“ခိုးထွက်သူ”
ထွင်
သိဒ္ဒတ္ထမင်းသားသည် တောတွင်းတွင် တရားကျင့်ရန်အတွက် မိဘ၊ ဇနီးနှင့် သားမသိအောင် အိမ်မှ ခိုးထွက်ခဲ့လေသည်။ အဘယ်ကြောင့် ခိုးထွက်ရသလဲဆိုလျှင် ခွင့်တောင်းပါက ခွင့်ပြုမည် မဟုတ်သောကြာင့်ပင်။
***
၁၊ ၂၊ ၂၀၂၁ နေ့တွင် မင်းအောင်လှိုင်က အာဏာသိမ်းလိုက်သောအခါ ဝန်ထမ်းဖြစ်သော ကျွန်ုပ်သည် မင်းအောင်လှိုင်အား တော်လှန်ပုန်ကန်သောအားဖြင့် စီဒီအမ်ဝင်လိုက်သည်။ မင်းအောင်လှိုင်၏ လက်ပါးစေ စစ်သား၊ ရဲသားများနှင့် ပျူစောထီးများစွာက စီဒီအမ်ဝန်ထမ်းများအား လိုက်လံ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်သောကြောင့် ကျွန်ုပ်သည် မိဘတို့၏ စေခိုင်းချက်ဖြင့် ရွာမှထွက်ကာ မြို့ကြီးတမြို့ဆီသို့ တိမ်းရှောင်ခဲ့ရသည်။ ထိုမြို့ကြီးမှ အကိုဝမ်းကွဲ၏အိမ်တွင် ဝမ်းရေးအတွက် အုတ်ရိုက်၊ အုတ်သယ်၊ အုတ်အတင်အချအလုပ်ကို လုပ်ရသည်။
ကျွန်ုပ်၏ ဝန်ထမ်းသက်မှာ ၁၄ နှစ် ကြာမြင့်ခဲ့သည်။ ရုံးအလုပ်မှာ သက်သက်သာသာရှိသည်။ ၁၄ နှစ်မျှ အေးအေးလူလူ သက်သက်သာသာ လုပ်ခဲ့ရသည့် ကျွန်ုပ်အဖို့ ဗြုန်းစားကြီး အုတ်ရိုက်၊ အုတ်သယ်၊ အုတ်အတင်အချအလုပ်ကို လုပ်ရသည့်အတွက် အလွန်ပင်ပန်းလှလေသည်။ ထိုအုတ်မှာ အုတ်တံတိုင်းများ ဆောက်လုပ်ရန်အတွက် သုံးသည့် အုတ်မျိုးဖြစ်သဖြင့် အုတ်တခဲလျှင် ၃ ပိဿာခန့်မျှ လေးလေသည်။ တနေကုန် သယ်မ,နေရသည့်အခါ လက်မောင်းတွေ နာသည်။ ခါးတွေနာသည်။ ထို့ကြောင့် ကျွန်ုပ်မှာ အလုပ်ပင်ပန်းသည့်ဒဏ်ကို အလူးအလဲ ခံရသည်။ ခန္ဓာကိုယ်မှာ ပိန်သွားခဲ့သည်။
ထို့ကြောင့် ကျွန်ုပ်သည် အခြားအလုပ်တခုကို ပြောင်းလုပ်ဖို့ စိတ်ကူးမိသည်။ သို့သော်လည်း ကျွန်ုပ်အတွက် မျှော်လင့်ချက် မရှိပါပေ။ အဘယ်ကြောင့်ဆိုမူ ကျွန်ုပ်တွင် မွေးရာပါ အကြားအာရုံ ချွတ်ယွင်းသော အားနည်းချက်ရှိသည်။ ထို့ကြောင့် ပညာသင်ကာလတွင် အခက်အခဲများစွာ ကြုံခဲ့ရရုံမက နားထိုင်း နားထိုင်းဟုပင် ခေါ်ဝေါ်လှောင်ပြောင်ခံခဲ့ရသည်။ သို့ပါသော်လည်း ကျွန်ုပ်သည် ပညာရေးတွင် ထွန်းပေါက်ခဲ့သဖြင့် ဘွဲ့တခုရခဲ့သည်။ ဘွဲ့မရခင် အဝေးသင်တဘက်နှင့်ပင် အစိုးရ စက်မှုဝန်ကြီးဌာနတွင် အလုပ်ရခဲ့ကာ အစိုးရဝန်ထမ်းဖြစ်ခဲ့သည်။
