ခံစားချက်နဲ့အသက်ရှင်ရတယ်

အိမ့်ဘုန်းစစ်သော်

by The Call
1 views
‘ခံစားချက်နဲ့အသက်ရှင်ရတယ်’
◼️အိမ့်ဘုန်းစစ်သော်
နို၀င်ဘာလရဲ့ဆောင်းထက်ပိုအေးတဲ့ ခံစားချက်။ ပြန့်ကြဲနေတဲ့အမှိုက်တွေကို စုကြည့်လိုက်တဲ့အခါ မီးတောက်တွေဖြစ်နိုင်တယ် လောင်စာတွေဖြစ်လာခဲ့တယ်။
ဒဏ္ဍာရီတွေအကြောင်းပြောရတာ သိပ်‌ကြိုက်ခဲ့တယ်။ အခုများတော့လဲ အိပ်ယာ၀င်ပုံပြင်တွေတောင် နားမထောင်ဖြစ်တော့ဘူး။ ပိုပြီးယိုယွင်းလာတဲ့စိတ်၊ ပြီးတော့ ကျ​နော့် ကမ္ဘာကြီး။ ကျ​နော်လဲ ထိုနည်းတူစွာ ယိုယွင်းလာခဲ့ပါတယ်။
ဘ၀မှာ ပန်းတိုင်တွေအများကြီးရှိခဲ့ပေမယ့် အဘွားပြောပြတဲ့ ယုန်နဲ့လိပ်ပုံပြင်ထဲက ယုန်တကောင်လိုမျိုးပဲ နေထိုင်ချင်မိတော့တယ်။ ကျ​နော်ဘယ်အချိန် အိပ်ပြီး ဘယ်အချိန်ပြန်ထတယ်ပေါ့။ လိပ်က ပန်းတိုင်ရောက်သွားပြီ။ ဒါတွေကျ​နော် ဂရုမစိုက်တော့ဘူး။ သူ့အတွက်လဲ ထိုက်တန်မယ်ထင်ပါတယ်။
မနေ့ညကကျန်တဲ့ ဝိအတိုအစလေးက ဒီမနက်မှာသောက်ကြည့်တဲ့အခါ မနေ့ကအရသာမရတော့ဘူး။ ကျ​နော်တို့ ဘယ်လောက်ပဲကြိုးစားပါစေ မနေ့ကလိုပြန်မဖြစ်ဘူး။ မနေ့က မနက် ၆ နာရီမှာ မျက်စိအရင် ပွင့်ရင်ပွင့်လာလိမ့်မယ် ဒါမှမဟုတ် မျက်လုံးကိုပွတ်လိုက်မယ်။ ဒါပေမယ့် ဒီနေ့မနက် ၆ နာရီမှာ နာကျင်နေတဲ့ ‌အရိုးအဆစ်တွေကြောင့် အနည်းငယ်အော်ငြီးမိနိုင်တယ်။ ကျ​နော်တို့က အရိုးစုသာသာပါပဲ။ ပျော်စရာတွေကိုမပျော်နိုင်တော့တာလဲ အပြစ်မဟုတ်ဘူး။
တရားရသွားတဲ့လူတွေကို ဘယ်လိုခေါ်လဲ။ ပြောပြောနေကြ နိဗ္ဗာန်ကရော။ ကျ​နော်တို့ ခွင့်လွှတ်တတ်လာတဲ့အခါ အရာရာက အေးချမ်းလာနိုင်တယ်။ အဆိပ်အတောက်ဖြစ်စေတဲ့လူတွေကို ရှင်းထုတ်ပစ်နိုင်တာ သဘာ၀ကျပါတယ်။ စာအုပ်ထဲကစကားလုံးကိုပြောနေတာက ပညာတတ်မဟုတ်ဘူး။ လူဆိုတာအမှားတွေနဲ့ ဘယ်တော့မှလဲ သင်ယူလို့ပြီးဆုံးမှာမဟုတ်လို့လေ။ ဘုရားတောင် ဆုံးခန်းတိုင်ခဲ့လားမတိုင်ခဲ့လား ခင်ဗျားတို့ သေချာမသိပါဘူး။ အဲ့အချိန် အဲ့နေရာမှာခင်ဗျားမရှိခဲ့ရင် အဲ့ဒါကဘယ်တော့မှ အမှန်မဟုတ်လို့ရတယ်။ စာအုပ်တွေဖတ်တိုင်းသာ ပညာတတ်ဖြစ်ခဲ့ရင် အိမ်မွေးတိရစ္ဆာန်တကောင်ကိုလဲ ဖတ်ကြည့်ခိုင်းလို့ရလောက်မှာပဲ။
