
“ချစ်ခြင်းမေတ္တာ”နွေးနွေးမောင်ရှိန်
ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’ တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အပြည့်ပဲ၊ အုံလိုက်ကျင်းလိုက် ပြွတ်သိပ်နေကြတာ။ အုံလိုက်ကျင်းလိုက် ဗုံးခိုကျင်းထဲ ဝင်ပြေးနေရတဲ့ ‘ချစ်ခြင်းမေတ္တာ’ တွေကိုမှ အားမနာ။ ဒီဘက်မှာ ‘ချစ်ခြင်းမေတ္တာ’ အပြည့်နဲ့ ယူကျူဗီဒီယိုတွေကြည့်လိုက်၊ ကလစ်လိုက် လုပ်နေပြီးတော့ ဟိုဘက်ကျတော့လည်း ‘ချစ်ခြင်းမေတ္တာ’ တွေနဲ့ ကွန်ဂရက်ကျူလေးရှင်းပါ ဘာညာ သွားလုပ်နေတော့ ‘ချစ်ခြင်းမေတ္တာ’ တွေက ဘယ်နားပြေးလို့ ပြေးရမယ်မှန်း မသိတော့ဘူး။ ဟိုဘက်လိုလို ဒီဘက်လိုလို၊ အခင်မင် မပျက်ချင်သလိုလို၊ ဒီဘက်ကိုလည်း အားနာသလိုလို။ ဆိုတော့ကာ ထိုင်နေရင်အကောင်းသားနော်၊ ထသွားမှ ‘ချစ်ခြင်းမေတ္တာ’ တွေ ကျိုးမှန်းသိ။ ‘ကောင်လေးရေ ချာလီရေထတော့’ ဆိုပြီးတော့ သူများတွေကို လိုက်နှိုးပြီးတော့မှ ကဗျာဆရာက အကျအန ကိုယ်ယောင်ဖျောက် သွားအိပ်နေချိန်မှာ ‘ချစ်ခြင်းမေတ္တာ’ တက်တူးကြီးနဲ့ ရဲဘော်လေးက ရှေ့ကိုချီတက်နေရတယ်။ ‘ချစ်ခြင်းမေတ္တာ’ နဲ့ မြို့ပြဟာ ပန်းချီပြပွဲတွေဆက်တိုက်၊ ရှိုးပွဲတွေဆက်တိုက်၊ အနုပညာလှုပ်ရှားမှုတွေက အနုပညာကို ချစ်လို့ပဲတဲ့၊ ‘ချစ်ခြင်းမေတ္တာ’ နဲ့ လားလားမှမဆိုင်။ ငါချစ်တဲ့ ‘ချစ်ခြင်းမေတ္တာ’ ၊ ငါနဲ့အနီးဆုံးက ‘ချစ်ခြင်းမေတ္တာ’ ကို မဆုံးရှုံးဖူးသေးသ၍ နယ်စပ်ဟာ ငါနဲ့အလှမ်းဝေးလွန်းနေပါသေးတယ်။ ငါ့အတွက် အချိန်ရပါသေးတယ်၊ ငါမချစ်လည်း ချစ်တဲ့သူတွေ ချစ်နေကြတာပဲလေ၊ ငါမပါလည်း ရသေးတယ်။ ငါနာမည်ကြီးအောင် အရင်လုပ်လိုက်ဦးမယ်၊ ‘ချစ်ခြင်းမေတ္တာ’ တွေ မရှိတုန်းပေါ့။ ‘ချစ်ခြင်းမေတ္တာ’ အမည်ခံ ပတ်စပို့နဲ့လည်း ဟိုနားဒီနား ကမ္ဘာတပတ်သွားလိုက်ဦးမယ်နော်။ ပြန်လာရင် ဆုံကြမယ်နော် ‘ချစ်ခြင်းမေတ္တာ’ တို့ရေ …။ ‘ချစ်ခြင်းမေတ္တာ’ တခေတ်ပြီးလို့ နောက်တခေတ်ရောက်တဲ့အခါမှာ ပြန်ပြောပြစရာ ‘ချစ်ခြင်းမေတ္တာ’ တွေ အားလုံး အယောက်စီတိုင်းမှာ ရှိနိုင်ကြပါစေ …။ ‘ချစ်ခြင်းမေတ္တာ’ ရဲ့ အလွန်ကို မျှော်ရည်လျက် …။
ချစ်တဲ့
နွေးနွေးမောင်ရှိန်
Be the first to comment