
“ခင်ဦးဇင်”

အပိုင်း ( ၈ )
– – – – – – – – – – –
စာရေးဆရာကပြောနေတုန်းမှာပဲ ခင်ဦးဇင်နံဘေးက မြင်ကွင်းတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားတယ်။ ရေစပ် မတိမ်မနက်နေရာမှာ ဆိုက်ထားတဲ့ လှေတစ်စင်း၊ ပြီးတော့ လှေပေါ်ကနေဆင်းလို့ ကမ်းစပ်ဘက်ကို ဦးတည်ပြီး ရေထဲ ယိမ်းယိမ်းထိုးထိုးလျှောက်နေကြတဲ့ လူတန်းကြီး၊ ခင်ဦးဇင်ရဲ့အရှေ့မှာက အထုပ်တစ်ထုပ်ကို ရွက်ထားတဲ့ ဗိုက်ကြီးသည် မိန်းမတစ်ယောက်၊ အဲဒီမိန်းမရဲ့ ရှေ့မှာက အဘွားအိုတစ်ယောက်ကို ပွေ့ချီထားတဲ့ ကျောပြောင်ယောက်ျားတစ်ဦး။ ခင်ဦးဇင် အနောက်ကို လှည့်ကြည့်လိုက်တယ်။ ညှိုးငယ်နေ၊ ထိတ်လန့် နေတဲ့ မျက်နှာတွေနဲ့ မိန်းမတွေ၊ ယောက်ျားတွေ၊ ကလေးတွေ။ လှေပေါ် ကနေ ရေထဲကို စွပ်ခနဲခုန်ဆင်းလာတာ၊ ရေစိုလုံချည်တွေတုပ်နှောင်ထားတဲ့ကြားက အားတင်းရုန်းကန်ပြီး ကမ်းစပ်ဘက်ကို လာနေကြတာ၊ မြစ်ကမ်းရဲ့ ဟိုဘက်မှာတော့ ပုရွက်ဆိတ်အုံလို စုစုဖြစ်နေတဲ့ လူတွေ၊ ဒီဘက်ကမ်းကို ကူးဖို့ လှေစောင့်နေတဲ့ လူတွေ။ နယ်မြေ ရှင်းလင်းရေးလုပ်တဲ့ ဗမာစစ်တပ်ကြောင့် ထွက်ပြေးလာခဲ့ကြတာတဲ့။ စာရေးဆရာက ပြောတယ်။ သနားစရာပဲ၊ သနားစရာ လူသတ္တဝါတွေပဲလို့ ခင်ဦးဇင် တွေးလိုက်မိတယ်။ သူတို့တွေ ဘယ်လောက်တောင် ထိတ်လန့်နေမလဲပေါ့။ ဒါပေမဲ့ စာရေးဆရာရဲ့ အပြောအရ သူတို့တွေက အကြမ်းဖက်တွေတဲ့။ ရဲစခန်းတွေကို မီးရှို့ခဲ့တာ၊ ပြီးတော့ သူတို့နဲ့မတူတဲ့ အခြားလူမျိုးစုတွေကို သတ်ဖြတ်ခဲ့တာ၊ သီတာထွေးကို မုဒိမ်း ကျင့်ခဲ့တာ။ မဟုတ်သေးပါဘူး၊ အဲဒါတွေကို ဗိုက်ကြီးသည်မိန်းမက လုပ်ခဲ့တာလား၊ ပြီးတော့ ပွေ့ချီပြီးအခေါ်ခံလာရတဲ့ အဘွားအိုက လုပ်ခဲ့တာလား၊ ပြီးတော့ အမေရဲ့ရင်ခွင်ထဲက ငါးနှစ်တောင်မပြည့်သေးတဲ့ကလေးက လုပ်ခဲ့တာလား။ နင် အဲဒါတွေ မတွေးနေနဲ့၊ နင် သူတို့ကို မသနားရဘူး၊ နင် ကြောက်ရမှာ တဲ့။ စာရေးဆရာက ခင်ဦးဇင်ရဲ့ အတွေးတွေကို ချက်ချင်း ကန့်ကွက်တယ်။ ပြီးတော့ နင် နင့်ခံစားချက်ကို သေချာ ပြန်တွေးကြည့်စမ်း၊ နင့်ရဲ့ အမှန်တကယ်စိတ်က ကြောက်နေတာ၊ အခု သနားတယ်ဆိုတာက နင် ကျိုးကြောင်းဆင်ခြင်မှုအရ ဖြစ်သင့်တာကိုတွေးပြီး တည်ဆောက်ထားတာ၊ အမှန်က နင့်စိတ်ထဲမှာ ကြောက်ရမှာ၊ ဇာတ်ကောင်စရိုက်အရ ကြောက်နေရမှာ ဆိုပြီး စကားဆက်တယ်။ အဲဒီမှာ ခင်ဦးဇင် သူ့ ခံစားချက် အစစ်အမှန်ကဘာလဲဆိုပြီး ပြန်တွေးကြည့်တယ်၊ အနုလုံ ပဋိလုံ သုံးသပ်ကြည့်တယ်။ အဲဒီမှာ စာရေးဆရာရဲ့အပြောအရ တမင် တည်ဆောက်ထားတယ် ဆိုတဲ့ လူလူချင်းသနားစိတ်ရဲ့ နောက်မှာ ပုန်းလျှိုးကွယ်လျှိုး ရှိနေတဲ့ ကြောက်စိတ်မွှားမွှားလေးကို သွားတွေ့ တယ်။ ဒါနဲ့ ဟုတ်တယ်၊ ကျမ နည်းနည်းတော့ ကြောက်နေတယ်လို့ စာရေးဆရာကို ပြန်ပြောတယ်။ ဟုတ်တယ်၊ နင် ကြောက်ရမှာ၊ နင်က ရခိုင်၊ သူတို့က ရိုဟင်ဂျာတွေ၊ မတူဘူး၊ နင့်ရှေ့က ဗိုက်ကြီးသည် အမျိုးသမီးက နင့်ကို အချိန်မရွေးအသက်အန္တရာယ် ပေးနိုင်တယ်၊ အဲဒီလိုပဲ နင့်နှစ်ယောက်ခြားက ငါးနှစ်သားကလေး၊ အဲဒီကလေး ကလည်း နင် ရခိုင်မှန်းသိသွားတာနဲ့ အချိန်မရွေး ဒုက္ခပေးမှာ၊ နင် မှတ်မိတယ်မလား၊ နင့်ကို ငါ ပြဖူးတယ်လေ၊ ရိုဟင်ဂျာရွာတွေကို ကူညီဖို့ သွားတဲ့အဖွဲ့ကို ငါးနှစ်သားကလေးကတုတ်ဆွဲပြီး ရန်လိုတဲ့အကြည့်နဲ့ ကြိုဆိုတယ် ဆိုတာ၊ နင် မှတ်မိပါတယ်၊ အဲဒါတွေက နင့်ခေါင်းထဲ ရောက်နေတာ၊ အဲဒီအတွက် နင် ကြောက်နေရမှာ၊ ပြီးတော့ နင် ထွက်ပြေးဖို့ကြိုးစားနေရမှာ၊ နင် ရွတ်ကြည့်စမ်း၊ ငါ ဒီက ထွက်ပြေးရမယ်၊ ငါ အန္တရာယ်ရှိတယ်၊ ငါ ထွက်ပြေးရမယ်၊ ငါ အန္တရာယ် ရှိတယ်၊ အဲဒါကို အဆက်မပြတ် ရွတ်စမ်း တဲ့။ စာရေးဆရာက ခိုင်းတယ်။ ပထမတော့ မရွတ်ချင်ဘူးလို့ ခင်ဦးဇင် တွေးတယ်။ ဒါပေမဲ့ တစီစီနဲ့ အဆက်မပြတ်ကြားနေရတဲ့ စာရေးဆရာရဲ့ အသံစူးစူးထဲမှာ ကြောက်စရာအရိပ်တွေပါနေတယ်လို့ ခင်ဦးဇင် ခံစားနေရတယ်၊ ငါ့ဝတ္ထု၊ ငါ့ဇာတ်ကောင်၊ ငါ ခိုင်းတဲ့အတိုင်း လုပ်ရမယ်၊ ငါ ခိုင်းတာ မလုပ်ရင်တော့…ဆိုတဲ့ ပိုင်စိုးပိုင်နင်း အငွေ့အသက်မျိုးလို့ ပြောရမလား၊ ဒါမှမဟုတ် ငါ့ဝတ္ထုကလွဲရင် ကျန်တာ ငါဘာကိုမှမျက်လုံးထဲမထားဘူး ဆိုတဲ့ ဝတ္ထုဖန်တီးသူတစ်ယောက်ရဲ့အတ္တလို့ ပြောရမလား။ အမှန် ခင်ဦးဇင် ခံစားမိနေတာက အဲဒါတွေထက် ဆိုးတဲ့ အငွေ့အသက်မျိုး၊ ကြောက်လန့်စရာ၊ ရွံစရာ၊ ပြီးတော့ ခိုင်းတာကို မလုပ်ဘဲမနေနိုင်ရဲအောင် တစ်စုံတစ်ခု စီးပိုးပါဝင်နေတဲ့ ဟန်ပန်အသံ၊ ဒါနဲ့ ခင်ဦးဇင် စာရေးဆရာ ခိုင်းတဲ့အတိုင်း ရွတ်ရတယ်။ ငါ ဒီက ထွက်ပြေးရမယ်၊ ငါ အန္တရာယ်ရှိတယ်၊ ငါ ထွက်ပြေးရမယ်၊ ငါ အန္တရာယ် ရှိတယ်လို့ပေါ့။ ပြီးတော့တစ်ချိန်တည်းမှာ သူ ထွက်ပြေးရမှာက စာရေးဆရာရဲ့လက်ထဲကနေ ဆိုတဲ့ အတွေးကိုမတွေးမိအောင် အာရုံလွှဲရတယ်။ မဟုတ်ရင် အဲဒီ အတွေးကို စာရေးဆရာ ဖတ်မိသွားရင် သူ့အတွက် ဒုက္ခများနိုင်တယ် မဟုတ်လား။
သမီး တစ်ယောက်တည်းတတွတ်တွတ်နဲ့ ဘာတွေရွတ်နေ တာလဲ။ ခင်ဦးဇင်ရဲ့ နားထဲကို စာရေးဆရာရဲ့ အသံစူးစူး လေယူလေသိမ်းနဲ့မတူတဲ့ မိန်းမသံတစ်သံ ဝင်လာတယ်။ တချိန်တည်းမှာပဲ ခင်ဦးဇင်ရဲ့ပတ်ပတ်လည်က လူတွေ၊ မြစ်ပြင်၊ လှေ၊ စတဲ့ အရာတွေ အားလုံး ရုတ်တရက် ပျောက်သွားပြီးတော့ ခင်ဦးဇင်ရဲ့ အိမ်ဆိုတဲ့နေရာနဲ့ အမေဆိုတဲ့အမျိုးသမီးကို တွေ့လိုက်ရတယ်။ ကန့်လန့်ကာ ဖျတ်ခနဲချလိုက်တဲ့အချိန် ဇာတ်စင်ပေါ်မှာရှိတဲ့ အရာတွေ အကုန်ပျောက်သွားပြီး ဇာတ်ဝင်ခန်းအသစ် ပြောင်းသွား သလိုမျိုးလို့ ပြောရမလားပဲ။ အမေဆိုတဲ့အမျိုးသမီးက ခင်ဦးဇင်ကို ကရုဏာသက်သလို ကြည့်နေတယ်။ သမီး ဘာတွေ ပြောနေတာလဲ တဲ့။ ထပ်မေးပြီး တစ်စုံတစ်ခုကို စူးစမ်းသလိုမျက်နှာနဲ့ ခင်ဦးဇင်ရဲ့အနားကို ကပ်လာတယ်။ သူ ဘာဖြေရမှာလဲ၊ ခင်ဦးဇင်တွေးတယ်။ ခင်ဦးဇင်ရဲ့ နှာခေါင်းထဲမှာ ခပ်စူးစူးပေါင်ဒါနံ့က စူးခနဲဝင်လာတယ်။ ပြီးတော့ အမေရဲ့မျက်လုံးမှာ ချယ်ထားတဲ့ အနက်ရောင်တွေ။ အမေက တကယ်ပဲ ရခိုင်လား။ နောက်ခံ အခင်းအကျင်းက ဘာကြောင့် ရုတ်တရက်ပြောင်းသွားတာလဲ။ ဟန်ကိုယ့်ဖို့ထိန်းပြီး ဘာမှမဖြစ်ပါဘူးလို့ဖြေလိုက်ဖို့ ခင်ဦးဇင် တွေးတယ်။ နင့်အမေကို မောင်းထုတ်လိုက်။ စာရေးဆရာရဲ့ အသံစူးစူးက ခင်ဦးဇင်နားထဲဝင်လာတယ်။ အနားမကပ်နဲ့။ ခင်ဦးဇင် အမေဆိုတဲ့အမျိုးသမီးကို