ်က မသေချာတာ၊ ဘာဖြစ်နေတယ်ဆိုတာ မသေချာတာ၊ နင့်မှာ သံသယတွေ ရှိနေတာ၊ ဒီတော့ အဲဒီသံသယကခိုင်းတဲ့အတိုင်း နင် လိုက်လုပ်နေရမှာ တဲ့။ သံသယတဲ့၊ လူတစ်ယောက် သံသယဝင်ရင် ဘာတွေလုပ်မလဲ၊ စာရေးဆရာရဲ့စကားကို ကြားပြီး ခင်ဦးဇင် စဉ်းစားတယ်။ သူ မသင်္ကာတဲ့လူနောက်ကို ဘာလုပ်နေသလဲ ဆိုပြီးလိုက်ချောင်းမယ်၊ ပြီးတော့ အဲဒီလူတွေ ဘာပြောနေသလဲခိုးနားထောင်မယ်၊ ပြီးရင် အဲဒီလူတွေနေတဲ့ နေရာတွေကိုခိုးဝင်ပြီး တစ်ခုခုတွေ့လိုတွေ့ငြား ဟိုဟိုဒီဒီလိုက်ရှာမယ်။ ဟုတ်တယ်၊ နင် အဲဒါတွေ လုပ်ရမယ်။ ကျမက အဲဒါတွေ လုပ်ပြီ ထားပါးတော့၊ ဒါဆို ဘာတွေ တွေ့ သလဲ။ ကအ်ဘာကျောင်းတော်ပုံ၊ နင့်အမေအခန်းထဲက နံရံမှာ ချိတ်ထားတဲ့ ကအ်ဘာကျောင်းတော်ပုံ။ ကအ်ဘာကျောင်းတော် ဆိုတာက…။ ဟုတ်တယ်၊ အစ္စလာမ်ဘာသာဝင်တွေ ဘုရားဖူး သွားကြတဲ့နေရာလေ၊ သူတို့ ပြောကြတယ်မလား၊ ဟာဂျ် သွားတယ် လို့၊ အဲဒီနေရာပေါ့။ ကျမ မသိဘူး။
အချိန်တွေကတအိအိနဲ့ ဘယ်လိုကုန်သွားမှန်း မသိဘူး၊ စာရေးဆရာ ခိုင်းတဲ့အတိုင်း ကြောက်လိုက်ရ၊ မုန်းလိုက်ရ၊ အံ့သြလိုက်ရနဲ့ လိုက်လုပ်နေခဲ့ရတဲ့ ခင်ဦးဇင်၊ စာရေးဆရာက ဒီနေ့ဒီလောက် ပဲ၊ နောက်နေ့မှ ဆက်တာပေါ့လို့ ပြောတော့ တော်တော်ကြီး ဖလက် ပြနေပြီး နားလိုက်ဖို့ပဲ။ ဒါပေမဲ့ တစ်ယောက်တည်း ကျန်ခဲ့တဲ့နောက် ဘာမှ လုပ်မရတဲ့အဆုံး ခင်ဦးဇင်ရဲ့စိတ်က ဆက်တွေးနေရတယ်။ သူပါဝင်အသုံးတော်ခံနေရတဲ့ ဝတ္ထုကို မြန်မြန်ပြီးသွား အေးတာပဲလို့ တွေးမိသလို၊ စာရေးဆရာက ဘာကိုရေးချင်လို့ ငါ့ကို ဒီလိုဇာတ်လမ်း ဆင်ရတာလဲ၊ ဝတ္ထုရဲ့ အာဘော်က ဘာလဲ ဆိုတဲ့မေးခွန်းက တိမ် ကင်းစင်တဲ့ လပြည့်ညမှာ မြင်ရတတ်တဲ့ လမင်းကြီးလို ခေါင်းထဲ ထင်ထင်ရှားရှား ပေါ်နေတယ်။ ပြီးတော့ သူက ဘယ်သူလဲ၊ ဘယ်ကနေ လာသလဲ၊ ဘယ်လို လုပ်ပြီး စာရေးဆရာရဲ့ ဝတ္ထုထဲကို ရောက်လာရသလဲ ဆိုတဲ့ မေးခွန်းတွေကောပဲ။ ခင်ဦးဇင်က စာရေးဆရာ ဇာတ်ကောင်ဖြစ်နေလို့ စာရေးဆရာတွေ တွေးသလို တွေးနေတာဆိုပြီး စာရေးဆရာက ပြောတယ်။ ဒါပေမဲ့ တရားပွဲတွေ၊ မဟာမြတ်မုနိတွေ၊ ရွှေတိဂုံတွေ၊ ပြီးတော့ ကအ်ဘာကျောင်းတွေကို မသိတာကျတော့ရော ဘာကြောင့်လဲ၊ အဲဒါတွေက ဝတ္ထုကမ္ဘာထဲက အဆာက်အဦတွေမို့ မသိတာလား။ ဒါဆိုရင် စာရေးပုံ ရေးနည်း၊ တွေးပုံတွေးနည်းတွေကိုကျ သူက ဘာလို့ သိနေတာလဲ။ သူက တကယ်ပဲ စာရေးဆရာ အစစ်လား။ တကယ်ဆို သူက စာရေးဆရာဇာတ်ကောင်မို့ စာရေးပုံ ရေးနည်းတွေကို သိနေရမယ်ဆိုရင် ဝတ္ထုကမ္ဘာထဲမှာ ပါနေတဲ့ အဲဒီ နာမည်တွေကိုလည်း သိနေသင့်တယ် မဟုတ်ဘူးလား။ ဘာလဲ၊ သူက ဘာလဲ၊ သူက ဘယ်က လာခဲ့တာလဲ၊ ပြီးတော့ သူ ဘယ်လို စာရေးဆရာရဲ့ ဝတ္ထုထဲကို ရောက်လာရတာလဲ။