သို့ပါသော်လည်း တော်လှန်ရေးကာလတွင် ကျွန်ုပ်အတွက် အလုပ်တခုရဖို့ရာ မလွယ်ကူပါပေ။ အကြောင်းကား တော်လှန်ရေးကာလကြီးတွင် ဘယ်အလုပ်ရှင်ကမျှ စီဒီအမ်ဝန်ထမ်းများကို အလုပ်မခန့်သောကြောင့်နှင့် အကြားအာရုံ ချို့ယွင်းနေသောကြောင့်ပင်။
လောကတွင် လူအမျိုးမျိုးသည် အကြောင်းအမျိုးမျိုးကြောင့် ခွဲခြားမှုများစွာ ကြုံတွေ့နေကြရသည်။ အသားအရောင် ခွဲခြားခြင်း၊ ကိုယ်အင်္ဂါမသန်စွမ်းခြင်း၊ လိင်တူချစ်ခြင်း၊ ဆွံ့အနားမကြားခြင်း၊ ပညာမတတ်ခြင်း၊ ကိုယ်ကျင့်စာရိတ္တမကောင်းခြင်း စသဖြင့်ဖြစ်သည်။ ထို ခွဲခြားခံရသူများစွာထဲတွင် ကိုယ်အင်္ဂါ မသန်စွမ်းသူများသည် အဓိက ခွဲခြားခံရ သည်။ ထို ကိုယ်အင်္ဂါမသန်စွမ်းသည့်အထဲတွင် အကြားအာရုံ မသန်စွမ်းမှုလည်း အပါအဝင်ဖြစ်သည်။ အကြားအာရုံမသန်စွမ်းသူတယောက်သည် ဘယ်လောက်ပဲ ပညာတတ်နေပါစေ၊ ဘွဲ့လက်မှတ်ကြီးတခု ပိုင်ဆိုင်ထားပါစေ အလုပ် တခုရဖို့ရန် မလွယ်ကူပါပေ။ နားမှ မကြားဘဲကိုး။ ပညာမတတ်သူများလည်း လုပ်ခွင့်ရသော စားပွဲထိုး၊ လုံခြုံရေး အလုပ်မျိုးကိုပင် လုပ်ခွင့်မရ။ ကုန်ကုန်ပြောရလျှင် အကြားအာရုံ မသန်စွမ်းသူတယောက်သည် ဘယ်လောက်ပဲ ပညာတတ်နေပါစေ ပညာမတတ်သူလောက် အခွင့်အရေးမရရှိပေ။
ကျွန်ုပ်သည် ဖေ့စ်ဘုတ်တွင် ခြံစောင့်အလုပ်ခေါ်စာတွေ့သဖြင့် အကြားအာရုံ မသန်စွမ်းသူဖြစ်သည့် ကျွန်ုပ်နှင့် လိုက် ဖက်လိမ့်မည်ဟု ယူဆပြီး လျှောက်လိုက်ရာ ပညာရေးကောင်းလို့ ငြင်းရက်စရာမရှိပေမယ့် နားအကြားအာရုံ မကောင်းသဖြင့် ပယ်လိုက်သည်ဟု ဆိုပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် စီဒီအမ်ဝန်ထမ်း ဖြစ်နေသောကြောင့်နှင့် နားအကြားအာရုံ မကောင်းမွန်သောကြောင့် သည်မြို့ကြီးမှာ ကျွန်ုပ်အတွက် အလုပ်ကောင်းကောင်းတခုရဖို့ မလွယ်ကူတော့မှန်းသိသွားကာ လက်လျှော့လိုက်သည်။ လက်ရှိအလုပ်ကိုပဲ ပင်ပန်းလည်း ဆက်လုပ်လိုက်တော့မည်။ ဒါဟာ ကိုယ်ရွေးချယ်ခဲ့သည့် လမ်းပေပဲ။
ဘယ်အလုပ်မဆို ကျင့်သားရလာသည့်အခါ ပင်ပန်းမှု သက်သာလာတတ်သည်ပင်။ ကျွန်ုပ်သည်လည်း အုတ်အလုပ် လုပ်ပါများလာသည့်အခါ ပင်ပန်းမှုနှင့် အမောဒဏ် ခံနိုင်လာသည်။ နဂိုက အဆီတထပ်ကိုယ်ခန္ဓာမှာ ကျစ်လျစ်လာသည်။ လက်မောင်းကြွက်သားများ ဖုထစ်လာသည်။ ကျွန်ုပ်၏ခန္ဓာကိုယ်သည် ကြည့်ကောင်းလာသည်။
