
‘ခေါ်သံ’

ပင်လယ်ပြင်သည် ယခင်နေ့များထက် သည်နေ့ လှိုင်းဂယက်ပိုထန်နေသယောင်ထင်ရ၏။ ကောင်းကင်ကြီးက ဒီနေ့မှ ပြိုတော့မယ့်ဟန်ချီကာ လေပြင်းများ တဝူဝူတိုက်ခိုက်ပြီး အမှောင်ကျနေသည်။
” ဗျို့…ကိုခင်စိုး ငါးရရဲ့လားဗျ ”
” မရပါဘူး ကိုညိုလွင်ရေ… ငါးဖမ်းမယ့်နေရာလည်းမရှိတော့ပါဘူးဗျာ။ ဘယ်နေရာပိုက်ချချ စစ်တပ်ပိုင်နယ်ချည်းပဲ လုပ်နေတော့ ခတ်သားကလားဗျာ ”
”ဟုတ်ပါ့ဗျာ။ ဒီမင်းဆိုးနဲ့တော့ ကျုပ်တို့တံငှာသည်တွေ ထမင်းငတ်သေကြမယ်ထင်ပါရဲ့ ။ ဟိုတစ်တလောကလည်း ကိုချစ်မင်းဝေတို့သားအဖ သူတို့စစ်တပ်ပိုင်နယ်မှာ ပိုက်လာဆွဲတယ်ဆိုပြီး ဖမ်းသွားတာ အခုချိန်ထိ သတင်းအစအနမရဘူး ကိုခင်စိုးရေ ”
” အေးဗျာ သူတို့က လက်နက်အားကိုးနဲ့ အနိုင်ကျင့်ချင်တိုင်း အနိုင်ကျင့်နေကြတာ ၊ ကျုပ်တို့ဘဝတွေတော့ ဓနိတုံးလို မျောချင်တိုင်း မျောရတော့မယ်နဲ့တူပါတယ် ”
ခင်စိုးသည် အသက်ပြင်းရှည်ကို မှုတ်ထုတ်ရင်း ဝမ်းနည်းပက်လက်ပြောလာ၏။
” ကဲပါဗျာ ဒီလောက်ကြီးလည်း စိတ်ပျက်မနေပါနဲ့။ ဒီကောင်တွေကြောင့် တစ်နိုင်ငံဒုက္ခရောက်နေကြတာပဲ ။ ကျုပ်တို့အတွက် ထမင်းတစ်လုတ်ကတော့ ခရုကောက်ပြီးရှာစားနိုင်မယ်ထင်ပါတယ် ”
ကိုညိုလွင် ပြောပြောဆိုဆို လှေပေါ်မှ ဆင်းလိုက်သည်နှင့်တပြိုင်နက် –
”ဝုန်း….ဝုန်း ”
လက်နက်ကြီးသည် ရွာပတ်လည်သို့ တရစပ် ကျရောက်ပေါက်ကွဲလာသည်။ ကိုညိုလွင်လည်း လှေပေါ်မှ ရေထဲသို့ကျသွားလေ၏။
ရွာသူရွာသားများမှာမူ ထိုငရဲကို ထိတ်လန့်ကာ အော်ဟစ်ငိုယိုပြီး ဓနိတောထဲသို့ ပြေးလွှားနေတော့သည်။
တချို့မှာ အမိအိုးအဖအိုးကိုထမ်းပိုးကာပြေး၏။ တချို့က သူတို့သားသမီးများကို ချီပြေးနေကြသည်။ တချို့သည် သမုဒယနှောင်ကြိုးများအား ရှာဖွေရင်း ရွာထဲမှပြေးမရောက်ဘဲ ကျောက်တန်းစီထားသော ကမ်းစပ်တွင် ပုန်းရှာရင်း နက်လက်ကြီး၏ စစ်ကွင်းထဲ ပိတ်မိလျက်သား ကျန်နေခဲ့သည်။
ကလေးတချို့ကား သူတို့မိဘများကို အော်ခေါ်လျက် ရွာလမ်းထက် နားကိုတစ်စုံပိတ်ကာ ထိုင်ငိုနေသည်။
ခင်စိုးမှာမူ လှေနံဘေးဆင်းဝပ်ရာမှ သမီးနှင့်ဇနှီးဖြစ်သူ နန်းမြသင်းကို စိုးရိမ်သောကရောက်နေတော့၏။
အဲသည်နေ့က နန်းမြသင်းသည် သမီးလေးကို ဘွားမယ်ညိုဆီအပ်ခဲ့ပြီး သူက ငပိပို့ရန် ရှပ်ပုံရွာသို့ တက်သွားသည်။
မီးလောင်အော်ရွာတွင် ဤသို့ လက်နက်ကြီးကျကာ ငရဲခန်းဖြစ်နေသောကြောင့် မီးလောင်အော်ရွာဆင်းမယ့်သူများကို PDF ရဲဘော်များက တားဆီးကာ လုံခြုံသည့် တောတစ်နေရာသို့ ခေါ်ဆောင်သွားသည်။ သည်ထဲတွင် နန်းမြသင်းလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။
ခင်စိုးကတော့ သူ့အိမ်ပေါ်သို့ ရေထဲမှပြေးတက်လာကာ သမီးလေးကို အော်ခေါ်ရှာသည်။
”သမီးရေ….သမီး ”
သူတို့အိမ်ပေါ်တွင် ဘွားမယ်ညိုနှင့်သမီးကား လက်နက်ကြီး၏ စစ်ကွင်းထဲ ဒဏ်ရာပရပွတ်နှင့် သွေးအိုက်ထဲ လူးလိမ့်နေသည်။
”သမီး….”
ခင်စိုး အာမေဍိတ်သံဖြင့်အော်ကာ ဘာလုပ်ရမှန်းမသိ ဗျာသောကများနေ၏။
လက်နက်ကြီးကား ရွာနားစပ်တွင် ကျနေသည်။ တဖက်က သေနတ်သံတို့သည် လေနင်ရာ ရေလှိုင်းနှင့်အတူ ကျယ်ပြောလှသော လယ်ပြင်ကြီးသို့ ပဲ့တင်ထပ်နေတော့သည်။ စစ်တပ်က ကျားထိုးသံတို့ကား ဓနိတောကြီးကို ခြောက်လန့်လျက် ။
ထို့နောက် ခင်စိုး သမီးလေးကို ပွေ့ချီကာ လက်နက်ကြီး၏ လှိုင်းထန်မှုကိုရှောင်ကွေ့ရင်း ရွာထဲမှ ဘုရားကျောင်းနောက်တွင် ပုန်းရှောင်နေလေသည်။
သူရင်ခွင်ထဲတွင် သမီးလေးကား သက်ငင်လျက်ရှိနေသည်။
စစ်ကြောင်းမှာမူ သူတို့ရွာကို အလုံးအရင်းဝင်ရောက်လာလေပြီ။ ရွာသားနှစ်ယောက်လည်း ထိုစစ်ကြောင်းထဲတွင် ခြသေ့်၏ပါးစပ်တွင်ပါလာသော အသားကောင်သကဲ့သို့ ကြိုးတန်းလှမ်းဖြင့်တုတ်နှောင်ခံထားရလေသည်။
” ဒူးထောက်စမ်း၊ ထောက်စမ်း မအေ-ိုးကောင်တွေ ”
ဆဲဆိုကျိန်းမောင်းသံနှင့်အတူ သေနတ်သံများ တဒိုင်းဒိုင်းထွက်လာသည်။
” အကုန်ပစ်ရှို့ပစ် ၊ တစ်အိမ်မှမကျန်စေနဲ့၊ ငါ-ိုးမသူပုန်တွေ ”
စစ်သားများသည် ရွာထဲမှဓာတ်ဆီဆိုင်က ဓာတ်ဆီကိုယူကာ ရွာထိပ်မှစ အိမ်များကိုမီးစရှို့သည်။
သည်မီးလောင်အော်ရွာ၌ အိမ်များသည် ဓနိမိုး ဝါးထရံကာ ခြေတံရှည်အိမ်များ ခပ်စိမ့်စိမ့်ဆောက်ထားသောရွာဖြစ်၍ တစ်အိမ်ရှို့လျှင် တစ်ရွာလုံးပြာကျနိုင်၏။
ခင်စိုးကတော့ ထိုရက်စက်ယုတ်မာသော လုပ်ရပ်ကိုချောင်းကြည့်ရင်း သမီးလေး၏ ခါးထောင့်မှ လက်နက်ကြီး ဒဏ်ရာကို ဖိအားပြင်းပြင်းဖိထားမိကာ အံကိုတင်းတင်းကြိတ်လျက် မျက်ရည်များ ဒလဟော စီးကျနေသည်။
” ငါ-ိုးမသား ပြောစမ်း ၊ မင်းတို့သူပုန်တွေ မဟုတ်လား ဟင် ”
ဒူးထောက်နေသော ရွာသားကို စစ်ဖိနပ်နှင့် အရှိန်ပြင်းပြင်းဆောင့်ကန် မေးနေသည်။
” မအေ-ိုး ပြောလေ ”
သေနတ်ဒင်ဖြင့် ထောင်းပြန်သည်။ ရွာသားများမှာမူ ဘယ်သူပုန်မှ သူ့တို့ရွာကိုမလာကြောင်းပြောသော်လည်း လိမ်ညာပြောသည်ဟု အမျိုးမျိုး ညှင်းပန်းနှိပ်စက်ပြန်တော့၏။
” သမီးလေး…သမီး”
ငိုယိုသံနှင့်အတူ သမီးလေးခေါ်သံခပ်ကျယ်ကျယ်ကား စစ်ဖိနပ်ကြားက သဲ့သဲ့ထွက်ပေါ်လာ၏။
” ဟေ့…သွားကြည့်စမ်း ”
စစ်သားများသည် ဘုရားကျောင်းကို ဝိုင်းလိုက်ကြလေသည်။ ခင်စိုးမှာမူ သမီးလေးကို ငိုယိုဖက်ထားရာမှ သေနတ်ပစ်သံကြောင့် လက်မြောက်ကာ အဖမ်းခံလိုက်ရသည်။