ပြောလိုက်တယ်။ သမီး။ အမေ ဆိုတဲ့အမျိုးသမီးက ပိုပြီးစိုးရိမ်တဲ့ပုံ ပေါက်လာတယ်။ ပြီးတော့ ခင်ဦးဇင်ရဲ့အနားကို တစ်ယောက်ယာက် တွန်းပို့လိုက်သလို ဝရုန်းသုန်းကားကပ်လာတယ်။ သွား၊ ထွက်သွား၊ စောက်ဘင်္ဂါလီမ။ နားထဲကြားရတဲ့ စာရေးဆရာပြောနေတဲ့အတိုင်း ခင်ဦးဇင်အော်လိုက်တယ်။ အဲဒီတုန်းမှာ အမေက ရုပ်သေကားချပ်တစ်ခုလို ခဏ ငြိမ်ကျသွားတယ်။ ခင်ဦးဇင်ရဲ့ နှာခေါင်းထဲမှာ သူ့အမေရဲ့အနံ့လို့ သတ်မှတ်ထားတဲ့ ပေါင်ဒါနံ့ စူးစူးကတော့ ပျံ့နေတုန်း။ ပြီးတော့ ဘယ်သူပြောနေမှန်းမသိတဲ့ သူ သိသွားပြီ၊ သူ သိသွားပြီ ဆိုတဲ့ စကားပြောသံကိုလည်း အဆက်မပြတ် ကြားနေရတယ်။
စာရေးဆရာက ငါ့ကိုဘာလုပ်ချင်နေတာလဲ၊ ဝတ္ထုတစ်ပုဒ်မှာ ဆက်တင်တွေက အဲဒီလိုခုန်ကူးလို့ရသလား၊ အတွေးတွေက ခင်ဦးဇင်ရဲ့ခေါင်းထဲမှာဗလောင်ဆူနေတယ်။ အခုတင် အိမ်မှာရှိနေရင်းက အခုတင်မှာပဲ နတ်မြစ်ကမ်းရဲ့နံဘေးကို ပြန်ရောက်သွားတယ်။ ပြီးတော့ ချက်ချင်းပဲ အိမ်ကို ပြန်ရောက်လာတယ်။ နံဘေး ပတ်ပတ်လည်မှာကလည်း ဘင်္ဂါလီစကားသံတွေကို အဆက်မပြတ် ကြားနေရတယ်။ သမီး ဆိုပြီး အမေက ခေါ်လိုက်တာ၊ ငါ့ညီမ အဆင်ပြေရဲ့လား ဆိုပြီး ကိုယ်တိုင်ကိုက ငိုသံလိုအသံမျိုးနဲ့ နတ်မြစ်ဘေးက မိန်းမ တစ်ယောက်က မေးလိုက်တာ၊ ပြီးတော့ နင် ကြောက်ရမယ်၊ နင် သံသယဝင်ရမယ် ဆိုပြီး စာရေးဆရာက နံဘေးကနေ အဆက်မပြတ် တတွတ်တွတ် ပြောနေတာ။ အဖြစ်အပျက်တွေက မြန်မြန် ရစ်လိုက်တဲ့ ရုပ်ရှင်ပိတ်ကားပေါ်က အရုပ်တွေလိုပဲ၊ တလှုပ်လှုပ်နဲ့ ရွေ့လျားပြီးပြောင်းနေကြတယ်။ နောက်တော့ ရုတ်တရက်ကြီး အမှောင်ကျသွားပြီး နင် ထွက်ပြေးရမယ်လို့ စာရေးဆရာက ပြောတယ်။ နင် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ မြန်မာပြည်ဘက်ကို ထွက်ပြေးရမယ် တဲ့။ သူ နတ်မြစ် ကို တစ်ယောက်တည်းဖြတ်ရမှာလား၊ ခင်ဦးဇင် သူ့ကိုယ်သူ မေးခွန်းမေးလိုက်တယ်။ ဒီတခါတော့ စာရေးဆရာက ခင်ဦးဇင်ရဲ့မေးခွန်းကို ဝင်မဖြေဘူး။ ခင်ဦးဇင် ရေးနေတယ်ဆိုတဲ့ ဝတ္ထုရဲ့အစက ဇာတ်ကောင်မိန်းကလေး