“ခေတ်မဲ့ပန်း”
အိမ့်ဘုန်းစစ်ဘော်(တော်လှန်ရေးရဲဘော်)
“စက္ကန့်တိုင်းက ဝါးမြိုခံထားရသလိုမျိုးပဲ။ တဆစ်ဆစ်နဲ့ နာကျင်ရတယ်၊၊ ခံစားရတယ်။ ကျွန်တော့် ကမ္ဘာထဲက ကောင်းကင်ကြီးက ဖျားနာနေပြီးတော့ လေကောင်းလေသန့်လဲရမနေဘူး။ အသက်ရှုကြပ်တယ်ပေါ့ဗျာ။ ဒါပေမယ့်လည်း ဒါက ကျွန်တော်ကိုယ်တိုင် ရွေးချယ်ထားတဲ့လမ်းဖြစ်နေပြီး ကျွန်တော်ဘယ်တော့မှနောက်ပြန်လှည့်မှာမဟုတ်ပါဘူး။”
တကယ်တမ်းက ကျွန်တော့်မှာ မြိုသိပ်ထားတဲ့အကြောင်းအရာတွေမှအများကြီးပဲ။ ထုတ်မပြောခဲ့တာကလည်း ဘယ်သူမှနားမလည်လောက်ဘူးထင်တာကြောင့်ပဲ။ နေ့တစ်နေ့စီတိုင်းမှာ ဗလာစာရွက်အလွတ်ထဲ ပိတ်မိနေတဲ့လူတစ်ယောက်လိုမျိုး ဖြတ်သန်းနေမိတာ။ တကယ်တမ်းကျ ရယ်စရာကောင်းပါတယ်။ သစ်ရွက်လေးဘယ်လိုကြွေကျတယ်၊ ကောင်းကင်ကြီးဘာကြောင့်ပြာတယ်၊ လူတွေဘယ်လိုရင်ခုန်တယ်ဆိုတဲ့ ဖော်ပြရခက်တဲ့ကိစ္စတွေကို အထူးဆန်းလုပ်ပြီး တွေးနေမိခဲ့တာ။
ရူးနေတယ်လို့ပြောဖို့ကျ ခက်တယ်။ ကျွန်တော်က ရူးနေတာမှမဟုတ်ဘဲ။ စကြာ၀ဠာထဲက ကြယ်အစုအတန်းလေးတွေ ကျွန်တော့်ဦးနှောက်ထဲ လာစုရုံးနေသလိုမျိုးပဲ။ ကျွန်တော့်ရဲ့ အိမ်မက်ဟာ အနုပညာပါ။ အနုအရွတွေကိုမှသဘောကျတတ်တဲ့ ကျွန်တော်က တော်လှန်ရေးလုပ်တယ်၊ သေနတ်ကိုင်တယ်ဆိုတာ ယုံနိုင်ဖို့တော့မရှိဘူး။ ဘယ်ကသတ္တိတွေရောက်လာတာလဲပေါ့။ ကျွန်တော်ကိုယ်တိုင်တောင် တစ်ခါတစ်ခါတွေးကြည့်မိတယ်။ ဘယ်အရာကများ တွန်းအားပေးခဲ့ပါလိမ့်လို့။ နိုင်ငံကြီးသားပီသချင်တာကြောင့်လား၊ မဆိုင်သလိုမနေတတ်တဲ့ ခပ်ပေါပေါ စိတ်တစ်ခုကြောင့်လားတော့မသိပါဘူး။
ကဗျာဆန်ဆန်၊ စာဆန်ဆန်တွေကိုသဘောကျတဲ့လူက တော်လှန်ရေးလုပ်မယ်၊ သွေးသံတရဲရဲနဲ့ သေနတ်ကိုင်တယ်ဆိုတာ ဘယ်သူကမှမယုံခဲ့ဘူး။ ကျွန်တော့်ရဲ့ ပတ်၀န်းကျင်တစ်ခုလုံးက ကျွန်တော့်ကိုတကယ်မယုံကြည်ခဲ့တာ။ တစ်ချို့ပြောကြပုံအရဆိုရင် ကျွန်တော်ဟာ အဖွဲ့စည်းတစ်ခုခု၊ လူတစ်ဦး ဦး ရဲ့ အကြပ်ကိုင်ခြင်းကိုခံရလို့ ဆိုတဲ့ စကားမျိုးတွေပါပြောကြတာ။ လူတွေကလဲခက်ပါတယ် ကိုယ့်ကိစ္စလဲမဟုတ်တာကို ချဲ့လို့ကားလို့။ အမှန်တကယ်တော့ ကျွန်တော့်အသက်ကလည်း ငယ်ငယ်ကလေးရယ်။ အခုမှ ဆယ်ကျော်သက် မြီးကောင်ပေါက်လေး။ လူတစ်ယောက်ရဲ့ လွတ်လပ်အပေါ့ပါးဆုံး