ကျ​နော်တို့ပြောတဲ့စကားတွေက ခံစားချက်တွေဖြစ်ပြီး ခင်ဗျားတို့ပြောသမျှက လက်တွေ့ဆိုရင် သိပ်မှားတယ် လူဆိုတာခံစားချက်နဲ့ အသက်ရှင်ရတယ်ကွဲ့။ ပြီးတော့ အနွေးဓာတ်လဲလိုတယ်။
ပန်းပွင့်တွေဟာလဲ မီးလောင်နိုင်တယ်။ ပြာကျနိုင်တယ်။ အဲ့ပြာတွေကပဲ နောက်ထပ်ပန်းပွင့် တပွင့်အတွက် မြေဩဇာဖြစ်လာနိုင်တယ်။ တခုခုလှပဖို့ တခုခုကနင်းခြေခံရနိုင်တယ်။ ကျ​နော်တို့လဲ နင်းခြေခံရသူတွေဖြစ်နိုင်သလို နင်းခြေပစ်မယ့်လူတွေလဲ ဖြစ်လာနိုင်တယ်။
အချိုးအကွေ့တွေကရှိနေဆဲပါပဲ။ ကျ​နော် အသက်ရှင်နေသေးပေမယ့် မနေ့ကတင် နှုတ်ဆက်ခဲ့ကြသေးတဲ့ ကျ​နော့်ရဲဘော် ဒီနေ့ပဲ ကျဆုံးသွားပြန်တယ်။ မနက်ဖြန် ကျ​နော်ဆက်ရှိနေဖို့ဆိုတာလဲ မသေချာဘူး။ နှစ်ကာလတွေအကြောင်းစကားပြောကြည့်တဲ့အခါ လွန်ခဲ့တဲ့နှစ်‌အပိုင်းအစတွေကိုပြန်တွေးကြည့်ရတာလဲအရသာတခုပဲ။ အနာဂတ်အကြောင်းတွေတော့ ကျ​နော်တို့ သိပ်မပြောဖြစ်ကြတော့ဘူး။ ဘာမှမရှိခဲ့တာကြာရောပေါ့။
ဒါက ဘာအကြောင်းပြောနေတာလို့ထင်လဲ။ ကျ​နော်ကတော့ ခံစားချက်အကြောင်းပြောနေတာပဲဖြစ်လောက်မယ်။ ခံစားချက်တွေမများရဘူး။ မှန်ပါတယ်။ ဒါပေမယ့် အချစ်ရယ် ခံစားချက်တွေမရှိရင် ခင်ဗျားဘယ်လိုအသက်ရှင်မလဲ။ ခင်ဗျားရူး‌သွားလောက်မယ်လို့ ကျ​နော်ထင်တယ်။ ဟုတ်ပြီ ရူးမသွားတာလဲဖြစ်နိုင်ပါတယ် သို့ပေမယ့် ကျ​နော်ပြောခဲ့သလိုပဲလေ။ “လူဆိုတာ ခံစားချက်နဲ့အသက်ရှင်ရတယ်” ။
ညတာကရှည်သလိုထင်ရတယ်။ မီးပုံဘေးမှာ သောက်ရတဲ့ဆေးလိပ်ကလဲအရသာရှိပါတယ်။ ဒီညတော့ အိပ်မပျော်လောက်တော့ဘူးပေါ့လေ။ ဒီလိုပါပဲ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment