“ခင်ဦးဇင်”
ရေအေး
အပိုင်း ( ၉ )
– – – – – – – – – – –
(၆)
အခုက မနက်ခင်းဆယ်နာရီလောက် ရှိပြီ၊ နေရာက အိမ်မဟုတ်တော့ဘူး၊ ဆေးရုံမှာ၊ နင် အခု စိတ်ကျန်းမာရေးဆေးရုံကို ရောက်နေတာ တဲ့။ ခင်ဦးဇင်ဆီကို ရောက်ရောက်လာချင်း စာရေးဆရာက အဲဒီလို ပြောလိုက်တော့၊ ပြောမယ်၊ သင်းလာရင် တစ်ခုခုတော့ ပြောရမယ်ဆိုပြီး ကျန်ခဲ့တဲ့တစ်ချိန်လုံး တနုံ့နုံ့ ဖြစ်နေခဲ့တဲ့ ခင်ဦးဇင် ရုတ်တရက်ဘာပြောရမယ်မသိတော့ဘူး။ ဝတ္ထု စစချင်းက စာရေးစာပွဲမှာ၊ နောက်တော့ မီးဖိုချောင်မှာ၊ ပြီးတော့ နတ်မြစ်ရဲ့ ဟိုဘက်ကမ်းမှာ၊ အဲဒီကမှ ရေးလက်စဝတ္ထုထဲက ဇာတ်ကောင် အဓမ္မအကျင့်ခံရတဲ့ နေရာမှာ၊ ကြားထဲမှာ ရောက်သွားခဲ့တဲ့ တရားပွဲတွေ၊ စာသင်ကျောင်း တွေ၊ စာပေဟောပြောပွဲတွေ၊ အမျိုးသမီးတချို့ရဲ့ ညနေခင်း စကားဝိုင်းတွေ။ စာရေးဆရာ ဆွဲခေါ်သမျှ နေရာတွေကို လိုက်ပါခုန်ကူးခဲ့ရင်းက ဘာလဲ၊ ဘာတွေလဲလို့ မေးနေခဲ့တာ၊ ပြီးခဲ့တဲ့ ညကတောင် သူ တွေးမိခဲ့သေးတယ်၊ ငါ အရူးလိုဖြစ်နေပြီလို့၊ အခုတော့ နင်က စိတ်ကျန်းမာရေးဆေးရုံမှာ ဆိုပြီး စာရေးဆရာကပြောလိုက်တော့ တကယ်ပဲ ခင်ဦးဇင် ဘာပြောရမယ် မသိဘူး။
နင်က ငါ အန္တရာယ် ရှိတယ်၊ ငါ ထွက်ပြေးရမယ် ဆိုပြီး တစ်ယောက်တည်းစကားတွေပြောတယ်၊ အခု နင့်ဗိုက်ထဲမှာ ကလေးရှိနေပြီလို့ ပြောပြီး ကြောက်လန့်တကြား အော်တာတွေ၊ ရုန်းတာတွေ လုပ်တယ်၊ ညည ဆိုရင်လည်း မအိပ်ဘူး၊ ညရောက်တိုင်း မုဒိမ်းကျင့်ခံရတယ် ဆိုပြီး ထထ အော်တာ၊ အဲဒါကြောင့် နင့်အမေက နင့်ကို စိတ်ကျန်းမာရေးဆေးရုံကိုခေါ်ခဲ့တာ၊ နင်တို့နေတဲ့ ကုလားကြီးခြံ ရွာက စိတ်ကျန်းမာရေးဆေးရုံနဲ့ဆို တစ်မိုင်သာသာ၊ နှစ်မိုင်လောက် ရှိမလား၊ အဲဒီလောက်ပဲ ဝေးတာ။
စာရေးဆရာပြောနေတုန်းမှာပဲ ခင်ဦးဇင်ရဲ့ ပတ်ပတ်လည်က အခန်းတစ်ခန်း ဖြစ်သွားပြီး ခုတင်ခြောက်လုံး ပေါ်လာတယ်။ ခင်ဦးဇင် က ခုတင်တစ်လုံးပေါ်မှာ ငုတ်တုတ်ကလေး ထိုင်နေပြီး၊ ခင်ဦးဇင်ရဲ့အမေက ခုတင်ဘေးမှာမတ်တပ်ရပ်လို့။ ကျန်တဲ့ ခုတင်တွေကျ နှစ်လုံးကအလွတ်၊ သုံးလုံးပေါ်မှာက ပုံစံမတူတဲ့ မိန်းမတစ်ယောက်စီက အနေအထားမျိုးစုံနဲ့ထိုင်နေတာ။ အဲဒီခုတင်တွေဘေးမှာလည်း ပုံစံမတူတဲ့ မိန်းမတစ်ယောက်စီက အနေအထားမျိုးစုံနဲ့မတ်တပ်ရပ်လို့၊ အားလုံးက တိုင်းခန်းလှည့်လည်လာတဲ့ အကြီးအကဲကို ကြိုဆိုဖို့ ပုံစံချထားခံရသလိုမျိုး။ အဲဒီနောက်၊ ချက်ချင်းလိုပဲ ခုတင်တွေကြားမှာ မိုးတိုးမတ်တတ်နဲ့ လူအုပ်ကြီး ရောက်လာတယ်။ လူအုပ်က ဆယ်ယောက်လောက် ရှိမလားပဲ၊ ယောက်ျားတွေရော၊ မိန်းမတွေရော၊ အများစုက ပုံမှန်အဝတ်အစားတွေကိုပဲ သပ်သပ်ရပ်ရပ် ဝတ်ထားတာပေမဲ့ နှစ်ယောက်၊ သုံးယောက်စက သူနာပြုဝတ်စုံ အနီ၊ ဒါမှမဟုတ် အပြာတွေကိုဝတ်ထားတာ။ လူအုပ်ကြီးက မြင်လိုက်တာနဲ့ ပညာတတ် လူတန်းစားတွေပုံပေါက်တယ်။ ဒါပေမဲ့ မျက်နှာတွေက တစ်စုံတစ်ခုဖိစီးနေသလိုမျိုး၊ ပညာရဲ့မာန်တွေ ပျောက်နေတယ်လို့ ခံစားရတယ်။ ခင်ဦးဇင် လူ တစ်ယောက်ချင်းစီကို ကြည့်မိ၊ ငေးမိတယ်။ လူတွေရဲ့ လက်တွေလှုပ်ရှားတာ၊ ခြေလှမ်းတွေလှမ်းတာ။ တစ်ယောက်နဲ့ တစ်ယောက် လှမ်းကြည့်ပြီး မျက်ခုံးတွေတွန့်သွားတာ၊ တစ်ယောက်က လက်ထဲထည့်ပေးနေတဲ့ လူနာမှတ်တမ်းကို နောက်တစ်ယောက်ကမယူဘဲ လွှဲဖယ်လိုက်တာ။ သူ ဝတ္ထုထဲ နေခဲ့တဲ့တလျှောက်လုံး ဒီလောက်အသေးစိတ်တာ မမြင်ခဲ့ဖူးဘူး၊ ယုတ်စွအဆုံး သူ့အမေဆိုတဲ့ အမျိုးသမီးကိုတောင် သူ ဒီလောက်ကျကျနနမမြင်ခဲ့ဖူးဘူးလို့ ခင်ဦးဇင် တွေးမိတယ်။ စာရေးဆရာက ဘာလို့များ အခုမှ ဒီလောက် အသေးစိတ် ပြနေသလဲပေါ့။ အခု စိတ်ကျန်းမာဆရာဝန်တွေ လူနာလိုက်ကြည့်နေတာ တဲ့။ စာရေးဆရာက ပြောတယ်။ ဟုတ်ကဲ့လို့ ခင်ဦးဇင် ပြန်ပြောလိုက်တယ်။ သူတို့က နင့်ကို မေးခွန်းတွေ မေးလိမ့်တယ် တဲ့။ စာရေးဆရာ ပြောနေတုန်းမှာပဲ လူအုပ်ကြီးထဲက ဆရာဝန်ခေါင်းဆောင်ဖြစ်ပုံရပြီး မျက်နှာ အမာဆုံးလည်း ဖြစ်၊ ဖိစီးတဲ့မျက်နှာလည်းမရှိတဲ့ တစ်ဦးတည်းသော အမျိုးသမီးကြီးက အမေ့ကို မေးတယ်၊ အိမ်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ တဲ့။
သူ့ဗိုက်ထဲမှာ ကလေးရှိနေပြီ ဆိုပြီး ပြောတယ်၊ ပြီးတော့ ညညဆို မအိပ်ဘဲ ထထငိုတယ်၊ ကျမကိုလည်း အနားကပ်မခံဘူး၊ ထွက်သွားလို့ မောင်းထုတ်တယ် တဲ့။ အမေက တွန့်ဆုတ် ထစ်အနေတဲ့ အသံနဲ့ အဲဒီအမျိုးသမီး မေးတာကို ပြန်ဖြေတယ်။ သူက အိမ်ထောင် ရှိသလား။ မရှိဘူး။ ရည်းစားကော။ ရည်းစားလည်း မရှိဘူး။ ဆီးစစ် ကြည့်သေးလား။ စစ်ကြည့်တယ်၊ ဘာမှ မပေါ်ဘူး။ မေးခွန်းတွေက မရပ်မနားပဲ။ တစ်ယောက်တည်း စကားပြောသလား၊ ပြောတယ်၊ ဘာတွေ ပြောတာ လဲ၊ နှုတ်ခမ်းလှုပ်တာပဲ မြင်ရတာ၊ မကြားရဘူး၊ အိမ်မှာ ဘာတွေ ထပ်ပြီး ပြောသေးလဲ၊ သူက မတော်မတရား အကျင့်ခံရတယ် တဲ့၊ ဘယ်တုန်းကတဲ့တုံး။ မပြောဘူး။ မေးသမျှ အဖြေတွေကလည်း မကုန်ဘူး။ ဘာအလုပ် လုပ်သလဲ။ တောင်သူ။ မဟုတ်ဘူး၊ ကျမက စာရေး ဆရာ။ ဒီမေးခွန်းအရောက်မှာ စာရေးဆရာက ခင်ဦးဇင်ကို ဝင်ဖြေ လိုက်၊ နင် စာရေးဆရာဆိုတာ ဝင်ဖြေလိုက်လို့ ပြောတယ်။ ဒါနဲ့ ခင်ဦးဇင်လည်း ခပ်သွက်သွက် ဝင်ဖြေလိုက်တယ်။ အဲဒီတော့ အမေက ခင်ဦးဇင်ကိုဟန့်တယ်။ အမျိုးသမီးကြီးက အမေ့ကို မဟန့်နဲ့၊ ပြောပါစေလို့ ပြောတယ်၊ ပြီးတော့ တစ်ချက် လှစ်ခနဲ ပြုံးပြီး ပြောစမ်းပါဦး၊ နင်က ဘာစာတွေများ ရေးတာလဲလို့ မေးတယ်။ ဝတ္ထုတွေ၊ ခင်ဦးဇင် ပြန်ဖြေလိုက်တယ်။ ဟဲ့ ငါလည်း ဝတ္ထု ကြိုက်တယ်၊ ကလောင်နာမည်က ဘာတုံး၊ ပြောစမ်းပါဦး။ ခင်ဦးဇင်။ သြော် နာမည်ရင်းနဲ့ပဲ ရေးတာလား၊ အေးပါ၊ နောက်ကို တွေ့ရင် ဖတ်ပါ့မယ်၊ ဒါနဲ့ အခု နောက်ဆုံးက ဘာအကြောင်းရေးနေတာတုံး။ ဘင်္ဂါလီ တွေ မကောင်းတဲ့ အကြောင်း။ ဟဲ့ ဘင်္ဂါလီတွေက ဘယ်လို မကောင်းတာတုန်း။ မုဒိမ်းကျင့်တယ်။ ဟဲ့ ဘယ်သူ့ကိုလဲ၊ နင့်ကိုလား။ မဟုတ်ဘူး။ ဒါဆို နင့်ဝတ္ထုထဲက ဇာတ်ကောင်ကိုပေါ့။ ခင်ဦးဇင် မဖြေချင်တော့ဘူး။ တော်တော် အဆင်မပြေတဲ့ မေးခွန်းတွေပဲလို့ တွေးမိတယ်။ ဒါနဲ့ နင့်ကို မတရားကျင့်တယ် ဆိုတာက ဘယ်သူတုံး။ ဆရာ၀န်ခေါင်းဆောင်အမျိုးသမီးက မေးခွန်းတွေ ဆက်ပြီးမေးနေတယ်။ အမေဆိုတဲ့ အမျိုးသမီးက ခင်ဦးဇင်ရဲ့ပခုံးကိုပုတ်ပြီး ဖြေလိုက်လေလို့ ဆိုတယ်။ မသိဘူးလို့ ဖြေလိုက်၊ စာရေးဆရာကလည်း ခင်ဦးဇင်ကို ပြောတယ်။ ဒါနဲ့ စကားဆက်မပြောတော့ဘူးလို့ တွေးနေရင်းနဲ့ပဲ မသိဘူးလို့ ခင်ဦးဇင် ဖြေလိုက်ရတယ်။ ဘယ့်နှယ် မသိရမှာတုန်း၊ ကိုလှဖြင့် ကိုလှ၊ ကိုမြဖြင့် ကိုမြ သိရမှာပေါ့၊ အဲဒီလူကို မမြင်လိုက်ဘူးလား၊ ထားပါတော့၊ ဒါဆို ဘယ်တုန်းကလဲ။ မသိဘူး။ ဟဲ့ ဘယ်လိုလုပ် မသိရမှာလဲ၊ အချိန်ကို မေးတာလေ၊ လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်၊ တစ်လ၊ နှစ်လ၊ အဲဒီလောက်တော့ သိရမှာပေါ့ တဲ့။ ခင်ဦးဇင် ရဲ့ အဖြေကိုကြားတော့ မေးခွန်းတွေမေးနေတဲ့ အမျိုးသမီးကြီးက အော်တယ်။ ပြီးတော့ ချက်ချင်းပဲ လေသံကိုလျှော့လိုက်ပြီး ဒါဆို ဘယ်နေရာမှာ အကျင့်ခံရတာလဲလို့ ထပ်မေးတယ်။ ဝတ္ထုထဲက လမ်းဘေးမှာ။ ဝတ္ထုထဲမှာလို့ ပြောတာလား။ မဟုတ်ဘူး။ နင်က ဝတ္ထုထဲကို ရောက်သွားတာလား။ အခု အားလုံးက ဝတ္ထုထဲမှာပဲ မဟုတ်ဘူးလား။ ခင်ဦးဇင် စိတ်ထဲက ပြန်မေးလိုက်မိတယ်။ သူရော၊ သူ့ရဲ့ အမေရော၊ ပြီးတော့ ဒီ မေးခွန်းတွေမေးနေတဲ့ ဆရာဝန်မကြီးရော၊ ကျန်တဲ့လူတွေ အားလုံးရော ဝတ္ထုထဲရောက်နေကြတာ မဟုတ်ဘူးလား။