စောလှနု မုဒိန်းကျင့်ခံရတဲ့နေရာကြီး ရုတ်တရက် ပေါ်လာတယ်။ ညနေခင်း အမှောင်ပျိုးစအချိန်၊ လမ်းဘေးဝဲယာက ယိမ်းထိုးနေတဲ့မြက်ပင်ရှည်တွေ၊ ကျင်းချိုင့်တွေနဲ့မြေလမ်း၊ ပြီးတော့ လမ်းဘေးချုံပုတ်တွေထဲက ရုတ်တရက်ထွက်လာတဲ့ လူသုံးယောက်။ ဘယ်သူတွေလဲ။ ခင်ဦးဇင် အလန့်တကြား မေးလိုက်တယ်။ ဒါပေမဲ့ ခင်ဦးဇင်ကို ပြန်ဖြေတဲ့သူ ရှိမနေဘူး။ ခင်ဦးဇင်ရဲ့အနားကို ကပ်လာတဲ့လူသုံးယောက်က ပြန်မဖြေသလို စာရေးဆရာကလည်း ပြန်မဖြေဘူး။ ဒါနဲ့ အဲဒီလူသုံးယောက်က ဘယ်သူတွေလဲ ဆိုတာကို သူကိုယ်တိုင် ကြည့်မယ်လို ခင်ဦးဇင်တွေးလိုက်တယ်။ နင် ကြောက်ရမယ်၊ နင် အော်ရမယ်၊ နင် ငိုရမယ်လို့ စာရေးဆရာက တတွတ်တွတ် ပြောနေတဲ့ကြားက သူ ကိုယ်တိုင်ကြည့်မယ်ပေါ့။ အဲဒီအချိန်မှာပဲ ကနဦးက မှောင်စပျိုးနေတဲ့ အနေအထားက အလင်းတစ်စ ကင်းမဲ့တဲ့အနေအထားအထိ၊ ရုတ်တရက် အမှောင်အတိကျသွားပြီး ဘာကိုမှမမြင်ရ တော့ဘူး။ ဒါပေမဲ့ ခင်ဦးဇင်ကတော့ ဝတ္ထုထဲမှာ ရှိနေတုန်းပဲ။ အမှောင်ထဲက အေးစက်စက် လက်တွေက သူ့ကိုလှမ်းဆွဲလိုက်တာ၊ မြေကြီးပေါ် တွန်းလှဲပြီး ဝိုင်းချုပ်လိုက်တာ၊ ပြီးတော့ သူ့ရဲ့ အဝတ်အစားတွေကို ဆွဲဖြဲလိုက်တာ။ ဖုန်တွေနဲ့ ငန်ကျိနေတဲ့ လက်ကြမ်းကြမ်းတစ်ခုက သူ့ရဲ့ ပါးစပ်ကို ပိတ်လိုက်တာ၊ ပြီးတော့ တံတွေးတွေနဲ့ စိုစွတ်ပြီး ရွံစရာအနံ့အသက်ရှိနေတဲ့ ပါးစပ်တွေက သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ လူးလာတုံ့ခေါက် ပြေးနေတာ။ သူ့ခြေထောက်တွေကို ဆွဲဖြဲလိုက်တာ၊ ပြီးတော့ သူ့ကိုယ်ပေါ်ကို တအိအိပြိုဆင်းလာတဲ့ ကိုယ်အလေးချိန်၊ မင်းပြီးရင် ငါ့အလှည့်၊ မြန်မြန်လုပ်ကွာ တဲ့။ အားကိုးတကြီး ဆွဲဆုပ်လိုက်တဲ့ မြက်ပင်တွေကပြတ်ပြီး ခင်ဦးဇင်ရဲ့လက်တွေ ခိုးကိုးရာ မဲ့သွားတယ်။ သူတို့ ပြောနေတာ ဘာစကားလဲ၊ ဘင်္ဂါလီလား၊ ရခိုင်လား၊ ဒါမှမဟုတ် ဗမာစကားလား။ စာရေးဆရာ တစ်ခါ ပြောဖူးတဲ့ ရိုဟင်ဂျာတွေကို နယ်မြေရှင်းလင်းရေးလုပ်တဲ့ ဗမာစစ်သားတွေအကြောင်းက ခင်ဦးဇင်ရဲ့စိတ်ထဲမှာ ဖျတ်ခနဲ ပေါ်လာတယ်။ အသက်ရှူလို့ မဝတော့ဘူး၊ ပြီးတော့ အဖြစ်အပျက်တွေက ရုပ်ရှင်တွေထဲက အနှေး ပြကွက်တွေလို။ အို တစ်ကိုယ်လုံးဆုတ်ဖြဲလိုက်သလိုပဲ၊ ဒဏ်ရာတွေကနာလိုက်တာ။ စပ်ဖျဉ်းဖျဉ်း ခံစားရတဲ့ ပွန်းပဲ့ဒဏ်ရာတွေ၊ အဲဒီ ဒဏ်ရာတွေက သူ့ဘဝတစ်လျှောက်လုံး ပျောက်ကောပျောက်ပါဦးမလား။
မုဒိမ်းကျင့်ခံရတဲ့ မိန်းမတစ်ယောက်က သူ့ရဲ့နောက်ပိုင်းကာလတွေမှာ ဘာတွေခံစားရမလဲ တဲ့။ စာရေးဆရာက ခင်ဦးဇင်ကို ရုတ်တရက်မေးတယ်။ ကျမ မသိဘူး၊ ဝမ်းနည်းမယ်၊ နာကျင်မယ်၊ သူ့ကိုယ်သူ မသတီသလို ခံစားရမယ်၊ ပြီးတော့ စိတ်မလုံခြုံတာမျိုး၊ လူတောမတိုးရဲတော့တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့တာမျိုး၊ ညဘက် အိပ်မပျော်တာ၊ စိတ်ဖိစီးစရာတစ်ခုခုကြုံတိုင်း အဲဒီအဖြစ်အပျက်တွေက သူ့အိပ်မက်ထဲကို ပြန်ပြန်ရောက်လာတာ၊ ပြီးတော့ အမုန်းတွေ၊ အကြောက်တွေ၊ ပြီးတော့…။ အဲဒါတွေက ဘယ်လောက် ကြာမလဲ။ တစ်လ၊ နှစ်လ၊ တစ်နှစ်၊ ငါးနှစ်၊ ဆယ်နှစ်…၊ ဘဝ တစ်လျှောက်လုံး ဘယ်တော့မှမပျောက်တဲ့ အနာတစ်ခု၊ စိတ်ဖိစီးစရာတစ်ခုပေါ်တိုင်း ပြန်ပြီး ဒဏ်ရာအသစ်ဖြစ်သလို။ တကယ်လို့ အဲဒီလို မုဒိမ်းကျင့်ခံရတာကနေ ဗိုက်ထဲမှာ ကလေးတစ်ယောက် ကျန်ခဲ့တယ် ဆိုရင်ကော…၊ အဲဒီအမျိုးသမီး ဘယ်လိုဖြစ်မလဲ တဲ့။ ဘာလဲ၊ မေးခွန်း တွေက ဘာတွေလဲ။ စာရေးဆရာရဲ့ မေးခွန်းတွေက ခင်ဦးဇင်ကို အရှိန်ပြင်းပြင်းနဲ့အထိုးခံလိုက်ရတဲ့ ခေါင်းလောင်းတစ်လုံးလို တုန်ခါသွားစေတယ်။ သူ့ဗိုက်ထဲမှာ ကလေးတစ်ယောက်ရှိနေပြီလို့ စာရေးဆရာက ပြောချင်တာလား။ အဲဒါတွေ ထားလိုက်ပါတော့၊ အခု မင်း အော်ပြီး ငိုရမယ်။ ရှင်ပဲ ကျမကို မုဒိမ်းကျင့်တဲ့ အဲဒီ ယောက်ျားသုံးယောက်ကို ကျမရဲ့ ပါးစပ်ကိုပိတ်ဖို့ ခိုင်းထားတာပဲ၊ ကျမ ဘယ်လို အော်မလဲ။ ရတယ်၊ အော်လိုက်၊ အလန့်တကြား အသံနဲ့၊ ပြီးတော့ ငယ်သံပါတဲ့အထိ၊ ဝရုန်းသုန်းကားနဲ့ ရုန်းရမယ်။ စာရေးဆရာ ပြောနေ၊ ခိုင်းနေတာတွေကို နားထောင်ရင်း ခင်ဦးဇင် ရုန်းကန် အော်ဟစ်ဖို့ သတိရသွားတယ်။ ပြီးတော့ လည်ချောင်းကွဲ လုမတတ် အသံမျိုးနဲ့ အမေရေ၊ အမေ…လို့ အော်မိတယ်။ အမေ သမီးကို ကယ်ပါဦးပေါ့။