(၅)
နင် အခု အိမ်မှာ မဟုတ်တော့ဘူး၊ နင် ရခိုင်ပြည် မြောက်ပိုင်းကို ရောက်နေပြီ တဲ့။
ရောက်ရောက်ချင်း ဆောက်နဲ့ ထွင်းလိုက်သလိုပဲ။ စာရေးဆရာက ခင်ဦးဇင်ကို ပြောတယ်။ ဒီမှာကြည့်၊ ဒါက နတ်မြစ်၊ ရိုဟင်ဂျာတွေက မြန်မာပြည်ဘက်ခြမ်းမှာ အသတ်ခံရလို့ ဒီမြစ်ကြီးကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးကြတာ တဲ့။ စာရေးဆရာ ပြတဲ့ ဖုန်းမျက်နှာပြင်မှာ Naf River ဆိုပြီး အင်္ဂလိပ်လိုရေးထားတဲ့ စာတချို့ကို မြင်ရတယ်၊ ဘင်္ဂလားတောင်ပိုင်းနဲ့ မြန်မာပြည်ကြားက နယ်ခြား မြစ်တစ်စင်းတဲ့။ ပြီးတော့ ငါးဖမ်းသမားတွေ၊ ဒုက္ခသည်တွေနဲ့ ဆက်စပ်ပြီး နတ်မြစ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့အချို့အဖြစ်အပျက် အကျဉ်းချုပ်တွေ။ နင် ဒါတွေ သိပ်သိစရာတော့ မလိုပါဘူး၊ ဒါတွေကြည့် တဲ့။ ပြောရင်း ပုံရိပ်များဆိုတဲ့ နေရာကို နှိပ်လိုက်တော့ နတ်မြစ်ရဲ့ လှပတဲ့ ရှုခင်းပုံတွေတစုတဝေး ပေါ်လာတယ်။ အဲဒီပုံတွေကို ကြည့်ပြီး ဘယ်လောက်တောင် လှတဲ့မြစ်လဲလို့ ခင်ဦးဇင် ပြောမိတယ်။ စင်ရော် တွေ ပျံနေတာ၊ ပြီးတော့ နေဝင်ဆည်းဆာချိန် နီဝါရောင်အလင်းတွေ ဖြာဆင်းနေတဲ့ရေပြင်နဲ့ အဲဒီ ရေပြင်ပေါ်က ငါးဖမ်းလှေတစ်စီး။ ခင်ဦးဇင် ကြည့်နေတုန်းမှာပဲ ပုံတွေက ရုတ်တရက်ပြောင်းသွားပြီးတော့ ဘင်္ဂါလီတွေ နတ်မြစ်ကို ဖြတ်လို့ ဘင်္ဂလားဒေ့ရှ်ဘက် သွားနေတဲ့ပုံတွေ ပေါ်လာတယ်။ မြစ်ကမ်းစပ် ရွှံ့နွံတောထဲမှာ၊ ပြီးတော့ ကမ်းပါးစောက်ကို ဆင်းနေ၊ တက်နေကြတဲ့ အဘွားအို၊ အဘိုးအို၊ အချင်းချင်း လက်တွဲထားတဲ့ ကလေးငယ်တွေ၊ အဝတ်ထုပ်ကို ရွက် ထားတဲ့ ကိုယ်ဝန်သည်တွေ၊ ပြီးတော့ ပစ္စည်းတွေကို ချီမထမ်းပိုးထားတဲ့ ပိန်လှီလှီ၊ မည်းမည်းသည်းသည်း ယောက်ျားတွေ။ အချို့ပုံတွေက အရင်တခါ ပြဖူးတဲ့ပုံတွေ ဆိုတာကို ခင်ဦးဇင် မှတ်မိနေတယ်။ ကြည့်နေတုန်းမှာပဲ စာရေးဆရာက မောင်တောဆိုတဲ့ စကားလုံးကို ရှာဖွေသေတ္တာထဲ ရေးပြီးတော့ နံဘေးက ရှာဖွေဆိုတဲ့စကားလုံးကို နှိပ်လိုက်တယ်။ အဲဒီမှာ မောင်တောရဲ့ မြို့ပြမြေပုံ အသေးစိတ်နီးပါးက ခင်ဦးဇင်ရှေ့မှာ ဖျတ်ခနဲပေါ်လာတယ်။ ဈေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဗလီနဲ့ လမ်းတွေရဲ့ အချိုးအကွေ့တွေ။ မောင်တောရဲ့ အနောက်ဘက်မှာတော့ ခုနက ခင်ဦးဇင် ဓာတ်ပုံတွေထဲ မြင်ခဲ့ရတဲ့ နတ်မြစ်၊ ပြီး နတ်မြစ်ရဲ့ ဟိုဘက်ကမ်းမှာ အနီးဆုံးတွေ့ရတာက Nayapara Refugee Campဆိုတဲ့ ဒုက္ခသည်စခန်း။ နာရာပရာလို့ အသံထွက်မယ် ထင်တယ်လို့ စာရေးဆရာက ခင်ဦးဇင်ကို ပြောတယ်။ ပြီးတော့ လီဒဒုက္ခသည်စခန်း (Leda Refugee Camp) ၊ အန်ချိပရန် ရိုဟင်ဂျာဒုက္ခသည်စခန်း (Unchiprang Rohingya Refugee Camp)၊ ကူတူပါလောင်ဒုက္ခသည်စခန်း (Kutupalong Refugee Camp) တွေကို စီကာစဉ်ကာ တွေ့ရတယ်။ အဲဒါတွေ အားလုံးက ကော့ဘဇား-တီနက်ခ် အဝေးပြေးလမ်းတစ်လျှောက်ပေါ်မှာ ဆိုပါတော့။
စာရေးဆရာမ မိုးမိုး-အင်းလျားက သူ့ရဲ့ နာမကျန်းသည် အိုနှင်းဆီ ဝတ္ထုထဲမှာ ရန်ကုန်မြို့မြေပုံကို ခဲတံနဲ့ ဝိုင်းပြီး ဘယ်နေရာမှာဘာဖြစ်နေတယ်လို့ စာရေးဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးဇာတ်ကောင်ကို ရေးခဲ့တာ၊ သူတို့ခေတ်တုန်းကတော့ မြေပုံပေါ့၊ အခု ငါတို့ကျတော့ ရိုးရိုးမြေပုံ ရှာစရာမလိုတော့ဘူး၊ ဖုန်းဖွင့်ပြီး ဂူဂဲလ်မြေပုံမှာ ရှာလိုက် ရုံပဲ၊ အခု ဒါတွေကလည်း ဒီဝတ္ထုကို ရေးဖို့ ရှာထားတာ၊ အမှန်တော့ နင် သိဖို့မလိုဘူး၊ ငါ သိရင် ရပြီ၊ ဒါပေမဲ့ နင် အကုန်သိချင်တယ်ဆိုလို့ ငါက ပြလိုက်တာ တဲ့။ ကဲ အခု ငါတို့ ဝတ္ထုထဲကိုသွားရအောင်၊ ပြောခဲ့ပြီးသလိုပဲ နင်က ရခိုင်ပြည် မြောက်ပိုင်းကနေ နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဘက်ပြေးနေတဲ့လူတန်းကြီးထဲ ရောက်နေပြီ၊ ရိုဟင်ဂျာတွေ ကြားထဲမှာပေါ့၊ နင့်ကိုယ်နင်က ရခိုင်မှန်း သိတယ်၊ ဒါပေမဲ့ သူတို့က မသိဘူး၊ နင့်ကို ဘင်္ဂါလီလို့ပဲ သိထားတာ၊ အဲဒီ အတွက် နင့်စိတ်ထဲမှာ စိုးရိမ်တာတွေ ဖြစ်နေတယ်၊ သူတို့က နင့်ကို ရခိုင်အမျိုးသမီးတစ်ယောက်မှန်း သိသွားမှာ၊ ပြီးတော့ နင့်အသက်ကို ရန်ရှာမှာ၊ နင် စိုးရိမ်နေတယ်။ အဲဒီအတွက် နင် အဲဒီလူတန်းကနေ ထွက်ပြေးဖို့ အခွင့်သာမဲ့ အချိန်ကို ချောင်းနေတာ၊ အဲဒါ နင် လတ်တလော ဖြစ်နေတဲ့ အခြေအနေပဲ။ အခု ငါတို့ စလိုက်ကြရအောင် တဲ့။
-–- -––- ဆက်ရန် -–- -––-
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*