ထို့နောက် စစ်သားများ၏ မတရားခတ်ထန်မှု၊ နှိပ်စက်မှုကို ခံရပြီး သတိလစ်သွားတော့သည်။
”ဟို ကလေးမကိုပါ ခေါ်လာခဲ့စမ်း”
”သေပြီ ဗိုလ်ကြီး ”
”ငါ-ိုးမသား ငါက ခေါ်ဆို ခေါ်လာခဲ့လေ ”
ဗိုလ်တစ်ယောက်က သူတပ်သားကို နားရင်းတချက်အုံးလိုက်သည် ။
စစ်သားတစ်ယောက်သည် ထိုအမိန့်ကြောင့် ခင်စိုး၏သမီးလေးကို ခွေးသေပုပ်ကောင်သကဲ့သို့ ခြေကို ဒရွတိုက်ဆွဲလာလေ၏။
”အကုန်မီးရှို့ကွာ၊ ဒီကောင်တွေကိုလည်း မီးထဲပစ်ထည့် ၊ ဆန်ကုန်မြေလေး နိုင်ငံတော် သစ္စာဖောက်တွေ ”
သူခိုး လူပြန်ဟစ်သည့် စကားသံကို ကျယ်ကျယ်လောင်လောင်ဟစ်ပြောနေသော ဗိုလ်တစ်ယောက်၏ အမိန့်တိုင်း စစ်သားများသည် မသွေမတိမ်းလိုက်နာကာ ခင်စိုးနှင့် ခင်စိုးသမီးလေးကိုပါ မီးလောင်နေသည့် အိမ်ထဲသို့ လွဲပစ်တင်လိုက်ကြသည်။ ဘွားမယ်ညိုလည်း ထိုမီးထဲပါသွားလေတော့၏။ ရွာတစ်ရွာလုံးလည်း ပြာကျသွားတော့သည်။
လေးတန်းထိသာရှိသော် စာသင်ကျောင်းကလေးသာ ထိုမီးလောင်အော်ရွာတွင်ကျန်ခဲ့၏။
နန်းမြသင်းမှာမူ ရှပ်ပုံရွာထက် တောတစ်နေရာမှ မီးခိုး မီးလုံးများ ဆွတ်ပျံနေသော သူတို့ရွာဘက်သို့ လှမ်းကြည့်ရင်း ငိုကြွေးနေတော့သသည်။
ခင်စိုးနှင့်သမီး ဘေးကင်းရန်ဆုတောင်းရင်း ခင်ပွန်းနှင့်သမီးလေးကို အော်ခေါ်နေမိသည်။ နန်းမြသင်း၏ ခေါ်သံ ဘယ်ဘုရားက ကြားနိုင်မည်နည်း ။
သည်လိုနှင့် နန်းမြသင်းသည် စစ်ရှောင်သို့ ရောက်လာကာ သမီးနှင့်ခင်စိုးရောက်လာမည့်နေ့ကို မျှော်လင့်ရင်းပင် သူဘဝသည် စစ်ရှောင် တောတစ်ရာတွင် ဒုက္ခိဘဝနှင့် အရိုးထုတ်နေရတော့သည်။
” မတရားခံရသူရဲ့ တရားဆက်ခေါ်သံကို ဘယ်လို ပုဂ္ဂိုလ်များက ကြားနိုင်ပါမလဲ ကိုခင်စိုးရယ် ”
” ဘာမှမတတ်နိုင်တဲ့ဘဝမှာ ဖြစ်လာသမျှ ဝဋ်ကြွေးပဲလို့ဖြေသိမ့်နေရတဲ့ ဝဋ်ကြွေးလောက် ဝဋ်ကြွေးကြီးတာ ဘာရှိသေးလဲရှင် ”
Dec.5.2024
မှတ်ချက် – ”စစ်ဘေးဒုက္ခသည်” ခေါင်းစဥ်ဖြင့် ဖော်ပြထားသော နန်းမြသင်း၏ ခင်ပွန်းနှင့်သမီးတို့ဘဝကို ” ခေါ်သံ ” ခေါင်းစဥ်ဖြင့် ဆက်လက်ဖော်ပြလိုက်သည်။
ထိုဖြစ်စဥ်ကား ၂၀၂၄ ခုနှစ်၊ စတင်ကာ ၁၇ ၊ ၁၈၊ ၁၉ ၊ သုံးရက်ဆက် တိုက်ပွဲတွင် ဖြစ်ပျက်ခဲ့သော မီးလောင်အော်ရွာ ပြည်သူများ၏ဘဝကို ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
Be the first to comment