အချိန်ကာလကိုဖြတ်သန်းရမယ့် အရွယ်။ တက္ကသိုလ်တက်မယ်၊ သင်တန်းတွေတက်မယ်၊ ရည်းစားထားမယ်၊ ဘာညာလေးတွေလုပ်ရင်း ပျော်ပျော်နေထိုင်နေရမှာ။ ဒါပေမယ့် အခုကြည့်…. တောထဲမှာ စစ်သင်တန်းတက်ရတယ် ၊ ချွေးတွေသွေးတွေနဲ့လူးလို့လှိမ့်လို့၊ အဆာငတ်ခံရ၊ ရေငတ်ခံရနဲ့ ဒုက္ခတွေကခပ်များများ။ ပြီးတော့လည်း အမျိုးသမီးတစ်ဦးကဖြစ်နေသေးတယ်။ စဉ်းစားကြည့်ဗျာ၊ ကျွန်တော်တို့ မြို့ပေါ်မှာ ခြင်ကိုက်တာလေးကအစ၊ ကြက်သွန်လှီးရင်း ဓားရှတာကလေးကအစ ထွဋ့်ထွဋ့်လူးနေတတ်တဲ့လူတွေလေ၊ ခြေပြတ်လက်ပြတ်မှာတွေ ခြေထောက်မှာ သွေစိမ်းရှင်ရှင်အနာပေါက်တာတွေဆို ဘယ်သူက မကြောက်ဘဲနေပါ့မလဲ။
စက္ကန့်တိုင်းက ဝါးမြိုခံထားရသလိုမျိုးပဲ။ တဆစ်ဆစ်နဲ့ နာကျင်ရတယ်၊ ခံစားရတယ်။ ကျွန်တော့် ကမ္ဘာထဲက ကောင်းကင်ကြီးက ဖျားနာနေပြီးတော့ လေကောင်းလေသန့်လဲရမနေဘူး။ အသက်ရှုကြပ်တယ်ပေါ့ဗျာ။ ဒါပေမယ့်လည်း ဒါက ကျွန်တော်ကိုယ်တိုင် ရွေးချယ်ထားတဲ့လမ်းဖြစ်နေပြီး ကျွန်တော်ဘယ်တော့မှနောက်ပြန်လှည့်မှာမဟုတ်ပါဘူး။ တွေးကြည့်မိတယ်။ တော်လှန်ရေးကအနုပညာပဲလို့လေ။ ကျွန်တော်တို့ စတင်ခဲ့တဲ့ဒီလမ်းမှာ ခံစားချက်တွေအများကြီးပါ၀င်နေတယ်။ စိတ်ခံစားချက်ကို ဦးစားပေးတယ်ဆိုတာမျိုးမဟုတ်ပေမယ့်လည်း ကျွန်တော်တို့ဟာ လူငယ်တွေဖြစ်တာမို့ ခံစားချက်ဟာ နည်းနည်းကလေးပိုသာတယ်။ ဦးနှောက်နဲ့ယှဉ်ရင်ပေါ့လေ။ ဒီနေရာမှာ ကျောင်းသားဆိုတဲ့ နာမ်စားတစ်ခုက ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ရပ်တန့်စေလိုက်တယ်။ ခံစားချက်ကိုပဲဦးစားပေးလို့ မဖြစ်ဘူးဆိုတာမျိုးတွေပေါ့။ ဘ၀မှာရုန်းကန်ရမယ့် အခြေအနေတွေထဲ ကျွန်တော်တို့က နှလုံးသားနဲ့ ဦးနှောက်ကို balance ညီနေဖို့လိုတယ်။ တော်လှန်ရေးတွက်ဆို ပိုပြီးလိုအပ်တာပေါ့။ ဒါက အနုပညာနဲ့တော်လှန်ရေး၊ လူငယ်နဲ့စစ်ကို ထပ်တူညီပါတယ်လို့ ပြောရတဲ့ အကြောင်းရင်းတွေထဲကတစ်ခုပါပဲ။
စုတ်တံကိုင်တဲ့လက်နဲ့ သေနတ်တစ်လက်ကို ကိုင်ရတာ တကယ်တမ်းတော့ စိတ်လှုပ်ရှားစရာကောင်းတယ်။ ဆေးစက်တွေအစား ကျည်ဆံတွေထွက်လာတာကရော အံ့ဩဖို့ကောင်းတယ်။ ကင်းဘတ်စပေါ်ကျသွားတဲ့ အနီရောင် ဆေးစက်လေးနေရာမှာ လူတစ်ဦးတစ်ယောက်ရဲ့ နှလုံးသားထဲက ထွက်လာတဲ့သွေးအနီရောင်တွေပေါ့။ ထပ်တူတော့ကျပါသေးတယ်။ ”ကျည်ဆံတွေအစား ချိုချဉ်တွေဖြစ်ရင်သိပ်ကောင်းမှာပဲ” တဲ့။ ကျွန်တော်တို့ တော်လှန်ရေးနယ်မြေထဲက အရပ်သားကလေးတစ်ယောက်ကပြောတယ်။ ကျွန်တော်ဘာပြန်ပြောရပါ့မလဲ၊ ကျွန်တော့်မှာ မှော်စုတ်တံသာရှိနေခဲ့မယ်ဆိုရင်ပြောင်းပေးချင်ပါတယ်။ တဝုန်းဝုန်းဆူညံနေတဲ့ လက်နက်ကြီးသံတွေအစား ချိုသာတဲ့ အသံကိုပြောင်းလဲပေးချင်တယ်။ ဒါက ခပ်ညံ့ညံ့စိတ်ကူးယဉ်မှုလို့ ခင်ဗျားတို့တွေးကောင်းတွေးလိမ့်မယ်။ ဒါပေမယ့် စိတ်ကူးဆိုတာမရှိရင် အိမ်မက်တွေလည်း ရှိလာမှာမဟုတ်ဘူး။ ကျွန်တော်တို့ဆက်လျှောက်ရမယ့် လမ်းတွေအတွက် အိမ်မက်တွေရှိမှဖြစ်မှာ။ ပြီးတော့ ယုံကြည်မှု၊ ဖန်တီးနိုင်စွမ်းတွေလည်း လိုအပ်တယ်။ ဒါမှလည်း ဒီအိမ်မက်တွေကို အကောင်ထည်ဖော်နိုင်မှာဖြစ်လို့ပါ။
အနုပညာကို စွဲစွဲလမ်းလမ်းနှစ်သက်တဲ့ ကလေးတစ်ဉီးဟာ၊ ကြယ်တွေကိုကြည့်ရင်း စိတ်ကူးယဉ်တတ်တဲ့ကလေးတစ်ဉီးဟာ နိုင်ငံနဲ့လူမျိုးအတွက် လွတ်လပ်ရေးယူဖို့၊ တရားမျှတမှုရရှိဖို့ လက်နက်ကိုင်ခဲ့ပါတယ်။ အဲ့ကလေးက ကျွန်တော်ပါပဲ။ စစ်သင်တန်းတက်နေစဉ်ကာလတစ်ခုလုံးမှာ ဦးနှောက်ထက် နှလုံးသားကို အသုံးချခဲ့တယ်။ ကျွန်တော်ဟာ စိတ်ခံစားချက်ကို ဦးစားပေးမိခဲ့တယ်။ ဒီ့အတွက် ကျွန်တော်က စစ်သားတစ်ယောက်ဖြစ်ချင်မှဖြစ်လိမ့်မယ် ဒါပေမယ့် ကျွန်တော့်ရဲ့ နှလုံးသားဟာ ပြည်သူကိုကာကွယ်ရပါမယ်လို့ အမိန့်ထုတ်ထားခဲ့တယ်။ ကျွန်တော့်ဉီးနှောက်ကတော့ နှလုံးသားကို ထောက်ပံ့ပေးဖို့အတွက် တောင်းဆိုထားတယ်။ ကျွန်တော့်ကမ္ဘာထဲက ကောင်းကင်ကြီးဟာ ခုချိန်ထိ နာမကျန်းဖြစ်နေဆဲပါပဲ။ ကုသဖို့ဆေးကိုရှာမတွေ့သေးပေမယ့် ဆေးရှာမယ့်လမ်းကတော့တစ်၀က်ကိုရောက်နေပြီ။ ကျန်တဲ့လမ်းကိုရောက်ဖို့အတွက် နှလုံးသားနဲ့ဦးနှောက်ကို အသုံးချဖို့လိုပါတယ်။ ရင်ထဲက အနုပညာနဲ့ စစ်သားတစ်ယောက်ရဲ့ စစ်မာန်၊ စစ်ဟန်တွေအပြည့်နဲ့ ပေါင်းစပ်ရင်းပေါ့။ ညာဘက်မှာ ကျည်ဆံအပြည့်ပါတဲ့ သေနတ်တစ်လက်ကိုကိုင်ရင်း ဘယ်လက်မှာ ဒေစီပန်းတစ်ပွင့်ကိုင်ရင်း နားရွက်ကြားထဲ စုတ်တံကိုညှပ်ထားရင်း မြေပြင်ပေါ်မှာ ဆေးတွေနဲ့သွေးတွေက ရောထွေးကောင်း ရောထွေးနေပါလိမ့်မယ်။
ကျွန်တော်ရဲ့တော်လှန်ရေးဟာ ကဗျာဆန်ခဲ့ပါတယ်။
_19.11.2024
Be the first to comment