
“ချစ်တီး”ရဲခေါင်မဲမောင်
မိတ်ဆွေတယောက်၏ ပန်းချီပြပွဲတခုသို့ မောင်ငြိမ်းအေးရောက်သွားသည်။ ပန်းချီကားပေါင်း ၁၀၀ နီးပါး ပြသထားလေရာ ပန်းချီပြခန်းသည် ပန်းချီပြခန်းနှင့်မတူဘဲ ရောင်စုံပန်းဥယျာဥ်ကလေးနှင့်တူနေသည်။
ပန်းချီဆိုလျှင် တွေးရမှဟု သဘောထားရှိသော မောင်ငြိမ်းအေးသည် မိတ်ဆွေဖြစ်သူ၏ Abstract ပန်းချီကားများကို စိန်ပြေနပြေကြည့်ရင်း များစွာကျေနပ်လျက်ရှိသည်။
ပန်းချီကားများကိုကြည့်သွားရင်း အချို့ပန်းချီကားကလေးများရှိ အနီရောင်စက်ဝိုင်း အမှတ်အသားကလေးများကို မောင်ငြိမ်းအေး သတိပြုမိလေသည်။ ထိုအနီဝိုင်းကလေးများကပ်ထားသော ပန်းချီကားများမှာ ရောင်းချရသော ပန်းချီကားများဖြစ်ပြီးလျှင် တန်ဖိုးများမှာ အနည်းဆုံးကျပ် ၃ သိန်းမှ အများဆုံးကျပ် ၁၅ သိန်းအထိဖြစ်သောကြောင့် မိတ်ဆွေဖြစ်သူအတွက် မောင်ငြိမ်းအေး များစွာ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူမိလေသည်။
ပြပွဲနောက်ဆုံးနေ့ ပန်းချီကားများ ဖြုတ်သိမ်းပြီးသွားသောအခါ မိတ်ဆွေက မောင်ငြိမ်းအေးတို့ကို စားသောက်ဆိုင် ကောင်းကောင်းတခုမှာ ဧည့်ခံပြုစုပါသည်။ ရောင်းချရသော ပန်းချီကားအရေအတွက်နှင့် တန်ဖိုးကိုသိနေသော မောင်ငြိမ်းအေးသည် မိတ်ဆွေ ကျွေးမွေးဧည့်ခံသော အစားအစာနှင့် အဖျော်ယမကာများကို အားမနာတမ်း တွယ်ပစ်လိုက်မည်ဟု ရည်ရွယ်ထားပါသည်။ သို့သော် စားရင်းသောက်ရင်းက မိတ်ဆွေပြောပြသောစကားများကို ကြားရသောအခါ အမြည်းသဘောလောက်သာ စားထားရသေးသော အစားအသောက်များ ပြန်အန်ထွက်လုမတတ် မောင်ငြိမ်းအေး၏လည်ချောင်းဝမှာ ဆို့နင့်သွားပါသည်။
မိတ်ဆွေဖြစ်သူ စိတ်ပျက်လက်ပျက် ပြောပြသည့်အကြောင်းမှာ တန်ဖိုး ကျပ် ၇ သိန်းကပ်ထားသည့်ပန်းချီကားကို ဝယ်ယူမည့်သူက ကျပ် ၁ သိန်းဖြင့်စျေးဆစ်ပါသတဲ့။ အပြန်အလှန်စျေးညှိကြရာ နောက်ဆုံးတွင် ၇ သိန်းတန်ပန်းချီကားကို ကျပ် ၂ သိန်းဖြင့်သာ ရောင်းချလိုက်ရသည်ဟု မောင်ငြိမ်းအေးကြားသိရလေသည်။
နောက်တနေ့မနက် ဇနီးသည်စျေးသွားရာ ခပ်ပျင်းပျင်းရှိသည်နှင့် မောင်ငြိမ်းအေးလိုက်သွားပါသည်။ ကန်စွန်းရွက်သည်တဦးထံတွင် ဇနီးသည်က ကန်စွန်းရွက်ဝယ်ရာ စျေးသည်က သုံးလေးပင်မျှသာပါသည့် ကန်စွန်းရွက်တစည်းကို ကျပ် ၃၀၀ ဟုပြောသည်။ ဇနီးက တစည်းကို ကျပ် ၂၀၀ ထားလျှင် ၅ စည်းယူမည်ဟု စျေးဆစ်ပါသည်။ စျေးသည်က ကျပ် ၃၀၀ ကမလျှော့နိုင်ကြောင်း ပြောပါသည်။ ထိုအခါဇနီးက ကျပ် ၂၀၀ မရလျှင် မယူနိုင်ကြောင်းပြောကာ မောင်ငြိမ်းအေး၏လက်ကိုဆွဲလျက် ကန်စွန်းရွက်သည်ရှေ့မှ ထွက်ခဲ့ကြသည်။
ခြေလှမ်းသုံးလေးလှမ်းမျှသာ လှမ်းရသေးသည်၊ ကန်စွန်းရွက်သည်ပြောလိုက်သော
“မရောင်းရလို့ ပုပ်သွားပါစေ။ မတန်မရာ စျေးဆစ်တာမျိုးတော့ လုံးဝလျှော့မပေးနိုင်ဘူး”
ဆိုသည့်စကားကို မောင်ငြိမ်းအေးကြားလိုက်ရပါသည်။
Be the first to comment