
“ခေတ်အဆက်ဆက် ကူကယ်ရာမဲ့ ပြည်သူတွေ”

နောက်တခါ လာပြန်ပြီတဲ့ဟေ့ … ဆိုသလို။ တို့ပြည်သူတွေမှာလည်း ဒုက္ခတွေ တခုပြီးတခု။ ဘေးအန္တရာယ်တွေထဲက မင်းဆိုးမင်းညစ်ဘေး ပြီးတော့ ရေဘေး၊ ခု ငလျင်ဘေး။ တပူပေါ် နှစ်ပူဆင့်တာ မဟုတ်တော့ပါဘူး။ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်၊ ဖြတ်သန်းခဲ့တဲ့ကာလတွေ ကြည့်လိုက်၊ အပူတွေဆင့်တာ များလွန်းလို့ အမြင့်ကြီးရောက်နေပီ။ ထိပ်ဆုံးအပူထိ တက်ကြည့်လိုက်ရင် ပုပ္ပါးတောင်ကို မြင်ရပြီ။ ဧဝရက်တောင်ကို မြင်ရပြီ။
ဒီတခေါက်ကတော့ သဘာဝ ဘေးအန္တရာယ်ပေါ့၊ ဘယ်တတ်နိုင်ပါ့မလဲပေါ့။ မှန်ပါတယ်။ သဘာဝဘေးက တားဆီးလို့မှ မရတာဘဲ။ ကံပဲပေါ့။ ဒါပေမယ့် ရာနှုန်းပြည့် ကံကိုပဲ ပုံချဖို့တော့ မဖြစ်ထိုက်ပါဘူးလေ။ ကျနော်တို့ လူသားမျိုးနွယ်တလျှောက်လုံး သဘာဝဘေးများစွာ ကြုံရတာပဲ၊ ဖြတ်သန်းကျော်လွှားခဲ့ကြတာပဲ။ တတ်နိုင်သမျှ အဆုံးရှုံးနည်းအောင် စီမံဖို့က အစိုးရဆိုတဲ့ တိုင်းပြည်အုပ်ချုပ်နေတဲ့ ယန္တရားမှာလည်း တာဝန်ရှိတာပဲ မဟုတ်လား။ မုန်တိုင်းဝင်မယ်၊ ရေကြီးနိုင်မယ်ဆို ကြိုတင်သတိပေးတာတွေ၊ ကာကွယ်တဲ့အစီအမံတွေ လုပ်ရမယ်။ ငလျင်ဆိုလည်း ရှေ့ကာလတွေမှာ စစ်ကိုင်းပြတ်ရွေ့နဲ့ပတ်သက်ပြီး ပညာရှင်တွေ တောက်လျှောက် သတိပေးခဲ့တယ်။ ဒါ့ကြောင့် အစိုးရဘက်က စီမံစရာရှိတာတွေကို ကြိုတင်စီမံရမယ်၊ တိုက်တာအဆောက်အအုံပိုင်း ကြံ့ခိုင်မှုတွေ၊ အရည်အသွေးပိုင်း ဆန်းစစ်မှုတွေကစလို့ ပြည်သူတွေအပေါ် ငလျင်နဲ့ပတ်သက်တဲ့ အသိဗဟုသုတ မျှဝေတာအဆုံး ဒါတွေအားလုံးကို လုပ်ဆောင်ဖို့ အစိုးရတွေမှာ တာဝန်ရှိတာအမှန်ပဲ။
ကျနော်တို့လူမျိုးတွေမှာ မလွှဲသာမရှောင်သာ ကပ်ဆိုးတွေအပေါ်မှာ ကူကယ်ရာမဲ့ လွှတ်ထားတာကို ခေတ်အဆက်ဆက် ခံခဲ့ရတယ်။ ဒါ့အပြင် အဲဒီလို လွှတ်ထား/ဂရုစိုက်မခံရတဲ့အပေါ်မှာလည်း သဘာဝကျကျပဲ ပုံမှန်လို နေထိုင်ခဲ့ရတယ်။ ဘယ်သူ့မှာမှ တာဝန်မရှိနေဘဲ ကပ်ဆိုးကြီးမို့ကို ကြုံကိုကြုံရမယ့်အရာမို့ ကြုံကြရတယ်လို့သာ သဘောပိုက်ခဲ့ကြရတယ်။ ထုံးစံအတိုင်း ဒီ့မတိုင်ခင်မှာ ကာကွယ်ဖို့ တာဝန်ရှိတဲ့သူတွေရဲ့ တာဝန်မဲ့မှုကို အလေးထားပြောဆိုဖို့ စိတ်မအားတော့ဘဲ ဖြစ်လာခဲ့တဲ့ ဒုက္ခတွေအပေါ်မှာသာ တယောက်ကိုတယောက် ကူကြကယ်ကြဖို့ ဖြစ်လာခဲ့ပေါ့။ (ကူကြကယ်ကြတဲ့ ဖြစ်စဉ် မှာတောင် ငလျင်ဖြစ်ပြီး ၄၈ နာရီထိ ထိရောက်တဲ့ ကယ်ဆယ်ရေးရယ်လို့ ဒီအစိုးရ (လို့ သူတို့ကိုယ်သူတို့ သတ်မှတ်ထားတဲ့ကောင်တွေ) က ဘာများ စီမံပေးပါသလဲ၊ ဘယ်လောက်တောင် နေနိုင်ရက်တာပါလိမ့်။) မတိုင်ခင် နှစ်တွေမှာ ကြိုတင်ကာကွယ်တဲ့အစီအမံတွေ လုပ်ဆောင်ဖို့ ပျက်ကွက်သလို ဒဏ်ခံရပြီးနောက် ပြည်သူလူထုကို ကူညီကယ်ဆယ်ဖို့ ရွှေ့ဖို့ပြောင်းဖို့ လိုအပ်တာ ထောက်ပံ့ပေးဖို့ဆိုတာ သင်းတို့ တာဝန်၊ သင်းတို့ ဝတ္တရား။ တနိုင်တပိုင် ထမင်းထုတ်ပို့ကြတာ၊ နေစရာ စောင် ခြင်ထောင်လှူတာ၊ ရွှေ့ပြောင်း ကယ်ဆယ်ကြတာတွေ ပြည်သူလူထုကပဲ ပြည်သူလူထုကို ပြန်စောင့်ရှောက်နေရတာ။
တနိုင်တပိုင် အဆင့်ထက်ပိုတဲ့ ဘေးအန္တရာယ်တွေဟာ တနိုင်တပိုင် အဆင့်ထက်ပိုတဲ့ လက်တံရှည်တွေနဲ့ဆိုမှ ပြည်သူလူထုရဲ့ အသက် အိုးအိမ် စည်းစိမ် ကို ပိုကယ်နိုင်မှာ။ ကိုယ်တန်ဖိုးထားတဲ့ အရာလေးကို ဘယ်သူမဆို မပျက်စီး မဆုံးရှုံးအောင် ကြိုးစားကြတာပဲ မဟုတ်လား။ အေးလေ သင်းတို့က ပြည်သူကို တန်ဖိုးမှမထားတာ။ ခုထိကိုပဲ ရွာတွေကို ဗုံးကြဲပြီး ပြည်သူကို မီးမြှိုက်နေကြတာ မဟုတ်လား။ ခုထိကို စစ်မှုထမ်းမဲပေါက်တဲ့ လူငယ်တွေကို ငလျင်ဒဏ်ခံရတဲ့ ဒေသတွေမှာပါ ပေါ်တာ လိုက်ဆွဲနေတာ မဟုတ်လား။
နဝတ/နအဖ ခေတ်မှာကတည်းက ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုတဲ့ HIV/AIDS ကို ကုရာနတ္ထိ ဆေးမရှိတို့၊ မကူးစက်အောင် သင့်ဘာသာ ဆင်ခြင် ပါ၊ ကူးစက်လာရင် သင့်တာဝန်ပဲတို့ ဆိုတဲ့ နှပ်ကြောင်းပေးမှုမျိုးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ အစိုးရရဲ့တာဝန်မဟုတ်ဘဲ ပြည်သူလူထုရဲ့ မိမိဘာသာ တာဝန်ခံရတဲ့ ကိစ္စမျိုးလို့ ပြောခဲ့ဆိုခဲ့ကြတာ မဟုတ်လား။ အဲဒီကနေမှတဆင့် ကျန်းမာရေး မစောင့်ရှောက်တတ်တဲ့/စောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့တဲ့အစိုးရဟာ မကျန်းမာသူတွေကို ကိုယ်ကျင့်တရားအမြင်တွေပါ ဆွဲကပ်ပီး နှိမ်ချဖို့ ကြိုးပမ်းခဲ့တယ်၊ လူ့အသိုင်းအဝိုင်းရဲ့အပြင်ကို ဖယ်ထုတ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီရောဂါဟာ ဘယ်လိုကြောင့်ဖြစ်တယ်၊ ပြည်သူကို ကျန်းမာရေးအသိ ဘယ်လိုပေးရမယ်၊ မကျန်းမာသူတွေကို ဘယ်လို ဂရုစိုက် ထိန်းသိမ်းရမယ်၊ ဘယ်လို ဆင်ခြင်တုံတရားအတွင်းကနေ ကူညီ စောင့်ရှောက်ရမယ် ဆိုတာတွေ မလုပ်ဘဲ မဖြစ်အောင်နေ၊ ဖြစ်လာရင် ငါတို့ လူ့အသိုင်းအဝိုင်းကနေ ဝေးဝေးမှာ ထားတော့မယ်ဆိုတဲ့ စည်းတားမှုမျိုးကိုသာ လုပ်ဆောင်ခဲ့တဲ့ အစ်ိုးရပါပဲ။ အင်မတန်ရိုင်းတဲ့အစ်ိုးရပါ။ လူသားမဆန်တဲ့ အစိုးရပါ။