သမီး၊ သမီး၊ ဘာဖြစ်တာလဲ။
နေရာအခင်းအကျင်းတွေက ရုတ်တရက် ပြောင်းသွားပြန်ပြီ။ ခင်ဦးဇင် အခု ခုနကမုဒိမ်းကျင့်ခံရတဲ့ လမ်းဘေးတစ်နေရာမှာ မဟုတ်ပြန်တော့ဘူး။ အိမ်မှာ၊ ခင်ဦးဇင်ရဲ့အိပ်ရာပေါ်မှာ ဖြစ်နေပြန်ပြီ။ အချိန်က ညအချိန်၊ မှောင်မိုက်နေတဲ့ အချိန်ပဲ။ ခင်ဦးဇင်ရဲ့ဘေးမှာတော့ ခင်ဦးဇင်ရဲ့အမေဆိုတဲ့အမျိုးသမီးက စိုးရိမ်တကြီးဟန်ပန်နဲ့ ရှိနေတယ်။ ငိုလိုက်၊ နင့်အမေကို နင် ငိုပြလိုက်၊ ပြီးတော့ ပြောလိုက်၊ နင် မုဒိမ်းကျင့်ခံရတယ်၊ အခု နင့်ဗိုက်ထဲမှာ ကလေးရှိနေပြီလို့ ပြောလိုက်တဲ့။ စာရေးဆရာက ခင်ဦးဇင်ကို ခိုင်းတယ်။ အမေ ကျမ အဓမ္မအကျင့်ခံရတာ၊ အခု ဗိုက်ထဲမှာ ကလေးရှိနေပြီ။ ဘာ…။ အမေက စနစ်တကျလေ့ကျင့်ထားတဲ့ သရုပ်ဆောင်တစ်ယောက်လို ခင်ဦးဇင်ကို အလန့်တကြားဟန်နဲ့ ပြန်ပြီးတုံ့ပြန်တယ်။ မျက်လုံးပြူး၊ မျက်ဆံပြူး၊ ပါးစပ်အဟောင်းသား၊ မယုံနိုင်သလို ထိတ်လန့်သွားတဲ့ ဟန်နဲ့၊ ပြီးတော့ ကိုယ်ကျိုးတော့ နည်းပါပြီ ဆိုတဲ့ ယူကျူံးမရဟန်မျိုးနဲ့။
ဒီနေ့တော့ ဒီလောက်ပဲ၊ မနက်ဖြန်မှ ဆက်ကြတာပေါ့ တဲ့။ အရင်နေ့တွေလိုပဲ စာရေးဆရာက ပြောပြီး ထွက်သွားတယ်။ အဲဒီအချိန် ခင်ဦးဇင်ရဲ့ဘေးမှာ အမေက ငိုတုန်း၊ ခင်ဦးဇင်ကလည်း ခုတင်ပေါ်မှာ ချွေးသံရွှဲရွဲနဲ့ ရှိနေတုန်း။ ခံစားချက်တွေကို ရပ်ပဲ ရပ်လိုက်ရမလိုလို၊ ဒါမှမဟုတ် ဆက်ပြီးပဲ ငိုရမလိုလို။ အားလုံးက ရပ်တန့်ခလုပ် အနှိပ်ခံလိုက်ရတဲ့ တီဗွီဖန်သားပြင်ပေါ်က အရုပ်တွေလိုပဲလို့ ပြောရမလား။ ဟိုးအဝေးကိုမျှော်ကြည့်တော့ ခါတိုင်းလိုပဲ အမှောင်ပြင်ကြီးကို မြင်နေရတယ်။ စာရေးဆရာတော့ လုပ်ချသွားပြန်ပြီလို့ ခင်ဦးဇင်တွေးမိတယ်၊ သင်း ခိုင်းသမျှ လိုက်လုပ်နေရတာ လူကအရူးလို ဖြစ်နေပြီ၊ သင်း နိုင်တုန်း လုပ်ထားဦးပေါ့။ အခုတော့ သင်းရဲ့ ဝတ္ထုဇာတ်ကောင်ဆိုတော့…၊ သူ ဘယ်သူဆိုတာ မှတ်မိလာမှ သင်း သိမယ်ပေါ့။
–- -––- ဆက်ရန် -–- -––-
Be the first to comment