သည့်အပြင် အုတ်လုပ်ငန်းသည်လည်း လုပ်နိုင်လျှင် လုပ်နိုင်သလောက် ဝင်ငွေကောင်းသည်ကို သိလာရသည်။ စရိတ်ငြိမ်းနှင့် လစာမှန်မှန်ရသည်။ လက်ဘက်ရည်၊ မုန့် မှန်မှန် စားသောက်ရသည်။ မိုးရွာလျှင် နားရသည်။ အုတ်ရိုက် နေစဥ် ကားပေါ်အတင်အချ ရှိလာခဲ့လျှင် တခေါက် ဘယ်လောက်ဆိုပြီး ရတတ်သည်။ နှစ်ခေါက်သုံးခေါက်ဆိုလျှင် တရက်လုပ်အားခနှင့် ညီမျှသည်။ သည့်အပြင် အုတ်ဝယ်သူကလည်း မုန့်ဖိုးလေးတွေ ပေးတတ်ပြန်သေးသည်။ ဝိုင်ဖိုင်လည်းရသဖြင့် ဘေဖိုးအတွက်လည်း မကုန်။ ကျွန်ုပ်သည် နားမကြားသူဖြစ်သဖြင့် ဖုန်းဆက်သည်ဟူ၍ မရှိ။ ထို့ကြောင့် ကျွန်ုပ်အတွက် ဝင်ငွေသာ ရှိနေသည် ထွက်ငွေဟူ၍ မရှိ။
နှစ်ဝက်ခန့် ကြာလာသည့်အခါ ကျွန်ုပ်၏စိတ်ထဲ အတွေးအခေါ်များ ဝင်လာခဲ့သည်။ အတွေးအခေါ်များ ဝင်လာရသည့်အကြောင်းကား ကျွန်ုပ်နေထိုင်ရာ ဒေသ၊ ပတ်ဝန်းကျင်နှင့် ဖေ့စ်ဘုတ်တွင်တွေ့ရသော တော်လှန်ရေးသတင်းများကြောင့်ပင်။
ကျွန်ုပ်နေထိုင်ရာ မြို့ကြီးတွင် အေးချမ်းနေသလောက် နယ်မြို့များနှင့် တောရွာကလေးများတွင် အာဏာသိမ်းစစ်တပ်၏ ဖိနှိပ်မှုများစွာကို အလူးအလဲခံနေကြရသည်။ ပြည်သူများစွာသည် နေ့စဥ်လိုလို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံနေရသည်။ တိုက်တာအိုးအိမ်များ နေ့စဥ်လိုလို မီးရှို့ဖျက်ဆီးခံနေကြရသည်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဖြစ်သော ပီဒီအက်ဖ်များစွာသည်လည်း တိုက်ပွဲတွင် ကျဆုံးရသလို ကင်းပုန်းများနှင့် တိုးမိသဖြင့်လည်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံနေကြရသည်။ တချို့ ပီဒီအက်ဖ်စခန်းများဆိုလျှင် အလစ်ငိုက်တိုက်ခိုက်ခံရသဖြင့် ပီဒီအက်ဖ်တပ် ဖွဲ့ဝင်အားလုံးနီးပါး ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်ခံနေကြရသည်။
စစ်မြေပြင်ဒေသများတွင် သည်လိုအဖြစ်ဆိုးများစွာ ကြုံတွေ့နေကြရသောအခါ ကျွန်ုပ်သည် ကျွန်ုပ်နေထိုင်ရာ မြို့ကြီးကို လှည့်လည်ကြည့်ရှုလိုက်မိသည်။ သည်မြို့ကြီးသည် စစ်မြေပြင်ဒေသနှင့် လုံးဝဆန့်ကျင်ဘက် အေးချမ်းနေသည်။ လွတ်လပ်ရေးရနေသည်။ လမ်းပေါ်တွင် ပြည်သူများစွာ ဥဒဟို ပြေးလွှားနေကြသည်။ ဆေးရုံ၊ စာသင်ကျောင်းများစွာ ဖွင့်လှစ်နေကြသည်။ အလှူမင်္ဂလာ၊ လက်ထပ်ပွဲများ ခြိမ့်ခြိမ့်သဲ။ စတုဒီသာ သင်္ကြန်ပွဲများ ဝက်ဝက်ကွဲ ကျင်းပနေကြသည်။ စစ်တပ်ထုတ်ကုန်များကို သုံးစွဲရင်း စစ်မြေပြင်ဒေသမှ ပြည်သူများကို သနားလိုက်တာဟု စုတ်တသပ်သပ် ဖြစ်နေကြသည်။ ကျွန်ုပ်သည် သည်မြို့ကြီးကို နေနိုင်ရက်လွန်းသည်၊ အတ္တကြီးလွန်းသည်၊ ကိုယ်ချင်းစာစိတ် နည်းပါးလွန်းသည်ဟု စောဒကတက်မိသည်။
သည့်အပြင် ကျွန်ုပ်သည် အုတ်နှင့်ပတ်သက်သောအလုပ်ကို လုပ်နေရသောကြောင့် မြင်နေရသည်။ စစ်မြေပြင်ဒေသမှ ပြည်သူများစွာ၏ တိုက်တာအိုးအိမ်များ မီးရှို့ဖျက်ဆီးခံနေရချိန် သည်မြို့ကြီးပေါ်မှာတော့ တိုက်တာအိုးအိမ်တွေ အထပ်ထပ် ဆောက်လုပ်နေကြပြီး အိမ်ခြံမြေစျေးကွက်တွေ တွင်ကျယ်နေကြသည်။ စီးပွားရှာ ကောင်းနေကြသည်။ သူတို့ကိုကြည့်ပြီး ”ပြည်သူများစွာက အသက်ပေးပြီး စစ်ထဲဝင်နေကြချိန် သူကတော့ စစ်ထဲလည်းမဝင်ဘဲ အတ္တကြီးကြီးနှင့် စီးပွားရှာနေသည်” ဟု မြသန်းတင့် ဘာသာပြန်ထားသော လေရူးသုန်သုန်ထဲမှ ရတ်ဘတ်တလာလို လူစားကို ပြေးမြင်မိသည်။
ထို့ကြောင့် ကျွန်ုပ်သည် သည်မြို့ကြီးကို စိတ်ပျက်ရွံရှာနေမိသည်။ ကျွန်ုပ်သည်သာ သည်မြို့ကြီးကို စိတ်ပျက်ရွံရှာနေမိသည် ကျွန်ုပ်ကကော … ကျွန်ုပ်သည်လည်း သည်မြို့ကြီးမှာ သောင်တင်နေခဲ့သည့် အတောအတွင်း ကျွန်ုပ်၏ စိတ်ဓာတ်သည်လည်း လောဘဇော တက်နေခဲ့သည်ပဲ။ ငွေကို ရသလောက် စုနေခဲ့မိသည်။ စီဒီအမ်လုပ်ထားရုံနှင့် တာဝန်ကျေပြီဆိုပြီး တော်လှန်ရေးအတွက် မလှူမိခဲ့။ တနေ့ကျလျှင် ဒီမြို့ကြီးမှာ မြေတကွက်ဝယ်မည်ဟုပင် စိတ်ကူးယဥ်နေခဲ့မိသေးသည်။ မြေကွက်ဝယ်နေကြသူများကို အားကျနေခဲ့မိသည်။
ကျွန်ုပ်သည် ထို လောဘဇောတက်သောစိတ်ကို သည့်ထက်မလွန်ခင် ချိုးနှိမ်နိုင်အောင် ကြိုးစားခဲ့သည်။ ငွေကြေးနှင့် နီးစပ်သည့်နေရာမှာနေလျှင် လောဘဇောတက်ပြီး ပူလောင်ရတတ်မှန်း ကျွန်ုပ်သိလိုက်သည်။ သူများတွေ အသက်ပေးနေချိန် ကျွန်ုပ် သည်လို နေနေလို့မဖြစ်။ နေနေလျှင် ကျွန်ုပ်သည်လည်း