ကျနော်တို့ ပြည်သူလူထုဟာ သူတို့ကြွေးတဲ့ဂျင်းကို မိခဲ့တယ်၊ သူတို့ မသိလိုက်မသိဘာသာ နှပ်ကြောင်းပေးတဲ့ အိုက်ဒီယိုလိုဂျီ ဝင်သွားတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ အစိုးရနဲ့ဆိုင်တယ်လို့ မထင်တတ်တော့ဘဲ ကိုယ်ဖြစ်ကိုယ်ခံ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရတာပဲလို့ မြင်ခဲ့ကြတာ။ ဆိုကြပါစို့ ခင်ဗျားတို့ ကျနော်တို့ နေ့စဉ် သောက်သုံးနေတဲ့ ရေသန့်ဆိုတဲ့ ဗူးတွေဟာ ဘယ်နှစ်လ၊ဘယ်နှစ်နှစ်နေရင် လဲရမယ်ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်ပဲ လုပ်ရမှာလား၊ ရေသန့်ကုမ္ပဏီတွေကို ခင်ဗျားတို့က ဖိအားပေးရမှာလား၊ သွားစစ်ရမှာလား။ မဟုတ်ဘူးနော်။ အဲဒါက အစိုးရက လုပ်ရမှာ။ ကာလဝမ်းရောဂါဟာ လည်း အစိုးရနဲ့ဆိုင်တယ်။ မသန့်တာတွေ စားလို့ဆိုတဲ့ အပြစ်တင်မှုထက်ပိုတဲ့ တာဝန်ယူ စီမံမှုတွေကို ကျနော်တို့ မေ့ခဲ့ကြတယ်။ ဂရိခေတ်ကလို နတ်ဘုရားတွေ မကြိုက်တာ တခုခုလုပ်မိလို့များလားလို့ မတွေးတော့ပေမယ့်လို့ပေါ့လေ။
အခုလည်း ထိုနည်းလည်းကောင်းပါပဲ။ ငလျင်ဒဏ်က သဘာဝဘေး။ ရှောင်ဖို့တိမ်းဖို့ ပြေးဖို့လွှားဖို့က ကာယကံရှင် ပြည်သူတွေကိစ္စ။ မရှောင်နိုင် မတိမ်းနိုင်ခဲ့တဲ့လူတွေက ကိုယ့်အတိတ်ဘဝက အကုသိုလ်ကံကြောင့်။ ဒါပါပဲ။ ဘယ်နားလေးမှာမှ အစိုးရဟာ တာဝန်ရှိမနေခဲ့ပါဘူး။ ဘယ်တုန်းကမှလည်း တာဝန် မယူခဲ့ပါဘူး။ ခေတ်အဆက်ဆက် သူတို့ အာဏာတည်နေဖို့တာဝန် ရှိနေတာကလွဲရင် သူတို့ဟာ ဘယ်နေရာမှာမှ တာဝန်ရှိမနေသလို နေခဲ့တာပါပဲ။
“ဒီကာလထဲ
ဘယ်လိုပုံစံနဲ့ သေမလဲ လို့မေးလာခဲ့ရင်
ငါတို့မှာ ရွေးချယ်စရာ အများသားလားလို့
စိတ်မကောင်းခြင်းကြီးစွာ တွေးမိလာရဲ့
ဝဋ်ကြီးလိုက်တဲ့ တို့ပြည်သူပြည်သားတွေပါပဲ။
မုဆိုးမအိုကြီးရဲ့ ထမင်းအိုးတည့်တည့်ကိုမှ
ဗဟိုပြု လှုပ်ရှားသွားတဲ့ ၇.၇ ပါပဲ။
ရုပ်အနာ နည်းပါစေ
စိတ်အနာ မထူထဲပါစေနဲ့လို့ ဆုတောင်းမေတ္တာပို့ပါတယ်။
တဦးချင်းစီတိုင်းကို ကောင်းရာမွန်ရာရောက်ဖို့ ခဏခဏ ဆုတောင်းရ
ကျန်ခဲ့သူများ … မသေသေးသရွေ့ ရှင်ကြရ
ငါတို့ရဲ့ ခြေမကိုင်မိလက်မကိုင်မိ နိုင်ငံတော်”
Be the first to comment