နင် နားထဲမှာ ပြောတဲ့လူမမြင်ရဘဲ အသံတွေ ကြားနေရတာ ရှိသလား။ စာရေးဆရာကတော့ ဘေးကနေ ပြောတတ်တာပဲ။ ခင်ဦးဇင် စိတ်ထဲကနေ ပြန်ဖြေလိုက်တယ်။ နင့်ကို လိုက်နှောက်ယှက်နေတဲ့သူတွေ ရှိသလား၊ ရှင်တို့ပဲလေ။ သူ အရက်တွေ ၊ မူးယစ်ဆေးဝါးတွေ သုံး သေးလား။ ခင်ဦးဇင်ကို မေးနေရင်းက ပြန်မဖြေတော့ ဆရာ၀န်ခေါင်းဆောင်အမျိုးသမီးကြီးက အမေ့ဘက်ကို လှည့်သွားတယ်။ ကျမတို့ရခိုင်တွေက အရက်၊ မူးယစ်ဆေး လုံးဝ မသုံးဘူးရှင့် တဲ့။ အမေက ပြန်ဖြေတယ်။ ဘာ ကျမတို့ ရခိုင်တွေကလဲ၊ ရှင့်သမီးအတွက်ပဲ ရှင်ဖြေ၊ မဟုတ်တာတွေ လျှောက်ဖြေနေတယ်၊ ရခိုင်က ငါးယောက်ဆယ်ယောက်ပဲ ရှိသလား၊ အဲဒီလို အာမခံရအောင်၊ ရခိုင်ဆိုတိုင်း တစ်ယောက်နဲ့တစ်ယောက် မတူဘူး၊ ဗမာဆိုတိုင်းလည်း တစ်ယောက်နဲ့တစ်ယောက် မတူဘူးတဲ့။ အမေ့ရဲ့ အဖြေကို အမျိုးသမီးကြီးက ချက်ချင်းပဲ ဒေါသတကြီးပုံစံနဲ့ ပြန်အော်တယ်။ ခင်ဦးဇင်စိတ်ထဲ ဆရာမကြီးကလည်း ဒေါသကြီးလိုက်တာလို့ ရုတ်တရက်တွေးမိတယ်၊ ပြီးတော့ ချက်ချင်းပဲ အမေ့အဖြေကလည်း ဒေါသထွက်ချင်စရာကိုးလို့ အတွေးကအမေ့ဆီရောက်သွားတယ်။ အဲဒီကမှ အဖြေကလည်း တစ်မျိုးကြီး၊ ပုံမှန်ဆို အဲဒီလိုဖြေပါ့မလားလို့ ဆက်စဉ်းစားမိရော၊ ပုံမှန်သာဆို သောက်တယ်၊ မသောက်ဘူးလို့ပဲ ဖြေမှာမျိုး၊ အခုက တမျိုးကြီးဖြစ်နေတာ၊ ကြည့်ရတာ စာရေးဆရာ မသိမသာလေးထည့်ပြီ ထင်တယ်ပေါ့။ စာရေးဆရာတွေဆိုတာ အဲဒီလိုပဲ သူတို့ပြောချင်တဲ့စကားတွေကို ဒီလိုအပြန်အလှန် စကားပြောတွေကြားထဲ မသိမသာပုံစံနဲ့ တမင် ထည့်တတ်ကြတာမလား။ မဟုတ်ဘူး၊ ဒီမေးခွန်းနဲ့ ဒီအဖြေက အပြင်မှာ တကယ်မေးပြီး တကယ်ဖြေခဲ့တာ၊ နင်ပြောသလို ငါ တမင် ထည့်ထားတာမဟုတ်ဘူး တဲ့။ ခင်ဦးဇင် တွေးနေတုန်းမှာပဲ တိတ်ဆိတ်နေတဲ့ စာရေးဆရာက ရုတ်တရက် မဟုတ်ဘူးလို့ ဝင်ငြင်းတယ်။