ရတ်ဘတ်တလာလို လူစားနှင့် ဘာများခြားနားတော့မည်လဲ။ ကျွန်ုပ်သည် ခန္ဓာကိုယ် အကောင်းအတိုင်းရှိနေသည်။ အသက် ၃၅ နှစ်အရွယ်။ အရွယ် ကောင်းပဲ ရှိသေးသည်။ တော်လှန်ရေးထဲဝင်ရန် အကောင်းဆုံးအရွယ်။ စီဒီအမ်လုပ်ထားရုံနှင့် တာဝန်ကျေပြီဆိုသည့် အကြောင်းပြချက်ကလေး တခုတည်းနှင့် ကျွန်ုပ် အခုလို ဘေးကနေ လက်ပိုက်ကြည့်မနေသင့်။ သူများတွေက အသက်ပေးနေကြပြီ။ ကျွန်ုပ်က မြို့ကြီးတမြို့ဆီမှာ ရှောင်တိမ်းရင်း ပိုက်ဆံစုနေသည်။ မဖြစ်သင့်။ သည်လို လုံးဝမဖြစ်သင့်။
ကျွန်ုပ် သည်သို့သောအတွေးမျိုး ဝင်လာသည့်အခါ ရှက်လာသည်။ လိပ်ပြာမလုံ ခံစားရလာသည်။ သည်တော့ ကျွန်ုပ် ဆုံးဖြတ်လိုက်သည်။ တော်လှန်ရေး လုပ်တော့မည်။ ပီဒီအက်ဖ်ထဲ ဝင်တော့မည်။
ကျွန်ုပ် ပီဒီအက်ဖ်ထဲဝင်ပြီး တော်လှန်ရေးလုပ်တော့မည်ဟု ဆုံးဖြတ်လိုက်ပေမယ့် ကျွန်ုပ်မှာ နားအကြားအာရုံ ချို့ယွင်းနေသည်က ခက်သည်။ ပီဒီအက်ဖ်တယောက်ဟာ နားအကြားအာရုံ ကောင်းမွန်ရမည်။ မျက်စိအမြင်အာရုံ ကောင်းမွန်ရမည်။ ခန္ဓာကိုယ် ကျန်းမာသန်စွမ်း ဖျတ်လတ်ရမည်။ ကျွန်ုပ် ထိုသို့သိထားပါသည်။ သို့ပါသော်လည်း တော်လှန် ရေးအပေါ် တကယ် စိတ်ပါသူတယောက်အတွက် နေရာတနေရာ အမြဲရှိနေလိမ့်မည်မှန်း ကျွန်ုပ် အတွေးဝင်သည်။ ကျွန်ုပ်သည် နားအကြားအာရုံ မကောင်းသော်လည်း ကျွန်ုပ်နှင့် သင့်တော်မည့်နေရာ တနေရာတော့ ရှိကိုရှိနေလိမ့်မည်ဟု တွေးသည်။ ကျွန်ုပ် ထမင်း ဟင်းကို ကောင်းကောင်းချက်တတ်သည်ပဲ။ တော်လှန်စားဖိုမှူး ဖြစ်နိုင်သေးသည်။ အကြားအာရုံ ကောင်းမွန်ဖို့မလို။ သည့်အပြင် ဖေ့စ်ဘုတ်တွင် ပီဒီအက်ဖ်တွေက မိုင်းအလုပ်ခွင်ပုံတွေ တင်နေကြတာ တွေ့ရသည်။ မိုင်းထဲထည့်ရန် သံတိုသံစတွေ ဖြတ်နေကြသည်။ ကျွန်ုပ် ဝန်ထမ်းလုပ်ရာဌာနမှာ ကရိုင်နာနှင့် သံတိုသံစတွေ ဖြတ်ခဲ့ရဖူးသည်။ ဝရိန်ဆော်ခဲ့ရဖူးသည်။ ထိုအလုပ်တွေ ကျွန်ုပ်ကျွမ်းသည်။ ထိုအထဲမှာ ဝင်လုပ်လို့ ရသေးသည်ပဲ။ နားအကြားအာရုံ ကောင်းမွန်ဖို့မလို။ ထို့ကြောင့် ကျွန်ုပ်သည် ပီဒီအက်ဖ်ထဲ မရရအောင်ဝင်မည်ဟု ဆုံးဖြတ်လိုက်သည်။
ကျွန်ုပ် ထိုသို့ဆုံးဖြတ်လိုက်သော်လည်း လွယ်ကူမည်မဟုတ်ပေ။ ကျွန်ုပ်သည် နားလေးနေသောကြောင့် ကျွန်ုပ် ပီဒီအက်ဖ်ထဲဝင်မည်ကို ကျွန်ုပ်၏ မိဘ၊ ညီအကိုမောင်နှမနှင့် သည်မြို့မှ အကိုဝမ်းကွဲက ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
ကျွန်ုပ်ဘဝတွင် နားအကြားအာရုံ ချို့ယွင်းသောကြောင့် ခွဲခြားမှုတွေ ကြုံခဲ့ရသလို အခွင့်အရေးတွေလည်း ဆုံးရှုံးခဲ့ရဖူးသည်။ ကျွန်ုပ်သည် နားလေးနေသောကြောင့် ဆယ်တန်းပင် အောင်လိမ့်မည်မဟုတ်ဟု ယူဆပြီး ဆယ်တန်းမအောင်သေးသူလို ဆက်ဆံခံရဖူးသည်။ ဝန်ထမ်းသက် ၁၄ နှစ်အတွင်းတွင် ကျွန်ုပ်၏ ရာထူးမှာ ထုတ်ကျွမ်း ၅ အဆင့် ကနေ မတက်ခဲ့ပေ။ ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များထဲတွင် ဆယ်တန်းမအောင်သူများစွာလည်း ရှိသည်။ ကျွန်ုပ်ထက် များစွာနောက်ကျပြီးမှ ဝန်ထမ်းဖြစ်လာသူများလည်း ရှိသည်။ သူတို့သည် ကျွန်ုပ်ထက် ရာထူးကြီးကြသည်။ ထုတ်ကျွမ်း ၄၊ ထုတ်ကျွမ်း ၃ ရာထူးတွေ ဖြစ်နေကြပြီ။ ကျွန်ုပ်သည်သာ ဘွဲ့ရပါသော်လည်း ရာထူးတိုးမခံရဘဲ ချောင်ထိုးခံထားရသည်။ ရွာတွင် ကျူရှင်ဝိုင်း ဖွင့်ခဲ့ကြဖူးရာ ဆရာလိုရင် လုပ်မယ်နော်ဟု ပြောခဲ့ဖူးသည်။ ထိုအခါ နင်က နားမှမကြားဘဲ ဘယ်လိုစာသင်မှာလဲဟု ပက်ပက်စက်စက် ငြင်းခံရဖူးသည်။ တချို့များဆို ကျွန်ုပ်အပြောကို ဟက်ဟက်ပက်ပက် ရယ်ကြသေးသည်။ ရယ်သူများကို ”နင်တို့က နားကောင်းတာတောင် ဆယ်တန်းအောင်အောင် မကြိုးစားနိုင်ဘူး၊ ငါကကြိုးစားနိုင်တယ်” ဟု ပြန်ပြောချင်ပေမယ့် မပြောခဲ့ပါ။ ပြောပြန်လျှင် ပညာဂုဏ်မောက်သည်ဟု ကဲ့ရဲ့ကြဦးမည်။ နားမကြားဘဲနှင့် ဘွဲ့ရအောင်တောင် ကြိုးစားနိုင်ခဲ့သူက စာကိုလည်း ဘာကြောင့် သင်ပြမပေးနိုင်ရမည်လဲ။ ရှိပါစေတော့လေ။
ဘယ်လိုပဲရှိပါစေ ကျွန်ုပ်သည် အကိုဝမ်းကွဲကိုတော့ ပြောပြလိုက်သည်။ ရွာပြန်ချင်သည့်အကြောင်း၊ ပီဒီအက်ဖ်ထဲ ဝင်ချင်သည့်အကြောင်း။ သို့ပြောမှသာ စိတ်ဖြောင့်ဖြောင့်နှင့် သွားနိုင်မည်မဟုတ်လား။ ထိုသို့ပြောတော့ အကိုဝမ်းကွဲက ‘မင်းက နားမကြားဘဲနဲ့ သေချင်လို့သွားမှာလား’ ဟု ဘုတောတောသည်။ သည်တော့ ကျွန်ုပ်ကလည်း နားမကြားပေမယ့် ထမင်းချက်နိုင်တယ်လေ၊ ထုတ်လုပ်ရေးပိုင်းမှာလည်း လုပ်နိုင်တယ်လေဟု သေချာပြောပြသည်။ ဒါလည်းမရ။ မတော်လို့ ဟိုကောင်တွေဝင်စီးရင် ဘယ့်နှယ်လုပ်မလဲ၊ နားကမကြားဘဲ တောင်ပြေးရမလား မြောက်ပြေးရမလားမသိဘဲ ကြားထဲညပ်နေမယ်၊ မဖြစ်ပါဘူးဟု ပြောပြန်သည်။ ကျွန်ုပ်သည် မိဘထံသို့လည်း မက်ဆေ့ပို့ပြီး ထိုနည်းလည်းကောင်း ခွင့်တောင်းသည်။ မိဘတွေက ပိုလို့တောင် ဆိုးသည်။ ‘နင် အဲ့ဒီမှာ အေးအေးဆေးဆေး နေနေလို့ရရဲ့သားနဲ့ စောက်ရူးထမနေနဲ့၊ မသေချင်ရင် ပြဿနာမီးထွန်း မရှာချင်နဲ့၊’ ထိုသို့ကြားရသည့်အခါမှ ကျွန်ုပ်အတွက် ပိုဆိုးသွားရသည်။
သို့တိုင် ကျွန်ုပ်သည် လက်မလျှော့ပေ။ သူများတွေ အသက်ပေးနေချိန် ကျွန်ုပ် သည်အတိုင်း ဘေးထိုင်နေရမှာကို လိပ်ပြာမလုံ။ ကျွန်ုပ်၏ သမိုင်းသည်လည်း လှလိမ့်မည်မဟုတ်။ နောင်တချိန်မှာ စကားဝိုင်းတွေ ဖွဲ့ကြသည့်အခါ တော်လှန်ရေးတုန်းက အတွေ့အကြုံတွေကို ပြောပြနေကြလျှင် ကျွန်ုပ်သည် မျက်နှာငယ်နေရလိမ့်မည်။ အတွေ့အကြုံတွေ လိုချင်ပါသည်။ တော်လှန်ရေးကြီးသည် ကျွန်ုပ်တို့လက်ထက်မှာ ပေါ်ပေါက်ခဲ့သည်မို့ တော်လှန်ကြရမှာ ကျွန်ုပ်၏တာဝန်ပဲမဟုတ်လား။ နားမကြားလို့ဆိုသည့် အကြောင်းပြချက်လေးတခုတည်းနှင့် ကျွန်ုပ်၏ လုပ်နိုင်စွမ်းတွေကို သည့်ထက်ပိုပြီး ပိတ်ပင်ခွင့်မပေးနိုင်တော့။ ချုပ်ချယ်ခွင့် မပေးနိုင်တော့။ ကျွန်ုပ်ကို သည်လို ပိတ်ပင်ခံရသည့် ဘဝက ထောင်ကျခံနေရသည်နှင့် မခြား မွန်းကျပ်လွန်းလှသည်။ ကျွန်ုပ် ခိုးထွက်တော့မည်။ ဘယ်သူမှမသိအောင် ပီဒီအက်ဖ်တပ်ဖွဲ့ဆီသို့ ခိုးပြေးတော့မည်။ ကျွန်ုပ် သည်လိုလုပ်မှာက ကျွန်ုပ်တယောက်တည်းအတွက်မှ မဟုတ်ဘဲ။ တိုင်းပြည်အတွက်။ အဲဒီတိုင်းပြည်အတွက် ဆိုတာထဲမှာ ကျွန်ုပ်ကို တားမြစ်သူတွေအတွက်လည်း ပါသေးသည်ပဲ။ သူတို့ကောင်းဖို့အတွက် ကျွန်ုပ်ဆုံးဖြတ်ရသည်ပဲ။
ကျွန်ုပ် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီးသွားသည့်အခါ ဖုန်းထဲက တော်လှန်ရေးနှင့်ဆိုင်သည်များကို ဖျက်ပစ်သည်။ ငွေကို ရှိသလောက် ယူခဲ့သည်။ မှတ်ပုံတင်ထဲတွင် အလုပ်အကိုင်မှာ ဝန်ထမ်းဟု ရေးထားသော်လည်း ကိစ္စမရှိ။ ကျောင်းသားမှတ်ပုံတင်အဟောင်းရှိသည်။ လမ်းမှာစစ်မေးလျှင် အရင်ဆုံး နားလေးသည့်အကြောင်း ပြောမည်။ နားလေးသူကို မည်သူကမျှ တော်လှန်ရေးနှင့် ပတ်သက်သူဟု ထင်မြင်လိမ့်မည်မဟုတ်။ အဝတ်အစားကို နှစ်ထပ်ဝတ်သည်။ ဂျာစီဘောင်းဘီကို အောက်ခံဝတ်ပြီး ပုဆိုးကိုဝတ်သည်။ ကျောပိုးအိတ်မယူ။ အဝတ်တထည် ကိုယ်တခုသာ။ သို့မှသာ အကိုဝမ်းကွဲက မရိပ်မိမည်မဟုတ်လား။
အလုပ်ပိတ်ရက်တနေ့မှာ ကျွန်ုပ်သည် အကိုဝမ်းကွဲအား လက်ဘက်ရည်ဆိုင် ခနသွားမည်ဟုပြောပြီး ခြေကျင်ထွက် လာခဲ့သည်။ ပြီးနောက် အိုးဝေကိုတားကာ ကားဂိတ်ဆီသို့ လှမ်းခဲ့သည်။ နောက်တနေ့မှာ ကျွန်ုပ်နှင့် အဆက်အသွယ် ရှိသော ပီဒီအက်ဖ်တပ်ဖွဲ့ဆီသို့ ရောက်ရှိသည်။ ထိုအဖွဲ့တွင် ထမင်းချက်ချင်လည်း ချက်နိုင်သည်။ ထုတ်လုပ်ရေးပိုင်းတွင်လည်း လုပ်နိုင်သည်ဟုဆိုသည်။ ကျွန်ုပ်သည် ထမင်းလည်းချက်သည်။ အားလျှင် ထုတ်လုပ်ရေးပိုင်းလည်း ကူလုပ်သည်။
ကြာလာသည့်အခါ ကျွန်ုပ် ခိုးထွက်ခဲ့သည့်အကြောင်း တရွာလုံးတွင် ပြောစမှတ်တွင်ခဲ့သည်။ ကျွန်ုပ်သည် ခိုးထွက်ခဲ့သည့် လုပ်ရပ်အတွက် အလွန်ဂုဏ်ယူသည်။
သိဒ္ဒတ္ထမင်းသားသည် နောက်ဆုံးတွင် ဂေါတမဘုရားဖြစ်ခဲ့သည်။ သိဒ္ဒတ္ထသည်သာ မိဘစကား နားထောင်ခဲ့လျှင် ဘုရားဖြစ်မည်မဟုတ်။ သိဒ္ဒတ္ထမင်းသား ဘုရားဖြစ်ခြင်းဟာ ပရိနိဗ္ဗာန် စံမြန်းဖို့အတွက်တင်မဟုတ်။ မိဘ၊ ဇနီးနှင့် သားတို့ပါ အကျွတ်တရား ရသွားစေရန်အတွက် ဖြစ်သလို ဗုဒ္ဓဘာသာကိုးကွယ်သူတိုင်း အကျွတ်တရား ရစေရန်အတွက် ဖြစ်သည်။
ကျွန်ုပ်သည်လည်း မိဘစကား နားထောင်ခဲ့လျှင် တော်လှန်စားဖိုမှူး ဖြစ်မည်မဟုတ်ပေ။ သမိုင်းလည်းမလှနိုင်။ နောင်တချိန် စကားဝိုင်းမှာ တော်လှန်ရေးအတွေ့အကြုံတွေကို လိပ်ပြာလုံလုံ ပြောနိုင်တော့မည်။ ခုလက်ရှိမှာ တော်လှန် ရေးကြီး မအောင်မြင်သေးပေမယ့် အောင်မြင်လိမ့်မည်ဟု ယုံကြည်သည်။
မိမိ တော်လှန်ရေး လုပ်သင့် မသင့် ဆုံးဖြတ်ချက်သည် တခြားသူ၏ ဆုံးဖြတ်စေခိုင်းချက်နှင့် မသက်ဆိုင်။ မိမိ၏ ဆုံးဖြတ်ချက်သည်သာ အခရာဖြစ်သည်။
(၁. ၁၂. ၂၀၂၁ နေ့တွင် မန္တလေးမြို့မှ ခိုးထွက်ခဲ့ခြင်း အမှတ်တရ)
စာကြွင်း ။ ။ ယခုအချိန်တွင်မူ မန္တလေးမြို့တွင် “မန်းမြေသို့အပြန်” ဆိုပြီး မန္တလေးမြို့ကို သိမ်းပိုက်နိုင်တော့မည့် အရိပ်အယောင်များ မြင်နေရပြီဖြစ်သည်။
.
Be the first to comment