အဲဒီနောက်တော့ ခင်ဦးဇင်ရဲ့နံဘေးက မြင်ကွင်းက ရုတ်တရက် ပြောင်းပြီး အဆောက်အဦတစ်ခုထဲက အခန်းတစ်ခုရဲ့တံခါးပေါက် အနီးနားကအပြင်အဆင် ဖြစ်သွားတယ်။ ပြီးတော့ ခင်ဦးဇင်က အဲဒီတံခါးပေါက်ကနေ အခန်းထဲကိုချောင်းပြီးကြည့်နေတာ။ အခန်းရဲ့ ခေါင်းရင်းနေရာမှာ ပလတ်စတစ်ခုံ၊နှစ်ခုံ ချထားပြီး မိန်းမငယ်တစ်ယောက်နဲ့ ယောက်ျားတစ်ယောက် ခပ်ကျုံ့ကျုံ့ ထိုင်နေတယ်။ ပြီးတော့ အဲဒီခုံနှစ်ခုံကိုမျက်နှာမူပြီး ကျန်တဲ့ခုံတွေကို ခင်းကျင်းထားတာမှာ၊ ထိပ်ဆုံးက ဆက်တီခုံမှာတော့ ခုနက ခင်ဦးဇင်ရဲ့ခုတင်ဘေးမှာ မေးမြန်း အော်ဟစ်သွားတဲ့ ဆရာ၀န်ခေါင်းဆောင်အမျိုးသမီးကြီးက ထိုင်နေတယ်။ အမျိုးသမီးကြီးရဲ့ နံဘေး၊ တစ်ခုံခြားမှာက ယောက်ျားတစ်ယောက်ထိုင်ပြီး ကျန်တဲ့သူတွေကတော့ အနောက်တန်းကခုံတွေမှာ အသီးသီးထိုင်နေကြတယ်။ လူအရေအတွက်ကတော့ အယောက်နှစ်ဆယ်နဲ့သုံးဆယ်ကြား ရှိမယ်။ မြင်ကွင်းကိုမြင်လိုက်တယ်ဆိုရင်ပဲ အခန်းထိပ်မှာ ထိုင်နေတဲ့လူနှစ်ယောက်ကို ဝိုင်းထားတဲ့လူအုပ်က စစ်ဆေးမေးမြန်းနေတယ်ဆိုတာ ခင်ဦးဇင် ချက်ခနဲ သိလိုက် တယ်။ ဒါနဲ့ အဲဒီမြင်ကွင်းကို ခင်ဦးဇင် စူးစမ်းပြီး ကြည့်နေတုန်းမှာပဲ ဆရာ၀န်ခေါင်းဆောင် အမျိုးသမီးကြီးရဲ့ ဘေးမှာထိုင်နေတဲ့ယောက်ျားက မေးခွန်းတစ်ခု မေးလိုက်တယ်။ မင်းရဲ့အကိုက အရက် တွေ၊ မူးယစ်ဆေးဝါးတွေ သောက်သလား၊ သုံးသလားတဲ့။ ကျမတို့ ရခိုင်တွေက အရက်လည်း လုံးဝ မသောက်ဘူး၊ မူးယစ်ဆေးလည်း လုံးဝ မသုံးဘူး။ ပလတ်စတစ်ခုံမှာ ထိုင်နေတဲ့ မိန်းမငယ်က အဲဒီယောက်ျားရဲ့မေးခွန်းကို ချက်ချင်းပဲပြန်ဖြေလိုက်တယ်။ အဲဒီနောက်တော့ ခုနတုန်းက ခင်ဦးဇင် မြင်ခဲ့ကြားခဲ့ရတဲ့ အတိုင်းပဲ၊ ဆရာ၀န်ခေါင်းဆောင်အမျိုးသမီးကြီးက ဘာ ကျမတို့ ရခိုင်တွေကလဲ၊ နင့်အကိုအတွက်ပဲ နင်ဖြေ၊ မဟုတ်တာတွေ လျှောက်ဖြေမနေနဲ့၊ အဲဒီလို အာမခံရအောင် နင်တို့ရခိုင်က လေး၊ ငါး၊ ဆယ်ယောက်ပဲ ရှိတာ မဟုတ်ဘူး၊ လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူဘူး ဆိုပြီး အော် တော့တာပဲ။
ပထမတော့ ခင်ဦးဇင် စိတ်ထဲ ဒါ ဘာလဲ၊ ဘာလို့ သူ့ကို စာရေးဆရာက ဒါတွေလာပြနေတာလဲလို့ တွေးတယ်။ ဆရာ၀န်ခေါင်းဆောင်အမျိုးသမီးကလည်း ခုနက အမျိုးသမီး၊ ပြီးတော့ ယောက်ျား မိန်းမ လူအပြောင်းအလဲ ရှိပေမဲ့ စကားတွေကလည်း ခုနကစကားတွေ၊ ဘာလို့ ဒီပုံစံတူ ဇာတ်ဝင်ခန်းကို ထပ်တလဲလဲ ပြနေသလဲပေါ့။ နောက်တော့ ချက်ချင်းပဲ စာရေးဆရာပြောတဲ့၊ မဟုတ်ဘူး၊ ဒီမေးခွန်းနဲ့ ဒီအဖြေက အပြင်မှာတကယ်မေးပြီး၊ တကယ်ဖြေခဲ့တာ ဆိုတဲ့ စကားကို သွားသတိရတယ်။ ဒါနဲ့ ခင်ဦးဇင် သတိထားပြီးကြည့််လိုက်တယ်ဆိုရင်ပဲ အနောက်က ခုံတွေထဲကတစ်ခုံမှာ ခပ်ကုပ်ကုပ်ထိုင်နေတဲ့ စာရေးဆရာကို တွေ့တယ်။ ဒီတော့မှ အော် ရှင်က အရူးဆရာဝန်လားလို့ ခင်ဦးဇင်မေးလိုက်မိတယ်။ စိတ်ရောဂါကု ဆရာဝန်ပါ တဲ့။ စာရေးဆရာက ခင်ဦးဇင်ရဲ့အမေးကို ပြန်ဖြေတယ်။ ဒါကြောင့် ရှင်က ကျမကို စိတ်ရောဂါဆေးရုံပို့လိုက်တာပေါ့၊ ရှင် ကျွမ်းကျင်တဲ့နယ်ထဲကို ဆွဲထည့်လိုက်တာပေါ့။ ဒီတခါတော့ စာရေးဆရာက ခင်ဦးဇင်ရဲ့စကားကို မငြင်းဘူး။ ဒါနဲ့ ရှင် ငယ်ငယ်က အစ္စလာမ်တွေ၊ မူစလင်တွေကို ကြောက်တယ်လား။ ဘာလို့လဲ။ ရှင်ပြခဲ့တဲ့ အဖြစ်အပျက်တွေထဲမှာ အဲဒီလူတွေကို မုန်းအောင်၊ ကြောက်အောင် သင်ကြားခံခဲ့ရလို့ မုန်းကြောက်ကြီး ဖြစ်တယ် ဆိုပြီး ပြောလို့လေ။ ဝတ္ထုဇာတ်ကောင်နဲ့ စာရေးဆရာကို ဘာလို့ အတူတူတွဲမြင်နေကြတာလဲ။ ရှင် ကုလားဆိုတဲ့ စကားလုံးကိုလည်း သုံးခဲ့သေးတယ်လေ။ စာရေးဆရာရဲ့ တသီးပုဂ္ဂလ အတွေးအမြင်တွေခံစားချက်တွေမပါဘဲ လုံးဝလွတ်ထွက်နေတဲ့ ဝတ္ထုရှိတယ်လို့ ရှင်က ပြောချင်တာလား၊ ကျမကလည်း စာရေးဆရာနော်လို့ ခင်ဦးဇင် စာရေးဆရာကို ပြန်ပြောလိုက်တယ်။ ဝတ္ထုဆရာ ဖန်တီးတဲ့ ဇာတ်လမ်းတွေ၊ ဇာတ်ကောင်တွေထဲမှာ စာရေးဆရာကိုယ်တိုင်ရဲ့ အတွေးတွေ၊ ဘဝတွေ ပါတတ်တာကို သိတယ်ပေါ့။
–- -––- ဆက်ရန် -–- -––-
Be the first to comment